Pages

Wednesday 5 October 2011

တစ်ဦးတည်းသောသား

တစ်ဦး တည်းသော သားဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော် အရမ်း သဘောကျ ခဲ့သူပါ။ ၁၆ နှစ် အရွယ်အထိ ကျွန်တော် တစ်ဦး တည်းသော သား ဖြစ်ခဲ့ ပါတယ်။
ကျွန်တော်တို့ မိသားစုထဲမှာ သားဦး၊ မြေးဦး ဖြစ်ခဲ့တော့ သားဦး အရူးဆိုတဲ့ အတိုင်း အဘိုးအဘွား၊ အဖေအမေ၊ ဦးလေး၊ ဒေါ်လေးတို့ အားလုံး ကျွန်တော့်ကို ရူးမတတ် ချစ်ကြတယ်။ မိသားစု အားလုံးရဲ့ အချစ်၊ ဂရုစိုက်မှုတွေခံရတဲ့ ကျွန်တော်ကလည်း နွဲ့ဆိုးလေးတော့ ဆိုးတတ်ပါတယ်။

သူငယ်ချင်းတွေ နဲ့လည်း အနိုင်ယူချင်စိတ် ရှိခဲ့တယ်။ သူငယ်ချင်းတွေက မောင်နှမ ဘယ်နှယောက် ရှိလဲလို့ မေးတဲ့အချိန်မှာ “ငါက တစ်ဦးတည်းသောသား” လို့ ဖြေရင် သူတို့က “ဟာ၊ ကောင်းလိုက်တာ၊ မင်းကို သိပ်အလို လိုက်ကြမှာပဲ၊ မုန့်လည်း လုစားစရာ မလိုဘူး၊ မုန့်ဖိုးလည်း ခွဲမပေးရဘူး” လို့ ပြောကြတယ်။ တချို့က “ငါက အစ်ကို အကြီးဆိုတော့ ညီတွေ၊ ညီမတွေကို ဦးစားပေးရတယ်၊ ညှာရတယ်” တဲ့။ တချို့က “ငါက အလတ်ဆိုတဲ့ အတိုင်း လပ်နေတယ်။ အကြီးကျတော့လည်း အကြီးဖြစ်လို့ ရိုသေရ၊ အငယ်ကျတော့လည်း ညှာတာရ၊ အကြီးဆုံး ကျတော့ အမေက သားကြီးဆိုပြီး ချစ်တယ်၊ အငယ်မ ကျတော့ လည်း တီတီတာတာနဲ့ ချွဲတတ်တော့ အဖေက ချစ်နဲ့ ငါ့ကျတော့ ချစ်မယ့်သူတောင် မရှိပါဘူး” ကြားရတာတွေက ဘာတစ်ခုမှ မကောင်းခဲ့ ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ သိပ်ကို ကံကောင်းတယ်လို့ ဂုဏ်ယူမိတယ်။ မိသားစု တွေက ကျွန်တော့်ကို အလိုလိုက်ကြ၊ ချစ်ကြတဲ့ အတွက်လည်း ကျေနပ်မိပါတယ်။

ကျွန်တော် တစ်သက်လုံး ဒီလိုပဲ နေသွားရ လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ နောက်ထပ် ညီအစ်ကို နောက်ထပ် ညီ၊ ညီမလေးတွေ ရလိမ့်မယ် လိုအပ်လိမ့်မယ်လို့လည်း မထင်ထားမိပါဘူး။ ကျွန်တော် တစ်ယောက်တည်း နေရတာကိုပဲ ကျေနပ်မိတယ်။ ကစားဖော် မရှိလို့လည်း မပျင်းပါဘူး။ အဖေ ဒါမှမဟုတ် အမေ၊ ဒါမှ မဟုတ် ဦးလေးတွေက ကျွန်တော့်ရဲ့ ကစားဖော်ပဲလေ။ နောက်ဆုံး ဘယ်သူမှ မရှိခဲ့ရင် ကျွန်တော့် အရုပ်တွေဟာ ကျွန်တော့်ရဲ့ ကစားဖော်ပဲပေါ့။

ဒီလိုနဲ့ ကျွန်တော် မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့် ဘ၀ထဲကို ညီလေး ရောက်လာတဲ့ အချိန်က စပြီး ကျွန်တော့် ဘ၀ရဲ့ ပျော်ရွှင်မှု ကျေနပ်မှုတွေ ဆုံးရှုံး ခဲ့ရပါတယ်။ ကျွန်တော့် အသက် ၁၅ နှစ်အရွယ်မှာ ကျွန်တော့် အမေ ဗိုက်ထဲကို ညီလေးလား၊ ညီမလေးလား မသိတဲ့ ကျွန်တော့်ရဲ့ အချစ်ကို လုယူမယ့် သူတစ်ယောက် ရှိလာခဲ့တယ်။ အဲဒီ အချိန်မှာ ဖေဖေရော၊ မေမေရော ပျော်နေကြပေမယ့် ကျွန်တော်ကတော့ လုံးဝ မပျော်ခဲ့ပါဘူး။ မေမေက “သား ညီလေး လိုချင်လား။ ညီမလေး လိုချင်လား” လို့ မေးတဲ့အခါ ကျွန်တော်က “ဘယ်သူမှ မလိုချင်ဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီအခါ မေ့မေ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲ လို့ ကျွန်တော် ဂရု မစိုက်ခဲ့ပါဘူး။ ဖေဖေကဆို မေမေ့ကို အရင်ကထက် ပိုပြီး ဂရုစိုက်ခဲ့တယ်။ မေမေ့ကို ဂရုစိုက်တာထက် မေမေ့ ဗိုက်ထဲမှာ ရှိနေတဲ့ မမြင်ရသေးတဲ့ ကလေးကို ဂရုစိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ချစ်လို့လေ။ တစ်ခုခု လုပ်ရင်လည်း အထဲက ကလေး ထိခိုက်မယ် မလုပ်နဲ့၊ တစ်ခုခု စားရင်လည်း အထဲက ကလေး အန္တရာယ်ဖြစ်မယ် မစားနဲ့တဲ့။ မမြင်ရသေးဘဲ ဒီလောက် ချစ်နေရင် မြင်ရရင် ဘယ်လောက်တောင် ချစ်လိုက်မလဲ။ ကျွန်တော် စဉ်းစား၊ မစဉ်း စားရဲခဲ့ပါဘူး။

မိဘများဟာ ကိုယ့်သားသမီးကို ဒီလိုပဲ မမြင်ခင်ကတည်းက ချစ်တတ်ကြတယ် ဆိုတာကိုလည်း ကျွန်တော် နားမလည်ခဲ့ပါဘူး။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလို ချစ်မှာပဲလို့ မထင်ခဲ့မိဘူးလေ။ မေမေ မွေးတဲ့ နေ့မှာ သိပ်ကို ပျော်နေတဲ့ ဖေဖေ့ရဲ့ မျက်နှာကို ကျွန်တော် အခုထိ အမှတ်ရ နေခဲ့ပါတယ်။ သားယောက်ျားလေး ဆိုတော့ ဖေဖေက ပိုပြီး သဘောကျတယ်လေ၊ ကျွန်တော်နဲ့လည်း အဖော်ရတယ်၊ သူ့အမွေကို ဆက်ခံမယ့် သူတစ်ယောက် တိုးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က အဲဒီလိုမမြင်ဘဲ ကျွန်တော့် အချစ်တွေကို လုယူမယ့် သူတစ်ယောက်လို့ပဲ မြင်ခဲ့ပါတယ်။

ကျွန်တော် ထင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်တော့် အပေါ်ထားတဲ့ မိသားစုရဲ့ အချစ်တွေဟာ သူ့ကို တစ်ဝက် ခွဲပေးလိုက်ရတယ်။ သူ့ကို ပိုပြီး ကျွန်တော့်ထက် အာရုံစိုက်လာကြတယ်။ ကျွန်တော်နဲ့ စကားပြောကာ အဖော် လုပ်ပေးနေတဲ့ အဖေက အခုဆိုရင် ကလေးချော့တေးဆိုရတာနဲ့ နို့ဘူး ဖျော်ရတာနဲ့တင် အချိန် ကုန်စေခဲ့ပါတယ်။ ကျွန်တော့်ကို ကျောင်းလိုက်ပို့နေကျ ဦးလေးကလည်း“ညီလေး နေမကောင်းလို့ ဆေးခန်းလိုက် ပို့ရဦးမယ်။ သား တက္ကစီ ငှားသွားလိုက်နော်” ဆိုပြီး ကျွန်တော့်ကို ပစ်ထားခဲ့တယ်။ အဘိုး၊ အဘွားတွေကလည်း ကျွန်တော့်ထက် တီတီတာတာ ပြောတတ်တဲ့ ညီလေးကို ပိုပြီး ချစ်လို့ နေပြန် ပါတယ်။ ဒီလိုနဲ့ ကျွန်တော်က ဘေးကို ရောက်မှန်း မသိ ရောက်လာခဲ့ပါတယ်။

ကျွန်တော်နဲ့ သူက အသက် ၁၆ နှစ်ကွာ နေပြန်တော့ ပိုဆိုးပါတယ်။ ကျွန်တော်က လူပျိုပေါက် အရာရာကို မိုက်ရူးရဲဆန်စွာ လုပ်တတ်တဲ့ အရွယ်မှာ သူက ဘာမှ မသိ နားမလည် သေးတဲ့ ကလေး တစ်ယောက် ဖြစ်နေ တယ်လေ။ ကျွန်တော့် ကျောင်းစာအုပ် ထဲမှာ သူက ခဲတံနဲ့ ရေးခြစ် ကစားတော့ ကျွန်တော်က စိတ်တိုပြီး ရိုက်မိတယ်။ ဒါကို မေမေနဲ့ ဖေဖေက ကျွန်တော့် အမှားလို့ပဲ ပြောခဲ့တယ်။ ဘာမှ မသိတဲ့ ကလေးကို ရိုက်မိတာရယ်၊ ကလေး ဆော့တဲ့ နေရာမှာ မိမိရဲ့ ကျောင်းစာအုပ်နဲ့ ခဲတံကို အလွယ်တကူ ထားမိတဲ့ အပြစ်ရယ်ဆိုပြီး ကျွန်တော့်ကို ဆူခဲ့ပါတယ်။

ကျွန်တော့်ကို သူတို့ မချစ်တော့ဘူးလို့ ယူဆ လိုက်ချိန်မှာ ကျွန်တော့် စိတ်တွေ အလိုလို အထီးကျန် လာတယ်။ စိတ်ရိုင်းတွေ ၀င်လာတယ်။ ကျွန်တော့်ကို မချစ်ဘဲ ညီလေးကို ချစ်နေကြတဲ့ သူတို့ အားလုံးကိုလည်း မုန်းမိတယ်။ ညီလေးကို လည်း မုန်းမိတယ်။ ညီလေး အရွယ် ရောက်လာတဲ့ အထိပါပဲ။ သူဘာပဲ လုပ်လုပ် အကောင်း မမြင်ခဲ့ဘူး။ သူ့အပေါ် အမြဲ ရန်လို နေခဲ့ မိတယ်။ ဖေဖေ မေမေတို့ကတော့ သိပ်ပြီးဆိုးတဲ့ သားကြီး အနေနဲ့ မြင်ခဲ့တယ်။ ဟုတ်ပါတယ်။ ကျွန်တော်ကလည်း ဆိုးခဲ့ပါတယ်။ ညီလေးက ကျွန်တော့်ထက် ပိုပြီး လိမ္မာတယ်၊ မိဘအပေါ် သိတတ်တယ်။ အဲဒီတော့ သူက ပိုပြီး မျက်နှာရတယ်။ သားငယ်က ပိုလိမ္မာတယ် ဆိုပြီး ချီးမွမ်းကြလေ ကျွန်တော်က ပိုပြီး ဆိုးပြလေပဲ။ ဒါနဲ့ ကျွန်တော်ဟာ ပိုပိုပြီး ဆိုးသွမ်း လာခဲ့တာပါပဲ။

အရင်က သူငယ်ချင်းတွေ ပြောတာကို ပြန်ပြီး ကြားမိတယ်။ မိဘတွေက လိမ္မာတဲ့ သားသမီးကိုပဲ ချစ်တာတဲ့။ ဟုတ်ပါလိမ့်မယ်။ “ငါကတော့ သူတို့အပေါ် မလိမ္မာဘူး၊ အဲဒီတော့ ငါ့ကို မချစ်ကြဘူး။ ဂရုလည်း မစိုက်ကြပါဘူး”

လို့ ထင်မိခဲ့ပါတယ်။ ညီလေးက အင်ဂျင်နီယာ ဘွဲ့ရပြီးတဲ့ အချိန်ထိ ကျွန်တော်က ရိုးရိုးမေဂျာဘွဲ့ တောင်မရသေးဘဲ ဟိုလိုလို ဒီလိုလို နေခဲ့ပါတယ်။ ညီလေး အလုပ်ရပြီး မိဘတွေကို ရှာဖွေ ကျွေးချိန်မှာ ကျွန်တော်က ကျောင်းနေဖက် မိန်းကလေး တစ်ယောက်ကို ခိုးယူ လက်ထပ် ခဲ့ပါတယ်။ ခိုး ယူရတဲ့ အကြောင်းရင်းက သူတို့ဘက်က သဘော မတူလို့ပါ။ ကျွန်တော့်လို ကျောင်းလည်း မပြီး၊ အလုပ်လည်း မရှိတဲ့ ဆန်ကုန် မြေလေး ကောင်လေး တစ်ယောက်ကို သဘော မကျလို့ပါပဲ။ မိန်းမရ ပြီးချိန် အထိ မိဘ လုပ်စာကိုပဲ ထိုင်စား နေမိပါတယ်။ ဒါကို ဖေဖေတို့က ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ရအောင် ဆိုပြီး တိုက်ခန်း တစ်ခန်းနဲ့ ငွေအရင်းအနှီး ထုတ်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော်က ကျေးဇူး မတင်ဘဲ အပြစ်သာ မြင်ခဲ့ပါတယ်။

အိမ်ပေါ်မှာ တင်မထား ချင်လို့၊ သူတို့ မကျွေးမွေး ချင်တော့လို့ နှင်လွှတ်တယ် လို့သာ ထင်ခဲ့မိပါတယ်။ ဒီထက် ပိုဆိုးတဲ့ အတွေးအခေါ်က ကျွန်တော့်ကို အမွေ မခွဲပေးချင်လို့ ဒီအိမ်ပေါ် ကနေ ပလွှတ်တယ်။ အနုနည်းနဲ့ လုပ်တာပဲလို့ ယူဆခဲ့မိတာတွေက ကျွန်တော့်ရဲ့ အပြစ်တွေပါပဲ။

ဒါတွေကို တွေးရင် ရင်ထဲမှာ တစ်နုံ့နုံ့နဲ့ စိတ်နာ မိပါတယ်။ အဘိုး၊ အဘွားတွေ ဆုံးပြီး ကတည်းက ဖေဖေနဲ့ မေမေ့မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ရှိတယ် ဆိုတာကို သိခဲ့တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှု ဟာလည်း ကျွန်တော်နဲ့ ညီလေး တစ်ယောက် တစ်ဝက် ပိုင်တယ်လို့ တရား ဥပဒေ ရှိခဲ့ပြီးသား ပဲလေ။ ညီလေးသာ မရှိရင် ကျွန်တော် တစ်ယောက်တည်း ရမယ့် အမွေတွေ ပဲလို့ တွေးပြီး လောဘ တက်မိတယ်။ နောက်ပြီး သိပ်လိမ္မာပြီး မိဘကို လုပ်ကျွေးနေတဲ့ သားဆိုပြီး အမွေတွေ ပိုပေးလိုက်ရင် ငါ့အတွက် ဘာမှ ကျန်မှာမဟုတ် ဘူးလို့ ထင်မိတယ်။

မိဘကို လုပ်ကျွေးနေတဲ့ သားက အမွေ ပိုရတာ ရပါစေလို့ မစဉ်းစားဘဲ မနာလိုဖြစ် လောဘ တက်မိတာတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုတောင် ရှက်မိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မသိခဲ့ဘူးလေ။ မိဘ အပေါ် မသိတတ်တဲ့ အပြင် အမွေလုဖို့ ကြံစည် နေခဲ့မိတယ်လေ။ ဖေဖေက သွေးတိုး ရောဂါနဲ့ ဆုံးပါး သွားချိန်မှာ ကျွန်တော်က အမွေ ခွဲဖို့ ကိစ္စကို ပြောခဲ့တယ်။ ညီလေးကတော့ ဘာမှ မပြောရှာဘူး။ သူပြောရင် ကျွန်တော် ရန်လုပ်မယ် ဆိုတာ သူသိတယ်လေ။ မေမေကတော့ စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။ “အမေ မသေ သေးတဲ့ အတွက် အမွေခွဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး သားကြီး၊ ဒါပေမယ့် သားအလုပ်အကိုင် အဆင်မပြေဘူး ဆိုတာ သိလို့ အရင်းအနှီး အနေနဲ့ ပိုက်ဆံ ထုတ်ပေးပါ့မယ်” ဆိုပြီး ကျွန်တော့် အတွက် ပိုက်ဆံ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မကျေနပ်ခဲ့ပါဘူး။ နောင်လည်း ခွဲပေးရမှာပဲဟာ၊ တစ်ခါတည်းပေးရင် ပြီးရောလို့ အယူအဆတွေ မှားခဲ့တယ်။

သိပ်မကြာပါဘူး။ တစ်နှစ် အကြာမှာပဲ မေမေ ဆုံးပါး ခဲ့ပါတယ်။ ဖေဖေ မရှိတော့ တာရယ် အသက်အရွယ် ကြောင့်ရယ် ရောဂါကို ဂရုမစိုက် နိုင်လို့ အားအင် ကုန်ခန်းပြီး ဆေးရုံ ရောက်နေ ချိန်မှာ ညီလေးက မေမေ့ကို အနီးကပ် ပြုစုပေးခဲ့တယ်။ ကျွန်တော် အဲဒီ အချိန်အထိ နောင်တ မရသေးပါဘူး။ အမှန်တရားလည်း မမြင်ခဲ့သေးဘူး။ အမွေ လိုချင်လို့ မေမေ့ကို ကပ်နေတယ်လို့ ထင်ခဲ့မိတယ်။ မေမေ အသက် မထွက်ခင် နာရီပိုင်း အလိုမှာ ပြောလိုက်တဲ့ စကားတွေကြောင့် ကျွန်တော့် ဘ၀ တစ်လျှောက်လုံး အမှောင်အတိနဲ့ မှားခဲ့တာတွေကို ပြန်မြင်ပြီး နောင်တ အကြီးအကျယ် ရခဲ့တယ်။

“မေမေ သေဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အားလုံးကို မေမေ စိတ်ချတယ်။ တစ်ခုပဲ ရှိတယ်။ သားကြီးကို စိတ်မချဘူး။ သားကြီးက ကိုယ့်ဘ၀ကို မရပ်တည်နိုင် သေးဘူး။ လောကကြီးမှာ မနေ တတ်သေးဘူး။ သားအတွက်လည်း မေမေ ဘာမှ မလုပ် ပေးနိုင်ခဲ့ဘူး။ ပေးနိုင်တာက မေမေ့ရဲ့ အမွေတွေပဲ ရှိတော့တယ်။ မေမေတို့ ရှေ့နေကြီး ဦးထွန်းမောင်ဆီမှာ စာရွက် စာတမ်း တွေ အားလုံး ရှိတယ်။ သားရဲ့ အဘွားဆုံး ကတည်းက အဘွား က မင်းကို မြေးဦးဆိုပြီး ပေးခဲ့တဲ့ အမွေတွေ ရှိတယ်။ သူ့ဆီမှာပဲ တောင်းယူ လိုက်ပါ။ ပြီးတော့ မေမေတို့က သားကို သားအကြီးလည်း ဖြစ်တယ်။ စီးပွားရေးလည်း အဆင် မပြေတဲ့သူ ဆိုတော့ ပိုင်ဆိုင်တာ အားလုံးရဲ့ သုံးပုံ နှစ်ပုံကို ပေးထားတယ်။ မင်းညီလေး ကလည်း ကျေကျေနပ်နပ် နဲ့ ပေးပါတယ် ဆိုလို့ပါ။ သူကတော့ ရှာတတ်ဖွေတတ် လူ့လောကမှာလည်း နေတတ်တဲ့ သူဆို တော့ မေမေ သူ့ကို စိတ်ချတယ်။ သားကြီးကို လည်း မေမေ စိတ်ချ ချင်တယ်ကွယ်”

မေမေ့ စကား အဆုံးမှာ ကျွန်တော်မျက်ရည် ကျမိတယ်။ ရှက်လည်း ရှက်မိ ပါတော့တယ်။ ညီလေးကတော့ မေမေ့ဘေးမှာ ပြုစုနေတယ်။ ကျွန်တော် ကတော့ မေမေ့ကို ဘာမှ မလုပ်ပေးခဲ့ ရပါ။ ကျေးဇူးလည်း ဆပ်ခွင့် မရခဲ့ပါ။ ဒါပေမယ့် ကျွန်တော် အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။ မိဘ ဘိုးဘွားအပေါ် အမှားတွေသာ ကျူးလွန်ခဲ့မိတယ်။ အထင်အမြင်တွေ မှားပြီး ဘ၀ကို အရွဲ့တိုက်၍ နေထိုင်ခဲ့တယ်။ မနာလိုစိတ်၊ လော ဘစိတ်တွေနဲ့သာ ဆိုးသွမ်း၍ နေခဲ့တယ်။ မိဘအပေါ် နားလည် သိတတ်မှု မရှိဘဲ တစ်ကိုယ်ကောင်းဆန် နေထိုင်ခဲ့ပေမယ့် ကျွန်တော့် မေမေ၊ ဖေဖေတို့ကတော့ ကျွန်တော့်အပေါ် သနား ကရုဏာ သက်လျက် ရှိနေတယ်။ ဒါတွေကို မေမေ အသက် ထွက်ခါနီးမှ သိရတဲ့ ကျွန်တော့်ရဲ့ နောင်တတရားတွေဟာ အခုအချိန်မှာ ဘာမှ အသုံးမ၀င်တော့ပါ။

မေမေ ဆုံးပါး သွားခဲ့ပါပြီ။ ကျွန်တော်လည်း ကျွန်တော် အမြဲ လိုချင် မက်မောခဲ့တဲ့ အမွေတွေ ရခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော် မပျော်ပါ။ ဒီငွေ တွေကို ကျွန်တော် သုံးစွဲဖို့ အလွန် ရှက်ရွံ့ နေခဲ့ပါ တယ်။ ဒါပေမယ့် မေမေ့ ကျေးဇူးကြောင့် ကျွန်တော့်ဘ၀မှာ သားဦးလေး ရပြီးတဲ့အထိ တင့်တောင့်တင့်တယ် နေထိုင် နိုင်ခဲ့ပါတယ်။

ကျွန်တော်လည်း အသိတရားတွေ မွေးမြူ ပြီး လောကမှာ အမှန်တရားနဲ့ ရှင်သန်နေရင်း ဒုတိယမြောက် သားရတနာ ရလာတဲ့ အခါ သားကြီး အတွက် ကျွန်တော် စိုးရိမ် ထိတ်လန့် မိပါတယ်။ ကျွန်တော့် လို အမြင်မှား၊ အတွေးအခေါ် မှား၊ အယူအဆ မှားတွေနဲ့ မရှင်သန် ရအောင် ကျွန်တော် ဘယ်လို ထိန်းသိမ်း ပေးရမလဲ။

ဈာန်

သူတို့ ဘ၀လှစေ

သည်လျှပ်ပြေးသည် ပုသိမ်မှစတင် ထွက်ခွာလာခဲ့သည်။ ပုသိမ် ခခကြီး ထမင်းဆိုင်တွင် စားသောက်ကြပြီးနောက် သူနှင့်

ကိုတင့်တို့က
သင်္ဘောဆိပ်သို့ ဆင်းခဲ့ကြသည်။ သွားကြမည့် သင်္ကန်းကုန်း အထိ လက်မှတ် ဖြတ်ထားပြီး ဖြစ်သည့် အလျောက် သူတို့ အနေနှင့် အောက်ထပ်မှာ ထိုင်ခုံ တစ်နေရာစီ ၀င်ထိုင်ပြီး အေးဆေး ကာရာအိုကေ ကြည့်၊ ဗီဒီယိုကြည့်ရင်း လိုက်ပါလာကြရုံသာ။ ခရီးသွား အများစုကတော့
ပူလောင် မွန်းကျပ်ခြင်းကို ကျေကျေနပ်နပ် လက်ခံကာ ပြသ ဖျော်ဖြေနေသော ဂမ္ဘီရဟာသ ဗီဒီယို ဇာတ်ကားတွင် နစ်မျော နေကြလေသည်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် စိတ်အပန်း ပြေလျှင်ပြီး စတမ်း။ ကိုကုဋေကျော်ကတော့ ခုလို နေပူစပ်ခါး ရာသီဥတုမှာ
နေအလင်းရောင်၊ လေ၊ အအေးဓာတ် ကင်းမဲ့သော သင်္ဘော ၀မ်းခေါင်းထဲတွင် ကျပ်ကျပ်သိပ်သိပ် စုထိုင် နေရမှာကို စိတ်ကျဉ်းကျပ်သည်။ သူကိုယ်တိုင်က ဓာတ်ပုံ၊ ကင်မရာ၊ ဗီဒီယိုတွေမှာ စီစဉ် ရိုက်ကူးနေသူ ဖြစ်လေတော့ ထိုင်ကြည့်ရတာထက် ကိုယ်တိုင် ပါဝင်စီစဉ် ရိုက်ကူးရတာကို ပိုပြီး စိတ်ဝင်စား နှစ်ခြိုက်သည်။

ထိုသို့မှ မစီစဉ် မရိုက်ကူးဖြစ်ဘူး ဆိုပါလျှင်တော့ သဘာဝ ရှုခင်းတွေကို ငေးမောခံစား၊ သို့မဟုတ်ပါကလည်း ၀ိုင်းဖွဲ့ စကားပြောကာ စိတ်ဝင်စားဖွယ် ပဟေဠိ တစ်ခုခု ၀ှက်ရန် သူ ၀ါသနာ ကြီးလေသည်။ သည်လို သည်အကြောင်းတွေကြောင့်ပဲ ကိုကုဋေကျော်က အပေါ်ထပ်တွင် နေရာယူ ဖြစ် သည်။ ကုန်းပတ် နံဘေးတွင် ကာရံထားသော သံဘောင်တန်းများနှင့် ဆလင်ခန်း အ၀င် တံခါး ပေါက်တို့၏ အလယ်ကြား နံရံတွင် ဖုန်တွေ သဲတွေ ကို လေမှုတ် သန့်ရှင်းလိုက်ကာ လူတစ်ကိုယ်စာ နေရာချလျက် အကျ ထိုင်သည်။

ကိုတင့်ကား မိုးမလင်းခင်ကတည်းက တောင်းအေ့စ် ကားတစ်စီးကို အသွားအပြန် ငှားလာကာ ဓာတ်ပုံ၊ ဗီဒီယို ဆရာအပေါ် ခရီးတစ်လျှောက် ဧည့်ဝတ်ကျေအောင် ဂရုစိုက် လာရသည်။ သူ့အနေနှင့် ဖြစ်နိုင်လျှင် အောက်ထပ် ထိုင်ခုံမှာပဲ တစ်ရေး နှပ်နေလိုက်ချင်တာပါ။ သို့သော်လည်း သူငှားရမ်း ဖိတ်ခေါ် လာခဲ့သူ ကိုကုဋေကျော်၏ အလိုကို လိုက်လျောကာ အပေါ်ထပ်မှာ လိုက်ထိုင် နေရလေတော့၏။
ကိုကုဋေကျော်သည် ညှပ်ဖိနပ်တွေကို ချွတ်ကာ အောက်ခု ထိုင်ချသည်။

“လာကိုတင့်၊ ဒီနေရာက အရိပ်ရတယ်၊ မော်တော်ကွေ့တုန်း နေပူလည်း ခဏပဲ၊ တစ်အောင့် နေပြန် ရိပ်သွားမှာပါ၊ လေလည်း တဖြူးဖြူး၊ ကုန်းပတ်ပေါ်က စားစရာ သောက်စရာ လှမ်းဝယ်လို့လည်း အဆင်ပြေသဗျ”
ကိုတင့်က မငြင်းမဆန် ၀င်ထိုင်သည်။

အပေါ်ထပ် တက်လာသူများကို ကိုကုဋေကျော်က ထိုင်ကြည့်ပြီး လေ့လာသည်။ ခုလို လျှပ်ပြေး အပေါ်ထပ် ဆလင်ခန်း နံဘေးမှာ အရိပ်ခိုပြီး ထိုင်မည့် သူတို့တွင် သူ့နည်းတူ အပူဒဏ်နှင့် မွန်းကျပ်မှု ဒဏ်ကို တိမ်း ရှောင်ကြသူ အချို့နှင့် လက်မှတ် ရှိသော်လည်း ထိုင်ခုံ မရသူအချို့တို့ ပါဝင်လိမ့်မည်။ အပူ ရှောင်လိုသူနှင့် ထိုင်ခုံ မရသူတွေကိုတော့ ကိုကုဋေကျော်က ခွဲခြား သိရှိရန် အားထုတ်နေဖို့ လိုမှ မလိုအပ်လေပါ။
လျှပ်ပြေး စထွက်ကတည်းက အထပ်ခိုး ပေါ်တက်လာကြသော သူတွေသည် ကိုကုဋေကျော် နည်းတူ သဘာဝ ရှုခင်းကိုလည်း ငေးမော ခံစားရင်း လေပြည်လေညင်းကိုလည်း ရှူရှိုက် အပန်းဖြေလိုသူ ဟုတ်ကို ဟုတ်ရမည်။

စကားစမြည် ပြောဖော် ပြောဖက်ရအောင် ဘယ်သူတွေကို သူဖိတ်ခေါ်ရလျှင် ကောင်းမလဲ။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်ခန့်ရှိ လောက်သော ပုဂ္ဂိုလ်တစ်ဦး တက်လာသည်။ သူသည် ပြောင်သလင်းခါနေပြီ ဖြစ်သော ငယ်ထိပ်ကို နံဘေးနဘီမှ ဆံပင်မည်းမည်း ဆီရွှဲရွှဲတွေ ဆွဲပြီး ဖြီးသင်ဖုံးဖိထားသည်မှာ ပြုံးရယ်ချင်စရာ ဖြစ်နေ၏။ သို့ဖြစ်စေကာမူ အနောက် နိုင်ငံမှာလို ဆံပင်တု၊ ဘိုကေတုနှင့်တော့ ဖုံးအုပ် မထားဘဲ ခပ်တည်တည်ပင် ဇရာကို အံတုလျက် ရှိနေတော့သည်။ သူသည် အဖြူရောင် ရှပ်အင်္ကျီ လည်ခေါင်းတုံး လက်တိုနှင့် အကွက် ကျဲကျဲ ပုဆိုးဆီးကာ မိုးတွင်းစီး ရာဘာဖိနပ် စီးထားလေသည်။ သူ့နောက်မှ နှစ်ဆယ်ကျော် အစိတ်ဝန်းကျင် ရှိမည့် လူငယ်သည် စားပွဲတင် အိတ်မည်းကို ကိုင်ဆွဲကာခပ်ယို့ယို့ လိုက်ပါလာ သည်။ သူက တီရှပ် အနီရောင်နှင့် ဂျင်းဘောင်း ဘီနက်ပြာ ၀တ်ထားသည်။ သူ့ပုံပန်းသဏ္ဌာန်ကို ထောက်ရှုကာ သူသည် အထက်အရာရှိ၏ အိတ်ကိုကိုင်လာပေးသော တပည့်ဖြစ်ရမည်ဟု ကိုကုဋေကျော်က ခန့်မှန်းသည်။

အဲသည် ဆရာတပည့်က ဦးခန်းထဲသို့ ၀င်သွားကြသည့်အတွက် ကိုကုဋေကျော် ၀မ်း သာသွားသည်။ နောက်ပြောင် ကျီစယ်ရင်း ပဟေဠိ ဖွက်ကြသည်မှာ တည်တည်ကြည်ကြည် လေးလေးနက်နက် ဖွင့်ဟ ပြောဆိုရမှ တန်ဖိုးရှိမည့် သူတွေအတွက် အဆင်မပြေလှဘူး မဟုတ် လား။

သူတို့နောက်မှ ထက်ကြပ်လှေကားတက် လာသူတွေမှာ သပ်ရပ်ခေတ်မီစွာ ၀တ်စား ဆင်ပြင်ထားသော မိန်းမငယ်နှစ်ယောက် ဖြစ် သည်။ သူမတို့ကတော့ ထိုင်ခုံလက်မှတ်ရထား သူများ ဖြစ်ကြောင်းကို လျှပ်ပြေးပေါ် မရောက်မီ ဘောတံတားပေါ်မှာ သူတို့အချင်းချင်း ပြောသံ ကြားသိထားရ၏။ ဒါဆို သူ့နည်းတူ အပေါ်ထပ် ကို ကြိုက်နှစ်သက်သောကြောင့် ရွေးချယ်လာကြ သူတွေပဲ ဆိုတာ ယုံမှားစရာ မရှိ။

“လာကြ ညီမတို့၊ ဒီမှာ နေရာရှိတယ်”

မိန်းကလေးနှစ်ယောက်သည် သူ့ဖိတ်ခေါ်ခြင်းကို ကျေကျေနပ်နပ် လက်ခံကာ ဖိနပ်ချွတ်ပြီး ခုထိုင်ကြတော့၏။
၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးနှစ်ယောက်သည် လှေကားထစ်တွေမှာ စမ်းတ၀ါးဝါး အိပဲ့အိပဲ့ တက်လာကြသည်။ ထူထဲသော မျက်မှန်ကြီးကို ကိုင်းသေးသေးနှင့် တပ်ဆင်ထားသည့် အဒေါ် ကြီးက ပိုပြီးဝဖိုင့်ကာ ပါတိတ် တစ်စုံစာ ၀တ်ဆင်ထားသော အဒေါ်ကြီးကပို၍ ငယ်ရွယ်ပိန်ပါး သွက်လက်သည်။ သူတို့သည် ကိုတင့်၊ ကိုကုဋေ ကျော်နှင့် မိန်းကလေးများကို အကဲခတ်ပြီး သည့်နောက် စိတ်ချကျေနပ်မှု ရှိသွားဟန်နှင့် ပါလာသော သင်ဖြူးလိပ်ကလေးကို ဆလင်ခန်း တံခါးပေါက်၏ ဟိုမှာဘက်ခြမ်းမှာ ဖြန့်ခင်း လိုက်ကြတော့သည်။

“သင်္ဘောကွေ့ သွားတော့ ကျွန်တော်တို့ ဘက်ခြမ်း နေထိုးနေပြီ၊ တော်ကြာ ရိပ်သွားမှာဗျ၊ ကျွန်တော်က ဒီလမ်းကို သွားတာ ပြန်တာသုံးလေး ခေါက်ရှိပါပြီ” ဟု ကိုကုဋေကျော်က အဒေါ်ကြီးတွေအား ရှင်းပြ နေပြန်သည်။

“ဟုတ်တယ် မောင်ရင်ရဲ့၊ ကျုပ်တို့က ခေါက်ချည်ပြန်ချည် သွားနေကျပါ၊ ရပါတယ်၊ မောင်ရင်နေသာ သလိုနေ”

သူ့ထက် အတွေ့အကြုံများ သူချည်းပဲ ဆိုတာ ကိုကုဋေကျော် သဘောပေါက်သွားတော့သည်။
လှေကားပေါ်သို့ နောက်ထပ် တက်လာသူသည် ကိုကုဋေကျော်တို့လို လူလတ်ပိုင်း အရွယ် သပ်သပ်ရပ်ရပ် အမျိုးသား တစ်ဦးဖြစ်၏။ ဆံပင်ထိုးထိုး ထောင်ထောင်ကို ဂျဲသုတ် ပုံသွင်းထားကာ နေကာ မျက်မှန်နှင့်၊ ကာကီရောင်စက ဘောင်းဘီနှင့် ပါတိတ်ရှပ် ဖားဖားကြီး ၀တ်ပြီး ခြေထောက်မှာလည်း ရှေ့ထိုး ဖိနပ်ကြီး စီးထားသေး။ သူကတော့ ခေတ်ပုံစံ ရှိုးကျကျနှင့် ၀တ်စား ဆင်ယင်မှု ကျနသည်။

ကိုကုဋေကျော်သည်ပင် အတန်အသင့် အားငယ်သွားသည်။ မနက်စောစော နှစ်နာရီခွဲ ကတည်းက အိပ်ရာ ထပါမှ သုံးနာရီတွင် လိုင်းဖုန်း ၀င်လာသည်နှင့် တစ်ပြိုင်နက် လမ်းထိပ်သို့ အသင့်ထွက်စောင့်နေခဲ့ရသည်။ ဆံပင်တွေကို ပင်လျှင် လက်ချောင်းထိုးဖွကာ သပ်ရပ်အောင် ပြုပြင်ခဲ့ရချေ၏။ ဘယ်မှာလျှင် ရှိုးစမိုးကျနိုင် ပါတော့မလဲ။

သို့တစေ သည်ခရီးက သူ့အတွက် အထူး အရေးကြီးသည်။ စဉ်းစား ကြည့်ကြပါဦးတော့။ ကိုတင့်က သင်္ကန်းကုန်း ရွာသား ဖြစ်သော်လည်း ရန်ကုန်မှာ ကျောင်းနေ ဘွဲ့ရသူ ဖြစ်သည်။ လေးငါးနှစ်နေလို့မှ တစ်ခါ ရွာပြန်ရောက်တတ်သူ မဟုတ်။ ကိုတင့်၏ ညီဝမ်းကွဲတော်သူ မောင်ကောင်းသည် သင်္ကန်းကုန်းမှ ရန်ကုန်သို့ အလည်လာခိုက် ကိုတင့်၏ အိမ်တွင် ရှိနေသော အိမ်နီးချင်း ကိုကုဋေကျော်၏ လက်ရာများကို တွေ့ဖူး နှစ်ခြိုက် သွားခဲ့သည်ဆို၏။ သူ မင်္ဂလာဆောင်သည့် အခါတွင် သူတို့၏ ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံ အတွက် ကိုကုဋေကျော်ကို ငှားရမ်းပေးပါဟု အကူအညီ တောင်းသောကြောင့် ကိုတင့်က အာမဘန္တေ ခံထားခဲ့ဖူးသည်။

အရင် သုံးလလောက်ကတော့ မောင်ကောင်းတစ်ယောက် တကယ်ပဲ သင်္ကန်းကုန်းတွင် လက်ထပ်တော့မှာမို့ ကိုတင့်၏ ကတိအတိုင်း ကိုကုဋေကျော်ကို ငှားခဲ့ပါဟု ကြိုတင်ကာ စရန်သတ် ထားခဲ့သည်။ ယခုဆိုလျှင် အဲသည် ကိုတင့်က သူ့အားကျသင့်ငွေ အပြီးအစီး ပေးချေကာ နယ်ခရီး အသွားအပြန် အတွက် စရိတ်ခံ ငှားရမ်းလာခဲ့လေပြီ။ ဒါတွင်မက စိတ်ရှည်လက်ရှည် တကူးတက သူ မရောက်ဖူးသော သင်္ကန်းကုန်းကျေးရွာသို့ လိုက်ပို့သည်။ နာမည်အရ ပေါက်မြောက်သည်။ စီးပွားရေးအရ တွက်ကိန်း ကိုက်သည်။ လူမှုရေး အရလည်း တာဝန်ကျေသည်။ ကဲ၊ သည့်ထက် ပိုကဲသော လုပ်ငန်း ဂုဏ်ပုဒ်ကား တော်တော့်ကို ရှားပါးပေလိမ့်မည်။

ထိုကြောင့်လည်း ကိုတင့်၏ ကားက ရောက်လာသည်နှင့် နှစ်ယောက်သား စကား တပြောပြော ထွက်ခွာခဲ့ကြသည်။
နေရောင်ခြည်သန်းလာမှပင် ကိုတင့်သည်လည်း သူ့နည်းတူ မသပ်မရပ် ကမန်းကတန်း ထွက်ခွာလာရသူ ပီပီ ပုဆိုးပင် အကွက် မပေါ်ပါလားဟု သတိထား ဖြစ်ခဲ့တာပါ။

ရိုးသား တည်တံ့ဟန် ရှိသော မိန်းမငယ် နှစ်ယောက်က တလေးတစား ၀ိုင်းဖွဲ့ဖော်ရသောကြောင့် သာလျှင် အများက ကိုကုဋေကျော်တို့အား လေးစားလောက် သူတွေ အဖြစ် ယူဆနိုင်သည်။ ပြီးတော့လည်း သူ့ကင်မရာတွေ ဗီဒီယို အိတ်တွေကလည်း သူတို့၏ သိက္ခာကို ဖေးမထားပေးသည်။ နောက်ထပ်တစ်ယောက်လောက်တော့ ၀ိုင်းဖွဲ့ သင့်ပေသည်။

အဲသည်ပုဂ္ဂိုလ်သာ ဦးခန်းထဲ ၀င်သွားပါလျှင် လူဦးရေ နည်းပါးနေမှာမို့ ပဟေဠိ ဖွက်ရသည်မှာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာပဲဟု ကိုကုဋေ ကျော်က စိုးရိမ်ကြောင့်ကြ၏။
“လာ အစ်ကို၊ ဦးခန်းက လှောင်တယ်၊ အနေအထိုင် ကျဉ်းကျပ်တယ်ဗျ”ဟု သူက ဖိတ်ခေါ်လိုက်လေသည်။
ထိုသူသည် ခေတ္တတော့ တွေဝေစဉ်းစား လိုက်သေးသည်။ ပြီးတော့ ကိုကုဋေကျော်၏ နံဘေး နေရာလွတ်တွင် ၀င်ထိုင်လိုက်တော့သည်။

“ဘယ်လဲအစ်ကို”

“ကညင်ငူ”

“အလည်လား”

“ဆိုပါတော့ဗျာ”

ဆိုပါတော့တဲ့။ ဒါဆို အလည်သက်သက်တော့လည်း မဟုတ်သည့် သဘော ဖြစ်သည်။ သူ့တွင်အဖော်တစ်ယောက်မျှ မပါ၊ အသိအကျွမ်းလည်း ရှိပုံမရ။ အနည်းငယ် မျက်နှာမကြည်သာသည့် အတွက် စိတ်ရှုပ်ထွေးစရာ တစ်ခု ပါလာဟန်တူသည်ဟု ကိုကုဋေကျော်က ကောက်ချက် ဆွဲလိုက်သည်။

“အစ်ကိုက ကင်မရာကြီး တကိုင်ကိုင်နဲ့ဆို တော့ ညီမတို့ကို မေတ္တာလက်ဆောင် ရိုက်ပေး မှာပဲလို့ မျှော်လင့်နေကြတာ၊ သူက အေးမီ၊ ဒီက ရူပါ”

“ကင်မရာပါမှတော့ ဓာတ်ပုံ ရိုက်ပေးတော့ မှာပေါ့ ညီမတို့ရယ်၊ အစ်ကိုကတော့ ကုဋေကျော်တဲ့”

“အမလေး၊ နာမည်က မြင့်လိုက်တာ”

“လူကတော့ နှိမ့်ချ ရိုးသားပါတယ်ဗျာ၊ ကလေးသုံးယောက် အဖေပါဆိုတာလည်း စောစောစီးစီး ၀န်ခံထားပါ့မယ်”

မိန်းကလေး နှစ်ယောက်သား ခိုးခိုးခစ်ခစ် ရယ်မောကြရင်း ကိုကုဋေကျော်အား မိတ်ဆွေ အဖြစ် လက်ခံသွားတော့သည်။
“အစ်ကို့ မိတ်ဆွေကတော့ ကိုတင့်တဲ့ဗျ၊ သင်္ကန်းကုန်း သွားကြမလို့၊ ညီမတို့ကကော ဘယ်သွားကြမလို့လဲဟင်”

“မန်ကျည်းပင်ကိုပါ၊ ကျောင်းပိတ်ရက် အိမ်ပြန်လာကြတာ”

“မန်ကျည်းပင် ရွာသူတွေပေါ့နော်”

“ဟုတ်ကဲ့။ ရောက်ဖူးကြလား”

“ကျွန်တော်က ဒါပထမ အကြိမ်ပဲ၊ ကိုတင့်ကသာ သင်္ကန်းကုန်း ရွာသားပါ”

ကိုတင့်မှာလည်း သူမသိ မမြင်ဖူးသော ကလေးမ ကလေးတွေကို ကြည့်ကာ ခပ်ကြောင်ကြောင် ဖြစ်နေသည်။
“ကျွန်တော့် အမျိုးတွေကသာ သင်္ကန်းကုန်းမှာ ရှိကြတာ၊ ကျွန်တော်က ရန်ကုန်မွေး ရန်ကုန်ကြီးဗျ”

“အမျိုးတွေက ဘယ်သူတွေလဲ၊ သင်္ကန်းကုန်းမှာ ကျွန်မတို့ အသိတွေ အများကြီးပဲ”

အေးမီက ခပ်သွက်သွက် မေးခွန်းထုတ်သည်။
“ဘောတံတားနားက ကုန်စုံဆိုင်က ဒေါ်ကျင်ကြိုင်က ကျွန်တော့် အဒေါ်ပါ၊ သူ့သား မင်္ဂလာဆောင်မှာ ၀ိုင်းဝန်း ကူညီဖို့ ကျွန်တော်တို့ လိုက်လာကြတာ”

“ဟယ်၊ ကိုကောင်းကြီး မင်္ဂလာဆောင်တော့မှာကိုး”

သည်တော့မှ လိပ်ပတ် လည်သွားကြကာ ကိုတင့်၏ လာရင်း မင်္ဂလာကိစ္စကို တရစပ် မေးကြတော့၏။
“ဘယ်သူနဲ့လဲဟင်”

အေးမီက မေးပြန်သည်။
“နင်ကလည်း ကိုကောင်းနဲ့ဆို ဘယ်သူ ရှိဦးမလဲ၊ မဟင်္သာပဲ ဖြစ်မှာပေါ့”

“ဘယ်နေ့တဲ့လဲဟင်”

“နက်ဖြန်မနက် ကိုးနာရီကနေ ဆယ့်တစ်နာရီ”

“ခုလောက်ရှိ သူတို့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး လောက်ရော့မယ်နော်”

“အသိအကျွမ်းတွေ ဆိုရင် လာခဲ့ကြပါလား။ အခုဓာတ်ပုံ အမြည်း ရိုက်ပေးမယ်၊ နက်ဖြန် မင်္ဂလာဆောင် ကျရင်တော့ ဗီဒီယို ရှယ်ရိုက်ပေး ရမှာပေါ့”

ကိုကုဋေကျော် တပြုံးပြုံးနှင့် အေးမီတို့ ရူပါတို့ကို တစ်ယောက်ချင်း၊ နှစ်ယောက်တွဲ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပေးနေသည်။ အဲဒါတွေက ဖလင်မှ မကုန်တာ။ ဒစ်ဂျစ်တယ်တွေ ဆိုတော့ လိုချင်ရင်ကူး၊ မလိုချင်ရင် ဖျက်ပစ်၊ အဲဒါပဲလေ။

“ပျင်းစရာ အချိန်တွေကို ဖြုန်းပစ်ရအောင် ကျွန်တော်တို့ ပြုံးစရာ၊ ရယ်စရာ စကားဝိုင်း တစ်ခု လုပ်ကြမလား အစ်ကို၊ ကျွန်တော့် နာမည်က ကုဋေကျော်တဲ့၊ အစ်ကိုကကော”

“ကျော်လား၊ ကြွယ်လားဗျ”

“ကျော်ပါ ခင်ဗျာ”

သူသည် ကိုကုဋေကျော့် အမည်ကို အနည်းငယ် အံ့သြ ထူးဆန်းသွားဟန် မျက်စချီကာ စိုက်ကြည့်သည်။ ကိုကုဋေကျော်က အသာဦးညွတ် ၀န်ခံသည်။ မိဘတွေ မှည့်ခဲ့တဲ့ နာမည်ပဲ အစ်ကိုရေ့၊ ကုဋေကျော်ချင်လည်းကျော်၊ ကြွယ်ချင်လည်း ကြွယ်။

“ကျွန်တော်က အောင်မြင်သူ”

အလဲ့။ သူကလည်း ခေသူ မဟုတ်လေဘူး။ အောင်မြင်သူ ဆိုပါကလား။
ခရီးသွားတွေသည် တစ်ဆိပ်ကပ်လိုက် တစ်အုပ်စု ဆင်းသွားလိုက်၊ နောက်ထပ် ခရီးသွား အသစ်တွေ တက်လာလိုက်၊ အပေါ်ထပ် သို့ရောက်လာသူသာ ကျဲပါးလေသည်။

ကိုတင့်၊ ကိုအောင်မြင်သူ၊ အေးမီနှင့် ရူပါ၊ လူလေးယောက် ရှိနေပြီ။ အချင်းချင်းလည်း မိတ်ဆွေ ဖွဲ့ပြီးကြပြီ ဆိုတော့ သူ့၏ ပဟေဠိဝိုင်းကို စတင်ဖို့ သင့်တော်နေပေပြီ။ အိုကေ။ ဒါဆိုခုပဲ စလိုက်ကြစို့ရဲ့။ အေးမီတို့သည် ပုသိမ် သင်္ဘောဆိပ်မှာတုန်းက လိမ္မော်သီးတွေ၊ ဟာလ၀ါ ခြောက်ထုပ်တွေ၊ နေကြာစေ့ထုပ်တွေကို တစ်ပွေ့ တစ်ပိုက်ကြီး ၀ယ်လာကြသည်။ သူတို့ဘာသာလည်း ထပ်ခနဲ ထပ်ခနဲ အခွံခွာစား၊ ကိုကုဋေကျော်တို့ကိုလည်းကျွေး။ အခွံတွေ ပွကြဲ မနေအောင် စက္ကူဟောင်း တစ်ရွက် ဖြန့်ခင်း ထားလိုက်လေသည်။

ရေသန့် မသောက်ချင်သူတွေ အတွက် ရေနွေးကြမ်းလည်း ပလတ်စတစ် ပုလင်းတွေနှင့် ပါလာသည်။ တစ်ခါသုံးခွက်တွေ အလုံ အလောက်။
“အခုလို စုစုဝေးဝေး အချိန်မှာ ကျွန်တော်တို့ အတွက် အပျင်းလည်းပြေ၊ အငြင်းအခုံလည်း လုပ်ကြရအောင် ပဟေဠိ တစ်ခု တင်ပြချင်တယ်ဗျာ၊ ဘယ်လို သဘောရကြသလဲ”

“အဲဒါတော့ သဘော မတူလည်း ပြောမှာပဲ ဥစ္စာ၊ မဟုတ်ဘူးလား ရူပါရယ်”

လျှာသွက် အာသွက်ရှိသော အေးမီက ရူပါထံမှ ထောက်ခံချက် ရယူသည်။
သည်အချိန်မှာ ကိုတင့် နှုတ်ဆိတ် နေလေသည်။ ကိုအောင်မြင်သူကတော့ သည်အုပ်စုထဲတွင် စကားမပြောသလောက်ပါပဲ။
“ကဲ၊ ပဟေဠိ ၀ှက်မယ်ဆို ၀ှက်တော့လေ”

အေးမီက လှုံ့ဆော်သည်။
“ငါတို့ လျှပ်ပြေး ခုတ်တာက ခြောက်နာရီ လောက်ကြာမယ့် ဟာကို ဘာလို့ လောနေတာလဲ”

ရူပါက မေးခွန်းထုတ်သည်။
“တော်ကြာ ကညင်ငူ ရောက်သွားမှဖြင့် ဟောဟို အစ်ကိုကြီးပါ ၀င်ပြီး မငြင်းခုံလိုက်ရမှာ စိုးလို့ပါနော်”

အေးမီ၏ လျှောက်လဲချက်သည် ကိုအောင်မြင်သူအား သဲ့သဲ့ပြုံးစေလျက် အားလုံးနှင့်လည်း ရင်းနှီး လာစေခဲ့၏။
“ကောင်းပါတယ်ဗျာ၊ ဒါမှ ကညင်ငူ ဧည့်သည်ရဲ့ ဆွေးနွေးငြင်းခုံမှုတွေကိုလည်း ကြားသိရမှာပေါ့”

သူ့ကိုယ်သူ ကညင်ငူ ဧည့်သည် ဆိုပါလား။ သူသည် ကညင်ငူ နယ်ခံ မဟုတ်ဘူး ဆိုပါတော့။
“ဒီလိုပါ အစ်ကိုတို့၊ ညီမတို့ရယ်၊ ကျွန်တော် ပြောမယ့် ပုံပြင်ကလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ပြီးမှသာ စဉ်းစားကြရမှာ၊ တစ်ခါ တုန်းကပေါ့၊ သိပ်တော့လည်း မကြာသေးဘူး ဆိုတော့ အခု တစ်လောဆိုလည်း ဖြစ်တာပါပဲ”

“အဲဒီ အစ်ကိုရဲ့စကားတွေကတော့ တကယ့်ကို ကုဋေကျော် နေပြီနော်၊ များလွန်းလို့ များလွန်းလို့”

“ဟာ၊ အဲသလောက် များနေမိသလား။ ကဲပါဗျာ၊ တိုတိုနဲ့ လိုရင်း ပြောပါ တော့မယ်”

စကားဝိုင်းသည် စိုစိုပြည်ပြည် သိုက်သိုက်ဝန်းဝန်း ဖြစ်လာသည်။
မြစ်ရေသည် ဆန်တက် လာနေသည်။ ဗေဒါဒိုက်တွေ တစ်သိုက် တစ်မြုံ မျောပါလာ၏။ လျှပ်ပြေးက အားအင်သုံးကာ ရုန်းနေရလေသည်။
ဥသြဆွဲပြီးကာ တစ်ဆိပ်ပြီး တစ်ဆိပ် ဆိုက်ကပ်သည်။ ကောက်ညှင်းထုပ်၊ ပြောင်းဖူးပြုတ် အရောင်းဈေးသည်တွေ တက်လာကြ၊ ရောင်းချကြ၊ ၀ယ်ယူကြ၊ ပြန်ဆင်းသွားကြနှင့်။

ရေဆန်ခရီးတစစ ပေါက်လာလေသည်။ ရည်မှန်းရာ ခရီးဆုံး အသီးသီးသို့ နီးကပ်လာကြ၏။ လမ်းဆုံးလျှင်တော့ ရွာသို့ ရောက်ကြပေလိမ့်မည်။ လမ်းမဆုံးခင် စကားဝိုင်းကို အဆုံးသတ်ကြရမည်မဟုတ်လား။
“တစ်ခါတုန်းက အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဟာ တစ်ဦးကို တစ်ဦး ချစ်ခင် နှစ်သက်ကြတဲ့ အတွက် နှစ်ဦး သဘောတူ လက်ထပ် လိုက်ကြပါရောတဲ့”

“အောက်ထပ်မှာ ပူအိုက်လို့ မကြည့်ဖြစ်တဲ့ ဗီဒီယိုကို လေလှိုင်းနဲ့ လွှင့်ပေးတာလား၊ ကျေးဇူးပါပဲ” ဟု အေးမီက ရွှတ်နောက်သည်။
“လူလွတ်ချင်းလား” ဟု ကိုတင့်က မေးသည်။

“ဟုတ်လိုက်လေ ကိုတင့်ရယ်၊ ဒါဟာ လိုအပ်တဲ့မေးခွန်းပါပဲ၊ သူတို့ နှစ်ယောက်စလုံးဟာ အဲဒီအချိန်တုန်းက လူလွတ်ချည်းပါပဲ”
ကိုအောင်မြင်သူ၏ လည်ချောင်းထဲမှ ချောင်းဟန့်သံ လိုလို ချွဲဟပ်သံ လိုလို မသဲမကွဲ ကြားရသဖြင့် အားလုံး လှည့်ကြည့်မိကြသည်။
“ဘ၀ခရီး အစတုန်းက ဆိုပါတော့။ သဘော ပေါက်ပါတယ်ဗျာ” ဟု ကိုတင့်က ရေရွတ်သည်။

အေးမီနှင့် ရူပါသည် မစရသေးသောဘ၀ခရီးဆိုတာကြီးကို တွေးတော လန့်ဖျပ်မိသွားသဖြင့် တစ်ယောက်မျက်နှာကိုတစ်ယောက် လှမ်းကြည့်ကာ
အားပေးလိုက်ကြရချေ၏။
“ဘ၀ဆိုတာ ဆန်းကြယ်တယ်ဗျ အစ်ကိုတို့၊ ညီမတို့ရဲ့။ သူတို့ဟာ ရာသက်ပန် လက်တွဲ သွားမယ်လို့ပဲ ပိုင်းဖြတ် ခိုင်မာခဲ့ကြမှာ အမှန်ပဲ။ ဒါပေမယ့် လည်း ခမျာများမှာ ရေစက် ကုန်တော့ စလယ်ဝင် ဖင်မမည်းခင် လင်မယား ပြတ်စဲ ကွဲကွာသွားကြရှာသတဲ့”

မိန်းမငယ် နှစ်ယောက်သည် စိတ်မသက်သာစွာ စုတ်သပ် ညည်းတွား လိုက်မိကြလေသည်။ အိမ်ထောင်တစ်ခု ပျက်စီးသည်ဆိုသော အရာမှာ ကောင်းသော အတိတ် နိမိတ်မှ မရှိတာကလား။
“အဲဒါ ဘယ်သူ့ အလွန်လဲ အစ်ကို” ဟုအေးမီက ခပ်ဆတ်ဆတ် ကလေး မေးခွန်း တင်လိုက်လေသေး၏။

“ဘယ်တစ်ယောက်ကိုပဲ မေးမေး သူတို့ကတော့ အပြစ် မရှိဘူး ဖြေကြမှာချည်းပဲ”

ကိုအောင်မြင်သူ၏ အသံက ခပ်ထန်ထန် ဖြစ်နေသောကြောင့် ကိုတင့်ပင် စောင်းငဲ့ကြည့်မိသွားသည်။ သည်တော့မှလည်း သူ့ကိုယ်သူ ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သတိပြုမိလေဟန် ရှိလျက် အုပ်စုထံမှ အသာ မျက်နှာ လွှဲဖယ် လိုက်လေသည်။ ကိုအောင်မြင်သူ စိတ်လှုပ်ရှားသွားတာ သေချာ သည်ဟု ကိုကုဋေကျော့်မှာကတော့ အမိအရ မှတ်သား လိုက်ရပြန်လေ၏။

“လင်မယား ကွဲသွားရုံနဲ့တော့ အစ်ကို့ ပဟေဠိဟာ ဘာမှ ပုံပေါ်မလာ သေးပါဘူး” ဟု အေးမီက စကားထောက်သည်။
“ဆက်ပြောမှာပေါ့ဗျာ။ လင်မယားကွဲသွားတော့ သားကလေးတစ် ယောက်အဖတ်တင်ပြီး ကျန်ရစ်တယ်ဗျ”

“ဟင်”

ရူပါက စိတ်မကောင်းစွာ ညည်းတွားသည်။
“ငယ်ရွယ်သေးတဲ့ သူတွေဆိုတော့ အခက်သားလားဗျ၊ အမျိုးသားက စိတ်လေလေနဲ့ ဟိုသည် အရောဝင်ရင်း အတွယ်အတာ ရှာရင်း စောစောစီးစီး နောက်အိမ်ထောင်ရက်သား ကျသွားပါလေရော”

“ဟောတော်၊ အဲဒီလူကလည်း သားကလေး မျက်နှာမှ မထောက်ဘူးတော့”

အေးမီ ခံစားနေရသည်။ ရူပါကလည်း ခေါင်းကလေး ညိတ်ကာ မျက်နှာလေး မဲ့တဲ့တဲ့ ၀မ်းနည်းနေ၏။
“အစတော့ အမျိုးသမီးခမျာ သူ့ဆီပြန်လာဦးမလား မျှော်လင့် ရှာတာပေါ့။ အိမ်ထောင်ကျသွားတော့ အားလျော့ သွားတယ်။ ဒါတွင်မကဘူး ဘသားချောက သားတစ်ယောက် ရသွားပြန်တယ်။ ရေစက် ကုန်ကြပြီ ဆိုပါတော့ဗျာ။ သူပြန်လာချင်တောင်မှ လက်ခံရ ခက်တဲ့ အနေအထားကြီး ဖြစ်သွားပြီ”

“ဒုက္ခပါလားနော်”

ကိုကုဋေကျော်ထံမှ တစ်ခွန်းဟလိုက်တိုင်း အေးမီက ခံစား တုံ့ပြန်နေသည်မှာ ကြာတော့ ကိုတင့် ပြုံးချင်လာသည်။ ကိုအောင်မြင်သူသည် သာ သူ့မျက်နှာကို မမြင်သာဘဲအတန်ငယ် ခေါင်းစိုက်ထားလျက် ရှိနေ၏။
“ကလေးအမေပဲ ခေါ်တော့မယ်နော်။ ကလေးအမေဟာ သားကလေး မျက်နှာငယ်မှာ စိုးလွန်းလို့ ဘယ်ယောက်ျားကိုမှ မစဉ်းစားတော့ဖို့ ကြိုးစား ပါတယ်။ ခက်တာက သူက တော်တော်လှတယ်။ ကလေး ဘယ်နှယောက် ရှိရှိ လက်ထပ်ယူမယ် ဆိုတဲ့ ယောက်ျားတွေက မနည်းမနောပဲ”

“သူ့ကို အစ်ကိုမြင်ဖူးလား”

ရူပါက ဖျတ်ခနဲ မေးသည်။
“ဟာ၊ ဒီပဟေဠိကို ၀ှက်တဲ့ သူဟာ ဇာတ်ကောင်တွေကို မြင်ဖူးချင်မှ မြင်ဖူးမှာလေ၊ ကွက်စိပ် ဆရာလိုပေါ့၊ မှန်းဆ လေပစ်ရတာ”

ကိုကုဋေကျော်၏ လျှောက်လဲချက်ကို အေးမီက ဟုတ်သားပဲဟု လက်ခံလိုက်သည်။
“အဲဒါဆိုလည်း ကလေးအမေ နောက်ယောက်ျား ယူဖြစ်သလားပဲ ပြောတော့”

ရူပါက သိလိုစိတ်စောလေဟန်နှင့် လောသည်။
“ကျွန်တော် ပြောသားပဲလေ၊ ယောက်ျားတွေရဲ့ဇွဲကို ကြံ့ကြံ့မခံနိုင် ရှာတဲ့ အဆုံးမှာ သူလည်း တစ်ယောက်ကို လက်ထပ် ယူလိုက်ရ ရှာသတဲ့”

“ဟော့တော်၊ စိတ်ညစ်ရပါလား”

ကိုတင့်နှင့် ကိုကုဋေကျော်သည် အေးမီ၏ ညည်းတွားသံကြောင့် ပြုံးရယ်ကြသည်။ စောစောကနည်းတူပင် ကိုအောင်မြင်သူကား စကားဝိုင်းထဲမှာ စိတ်ဝင်တစား မပါဝင်ဘဲ ရှိနေ၏။ သည်လူတွင် အကြောင်းတစ်ခုတော့ ရှိတန်ရာသည်ဟု ကိုကု ဋေကျော်က ဆက်လက်ထင်မြင်စရာ ဖြစ်နေ တော့သည်။ လျှပ်ပြေးသည် ဘော်ခနဲ ဥသြဆွဲလေသည်။ သုံးခွကျေးရွာ ဘောတံတားတွင် ဆိုက်ကပ်တော့မည်။

“ရှေ့ဆိပ်ဆို မန်ကျည်းပင် ရောက်ပြီနော်၊ ပဟေဠိ မြန်မြန် အဆုံးသတ်မှ ဖြစ်တော့မယ်”

လူစုံတုန်း အဖြေ မညှိရမှာကို ကလေးမတွေက ပူပန်နေကြသည်။ ကိုကုဋေကျော်လည်း ပူပန်တာပေါ့။ ပဟေဠိရှင်ပဲ ဥစ္စာ၊ ဘာပြောကောင်းပါ့ မလဲဗျာ။
“ကလေး အမေဟာ နောက်အိမ်ထောင်နဲ့ သမီး ကလေးတစ်ယောက် ထပ်ရသတဲ့ဗျ”

“အင်း၊ ဒုက္ခပါပဲလား” ဟု အေးမီက ရေရွတ်သော အခါတွင် ရူပါက ဘာရယ်မဟုတ် နှုတ်ခမ်းမဲ့သည်။
“တစ်နေ့သောအခါမှာတော့၊ နှစ်ပေါင်း ဆယ့်ရှစ်၊ နှစ်ဆယ်အကြာ တစ်နေ့မှာပေါ့ဗျာ။ သားကြီးဟာ ရှူးရှူးရှဲရှဲနဲ့ အဘိုးအဘွားဆီ ရောက်ချလာတယ်တဲ့”

တံခါး ဟိုဘက်ခြမ်းမှာ ထိုင်နေသော အဒေါ်ကြီး နှစ်ယောက်သည် စောစောကတည်းက ကိုကုဋေကျော်တို့၏ ပဟေဠိဝိုင်းကို စိတ်ဝင်စားကာ နှစ်ယောက် ပြောစကားတွေကို တစ်ချက် တစ်ချက် ဖြတ်ပြီး နားစွင့်နေကြသည်။ ခုလို အဘိုးအဘွား ကဏ္ဍ ပါလာသော အခါတွင်တော့ သူတို့နှင့် လုံးလုံးလျားလျား သက်ဆိုင်သည် ယူဆလေသလား မသိ၊ အနည်းငယ် တိုးရွှေ့လာကြလေ၏။

“အဘိုးနဲ့အဘွား ကြည့်လုပ်ကြဦးဗျ။ ကျွန်တော့် ညီနဲ့ ညီမ လက်ထပ်ကြတော့ မလို့တဲ့။ ကျွန်တော် ကြားကြားချင်းလာပြောတာ၊ မြန်မြန် တားကြမှ ဖြစ်မယ်ဗျတဲ့”

ကိုကုဋေကျော်၏ အမူအရာပါပါ သရုပ်ဖော် ပြောစကား အဆုံးတွင် လူသုံးလေးယောက် ထံမှ စုပေါင်း အာမေဋိတ်သံသည် ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာတော့သည်။
“အခု အစ်ကိုတို့ ညီမတို့ အဲနောက်ထပ် ၀င်လာတဲ့ ဒေါ်ဒေါ်တို့ အပါအ၀င် စုပေါင်း စဉ်းစားကြရမှာက ဒီပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲဆိုတာပါပဲ”
မျက်မှန်ထူ အဒေါ်ကြီးက သူ့ခန္ဓာကိုယ်ကြီး ကို ရှေ့သို့ ကိုင်းညွတ်လိုက်သည်။
“မောင်ရင်းနှမတွေ ညားကြတာကို အသိုက်အ၀န်းက ကျေနပ် လက်ခံကြတယ် ဆိုတာဟာ ကမ္ဘာဦးကာလတုန်းကလို ယဉ်ကျေးမှုနဲ့ ဘာသာ တရား မထွန်းကားသေးတဲ့ အချိန်အခါတုန်းကသာ ဖြစ်ကောင်း ဖြစ်နိုင်ခဲ့မယ်ကွဲ့”

ပါတိတ် တစ်ဆင်စာက မိနစ်မဆိုင်း ထောက်ခံလိုက်လေသည်။
“ဒါပေါ့ရှင်၊ ခုလို ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေကြားမှာ ဒီပြဿနာမျိုး ပေါ်ပေါက်လာဖို့ ဆိုတာကတော့ မဖြစ်သင့်တဲ့ မကြားဝံ့ မနာသာတဲ့ ဖြစ်ရပ်ပါ”

သူ့ပဟေဠိကို အဖြေ ညှိကြတော့မှာမို့ ကိုကုဋေကျော် နှစ်ထောင်းအားရ ရှိနေသည်။
“သားကြီးရဲ့ညီနဲ့ ညီမဟာ သွေးသား တော်စပ်ကြရဲ့လား ဆိုတာ အန်တီတို့ အရင် ဆန်းစစ် ကြည့်ကြပါဦးခင်ဗျာ”

ကိုတင့်၏ မေးခွန်းသည် အဖြေရှာသူ အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ကညင်ငူဆိပ်သို့ မကြာမတင်ဆိုက်ရောက် တော့မှာဆိုတော့ အဖြေကို အမြန်တွေ့ရှိကြရ လိမ့်မည်။
“သားကြီးနဲ့တော့ သွေးစပ်ကြတာ အမှန်ပဲ၊ ဒီဖအေက မွေးတဲ့ညီနဲ့ ဖအေတူ မအေကွဲညီ အစ်ကိုတော် စပ်တယ်၊ ဒီမအေက မွေးတဲ့ ညီမနဲ့ ကျတော့ မအေတူဖအေကွဲ မောင်နှမ တော်စပ်တယ်”

ကိုအောင်မြင်သူက ထူးခြားစွာ ပါဝင်စဉ်းစားသည်။
“အဖေဘက်က ညီကတော့ အမေဘက်က ညီမနဲ့ ဘယ်လိုမှ သွေးတော် စပ်စရာ မရှိဘူး၊ ဟုတ်ရဲ့လား”

“အေးမီတို့တော့ နားမျက်စိလည်ကုန်ပါပြီ။ နော် ရူပါ”

“ဟုတ်ပါရဲ့၊ ရူပါလည်း အမျိုးမစပ်တတ် တော့ဘူး၊ အန်တီကြီးတို့ ဖြေရှင်း ပေးကြပါဦး”

လူမှု ကျင့်ဝတ်တွေကို စောင့်စည်း ထိန်းသိမ်းရန် အထူး ကြီးကြပ်သော အန်တီကြီးတွေ ငိုင်ကျ သွားသည်။
“ဆွေမျိုးစု ဇယားဆွဲချကြရအောင်”ဟု ခေတ်လူငယ် အေးမီက စိတ်ကူးရသွားသည်။

တစ်လက်စတည်းပင် သူမက စာရွက် တစ်ပိုင်း ဆွဲဆုတ်ကာ ကြမ်းပေါ် ဖြန့်ချသည်။ ရူပါက ဘောပင် ကမ်းပေး၏။ ဒါမှ ခေတ်ပုံစံ ကျမည်။ တိကျမည်။
“အဖေကို ယောက်ျား သင်္ကေတ ပြလိုက်မယ်။ အပေါင်း လက္ခဏာကို အလယ်က ထားပြီး အမေကို မိန်းမ သင်္ကေတပြမယ်”

အေးမီက ၀လုံးတစ်လုံးဆွဲကာ ထိပ်မှမျှားကလေးပြသည်။ အဲဒါ “ဖို”သင်္ကေတ။ အလယ်တွင်အပေါင်းလက္ခဏာ ရေးချသည်။ ပြီးတော့ ၀လုံး တစ်လုံးဆွဲကာ အောက်မှအပေါင်း လက္ခဏာပြသည်။ အဲဒါသည် “မ” သင်္ကေတ။

“အောက်တစ်တန်းမှာ မြားဆွဲချလိုက်၊ မြားအောက်မှာ သားကြီးလို့ ရေးလိုက်”

အားလုံးပင် ဆွေမျိုးစုဇယားကိုဝိုင်းအုံကြည့်ကြသည်။
မျက်မှန်ထူ အဒေါ်ကြီးဆိုလျှင် ခါးကိုင်း ထားရသည်မှာ မျက်မှန် ကျွတ်ကျလုတဲတဲ ဖြစ်လျက် ၀မ်းဗိုက်ကြီးပင် တင်းနေ အင့်နေရတော့သည်။
“အဖေကိုစတားပြ၊ အမေကိုလည်း စတားပြ၊ ဒါမှ နောက်အိမ်ထောင်တွေနဲ့ ကွဲပြားမှာ”

“အဖေရဲ့ညာဘက်မှာ မသင်္ကေတ တစ်ခုပေါင်း၊ အောက်မှာ မြားပြ ဒုတိယသားလို့ ရေးလိုက်”

“အမေရဲ့ဘယ်ဘက်မှာ အပေါင်းလက္ခဏာရေး ဖိုသင်္ကေတ တစ်ခုရေး၊ အောက်မှာ မြားပြ၊ သမီးလို့ ရေးလိုက်”

ဆွေမျိုးစုဇယားကို စုပြုံကြည့်ရှုကြပြန်သည်။
“သေချာပါပြီ၊ ညီနဲ့ ညီမဟာ ကျွန်တော့် သားနဲ့သာ သွေးတော်စပ်မှာပါ၊ သူတို့ချင်းတော့ သွေးမတော် သားမစပ်ပါဘူး”

ကိုအောင်မြင်သူက မှတ်ချက် အခိုင်အမာချလိုက်၏။
ဆတ်ခနဲ မော်ကြည့်သော မျက်မှန်ထူ အဒေါ်ကြီးခမျာ မျက်မှန်ပင်အောက် ပြုတ်ကျသွားရရှာသည်။
“ကျွန်တော့်သား၊ ဟုတ်လား”

ကညင်ငူဆိပ်ကမ်းတွင် လျှပ်ပြေးဆိုက်နေပေပြီ။
“ကျွန်တော် အရမ်းခံစားမိသွားလို့ပါ အန်တီ။ ကျွန်တော်တို့ မိသားစု ကလေး ပြိုကွဲသွားမယ်ဆိုရင် ရှေ့မှာဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို စဉ်းစားမိသွားလို့ပါ”

အားလုံးပင် ကိုအောင်မြင်သူအား စိုက်ငေးကြည့်နေမိကြသည်။ ကိုအောင်မြင်သူက ဖိနပ်စီးသည်။ သူ့အိတ်ကို လွယ်သိုင်းသည်။
“ကျွန်တော်တို့ လင်မယား ကွဲနေကြတယ်၊ အခု ကွာရှင်းဖို့ ပြန်လာတာ။ ဒါပေမယ့် ကိုယ်မွေးမိတဲ့ သားသမီးရဲ့ဘ၀သာယာဖို့ မိဘတွေမှာ တာဝန် ရှိတယ်ဆိုတာ ပဟေဠိက သွယ်ဝိုက် သတိ ပေးလိုက်တယ်ခင်ဗျ”

သူသည် အားလုံးကို လက်ပြ နှုတ်ဆက် သွားခဲ့လေသည်။
“ကျွန်တော်တို့ မိသားစုကလေးကို ပြန်လည် တည်ဆောက်မှ ဖြစ်မယ်။ ပဟေဠိ ဆရာကြီး ကိုကုဋေကျော်ရော၊ အားလုံးကိုပဲ ကျေးဇူးတင်တယ်ဗျာ”
လျှပ်ပြေးသည် သူ့တာဝန် ၀တ္တရားမပျက် ဥသြဆွဲရင်း ဆက်လက် ထွက်ခွာခဲ့ပြန်လေ၏။
မြနှောင်းညို

ငါ့နားလေးကို ကိုက်တယ် ကိုက်တယ်

“မေကြီးရေ၊ တားတား ရှင်နောင်ခွေ့လိုက်မယ်နော်”

“ဟိဟိ၊ ခွေ့၊ ခွေ့” သားလတ်ကလေးက ခြင်ထောင်ကို ခုမည် (ညှပ်မည်) ဟု မပီကလာ ပီကလာပြောတာပါ။ ခြင်မ၀င်အောင် ခြင်ထောင်စကို မွေ့ရာအောက်ထဲ ဖိညှပ်ထားသည်ကို မဆင့်တို့ ရှမ်းပြည်နယ် တောင်ပိုင်း သူတွေက ခြင်ထောင်ခုသည် ပြောကာ သားတို့ အဖေဘက်က(သို့မဟုတ်) မော်လမြိုင် ဘက်ကတော့ ညှပ်သတဲ့။

ပြီးတော့လည်း ခြင်ထောင်ကို ရှင်နှောင်တဲ့လေ။ အဲသည်တုန်းက သားကလေးသည် တစ်နှစ်ကျော်တာမှ သုံးလေးလပဲ အသားကုန် စွန်းသေးသည်။ ဆံပင်တွေ များသလောက် ခွေခွေထွေးထွေး အညိုရောင်ဘက်သို့ သန်းနေ၏။ အသားက ဖြူဖြူ၊ လူက အိအိထွားထွားနှင့် မဆင့်မို့ ပွေ့ချီ ထားလျှင် အကြောင်းမသိ သူတွေက ကလေးကို နိုင်ငံခြားသွေး ထင်ကာ မဆင့်ကိုတော့ ကလေးထိန်း နာနီ ထင်မှတ်ကြလေ၏။
အလည်အပတ် ရောက်လာသော မိခင်ကြီးက သီဟ ပြောနေတာတွေကို နားမလည်သဖြင့် မဆင့်က ရှင်းပြရသေးသည်။

“ကလေးမှားနေရင် ပြင်ပေးလိုက်ရောပေါ့ သမီးရယ်”

“နားထောင်ကောင်းလို့ပါ မေမေရဲ့”

“အမလေးနော်၊ မသဲတို့များတော့ ဖြစ်ရမယ်၊ တကတဲ”
အမေက မျက်စောင်းထိုးတော့ မဆင့် ရယ်နေလေသည်။

မဆင့်တို့မှာက နှစ်နှစ် တစ်ယောက်နှုန်းနှင့် သားသမီးသုံးယောက် ဆက်တိုက် ပွားများခဲ့သည်။ ထိုကြောင့်လည်း မဆင့်တို့၏ နှစ်ယောက်အိပ် ခုတင်သည် ပိုင်ဆိုင်သူတွေ များပြား သိုက်ဝန်း လာခဲ့ရလေသည်။ ခုတင်မှ ဆင်းမည့်ဘက်တွင် အဖေကြီး နေရာယူသည်။ အလယ်မှာက သားထွေး ကလေးကို သိပ်သည်။ နံရံနားကပ်လျက် သမီးကြီးကို သိပ်သည်။ သားလတ်ကလေးကိုတော့ ခုတင်ခြေရင်းတွင် ကလေးခုတင် ကလေးဆင်ပြီး သိပ်သည်။ သူ့ခုတင်ကလေးကို လက်သမား ဆရာအား ဘိုးအေက ကြီးကြပ် ပုံစံပြကာ ကျွန်းသားနှင့် ထွင်းလုပ်ခဲ့တာပါ။ မဆင့်တို့လည်း ကြိုက်သည်၊ မစ်ကီမောက်စ် ရုပ်က ခေါင်းရင်း၊ ဒေါ်နယ်လ်ဒပ်ခ်က ခြေရင်း တို့မှာ ဘိုးအေကြီး ကိုယ်တိုင် ရေးဆွဲ ထားသည်မှာ ကလေးတွေကလည်း လှသည်ထင်သည်။ မဆင့် တို့မောင်နှံကလည်း ဂုဏ်ယူ ကျေနပ်သည်။ အထူး သဖြင့် ဘိုးအေကြီး ကွယ်လွန်သွားပြီးသော ယနေ့ အချိန်အခါတွေမှာ သူ့လက်ရာတွေသည် ချစ်ခြင်း မေတ္တာ အငွေ့အသက်တွေ နွေးထွေးပြီး ကျန်ရစ်စေ လေ၏။

သမီး ကလေး၏ ဂါဝန်တွေကိုတော့ မဆင့်တို့၏ ကလေးတွေနှင့် မတိမ်းမယိမ်း သားသမီးသုံး ယောက်စီရှိကြတာချင်း အတူတူ ကိုယ့်လောက် မှပင် မချောင်လည်ရှာသော အိမ်နီးချင်းကလေး အမေအား ပေးကမ်းလိုက်သည်။ ယောက်ျားလေး ၀တ်တွေကား အကြီးနှင့် သေးသွားလျှင် အငယ်ကအမွေ ဆက်ခံ။
အကြီး၏ အကျကို အငယ်က မလိုချင်သည့် ပြဿနာမှာ လူပျိုဖားဖား ဖြစ်လာကြပြီးနောက် သူတို့ အတိအလင်း လက်မခံတော့သည့်အဆုံး၊ မဆင့်က အဲသည့် အစဉ်အလာကို စွန့်လွှတ်လိုက် တော့မှပဲ နားအေးသွားလေတော့၏။

သည်ပြဿနာကို ကိုင်တွယ်ဖို့ မဆင့်က တစ်မျိုး အကြံအစည်ပြုပြန်သေးသည်။ ဆက်လက် အရပ်မြင့်မား ထွားကြိုင်းနေဆဲ သားတွေ သည် ခဏဆို အင်္ကျီတွေ ကျပ်သွားတတ်သည်မို့ အသစ်ဝယ်လျှင် အရွယ်အစား တစ်ဆိုက်လောက် ပိုကြီးထားသည်။ ဒါမှ နှစ်နှစ်လောက် တော်ပေသည်။
“အမလေးဟယ်၊ တစ်နှစ်စာ ပိုကြီးပြီး ၀ယ်သတဲ့၊ မဆင့်တို့များ ကော်တရာကျချက်”ဟု အစ်မကြီးက ကဲ့ရဲ့ပြစ်တင်စဉ်တုန်းက မဆင့် ယာယီ နားထိုင်းနေခဲ့ရလေ၏။

အမှန်က သီဟသည် မျောက်ရှုံးအောင်ဆော့ သူဆိုတော့ သူ့ဘောင်းဘီတိုကလေးတွေ၏ တင် ပါးနေရာတွေဟာ ဆပ်ပြာနှင့် နေ့တစ်ပိုင်းလုံးစိမ် ထားပြီး လက်ပဲကြီး ရေခွံတွန့်သည် အထိ လျှော်ဖွပ် သော်လည်း မပြောင်ရောင်နိုင်အောင် မည်းညစ်ကာ ပွတ်တိုက်ဖန်များတော့ အရောင်အဆင်းမှေး မှိန်ပါး ရိနေလေသည်။

အငယ်ကောင်ကလေးက သိပ်ချေးချောင် မများဘဲ ဆင်သမျှ ၀တ်သောကလေးပါပဲ။ သို့ ရာတွင် ပွဲဈေးတန်းလျှောက်ဖို့တို့၊ အိမ်လည်သွား ဖို့တို့ဆိုလျှင်တော့ သူကလည်း ရှိုးဘောင်းဘီနှင့် ရှိုးတီရှပ်နှင့် စတိုင်လ်ပေးချင်တတ်သည်။
“မေကြီး၊ တီဟ ဘောင်းဘီတွေက ဖင်ကွဲနေပြီ၊ တားတား မလိုရှင်ဘူး”ဟု သားငယ်သူရက ငြင်းဆန်သည်။

“တူရက ပိုပြီးဖင်ကြီးလို့ ဘောင်းဘီကွဲတာ မေမေကြီး၊ တားတားဝတ်တုန်းက အကောင်းပဲ” ဟု သားကြီးသီဟက ဖြေရှင်းသည်။

“တားတားကို ဖင်ကြီးတယ်လို့ ပြောနေတယ် မေမေကြီး” ဟု သူရကလေးက မခံမရပ် နိုင်ဖြစ်ပြန်လေသည်။

မောင်နှစ်ယောက် ကတောက်ကဆတ် ဖြစ် နေတာကို စိတ်မ၀င်စား နားမပူသည့်အလား အစ်မကြီး ခင်နီလာသည် ကာတွန်းစာအုပ်အဖတ် မပျက်။ သူ ပါဝင်လာတတ်သည့်အချိန်တွေက သူ့ကာတွန်းစာအုပ်တွေကို မောင်တွေယူဖတ်ပြီး တွန့်ကြေစုတ်ပြဲသွားသောအချိန်တွေမှာပါပဲ။
“အငှားဆိုင်က ပြန်ပေးတဲ့ အခါ စုတ်နေရင် ဆူတယ် မေမေကြီး၊ အဲဒီကောင်တွေကို အပ်ခိုင်းလိုက်”

“ငါတို့က ဖတ်မှမဖတ်တာ၊ ငှားလည်း မငှားဘူး၊ နင်ငှားတာ နင့်ဘာသာ သွားအပ်”ဟု အကြီးကောင် သီဟက စွာသည်။

“တားတားလည်း မဖတ်ဘူး”ဟု အငယ်က လေးက ကိုယ်လွတ်ရုန်းသည်။

“မင်းက စာမှမဖတ်တတ်တာ”ဟု အကြီး ကောင်က အခွင့်သာတုန်းဝင်နှိမ်၏။
အငယ်ကလေးက ငိုသည်။

“မေမေကြီး၊ တားတားကို စာမဖတ်တတ် ဘူးလို့ တီဟက ပြောနေတယ်}

မဆင့်မှာ ညနေစာ ချက်ဖို့ ပဲသီးတောင့်တွေကို လက်သန်းထိပ် စာလောက်ကလေးတွေ တထောက်ထောက် တုံးနေရာမှ လက်မထိအောင်လည်း သတိထားရင်း သီဟကို အနည်းငယ် မာန်ရသည်။ များများလည်း မမာန်ဝံ့။ သူကတစ်ဖန် ငိုချပြန်ဦးမှာ။
“သီဟကလည်းကွယ်၊ ညီလေးကခုမှ သုံးနှစ်ကလေးပဲ ရှိသေးတာ၊ ငါးနှစ်သားကျမှ ကျောင်းနေရမှာလေ၊ အဲဒီတော့ စာသင်ရတော့ စာဖတ်တတ် လာမှာပေါ့၊ သားလည်းခုမှကျောင်း နေရလို့ စာဖတ်တတ်တာများ”

သူရ ကျေနပ်သွားသည်။
“ကြားလား တီဟ၊ ငါလည်း ကျောင်းနေရင် မင်းလိုပဲ စာဖတ်တတ်မှာကွ”

“မဖတ်တတ်ရင်တော့ ဆရာမက တိန်တိန် နဲ့ရိုက်”

သီဟက လက်သွက်သွက်နှင့် သူရ၏ ခေါင်းကို ဒေါက်ခနဲ ခေါက်ကာ ထွက်ပြေးတော့သည်။ သူရက ၀ါးခနဲ အော်ငိုလိုက်ပြန်လေ၏။ နာတာက နည်းနည်း သီဟကို ရိုက်စေချင်တာက များများဆိုတာ အမေ လုပ်သူက သိလှချည့်ပေါ့။ သို့တစေ မဆင့် လက်မအားဘူး မဟုတ်လား။ ပြီးတော့လည်း တော်ကြာ သူတို့က ပြန်တည့်ကြ မှာပဲဥစ္စာ။

“သီဟနော်၊ ညနေ မေကြီး ကမ်းနားဘက် လမ်းလျှောက်ထွက်ရင် ဘူးသီးငါးပေါင်းကြော် ၀ယ်ကျွေးမှာ၊ သူရကိုပဲ ကျွေးလိုက်တော့မယ် သိလား”

“မစားချင်ပါဘူး၊ သားကို ဖေကြီးက ရုံးက ပြန်လာရင် မုန့်ဝယ်လာပေးမှာ”

ဟောကြည့်၊ မစားချင်ပါဘူး ဆိုတာက သူ စကားနာထိုး ထေ့ငေါ့တာမှန်း မဆင့် သိတာပေါ့။ မဆင့်က အမေလေ၊ ဟင်းဟင်း။
“တီဟ၊ ငါလည်း ချားမယ်နော်”

အငယ်လေးသည် သုံးနှစ်သားအထိ စကား မပီသသေးတာကိုလည်း မဆင့် နားဝင် ချိုနေခဲ့သည်။
တကယ်တော့ သူတို့ အဖေသည် ရုံးအပြန် လက်ချည်းဗလာ ရောက်လာတာပဲ များပါသည်။ “ငါ့ကွာ၊ ဘတ်စ်ကားခပေးလိုက်တာ ပြန် အမ်းမယ်နော် အစ်ကို၊ အကြွေ မရှိသေးလို့ ခဏ လေးဆိုပြီး စပယ်ယာ ပြန်တိုးထွက် မလာတော့ ဘူး၊ ခရီးသည်တွေကလည်း ကျပ်သလား မမေး နဲ့”ဆိုတာမျိုး။ သူ့လမ်းစရိတ်ကိုပဲ မဆင့်က ထပ်အမ်းပေးရဦးတော့မလို။

“သားကလေးတို့က ရန်မဖြစ်ကြနဲ့ပေါ့။ ဒါ ဆိုရင် ဖေကြီးပြန်လာတော့မှ ကလေးသုံးယောက် စလုံးလမ်းလျှောက်ခေါ်သွားပြီး မုန့်တွေ အိမ်ပြန် သယ်လာကြမယ်လေ၊ အိမ်မှာစုစားကြမယ်၊ မကောင်းဘူးလား”

“ဟေး”

မဆင့် ကြိုတွက်ထားသလိုပင် သူတို့ပြန်လည် သင့်မြတ် သွားကြပြန်ပါပြီ။ အဲသလို တည့်နေပြန်တော့လည်း သူတို့၏ အစ်မကို သွားကလိ ကြစကြနှင့်။
လဆန်းသည်နှင့် ကလေးတို့ အဖေ ရရှိလာသော လစာငွေကို ဆန်ဆီကုန် ခြောက်တွေ လပေး ယူထားသမျှ အကြွေးဆပ်၊ လက်ရှိ တစ်လလုံးစာ အကြွေး ယူပြန်၊ နေ့စဉ် ဈေးသုံးကိုသာ လုံလောက်အောင် ခြစ်ကုတ် သုံးစွဲလာခဲ့သည်။

ရှက်စရာ မဟုတ်သော်လည်း အတန်ငယ် သိမ်ငယ် သယောင်နှင့် ဖွင့်ဟ ၀န်ခံရပါလျှင် ကလေးတွေ ငယ်တုန်းက ကြက်သား အစိတ်သားကို အာလူး တစ်နပ်ရော၊ နောက်တစ်နပ်က ပဲရော၊ ဘူးသီးရော စသည်ဖြင့် မနက်ည ချက်ကျွေး လာခဲ့သည်မှာ ကလေးတွေသာ အရွယ် ရောက်လာပြီး ထမင်းအိုး သာကြီးလာရော ဟင်းအိုးကဖြင့် အရွက်က ပိုများလာလျက် အသားစ အလေးချိန်မှာ ပိုတိုး မလာခဲ့။ မဆင့်က ၀န်ထမ်း သားသမီးဆိုတော့ အမေ သွန်သင် ထားသဖြင့် အရိုးစွဲ နေသော အလေ့အကျင့်က အကြွေး မတင်ဖို့ပါပဲ။ ၀န်ထမ်းဇနီး ဖြစ်လာပြန်သောအခါ လပြန်ပေးတို့ ဘာတို့ ဆိုတာမျိုးတွေကို မဆင့်မ၀ယ်တတ်။ ကုန်ခြောက်ကြွေးမျှသည်သာလျှင် လစဉ် ဆပ်သွား နိုင်တာမို့ မဆင့် တတ်နိုင်ခဲ့သော အနေအထား ဖြစ်လေသည်။

သူတို့ကို ကျွေးမွေးရသည်မှာ အစားအသောက်၏ ပမာဏ အရွယ်အစားနှင့် အလေးချိန်ကို တတ်နိုင်သလောက် ညီမျှအောင် မိခင်ဖြစ်သူ မဆင့် ကြိုးစား ခဲ့ရသည်။
“ထမင်းစားပြီးရင် ငှက်ပျောသီး တစ်လုံးစီ ထမင်း ပန်းကန်ဘေးမှာ ချ ထားတယ်နော်”

တစ်ခါတစ်ရံလည်း လိမ္မော်သီး တစ်လုံး ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် နာနတ်သီး တစ်စိတ်။
သူတို့ မပျက်မကွက် ပြုလုပ်လေ့ ရှိသည်မှာ ဘယ်တစ်ခုက ပိုပြီး အချိန်စီး သလဲ၊ ပိုကြီးသလဲ။ ဒါပဲ။ တစ်ပြိုင်နက် ရောက်မလာလို့ကတော့လား၊ နောက်ကျန်သူသည် ရွေးကျသာ ရပြီမှတ်။

“သားတို့လျှောက် ကိုင်ကြည့် ဖိမကြည့် ဆကြည့်တာနဲ့ပဲ အသီးတွေ ရွဲကုန်တော့မှာပဲ၊ သူ့နေရာနဲ့သူ ရှိပါစေလားကွာ”

ပြောလို့ပြောတာ မဟုတ်၊ အငယ်တွေလို မဟုတ်ဘဲ သမီးကြီး ခင်နီလာသည် သူ့နေရာမှာ ရှိတာကို ကောက်ယူ သွားရုံနှင့် ကျေနပ်တာပါပဲ။
အစားအသောက်မှာသာ တစ်ယောက်အပေါ် တစ်ယောက် အနိုင်မခံ အရှုံး မပေးတာ မဟုတ်။ ဘာကလေးဖြစ်ဖြစ် တစ်ယောက်တည်း အတွက်မပေး လိုက်လေနှင့်၊ ကျန်နှစ်ယောက်က မမျှတဘူး၊ မတရားဘူး ယူဆကာ ဆန္ဒ ပြလာတော့သည်။

အစကတော့ မိဘသက်တမ်း နုနယ်သေးတာမို့ မဆင့်တို့လည်း သား သမီးတွေ၏ စိတ်ခံစားချက်ကို ဘယ်နားလည်တတ်ခဲ့ပါမလဲ။
ဆိုပါစို့။ သားအလတ် ကိုယ်ဝန်ဆောင်ကာ တစ်စစ ရင့်မာလာကတည်းက အငယ်တစ်ယောက် အဖော် ရောက်ရှိ လာတော့မည်ဟု မဆင့်တို့က သမီးကြီး ခင်နီလာအား မကြာခဏ ပြောနေ အသိပေး နေဖြစ်ခဲ့တာမို့ သူ မသိလိုက်တော့ မဟုတ်။ သူ့အသက် တစ်နှစ်ကျော်ကတည်းက တွတ်တီးတွတ်တာ သွက် လက်ချက်ချာနေပြီမို့ အငယ်ရတော့မည် ဆိုတာ သူ ကောင်းကောင်းနားလည် သည်။ အဲသည်လွန်ခဲ့သော အနှစ်သုံးလေး ဆယ်တုန်းက မဆင့်တို့တိုင်းပြည်မှာ Ultrasound နည်းပညာခေတ် မစားသေးသောကြောင့် မောင်လေးလား၊ ညီမ လေးလားဆိုတာကို ကြိုတင်ခွဲခြား သိရှိမနေခဲ့တာ တစ်ခုပဲ ရှိလေသည်။
“မောင်မောင်လေး လိုချင်လား၊ ညီမလေး လိုချင်လား”နှင့် မဆင့်တို့က သမီးကို မြှူတတ် နော့တတ်သည်။

ခင်နီလာက အဖြေမပေးဘဲ တွေဝေနေတတ် နှုတ်ဆိတ်တတ်သည်။ အဲဒါကို ဘာကြောင့်မှန်း နောက်နောင်ကျမှသာ ခွဲခြား သိရှိနားလည်တာ ကသာလျှင် မဆင့်တို့သည် သားသမီးတို့၏ စိတ်ပညာနှင့် ပတ်သက်ပြီး ဗဟုသုတ နည်းပါးခြင်း ဖြစ်နိုင်သည်။ သူတို့၏ဘ၀သည် မိဘမေတ္တာရိပ်မှာ လုံးဝမှီခိုနေဆဲ ဖြစ်သည်။ နောက်ထပ် ကလေး တစ်ယောက်ရောက်လာလျှင် သူတို့ ပိုင်ဆိုင်ရာဘ၀ ကလေးပျက်စီးယိုယွင်းသွားလေမလားနှင့် သူတို့စိုးရိမ်နိုင်လေသည်။ ကလေး တိုင်းတွင် အဲသလို ခံစားချက်ရှိချင်မှလည်းရှိလိမ့်မည်၊ ရှိချင်လည်းရှိမည်။

ခင်နီလာ နှစ်နှစ်သမီးမှာ သားအလတ်ကလေး သီဟကို မွေးဖွားခဲ့လေသည်။ သားကလေးမို့ မဆင့် အတော် ပျော်မြူးခဲ့သော်လည်း သမီးနေရာမှာ အစားထိုးခြင်း မဟုတ်တာ သမီး နားမလည်တတ်ခဲ့လေဘူး။ သမီး နားလည် အောင်ရှင်းပြဖို့ကျတော့ မိခင်က ခုန ပြောသလိုပင် သားသမီးတို့၏ စိတ်ပညာနှင့် ပတ်သက်ပြီး ဗဟုသုတ နည်းပါးသည်။ သြော် သမီးခမျာ သနားစရာ။

မွေးဖွားပြီးဆေးရုံမှ ပြန်အလာမှာ၊ မဆင့်၏ ရင်ခွင်တွင် သီဟကလေး ပါလာသည်။ ကလေးကို မိခင်ဖြစ်သူကချော့မြှူနေခိုက်တွင်၊ ခင်နီလာက သူ့ ကြီးတော်၏ ပေါင်ပေါ်မှာ ထိုင်ပြီး နှုတ်ဆိတ်စူးစမ်းသော အကြည့်နှင့် ကြည့်နေခဲ့သည်။ ကလေး သေးသေးကွေးကွေးကို နို့တိုက်သော အခါ ရင်ဘတ်တွင် ပုံစံ တကျ သက်တောင့်သက်သာ ဖြစ်ကြရအောင် ခေါင်းအုံးတစ်လုံးနှင့် ကလေးကို ခုခံထားကြသည်။

“သမီးလည်း ခေါင်းအုံးပေါ်မှာ အိပ်မယ်”

ကြီးတော်က တဟားဟားရယ်ကာ ခေါင်းအုံးတစ်လုံး ယူပြီး ပေါင်ပေါ် တင်ကာ ခင်နီလာအား ပွေ့ချီပိုက်ထွေးလေသည်။ အဲသည်တော့မှပဲ သမီး ခံစား နေရသော သူ့ဘ၀ ကလေး၏ မလုံခြုံမှုကို မဆင့် ရိပ်စားမိတော့သည်။ သားသမီးငယ် တစ်ယောက်ကို မွှေးမွှေးပေးတိုင်း အနားမှာ ရှိနေသည့် နောက်တစ်ယောက်ကိုလည်း မွှေးမွှေးပေး ဖြစ်ဖို့ အရေးကြီးသည်ဟု မဆင့် အသိပညာ တိုးလာခဲ့ရလေ၏။
နောက်တစ်ခု မှတ်မှတ်ရရမို့ ပြောပြချင်သေးသည်။

ထိုစဉ်က မဆင့်တို့ နယ်မှာ နေထိုင်ကြသည်။ တစ်နေ့တော့ ရန်ကုန်မှ ညီမတွေလာရောက်လည်ပတ်လေရာ၊ ကလေး တွေအတွက် ကစားစရာတွေ၊ မုန့်တွေအများကြီး ပါလာသည်။ သူတို့လည်း အရမ်းပျော်၊ လူကြီးတွေလည်း စကားလက်ဆုံပြောလို့ မကုန်နိုင်ဘဲ ရှိနေကြ လေသည်။
ညီမအကြီးမက မဆင့်အား အသာလက်ကုတ်သည်။

“ဟေ့မမ၊ ဟိုမှာ သီဟ ဘာလုပ်နေသလဲ လှမ်းကြည့်ပါဦး”

“ဟောတော့”

လားလား၊ ဖိနပ်ချွတ်တွင် ခြေထောက်ကလေး ကားယားထိုင်ကာ၊ ခင်နီလာအတွက် အဒေါ်တွေ ၀ယ်လာပေးသော အနီရောင် ကြိုးသိုင်း ဖိနပ်ကလေးကို အားစိုက် စီးကြည့်နေပါကလား။
“သူက လိုချင် တတ်နေပြီနော်၊ ညီမလေးတို့က သိမှမသိတာ၊ မဟုတ်ရင် သူ့ဖို့ပါ တစ်ရန် ၀ယ်လာတာပေါ့၊ သနားပါတယ်ဟယ်”

ထိုစဉ်တုန်းက သီဟသည် အသက်တစ်နှစ်ပင် မပြည့်တတ်သေး။ မိဘတွေပင်လျှင် ကလေးစိတ်ပညာမသိလေတော့ အဒေါ် အပျိုမတွေ ခမျာဝေလာ ဝေးလေရော့။ သူတို့သည် တူ ကလေးကို သနားလွန်း၍ မျက်ရည်ပင် ကျမတတ် စိတ်မကောင်း ဖြစ်နေရှာကြလေသည်။

“တစ်အောင့်ပါဟာ၊ တော်နေ အာရုံပြောင်း သွားမှာပါ”

သည်တစ်ခုတော့ မဆင့် မှန်သည်။ နာရီ မဆိုင်းမှာပင် သီဟက အဒေါ်တွေ ၀ယ်လာပေးသော ပလတ်စတစ်မရှိန်းဂန်းသေနတ်နှင့် တဒိုင်း ဒိုင်း တဒက်ဒက် ပါးစပ်သံစုံ ထွက်နေချေတော့ သတတ်။ အလုပ်အကိုင်တွေလည်း ပြောင်းရွှေ့ခဲသည်။ ကလေးတွေလည်း ကြီးပြင်းလာခဲ့ပြီ။ သားတွေ မျောက်ရှုံးအောင်ဆော့ကြ၊ ကစားကြ၊ ထိခိုက်ရှနာ ဖြစ်ကြနှင့် စိတ်တိုရစိတ်ပူရ။ ဆိုးတာက အမေ လစ်လျှင် လစ်သလို ဂေါက်ကွင်းထဲက ရေကန်တွေထဲ ရေသွားကူးတတ်တာ ပဲဖြစ်သည်။ မြေညီအောင် တူးထားဖို့ ထားရင်း မိုးကျလာလျှင် တွင်းတွေက ရေအိုင်ကြီးတွေ ဖြစ်ကာ ရေအိုင်ကြီးတွေ စုပေါင်းလာတော့ ရေကန်တွေ ဖြစ်လာသည်ဟု မဆင့် ယူဆသည်။

ရေကန် သုံးလေးငါးကန်တွင် ကျေးဇူးရှင်တွေက ဘယ်မှာ ရေသွားကူးနေမှန်း မသိ။ အကြော် လှည့်လည် ရောင်းချရင်း ဖြတ်လမ်းမှ အပြန်ခရီးမှာ တွေ့လာသည်ဆိုသော သတင်းပေး သူ အကြော်သည်၏ စကားအရ ဘယ်နားရောက် နေမှန်း မသိနိုင်သော ဘသားချော နှစ်ယောက်ကို မဆင့်သည် ကြိမ်လုံးတစ်လုံး လက်စွဲကာ ဂေါက်ကွင်းတစ်လျှောက် လှည့်ပတ်ရှာသည်။ သည်လိုနှင့် နေ၀င်လထွက်၊ မဆင့်မလည်း ချွေးထွက် လျှာထွက်နှင့်။
လမ်းထိပ်ပြန် အရောက်မှာ မှန်းဆနိုင်လာသည့် အတိုင်း သားနှစ်ကောင်သည် ရေမိုးချိုး သန့်ရှင်းကာ စာကြည့်စားပွဲမှာ မှင်သေသေနေရာယူ ထားကြလေပြီ။
ရိုးသားသော သမီးကြီးကား သူ့မောင်တွေ သောင်းကျန်းတာကို မရိပ်မိရှာ။

အမေအတွက် သောက်ရေတစ်ခွက် လာပေးသည်။
“ဟယ်၊ မေကြီး ဘယ်အိမ်တွေ လျှောက်လည်နေလဲ၊ ချွေးတွေနဲ့ ညစ်ပတ်နေရော၊ ရေချိုး လိုက်လေ မေကြီး”တဲ့။

ကလေးသုံးယောက်သည် သူတို့ ရသော မုန့် ဖိုး၊ သူတို့ ကုန်ကျရသော ဘတ်စ်ကားခတို့၏ ခင်နီလာက အဖြေ မပေးဘဲ တွေဝေနေတတ် နှုတ်ဆိတ်တတ်သည်။
အဲဒါကို ဘာကြောင့်မှန်း နောက်နောင်ကျမှသာ ခွဲခြားသိရှိ နားလည်တာ ကသာလျှင် မဆင့်တို့သည် သားသမီးတို့၏ စိတ်ပညာနှင့် ပတ်သက်ပြီး ဗဟုသုတ နည်းပါးခြင်း ဖြစ်နိုင်သည်။

သူတို့၏ ဘ၀သည် မိဘ မေတ္တာရိပ်မှာ လုံးဝ မှီခိုနေဆဲ ဖြစ်သည်။ နောက်ထပ် ကလေးတစ်ယောက် ရောက်လာလျှင် သူတို့ ပိုင်ဆိုင်ရာ ဘ၀ ကလေးပျက်စီး ယိုယွင်း သွားလေမလားနှင့် သူတို့ စိုးရိမ်နိုင်လေသည်။ ကလေးတိုင်းတွင် အဲသလို ခံစားချက် ရှိချင်မှလည်း ရှိလိမ့်မည်၊ ရှိချင်လည်း ရှိမည်။
ခင်နီလာ နှစ်နှစ်သမီးမှာ သားအလတ်ကလေး သီဟကို မွေးဖွားခဲ့လေသည်။ သားကလေးမို့ မဆင့် အတော် ပျော်မြူးခဲ့သော်လည်း သမီး နေရာမှာ အစားထိုးခြင်း မဟုတ်တာ သမီး နားမလည် တတ်ခဲ့လေဘူး။ သမီး နားလည် အောင်ရှင်းပြဖို့ ကျတော့ မိခင်က ခုနပြောသလိုပင် သားသမီးတို့၏ စိတ်ပညာ နှင့်ပတ်သက်ပြီး ဗဟုသုတ နည်းပါးသည်။ သြော် သမီးခမျာ သနားစရာ။

မွေးဖွားပြီး ဆေးရုံမှ ပြန်အလာမှာ၊ မဆင့်၏ ရင်ခွင်တွင် သီဟကလေး ပါလာသည်။ ကလေးကို မိခင်ဖြစ်သူက ချော့မြှူနေခိုက်တွင်၊ ခင်နီလာက သူ့ ကြီးတော်၏ ပေါင်ပေါ်မှာ ထိုင်ပြီး နှုတ်ဆိတ် စူးစမ်းသော အကြည့်နှင့် ကြည့်နေ ခဲ့သည်။ ကလေးသေးသေး ကွေးကွေးကို နို့တိုက်သော အခါ ရင်ဘတ်တွင် ပုံစံ တကျ သက်တောင့်သက်သာ ဖြစ်ကြရအောင် ခေါင်းအုံးတစ်လုံးနှင့် ကလေး ကို ခုခံထားကြသည်။

“သမီးလည်း ခေါင်းအုံးပေါ်မှာ အိပ်မယ်”

ကြီးတော်က တဟားဟားရယ်ကာ ခေါင်းအုံးတစ်လုံး ယူပြီး ပေါင်ပေါ် တင်ကာ ခင်နီလာအား ပွေ့ချီပိုက်ထွေးလေသည်။ အဲသည်တော့မှပဲ သမီး ခံစားနေရသော သူ့ဘ၀ကလေး၏ မလုံခြုံမှုကို မဆင့် ရိပ်စားမိတော့သည်။ သားသမီးငယ် တစ်ယောက်ကို မွှေးမွှေးပေးတိုင်း အနားမှာ ရှိနေသည့် နောက်တစ်ယောက်ကိုလည်း မွှေးမွှေးပေးဖြစ်ဖို့ အရေးကြီးသည်ဟု မဆင့် အသိပညာ တိုးလာခဲ့ရလေ၏။

နောက်တစ်ခု မှတ်မှတ်ရရမို့ ပြောပြချင်သေးသည်။ ထိုစဉ်က မဆင့်တို့ နယ်မှာ နေထိုင်ကြသည်။ တစ်နေ့တော့ ရန်ကုန်မှ ညီမတွေ လာရောက်လည်ပတ်လေရာ၊ ကလေးတွေ အတွက် ကစားစရာတွေ၊ မုန့်တွေအများကြီး ပါလာသည်။ သူတို့လည်း အရမ်းပျော်၊ လူကြီးတွေလည်း စကားလက်ဆုံပြောလို့ မကုန်နိုင်ဘဲ ရှိနေကြ လေသည်။

ညီမအကြီးမက မဆင့်အား အသာလက်ကုတ်သည်။
“ဟေ့မမ၊ ဟိုမှာ သီဟ ဘာလုပ်နေသလဲ လှမ်းကြည့်ပါဦး”

“ဟောတော့”

လားလား၊ ဖိနပ်ချွတ်တွင် ခြေထောက်ကလေးကားယားထိုင်ကာ၊ ခင်နီ လာအတွက် အဒေါ်တွေဝယ်လာပေးသော အနီရောင်ကြိုးသိုင်းဖိနပ်ကလေးကို အားစိုက်စီးကြည့်နေပါကလား။
“သူက လိုချင်တတ်နေပြီနော်၊ ညီမလေးတို့က သိမှမသိတာ၊ မဟုတ်ရင် သူ့ဖို့ပါ တစ်ရန်ဝယ်လာတာပေါ့၊ သနားပါတယ်ဟယ်”

ထိုစဉ်တုန်းက သီဟသည် အသက်တစ်နှစ်ပင် မပြည့်တတ်သေး။ မိဘတွေပင်လျှင် ကလေး စိတ်ပညာ မသိလေတော့ အဒေါ်အပျိုမတွေ ခမျာ ဝေလာဝေးလေရော့။ သူတို့သည် တူကလေးကို သနားလွန်း၍ မျက်ရည်ပင် ကျမတတ် စိတ်မကောင်း ဖြစ်နေရှာကြလေသည်။
“တစ်အောင့်ပါဟာ၊ တော်နေ အာရုံပြောင်း သွားမှာပါ”

သည်တစ်ခုတော့ မဆင့် မှန်သည်။ နာရီ မဆိုင်းမှာပင် သီဟက အဒေါ်တွေ ၀ယ်လာပေးသော ပလတ်စတစ် မရှိန်းဂန်း သေနတ်နှင့် တဒိုင်းဒိုင်း တဒက်ဒက် ပါးစပ်သံစုံ ထွက်နေချေတော့ သတတ်။ အလုပ်အကိုင်တွေလည်း ပြောင်းရွှေ့ခဲ့သည်။ ကလေးတွေလည်း ကြီးပြင်း လာခဲ့ပြီ။ သားတွေ မျောက်ရှုံးအောင် ဆော့ကြ၊ ကစားကြ၊ ထိခိုက် ရှနာဖြစ်ကြနှင့် စိတ်တိုရ စိတ်ပူရ။ ဆိုးတာက အမေ လစ်လျှင် လစ်သလို ဂေါက်ကွင်းထဲက ရေကန်တွေထဲ ရေသွား ကူးတတ်တာ ပဲဖြစ်သည်။ မြေညီအောင် တူးထားဖို့ ထားရင်း မိုးကျလာလျှင် တွင်းတွေက ရေအိုင်ကြီးတွေ ဖြစ်ကာ ရေအိုင်ကြီးတွေ စုပေါင်းလာတော့ ရေကန် တွေဖြစ်လာသည်ဟု မဆင့် ယူဆသည်။

ရေကန် သုံးလေးငါးကန်တွင် ကျေးဇူးရှင်တွေက ဘယ်မှာ ရေသွားကူးနေမှန်း မသိ။ အကြော်လှည့်လည် ရောင်းချရင်း ဖြတ်လမ်းမှ အပြန်ခရီးမှာ တွေ့လာသည် ဆိုသော သတင်းပေး သူ အကြော်သည်၏ စကားအရ ဘယ်နားရောက် နေမှန်း မသိနိုင်သော ဘသားချော နှစ်ယောက်ကို မဆင့်သည် ကြိမ်လုံးတစ်လုံး လက်စွဲကာ ဂေါက်ကွင်းတစ်လျှောက် လှည့်ပတ်ရှာသည်။ သည်လိုနှင့် နေ၀င်လထွက်၊ မဆင့်မလည်း ချွေးထွက် လျှာထွက်နှင့်။
လမ်းထိပ်ပြန် အရောက်မှာ မှန်းဆနိုင်လာ သည့်အတိုင်း သားနှစ်ကောင်သည် ရေမိုးချိုးသန့် ရှင်းကာ စာကြည့်စားပွဲမှာ မှင်သေသေ နေရာယူ ထားကြလေပြီ။
ရိုးသားသော သမီးကြီးကား သူ့မောင်တွေ သောင်းကျန်းတာကို မရိပ်မိရှာ။

အမေအတွက် သောက်ရေတစ်ခွက် လာပေးသည်။
“ဟယ်၊ မေကြီး ဘယ်အိမ်တွေ လျှောက်လည်နေလဲ၊ ချွေးတွေနဲ့ ညစ်ပတ်နေရော၊ ရေချိုး လိုက်လေ မေကြီး”တဲ့။

ကလေး သုံးယောက်သည် သူတို့ရသော မုန့်ဖိုး၊ သူတို့ ကုန်ကျရသော ဘတ်စ်ကားခတို့၏ ဆေးတိုက်သည့် အခါတွေမှာလို မငြင်းမဆန် မသောက်ကြတော့။ စာတတ်ပေတတ် ဖြစ်လာတော့ အသိပညာ ကြွယ်ဝလာကြပြီမို့ သူတို့အရေး ကို သူတို့ ကိုယ်ပိုင် လေ့လာမှုတွေ အတွေးအခေါ် တွေနှင့် ဝေဖန် ဆုံးဖြတ်စပြုသည်။ သားတို့ ဒီလောက်လည်း လက်ညစ်ပေကြီးနဲ့ မဆေး မကြောမစားပါဘူး မေကြီးရာ၊ အသုတ်စုံတွေ လည်းဝယ်မစားပါဘူး၊ အိမ်မှာ မေကြီးတို့ သန့်သန့် ရှင်းရှင်း သုတ်ပေးရင် ပြီးတာပဲ ဥစ္စာ။

သူတို့ အစ်မကို ခွဲခြားလာတာလည်း သိသာသည်။ ငါတို့ အခန်း မ၀င်နဲ့ နီလာ။ ဒါလူပျိုခန်း။
“သူတို့က မပေါ့်တပေါ် ပိုစတာတွေကို အုတ်ထရံ အနှံ့ ကပ်ထားကြတယ်”ဟု ခင်နီလာက မကျေမနပ် တိုင်တန်းသည်။

“မကျေနပ်ရင် နင်လည်း အာနိုးပုံတို့ စတား လုံးပုံတွေကပ်ပါလား”ဟု မောင်တွေက မခိုးမခန့် ပြောတော့ ပိုပြီး ဒေါသဖြစ်သည်။
သို့တစေ ခင်နီလာ တစ်ယောက် အခန်း တံခါးပိတ်ကာ အဆိုကျော်ဝိုင်းဝိုင်းတို့ Rဇာနည် တို့၏ သီချင်းတွေ ထပ်ကာတလဲလဲ ပြန်ဖွင့်ပြီး နားထောင်နေတာမျိုးကို မောင်တွေ နားကလော ပြန်သည်။ ရုပ်ရှင်မင်းသားဒွေးတို့ နေတိုးတို့၏ ဗီဒီယိုကားတွေငှားလာဖို့ အကြုံမှာလျှင် လုံးဝပါ မလာကြ။

“သူတို့လို ဘူးထပြီး ကြည့်တာမှ မဟုတ်တာ၊ လုံလုံခြုံခြုံတွေပဲ ကြည့်တာကိုများ သိပ်သဘော ထားသေးကြတာပဲ၊ ရုပ်ဆိုးဆိုး မိန်းမကြီးတွေနဲ့ ရကြပါစေ”
ခင်နီလာ မကျေမချမ်း ရွတ်မြည်နေတာကို မကြားဟန်ပြုနေသည့် အခါတွေ ရှိသလို “လာ သမီး မေကြီးနဲ့ သွားငှားကြတာပေါ့၊ သူတို့တွေက အစ်မကို တွန့်တိုနေတာ အစ်မကို ချစ်လို့ပေါ့ကွယ်”ဟု ပြေရာပြေကြောင်း ပြောရလေသည်။

ကလေးတွေအား မဆင့်တို့ မောင်နှံသည် သားသမီးတို့ ရရှိသင့်သော ချစ်ခြင်းမေတ္တာကို လိုလားချစ်ခင်စွာ အပြည့်အ၀ပေးအပ်ခဲ့သည်။ ခြုံငုံကြည့်လိုက်လျှင် သူတို့အပေါ် အဖြစ်နိုင်ဆုံး မိဘ၀တ္တရား ကျေပြွန်ခဲ့သည်ဟု မဆင့် ယုံကြည် လေသည်။ တာဝန်မျှတသော အာဟာရကို ပေး ကျွေးသည်။ လေမိုးလုံခြုံသော အမိုးအကာထဲမှာ ထားရှိသည်။ အတန်းပညာကို အချိန်မှန်ကျောင်း အပ်သင်ကြားပေးသည်။ အတန်းတူတွေ ယူနိုင် ကြသော ကျူရှင်များမှာ အပ်နှံ့ပေးနိုင်ခဲ့သည်။

သူတို့တစ်တွေ ဆယ်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ကြသည်မှာ သူတို့၏ ကံဥာဏ်နှင့် ၀ီရိယတို့သည် အဓိက ဖြစ်ခဲ့သည်ဟု မဆင့်က လုံးဝယုံကြည်ပါသည်။ မိဘနှင့် ဆရာ သမားများ၏ ပံ့ပိုးမှုသည်ကား ဒုတိယ တာဝန်ယူ ပေးနိုင်မှုတွေသာ ဖြစ်တော့သည်။
မဆင့်က ဖြစ်ပျက်သမျှ အရာရာပေါ်တွင် အကောင်းမြင် ရှုထောင့်မှ ဆင်ခြင် ဖြေသိမ့်လေ့ ရှိသူပါ။

ခုတော့ဖြင့် လူဖြစ်လာသောကြောင့်၊ အိမ်ထောင်ရက်သား ကျခဲ့သောကြောင့်၊ သားသမီး တွေပွားစီးခဲ့သောကြောင့်၊ ကြောင့်၊ ကြောင့်၊ ကြောင့်ပေါင်းများစွာ၏ နောက်ဆုံး အဖြေအရ အောင်မြင်သော မိခင်တစ်ဦး အဖြစ်နှင့် ဘ၀တစ်ခုကို တည်ဆောင်နိုင်ခဲ့သည်ဟု ဂုဏ်ယူ ၀င့်ကြွားနိုင်ခဲ့ပြီ။
ယနေ့လည်း မိဘ နှစ်ပါး၏ အနှစ်လေး ဆယ်မြောက် အထိမ်းအမှတ် မင်္ဂလာကို သမီး သမက်၊ သားတွေ ချွေးမတွေ ပြီးတော့ မြေးတွေက ဦးဆောင်ကာ သိုက်သိုက်ဝန်းဝန်း စားပွဲကလေးက ကျင်းပပေးကြလေ၏။

မိဘတွေ၏ ရှေ့မှ လက်ဆောင်ထုပ်ကြီးက ဟည်းနေသည်။ သူတို့၏ ဟောင်းနွမ်းလှနေပြီ ဖြစ်သော ဆယ့်လေးလက်မအရွယ်တယ်လီဗီရှင်း ကလေးနေရာတွင် နှစ်ဆယ့်တစ်လက်မ အရွယ်နှင့် အစားထိုး ပေးမည်ဆိုတာ သတင်းပေါက်ကြား ပြီးသားဖြစ်နေ၏။
“ဖေကြီးနဲ့မေကြီးဟာ စံပြမိဘတွေပဲ”

မဖွဲ့မနွဲ့ တုံးတိကြီး ပြောတတ်သော သား ကြီးက ချီးမွမ်းလိုက်သောအခါ အဘိုးကြီးအဘွား ကြီးမှာ အနေရခက်ပြီး ရှက်ရယ်ရယ်နေကြသည်။
“မေကြီးဟာ သားသမီးတွေရဲ့ ဘ၀အောင် မြင်အောင် အနီးကပ်လမ်းပြပေးခဲ့တဲ့ အမေမျိုး”

သမီးက မိသားစုအလယ်တွင် လှိုက်လှဲ လေးနက်စွာ ပြောလိုက်ပြန်လေသည်။ မောင်တွေက ထောက်ခံခေါင်းညိတ်ကြ၏။ ချွေးမတွေနှင့် သမက်ကလည်း ကန့်ကွက်သည့် အရိပ်အရောင် စိုးစဉ်းမျှ မပြကြ။
“အဲသလောက်လည်း မဟုတ်သေးပါဘူး ဟယ်”

မဆင့်က ရှက်အမ်းအမ်းနှင့် ခေါင်းခါခါ လက်ရမ်းရမ်း ငြင်းဆန်သလို ဖြစ်သွားသည်။
“သားသမီးတွေ ကိုယ့်ထမင်း ကိုယ်ရှာစားနိုင်တဲ့ အထိ အခြေခံ အတတ်ပညာတွေ သင်ယူ နိုင်အောင် ဖေကြီးက ငွေကြေး ရှာဖွေပေးတဲ့ အချိန် မှာ မေကြီးဟာ ကျောင်းအပ်ဖို့ ကျူရှင် အပ်ဖို့ သာမက၊ နေ့စဉ် သင့်တင့်ဖွယ်ရာတဲ့ ထမင်းချိုင့် ထည့်ပေးဖို့ အနှစ်နှစ် အလလ တာဝန် ထမ်းရွက်ခဲ့တယ်၊ ကျေးဇူးပါ မေကြီးရာ”ဟု သားငယ်သူရက သူ့အသံလေးလေးကြီးနှင့် အေးဆေးစွာ ပြောသည်။ မဆင့်မှာ ၀မ်းသာလွန်း၍ ကတုန်ကယင် ဖြစ်ကာနေလေသည်။

ကလေးတို့အဖေကတော့ ကျေနပ်စွာပြုံးနေ သည်။
“ကလေးတွေကို မင်း တစ်ခုခုပြန်ပြောမှ ကောင်းမယ်”ဟု သူက တီးတိုးအကြံပြုသည်။

“ဘာပြောရင် ကောင်းမလဲ”

“ကြိုက်တာပြောကွာ၊ တစ်ခုခုပေါ့”
အဲသည် တစ်ခုခု ဆိုတာကြီးသည် ကြိုတင် ပြင်ဆင် ထားခြင်း မရှိသည့် မဆင့်အတွက် ဘဲဥ အစ ရှာရသလို ခက်ခဲနေ၏။ “ဘွားဘွားပုံပြောပြ” ဟု မြေးတစ်ယောက်က တောင်းဆိုသဖြင့် သူ့မိခင်က ရှူးခနဲ ဟန့်တားလိုက်လေသည်။

ပုံ။
ဟုတ်ပြီ။
မဆင့် စိတ်ကူးရလာသည်။
“မေကြီး ပုံပြင်ကလေးတစ်ခုတော့ ပြောပြချင်တယ်၊ တစ်ခါတုန်းကလေ၊ သားကို ချစ်လွန်းလို့ သူ့အမေက လွှတ်အလို လိုက်ခဲ့သတဲ့၊ ဘယ်သူ နဲ့ ဘာပဲဖြစ်ဖြစ်ခဲ့၊ သားအမှန်၊ သားခိုးရင်လည်း လျှို့ဝှက်ပေး၊ နောက်ဆုံးတော့ သားဆိုးဟာ ထောင်ကျသွားရပါလေရော”

ရိုးစင်းလိုက်သည့်ပုံပြင်ပါ။ မြေးနှစ်ယောက် ပင်လျှင် ကြားဖူးပြီးသားကြီး။
“အမေ့နားကိုကိုက်တဲ့ သားအကြောင်းလေ၊ အမေကမိုက်လို့ သားကကိုက်ရတာ” ဟု ကန့်လန့် ပြောလေ့ ရှိသော သီဟက ဆို၏။
ဒါဟာ မဆင့်အတွက် အကွက်ပါပဲ။

“ဟုတ်တာပေါ့ကွယ်၊ သားတို့ သမီးတို့လည်း မေကြီးရဲ့နားကို ကိုက်ဖူးကြပါတယ်”
သားသမီးတွေရော သူတို့၏ အိမ်ထောင်ဖက်တွေပါ အငိုက်မိ သွားကြလေသည်။ ဖေကြီးပင် လျှင်အိပ်ချင်ပြေသွား၏။

“မဖြစ်နိုင်တာ၊ မေကြီးက မိုက်မှ မမိုက်ဘဲ” ဟု သူရက အသံလေးလေးကြီးနှင့် ကန့်ကွက်သည်။
“နည်းနည်းတော့ မိုက်ခဲ့ဖူးပါတယ် ကလေးတို့ရယ်၊ ဒါကြောင့်လည်း သားသမီးတွေက နားကိုက်တာကို နည်းနည်းလေး ခံခဲ့ရဖူးတာပေါ့၊ သားတို့ သမီးတို့ မမှတ်မိလို့ပါ၊ မေကြီး ပြန်ပြောရင် မှတ်မိသွားမှာပါ”

ဖေကြီးက ဟက်ခနဲရယ်ရင်း...
“မေကြီးတို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ”

မဆင့် အရှိန် ရလာသည်။ တည်တည်ငြိမ်ငြိမ်လည်း ဖြစ်လာ၏။ သူ့ ဇာတ်ကွက်ကို အားလုံးက စိတ်ဝင်စား နေကြပြီမို့လည်း အားရှိ လာလေသည်။
“အဲဒီတုန်းက သားတို့ သမီးတို့တွေက အထက်တန်း ကျောင်းသူကျောင်းသားတွေလောက် ဖြစ်မှာပေါ့။ ဧည့်ခန်းထဲမှာ မောင်နှမတွေ ထူးထူးခြားခြား စုဝေး စာကျက်နေကြတယ်။ မေကြီးက စာကျက်ရင်း စားဖို့ လက်ဖက်သုပ် တစ်ပန်းကန် သွားချပေးတယ်။ ပြီးတော့ မေကြီးက ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုးတာပေါ့။ ဖေကြီးကတော့ တခေါခေါဟောက်နေပြီ၊ ဘုရားဦးချပြီး ပြန်ထွက်လာတော့၊ အမှန်က မေကြီးက သွားအိပ်တော့မလို့ပါပဲ၊ အဲဒီမှာတင် နားစွန်နားဖျား”

သူတို့ စိတ်ဝင်စားလေရဲ့လားဟု မဆင့်က အကဲခတ်သည်။ စိတ်ဝင်စား လိုက်သမှ မျက်တောင်များပင်မခတ်ကြတော့။
“လက်ဖက်သုပ် စားနေရင်း ပထမဆုံး ဆွေးနွေးသူကတော့ သူရ ကလေးပေါ့။ ငါက နီလာ့ကို အစ်မလို့ ပြောင်းခေါ်ချင်တာကွာ။ မမ ကျွန်တော် အဲသလို ပြောချင်တာ၊ ဒါပေမယ့် တစ်သက်လုံး နင်နဲ့ငါချည်း ပြောလာတော့ အကျင့်ပါနေပြီ၊ ပြင်လို့ကိုမရတော့ဘူးတဲ့”

“မေကြီးလည်း ဒိန်းခနဲ ရင်တုန်သွားပြီး တိတ်တိတ်ကလေးဆက် နားစွင့်တာပေါ့၊ အကြီးနှစ်ယောက် ဘာပြောမလဲလို့လေ”

သူတို့ မရယ်မပြုံးနှင့် လေးနက်စွာ နားထောင်နေကြသည်။
“ခင်နီလာက ဘာပြောသလဲဆိုတော့ နင်တို့ငါ့ကို နင်နဲ့ငါနဲ့ ပြောကြ တာကို ငါ့သူငယ်ချင်းတွေက အံ့သြကြတယ်။ ခင်ခင်ဆိုရင် သူ့ထက်ဆယ့် ငါးမိနစ်ပဲငယ်တဲ့ မောင်အမြွှာ ကတောင် သူ့ကို အစ်မ ခေါ်တယ်ဆိုပဲ၊ အဲသလို သမီးကြီး နီလာက ခံစားချက်ကို ပြောတော့တယ်။ အဲဒီမှာတင် သီဟက တစ်စခန်း ထတော့တာပဲ။ မေကြီးကြောင့် အဲသလိုဖြစ်ကုန်တာကွ၊ သူ ပြင်ပေး ရင်ငါတို့လည်း ကိုကို မမ မောင်လေး ကျွန်တော်နဲ့ ဖြစ်နေကြမှာပေါ့။ ပတ်ဝန်းကျင်က ဘယ်လောက် နားထောင်လို့ ကောင်းလိမ့်မလဲတဲ့။ မေကြီး ၀မ်းနည်းသွားတယ်။ ဆယ့်လေးငါးနှစ် နှုတ်ကျိုးလာကြတော့ သားတို့သမီး တို့ ပြင်ရခက်သွားပြီဆိုတာ မေကြီး သိပါတယ်ကွယ်။ အဲဒီတုန်းကတောင် အပြင် ခက်နေတော့ ခုဆိုရင် အနှစ်သုံးလေးဆယ် နီးခဲ့ရပြီ”

“အို... ခုလည်း နားထောင်လို့ကောင်းပါတယ် မေကြီးရ၊ မဟုတ်ဘူး လားနော်”
မဆင့် စိတ်မကောင်းဖြစ်နေသည်ကို ဖြေဖျောက်ပေးချင်စိတ်နှင့် သူတို့ ဇွတ်အတင်းပင် နားထောင်ကောင်းပစ်နေကြလေသည်။
မဆင့်သည်ကား သားသမီးတွေက သူ့နားကို နည်းနည်းစီ ကိုက်ဖြတ် ခဲ့ကြဖူးသည်ဟုသာ ခံစားမိလေတော့။
မြနှောင်းညို

ကိုယ်ပိုင်လက်နက်များ

ခပ်ဖျော့ဖျော့လေး ခင်းကျင်းထားသော အလင်းရောင် အောက်တွင် အမျိုးသမီး တစ်စု၏ ခပ်အုပ်အုပ် ရယ်မောသံက အနည်းငယ် မသေသပ်စွာ ထွက်အံလာသည်။ “ချီးယား(စ်)”ဟု ပြိုင်တူ အော်လိုက်သံက ဖန်ခွက်သုံးခွက် တိုက်ပစ်သံနှင့် ထပ်တူ ကျသွားသည်။ ခွက်ကလေးများ ထိတိုက် မိသောကြောင့် အနည်းငယ် တုန်ခါသွားသည့် ဖျော်ရည်များကို ကြည့်ရင်း နွယ်မာက မပွင့်တပွင့် ပြောလိုက်၏။

“ငါတို့ ဘယ်လောက်တောင်များ ဝေးကွာခဲ့ပါလိမ့်” ထို့နောက် သူတို့ အားလုံးသည် မတိုင်ပင် ရပါဘဲလျက် တစ်ပြိုင်တည်း ရယ်မောမိ သွားသည်။ အားဖျော့လှသော အလင်းအရောင်သည် သူတို့အားလုံး၏ ကြေကွဲမှုကို စုပ်ယူဖမ်းဆွဲ မပေးနိုင်ပါ။

“ဟုတ်ပါရဲ့ ငါတို့ ဆံပင်တွေတောင် မီးခိုးရင့်ရောင် သန်းနေပြီ၊ ခင်ခင်ကြီးက လွဲလို့ပေါ့” ရီရီခင်၏ ချစ်ခင်စွာ အငေါ်တူးလိုက်သံ အောက်မှာ ခင်ခင်ကြီး ဇက်ပု သွားခဲ့လေသည်။ လျှာလေး တစ်လစ်နှင့် ရှက်စနိုး အမူအရာ ပြနေခဲ့သော ခင်ခင်ကြီးက အရှက်ပြေ ပြန်ဖာရန် ကြိုးစားသည်။ “ကိုယ်က ဆိုးဆေး ကူရတယ်လေ၊ မကူလို့မှ မဖြစ်ဘဲ၊ ကိုယ့်မောင်လေးက ကိုယ့်ကို”

“သွားပါ၊ ရှီးတဲ့မှပဲ၊ ဒါခွဲစိတ် အထူးကု ဆရာဝန်မကြီး တစ်ယောက်က ပြောသင့်တဲ့ စကားလား”

နွယ်မာက အတည်ပေါက် ဟောက်လိုက် သည့်အခါ သူတို့ အားလုံး၏ အတိတ်များအား သတိတရ ရှိသွားသည်ကို ကာကွယ်ချိန် မရ လိုက်ခဲ့။
“နွယ်မာပြောတာ မှန်တယ် ခင်ခင်ကြီး၊ မင်းမောင်လေးက မင်းကို ချစ်မိသွားတာ နှာခေါင်းစည်း အထက်က တောက်ပတဲ့ မျက်ဝန်းတွေ ကြောင့်ပဲ ဆိုတာလေ”
“အို အဲဒါ အမှန်ပဲ နွယ်မာ၊ သူကိုယ့်ကို သိပ်ချစ်တာ”

ရယ်စရာ မဟုတ်မှန်း သိလျက်ကပင် ရယ်မောမိသွားပြန်သည်။ ဘွဲ့လွန် ဒုတိယနှစ် ကျောင်းသား မိုးဇော်နှင့် အတိုင်ပင်ခံ ဆရာဝန် ခင်ခင်ကြီးတို့၏ သတင်းအား ရီရီခင်နှင့် နွယ်မာ ကြားမိသွားခြင်းမှာ အဆန်းတကြယ် မဟုတ်ပါ။ သူမတို့ အားလုံးက တစ်ယောက်ဝမ်းနာ တစ်ယောက်သိကြသူများ ဖြစ်သည်။ ဇရာ၏ အထုအထောင်းအား ဆိုးဆေးဖြင့် အမြဲတစေ ကူ၍ မရကြောင်း ခင်ခင်ကြီး သိထားပါသည်။ ထို့နောက် သူမရင်ထဲတွယ်ငြိဖူးသော မိုးဇော်အား သူမကိုယ်တိုင်ပင် ရက်စက်စွာ ကန် ထုတ်ခဲ့ရဖူးကြောင်း ကိုတော့ နွယ်မာတို့အား ပြောမပြ ဖြစ်ပါ။
“ကိုယ်တို့အားလုံး တစ်ယောက်တစ်မျိုးစီ ရှုံးနိမ့်ခဲ့ဖူးတာချည်းပဲနော်။ နှစ်အရေအတွက် သိပ် မမှတ်မိလှပေမယ့် ကိုယ်တို့တွေ ဘွဲ့လွန်တက်ခဲ့ ကြတုန်းက”

၂။
ဒေါက်တာ ရီရီခင်၊ သားဖွားနှင့်မီးယပ် အထူးကု၊ မန္တလေးဗဟိုအမျိုး သမီးဆေးရုံကြီး။
ရီရီခင်သည် မိမိဆိုင်းဘုတ်အား တစ်ချက် လှမ်းကြည့်ပြီးမှ အနည်းငယ်ဝင့်ကြွားစွာဖြင့် သူမ အခန်းထဲသို့ ၀င်ခဲ့သည်။ M.B.B.S ၏နောက်တွင် M. Sc လိုက်လာဖို့၊ ထိုနောက်တွင်မှ MRCOG ဟူသော အလွန် ခက်ခဲသည့် ဘွဲ့တစ်ခု ကပ်ငြိပါလာဖို့ သူမပေးဆပ်ခဲ့ရသော အရာတွေကို ပြန်စဉ်းစား ကြည့်ရုံမျှပင် ကြက်သီးထခဲ့သည်။

ယခုတော့ သူမ၏MRCOG ဖြေခဲ့ရသော ခက်ခဲသည့်ရက်များ ကုန်လွန်သွားခဲ့ပြီ။ ဘာဖြစ် လို့များ ထိုအရာသည် ဆိုင်းဘုတ်တစ်ခုပေါ်မှ စကားလုံး ငါးလုံးတည်းဖြင့် ဖွဲ့စည်းထားသော အရာတစ်ခုလောက်သာ ကြီးကျယ်နေခဲ့ရပါလိမ့်။ သို့သော် သူမ အကြီးအကျယ် မှားယွင်းသွား သည်။ လူတွေက သူမ၏ သမိုင်းအား မေ့ဖျောက် ထားနိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေး ခဲ့ဖူး။ အတိတ်အားMRCOG က ဖုံးကွယ်ပေး လိုက်သော အခါ ဆိုင်းဘုတ်ပေါ်မှာ ထိုဘွဲ့လေး အတွက် သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူ မဆုံးတော့ပေ။

ထိုအရာသည် အတွေးထဲသို့ ဒေါက်တာ လင်းအောင် ရောက်မလာခင်အထိသာ ကြည်နူး ဖွယ်ဖြစ်သည်။ လင်းအောင်က အရိပ်မည်းတစ်ခု၊ လင်းအောင်က နတ်ဆိုးတစ်ကောင်ဟု ကျိန်ဆဲ ပစ်ခဲ့ရသော နေ့တွေ မကုန်နိုင်သေးပါလားဟု အထိတ်တလန့် လက်ခံလိုက်ရလေသည်။
သူမတွင် အချစ်ဟူသော အရာကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါ။ တကယ်တမ်း “အချစ်” ဟု လွဲမှားစွာ အမည်တပ်ခံခဲ့ရချိန်မှာ တော့ သူမဘွဲ့လွန်ဒုတိယနှစ် ရှုံးနိမ့်ရလောက် အောင်ထိ ထိုအရာက နှိပ်စက်နိုင်အားကြီးမား လွန်းခဲ့လေသည်။

ဒေါက်တာ လင်းအောင်သည် သူမ ဘွဲ့လွန် တက်စဉ် သူမ၏ ဆရာဖြစ်ဖို့ မကောင်းခဲ့ဘူးဟု အကြိမ်များစွာ တွေးမိသော စိတ်အား ပြန်လည် ချိုးနှိမ်လိုက်ရလေသည်။
“ဒါတွေ လိုချင်လို့ ငါသူ့ကို ချဉ်းကပ်ခဲ့တာ မဟုတ်ဘူး”

တစ်ခါတစ်ရံတွင်တော့ အရူးတစ်ယောက်ပမာ သူမကိုယ် သူမ ထင်မြင်ချက် ပေးတတ်မြဲ။ အမှန်တော့ သူမသည် ကြွေလုလုဖြစ်ခဲ့သော ထန်းသီးဖြစ်ပြီး လင်းအောင်ကတော့ တမင်သက် သက်နင်းချပစ်သော ကျီးကန်းတစ်ကောင် ဖြစ်လိမ့်မည်။ ထိုနေ့က။
“ဘယ်လိုလဲ သမီး၊ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့၊ ပြေပါတယ်ဆရာ”

ပြောသာပြောရသည်။ ဘာကို အဆင်ပြေသလဲ မေးလိုက်မှန်းသူမ မရိပ်မိတတ်ခဲ့။ ထိုနေ့ ညက သူမ အိုတီထဲမှာ ရှိနေခဲ့ပြီး သူကတော့ အ၀တ်လဲခန်းမှ အထွက် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
“သြော်၊ ဒါနဲ့ဆရာ CA cervix (သားအိမ် ခေါင်းကင်ဆာ)ကေ့စ်နဲ့ ပတ်သက်ပြီး”

“ဟေ၊ ကိုယ် ဒီည ဆေးရုံမှာ အိပ်မှာလေ၊ ခဏနေရင် လာမေးလိုက်၊ ကိုယ့်အခန်းထဲမှာ ရှိနေမယ်”

သူမသည် ရိုးအသော သိုးငယ်တစ်ကောင် ဖြစ်မှန်း ထိုနေ့ညက ကံကြမ္မာမှ အတည်ပြုပေး ခဲ့လေသည်။ ယောက်ျားတစ်ယောက်၏ သက်ပြင်းသံအား ထာဝရ ရွံရှာ စက်ဆုပ် သွားသော သူမ အဖို့ ထိုညသည် နိမိတ်ဆိုး တစ်ခုလည်းဖြစ်သည်။
“သည်ကိစ္စကို ကိုယ့်အမျိုးသမီးကို မပြောရဘူး၊ ကိုယ်က ကိုယ့်အမျိုးသမီးကို ဘယ်တော့မှ ကွာရှင်းပစ်မှာ မဟုတ်သလို မင်းကိုလည်း”

သူမ ငိုရှိုက်မနေခဲ့သော အခါ သူ အနည်းငယ် တုန်လှုပ်သွားလေသည်။ လင်းအောင်က ရီရီခင်၏ ပညာရှာဖွေသော မျက်လုံးများကို ရိပ်မိ ပြီး ပညာဖြင့်မျှား၏။ သို့သော် သူမက ငါးစာ အဖြစ် အသုံးပြုခံရသော တီကောင် မဟုတ်ခဲ့ကြောင်း သက်သေပြခဲ့ရသည့်နေ့က သူမ ပျော်ရွှင် ရသလို ၀မ်းနည်းပူဆွေးရသော နေ့လည်းဖြစ်၏။

ဒေါက်တာလင်းအောင်နှင့် ဇနီးသည်တို့၏ ကွာရှင်းပြတ်စဲခြင်း ကော်လံအား သူမ၏ ခုတင် နံဘေးက စာကြည့်စားပွဲလေးမှာ ပလတ်စတစ် လောင်းကာ ထောင်ထားခဲ့သည်။ ထိုနှစ်က ကျောင်းသူ ဘ၀၌ တစ်ခါမျှ စာမေးပွဲမကျဖူးသူ ရီရီခင် ကျရှုံးလေသည်။ ထို ကျရှုံးမှု၏ အကြောင်းရင်းအား လူတော်တော်များ များ သိပြီးကြပြီဟု မတွေးခင်ထိ သူမကျေနပ် ခဲ့ဖူးသည်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဆေးရုံကြီး တွင် လက်ထောက်ဆရာဝန် တာဝန်ကျနေသော နွယ်မာ လှမ်း၍ ဖုန်းဆက် သတိမပေးလျှင် သူမ၏ လင်းအောင်အပေါ် တွယ်ငြိသွားမှုကို ပါးပြင်တွေ လှုပ်ခတ်နီစွေးသွားရလောက်အောင်ထိ အထိတ် တလန့် ဖြစ်ခဲ့ရမှာ မဟုတ်။ MRCOG ဖြေဖြစ်ရန် တွန်းအားတစ်ခု အဖြစ် သက်ရောက်ဖြစ်ခဲ့မှာ မဟုတ်။

သို့သော် ထိုနေ့က။

၃။
ဒေါက်တာ နွယ်မာ၊ တွဲဖက် ပါမောက္ခဌာန၊ ဆေးတက္ကသိုလ် ၂ ၊ ရန်ကုန်။
နွယ်မာသည် မိမိအား ကာကွယ်ပေးထားသော မျက်နှာမှ အမာရွတ်အား တစ်ခါမှ ကျေးဇူး မတင်ခဲ့ဖူးပါ။ ထိုအမာအရွတ်အား သူမ ပွင့်ဖြူ မြို့နယ် ဆေးရုံတွင် လက်ထောက် ဆရာဝန် ရာထူးဖြင့် တာဝန် ထမ်းဆောင် ခဲ့စဉ်က အမှတ်တမဲ့ ရရှိခဲ့လေသည်။
“ဟုတ်တယ် ရီရီခင်၊ သည်နေရာကတောင် ငါပြန်ကြားရတယ်ဆိုတာ နင်ယုံလား၊ နင် မဟုတ်ဘူးဆိုတာ ငါသိတယ်ရီ”

တစ်ဖက်မှ တိုးတိတ်သော သက်ပြင်းခိုး ရှိုက်သံက နွယ်မာ့အား တုန်လှုပ် စေလေသည်။ စကားပြောခွက်အား တင်းတင်းဆုပ်ကိုင်ထားသော နွယ်မာ့ လက်တွင် ချွေးစေးများက စိုထိုင်းစပြုပြီ ဖြစ်၏။
“နင်နဲ့ ဆရာလင်းအောင်က၊ ကန်တော့နော် ရီရီ Living Together”

“မဟုတ်ဘူး နွယ်မာ၊ အဲဒါRape ပဲ”

စကားပြောခွက်ကို ဆယ်မိနစ်စာလောက် ကိုင်ထားခဲ့ရပြီး သူမတို့ နှစ်ယောက်လုံး စိတ်ဝမ်းကွဲ သွားကြတာကို မပြောဘဲနှင့် သိနှင့်နေကြသည်။
“Rape လို့ပြောဖို့က အကြောင်းအင်္ဂါ ငါးချက်ထဲက တစ်ခုခုနဲ့ တိုက်ဆိုင်ရတယ်လို့ မှုခင်း ဆေးပညာထဲမှာ”
“တော်တော့ နွယ်မာ၊ နင်တစ်နေ့ သိလိမ့်မယ်၊ အဲဒါဟာ ဘယ်လိုမှ၊ ငါတို့လို မိန်းမသားတွေ အဖို့၊ အဲဒီလိုအချိန်မျိုး နင်မရောက်ဖူးတဲ့ အတွက် နင်ငါ့ကို နားလည်နိုင်မှာ မဟုတ်ဘူး”

အမှန်တော့ မပြေလည်စွာ ဖုန်းချပြီးချိန်တွင် ရီရီခင် ပြောသော အမှန် တရားတစ်ခု အကြောင်း နွယ်မာ နောက်ကျစွာ သိရှိခဲ့ပြီဖြစ်သည်။ ထိုနေ့က မြို့နယ်ဆရာဝန်က သူမ၏သမီး အပြင်းအထန် ဖျားသောကြောင့် ရန်ကုန်သို့ ဆင်းသွားခဲ့သည်။ ထိုကြောင့်နွယ်မာသည် ဆေးကုသပိုင်းရော၊ အုပ်ချုပ်မှု အပိုင်းပါ ရက်သတ္တပတ်ခန့် တာဝန် ယူထားခဲ့ရသည်။

ထိုညကို သူမ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ တံခါးမင်းတုပ် အားလုံး လုံခြုံစွာ ချထားခဲ့ပြီးပါလျက် နောက်ဖေးတံခါးအား စေ့ရုံသာ ထားခဲ့ခြင်းသည် သူမ အမှားပါ။
“ဆရာမ၊ အရေးပေါ် လူနာရောက်လို့”

“ဘယ်မှာလဲ လူနာ။ ဘာဖြစ်တာလဲ”

အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် လူးလဲ ထလာခဲ့သော သူမသည် လူနာ အား မမြင်မိသေးခင်မှာပင် စိုးရိမ်သွားခဲ့သည်။ သို့သော် ထိုအသံသည် အိမ်ရှေ့မှ လာသော အသံမဟုတ်ပေ။ သူမက မသိမသာ ဖောက်ထားသော ထရံအကွက်လေးမှ ချောင်းကြည့်လိုက်တော့။ သူမ၏ မျက်လုံးအား ထရံ ပေါက်မှ မြင်သွားဟန်ရှိသော ယောက်ျားကြီးသည် နောက်ဖေးတံခါးအား ကြမ်းတမ်းစွာ၊ ထို့နောက် သူမ တစ်ယောက်တည်းနေသော အခန်းလေး၏ ကြမ်းခင်းများပေါ်၊ ထို့နောက် နာကျင်စွာ ဆောင့်ဆွဲ ခံလိုက်ရသော ဆံပင်များ၊ ကျောနှင့် ကြမ်းပြင်၏ ကြမ်းရှစွာ ထိခတ်မှု။

“မိမိကိုယ်ကို ကာကွယ်လိုမှုဖြင့် သေကွင်း(Vital Area) မဟုတ်သော နေရာ တစ်နေရာရာအား တစ်ချက် ထိုးခွင့်ရှိသည်”
ဘယ်ကဘယ်လို ၀င်လာမှန်း မသိသော ဥပဒေရေးရာ ဆေးပညာထဲမှ စာသားအား သတိရသွားချိန် သူမ လက်ထဲတွင် ဖန်ခွက်အား ဆုပ်ကိုင်ပြီး ဖြစ်သည်။ ထို့နောက်။

ရာဂ ပြင်းပြနေသော ယောက်ျားကြီး၏ နဖူးမှ ကျဆင်းလာသော သွေးများအား သူမ ဘ၀တွင် အရွံရှာဆုံးဖြစ်ခဲ့မည် ထင်သည်။ နာကျင်သော ဝေဒနာနှင့်အတူ သူမ၏ညာဘက်ပါးပြင်သည်လည်း ပြင်းစွာသော ရိုက်နှက်မှု ကြောင့် ထူပူသွားခဲ့သည်။ သူမပါးအား လှီးဖြတ်ခဲ့သောဓားက ထိုလူအား တစ်ပြန် ထိုးမိစေခဲ့သည်။ ထိုလူ၏သေဆုံးခြင်း တွင် နွယ်မာ၏စနက် လုံးဝမပါဝင်ကြောင်း တရားရုံး ထွက်ဆိုခဲ့စဉ်ကစ၍ နွယ်မာသည် ဘယ်သောအခါမှ မှန်မကြည့်ဖြစ်တော့ပေ။
ရီရီခင်ပြောတာ မှန်တယ်ဟု သူမ ပြောပြ ဖို့ကြိုးစားရင်း ဗ.ှ ဘ၀အား စိတ်ကုန်လာသည်။ သူမ မဖြေဖြစ်တော့ပါဘူးဟု ဆုံးဖြတ်ဖူးသောြှခ ၀င်ခွင့်အတွက် ထိုနှစ်က ကြိုးစားခဲ့သည်။ သို့သော် သူမ၏ အထူးပြုဘာသာရပ်မှာ ယောက်ျားတွေ သက်ဝင်ခြင်းမရှိ၊ မနာလို မုန်းတီးမှုမရှိ၊ အသက်ရှူသံတွေမရှိသော၊ တစ်ရှူး စများ၊ သွေးဖလင်များ၊ ရိုးတွင်းခြင်ဆီများဖြင့် ဖွဲ့စည်းထားသည့် ရောဂါဗေဒ ဘာသာရပ် ဖြစ် လေသည်။

သူမသည် ယောက်ျားမုန်း ၀ါဒီ ဖြစ်သွားခဲ့ပြီ ဟု ခင်ခင်ကြီး ထောက်မပြမီကပင် သူမကိုယ် သူမ သိရှိခဲ့သည်။ ထို့ကြောင့် သူမမျက်နှာမှ ကြီးမားသော အမာရွတ်အား ဖယ်ရှားရန် နည်းလမ်းများကို ဘယ်သောအခါမှ မစဉ်းစားခဲ့ဖူးပါ။
ထိုအမာအရွတ်သည် သူမ၏ လက်နက် တစ်ခုလည်း ဖြစ်နေနိုင်သည်။

၎။
ဒေါက်တာ ခင်ခင်ကြီး၊ အတိုင်ပင်ခံ ဆရာဝန်၊ ခွဲစိတ်အထူးကု၊ မြောက်ဥက္ကလာပ ဆေးရုံကြီး။
ခင်ခင်ကြီးသည် သူမ၏ ခက်ခဲကြမ်းတမ်း ခဲ့သော ဘ၀များကို အမြဲလိုလို သတိရဆဲ ဖြစ် သည်။ ဆေးတက္ကသိုလ် ၂ ကို တက်ရောက်ခဲ့စဉ် က သူမသည် ရိုး(လ်)နံပါတ် တွမ်တီတူး ဖြစ်သည်။ တွမ်တီတူးသည် တစ်မဟုတ်သောကြောင့် နယ်မှ ကျောင်းဝင်ခဲ့သူ ခင်ခင်ကြီး မျက်နှာပန်း မလှခဲ့ပါ။
အနည်းငယ် နွမ်းပါးသော ရင်ဖုံးအင်္ကျီနှင့် ပွင့်ရိုက်ထဘီသည် သူမ၏ တံဆိပ်ဖြစ်သည်။ ထိုတံဆိပ် အပေါ် ခတ်နှိပ်လိုက်သည့် နောက်ထပ် တံဆိပ် တစ်ခုမှာ သူမ ငါးနှစ် အရွယ်ကတည်းက မျှော်လင့် တောင့်တခဲ့ဖူးသည့် အဖြူရောင် ၀တ်ရုံ ရှည်ဖြစ်သည်။ များမကြာမီတွင် လူအများက ခင်ခင်ကြီးအား ဂျူတီကုတ်တစ်ထည်နှင့် အတူ အမြဲ တွဲမှတ်နေတတ်သည်။

သူမအတွက်တော့ ဂျူတီကုတ်ဟူသည် ကံကြမ္မာက ပေးအပ်လိုက်သော ပထမဆုံး ဆုလာဘ်ဖြစ်သည်။ ဆေးတက္ကသိုလ်ဝင်ခွင့်သည် သူမ၏ စနစ်တကျ ပျိုးထောင်ယူခဲ့ရသော ပန်းခင်း တစ်ခင်းဖြစ်သည်။ ထိုပန်းခင်း အတွက် ပေါင်းသင်ပေးခဲ့ရှာသော မိဘနှစ်ပါးအား ငဲ့ညှာ စွာဖြင့် ကျောင်းမှ ထောက်ပံ့ငွေဖြင့်ပင် တရစပ် ကြိုးစားခဲ့လေသည်။

ဒုတိယ အမ်ဘီတွင် အလွန် မျှော်လင့်ခဲ့ဖူး သော အနာတမီဒစ်(စ်)တင်း(န်)ရှင်း ပြုတ်သွားခဲ့သည်။ ဆာဂျင် ဆရာဝန်ကြီး တစ်ယောက် စစ်သောခုံတွင် သူမ အလူးအလဲ ကျရှုံးလေသည်။ ထို့နောက် တတိယ အမ်ဘီနှင့် နောက်ဆုံးနှစ် အပိုင်းက နှစ်နှစ်ဆက်တိုက် ရောဂါဗေဒ ဂုဏ်ထူး ရဖူးသူ အဖြစ် သူမကိုယ်သူမ ထုဆစ်ခဲ့လေသည်။

ထိုအချိန်ထိ သူမ၏ အိပ်မက်အား ရှာဖွေ မတွေ့ရှိခဲ့သေး။ နောက်ဆုံးနှစ် အပိုင်းကရှိ ဗိုက်ဗာခုံ တစ်ခုတွင် သူမအိပ်မက်အား ရုတ်တရက် တွေ့ ရှိခဲ့လေသည်။ ထိုနေ့က စာစစ်ဆရာမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး ဖြစ်ကြောင်း သူမ ၀မ်းနည်းစွာ သိရှိခဲ့သည်။ အနည်းငယ် အသက်ကြီးမည် ထင်ရသော်လည်း တောင့်တင်း သန်မာသော ကိုယ်နေဟန်နှင့် တောက်ပသော မျက်ဝန်းများတွင် ခနဲ့ရိပ်များ ယှက်သန်းနေသည်ဟု သူမ သိလိုက်သည်။ ထိုနေ့က မေးခွန်းမှာ Disfiguration (ရုပ်ဆိုးပုံ ပျက်ခြင်း) အကြောင်းဖြစ်သည်။

“ဟုတ်ပါပြီ၊ ဒါနဲ့ မေးရဦးမယ်၊ ဆရာဝန် ဆိုတာ လူနာရဲ့ယုံကြည်မှုရဖို့ လိုအပ်သလား”

“ဟုတ်ကဲ့၊ လိုအပ်ပါတယ် ဆရာကြီး”

“ဒါဆိုရင် မျက်နှာမှာ တစ်ခုခု ရုပ်ဆိုးပန်းဆိုး ဖြစ်စေမယ့် အမာရွတ်တစ်ခုခုရှိတဲ့ ဆရာဝန်မျိုးဟာ လူနာရဲ့ယုံကြည်မှုကို ရပါဦးမလား”

ခင်ခင်ကြီးက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရဲဝံ့စွာဖြေခဲ့သည်။
“ရနိုင်ပါတယ် ဆရာ”

ဆရာကြီး၏ မျက်လုံးများမှ နားမလည်နိုင် သောခနဲ့တဲ့တဲ့ အရိပ်အား သူမ သိရှိ ခံစားလိုက်မိသည်။
“ဘာဖြစ်လို့ ရနိုင်ရမှာလဲ”

“ကျွန်မ အတွက်တော့ ဆရာဝန် တစ်ယောက်ရဲ့ ရုပ်ရည်ဟာ သူ့အပေါ် ထားရှိမယ့် လူနာရဲ့ အသက် ပုံအော ပေးထားရလောက်တဲ့ ယုံကြည်မှု ပျက်ယွင်း သွားရလောက်အောင်ထိ မလွှမ်းမိုး နိုင်ဘူးလို့ ယုံကြည်တယ် ဆရာ”

ဆရာကြီးက ဟက်ဟက်ပက်ပက် ဟားတော့ သူမ ဘယ်ဘက် လက်ဖမိုးအား ဂျူတီ ကုတ်အိတ်ကပ်ထဲမှ ဘောလ်ပင်တစ်ချောင်း ထုတ်၍ ခြစ်ကုတ်ဖဲ့ထားရသည်။ ထိုနာကျင်မှုက သူမ ဒေါသအား ခေတ္တ ဖယ်ခွာစေခဲ့သည်။
“ဒါဆို ညည်း ဘာလို့ ဂျူတီကုတ် ၀တ်သလဲ”

ခင်ခင်ကြီးမှာ နွမ်းပါးသောကြောင့် ဒုတိယ နှစ်မှစ၍ ဂိုက်ဒ်ပြခဲ့သော လစာငွေများဖြင့် အဆောင်ငှား နေနိုင်ရန်ထိ ဖူလုံခဲ့ပြီ ဖြစ်သည်။ အဆောင်တွင် နှစ်ကြီး အစ်မများမှ ပြောပြဖူးသော ဗဟုသုတများအား သူမ ကြားနာခွင့်ရခဲ့သည်။ ထိုညက မမဇော်သည် သူမ၏ အဖြစ်အပျက်အား မျက်ရည်လည်လျက်ကပင် ပြောပြခဲ့ဖူးလေသည်။ မမဇော် ချင်းပြည်နယ်ရှိ တိုက်နယ်ဆေး ရုံတစ်ခုတွင် တာဝန်ကျစဉ်က အကြောင်းများထဲမှ ခင်ခင်ကြီး အမှတ်တရ ရှိလှသော စကား တစ်ခွန်းရှိခဲ့သည်။

“အဲဒီနေ့က သိပ်မှောင်မိုက်လွန်းပြီး ကိုယ်က ကိုယ့်ဆေးရုံရဲ့မြေသင်းရနံ့လေးကို ရှိုက်ပြီး ရှူနေခဲ့ချိန်ပေါ့၊ ကိုယ့်စိတ်ထဲမှာရှိတာ ဒါဟာ ကိုယ့်ရဲ့ဆေးရုံ၊ ဒါဟာကိုယ့်ရဲ့မြေပဲလို့ ယုံကြည်ရင်း လျှောက်နေခဲ့တယ်”

“တစ်နေရာအရောက် ကိုယ်ဘယ်လိုမှ မထင်မှတ်ထားတဲ့ သစ်ပင်တစ်ပင်ရဲ့ နောက်ကွယ်က မှောင်ရိပ် တစ်ခုဟာ ကိုယ့်ပါးစပ်ကို ဖမ်းအုပ်ပြီး အ၀တ်နဲ့ ဆို့ပစ်လိုက်တာ ကိုယ့်နှုတ်ခမ်းတွေ ပွန်းပဲ့သွားတဲ့ခံစားမှုမျိုး ကိုယ်ရလိုက်တယ်”

ခင်ခင်ကြီး ကြက်သီးမွေးညင်းများ ထသည် အထိ တုန်လှုပ်သွားသည်။
“နောက်ပြီး သူက”

“မပြောပါနဲ့တော့ မမဇော်ရယ်”

“နားထောင်ပါ ခင်ခင်ကြီး၊ သူဟာ ချင့်ချိန်တတ်တဲ့ မုဒိမ်းသမား တစ်ယောက် ဆိုတာ ကိုယ်သိသွားတယ်”

“ဘယ်လို”

“မင်းသိလား၊ သူ ကိုယ့်အင်္ကျီကြယ်သီး တွေကို ကြမ်းရှစွာ ဆွဲဖြုတ်ပြီးပြီ၊ နောက်တော့ သူ ကိုယ့်ဘယ်လက်မှာ ဆုပ်ကိုင်ထားတဲ့ အ၀တ် စကို ဆွဲဖြေဖို့ကြိုးစားတယ်၊ သူ ဘာဖြစ်သွားမယ် ထင်လဲ”

ခင်ခင်ကြီး ခေါင်းခါပြခဲ့မိသည် ထင်ပါသည်။
“သူသိပ်လန့်သွားတယ်၊ အဲဒါဟာ ဂျူတီကုတ်တစ်ထည် ဖြစ်နေမှန်း သိပြီးသွားတော့ သူ့ တစ်ကိုယ်လုံး ကိုယ့်ပေါ်က ဖယ်ခွာသွားတယ်၊ နောက်ပြီး သူက ကိုယ့်ကိုမေးတယ်၊ ခင်ဗျားက တိုက်နယ်က ဆရာဝန်မ လားတဲ့”

မမဇော်သည် ထိုညက မျက်ရည်ဝဲနေခဲ့ပါသည်။
“သူ ကိုယ့်ကို ထိုင်ကန်တော့သွားသေးတယ်၊ သူ့ညီမ ကလေး ဖျက်ချပြီး လက်လွန်မှ ဆေးရုံရောက်လာတုန်းက ကုသပေးခဲ့ဖူးသူဟာ ကိုယ်ဖြစ် နေခဲ့တယ်လို့ သူ”

“သူက မြင့်မြတ်တဲ့ မုဒိမ်းသမားပေါ့နော် မမ”

မမဇော်က မျက်ရည်ကြားက နာကျင်စွာ ရယ်မောခဲ့ဖူးတာ ခင်ခင်ကြီး ပြန်အမှတ်ရလေသည်။
“မဟုတ်ဘူး၊ ဒါ သူမြင့်မြတ်လို့ မဟုတ်ဘူး၊ မြင့်မြတ်ရင် ဘယ်တော့မှ မုဒိမ်းသမား ဖြစ်မှာ မဟုတ်ဘူး၊ ဒါဟာ ကျေးဇူးတရားနဲ့ ငဲ့ညှာမှုကြောင့်ပဲ။ ကိုယ်က သူ့ညီမကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန် ဆိုတဲ့ အသိ သူ့မှာ ဖြစ်သွားလို့ပဲ။ အဲလိုဖြစ်သွားအောင် ကိုယ့်ကို ကူညီပေးတဲ့ တစ်စုံတစ်ရာကို ကိုယ်ဘယ်တော့ မှ မမေ့တော့ဘူး”

မမဇော်၏ စကားများကို ပြန်လည်ကြားယောင်ပြီး ခင်ခင်ကြီးက ဗိုက်ဗာခုံတွင် အဆိုတစ်ခု တင်သွင်းလိုက်လေသည်။
“ဂျူတီကုတ်ဟာ ဆရာဝန်ရဲ့လက်နက် တစ်ခုပေါ့ ဆရာ”

ဘေးမှ အကူ စာစစ်ဆရာက စိတ်ပျက်သွားပြီး ဆရာကြီးက စုတ်သပ် ပစ်လိုက်သည်။ သူမ မမှားဘူးဆိုတာ သူမကိုယ်တိုင်သာ သိမည်။ သို့သော် စာမေးပွဲ အောင်ဖို့တော့ သူတို့ကျေနပ်နိုင်မည့်အဖြေတစ်ခုခုကို ပေးရလိမ့်မည်။
“ဂျူတီကုတ်ဟာ ဆရာဝန်ရဲ့ သင်္ကေတပါ ဆရာ”

ထိုစကားသည် တစ်ဝက်သာမှန်ပြီး တစ်ဝက်မှားနေကြောင်း သူမ အသိဆုံးဖြစ်သည်။ ဝေးလံခေါင်းပါး၍ အားကိုးရာမဲ့သော နေရာများ၌ တာဝန် ကျရသည့်အခါ အမျိုးသမီးတစ်ယောက်၏Weaker Sex အပေါ် အမြတ် ထုတ်နေကြသော ယောက်ျားတွေ ဒုနှင့်ဒေး။ လွင်ထီးခေါင်ခေါင်၌ တာဝန် ကျသွားခဲ့ဖူးသော အမျိုးသမီးဝန်ထမ်းများ၏ ဘ၀က မီးမောင်းထိုးပြရ လောက်အောင်ထိ ခမ်းနားသည့်ဖြစ်အင် ဘာတစ်ခုမျှ မရှိခဲ့ပါ။

သို့ရာတွင် ရပ်ရွာမှ မပြန်စေလို၍ မတော်တဆ ချောင်ပိတ်ဖမ်းခံရဖူးသော ၀န်ထမ်းအမျိုးသမီးများ၊ မိမိ၏ ညီမ အရင်းခေါက်ခေါက်ကို မွေးဖွား ပေးခဲ့သောMid-Wife (သားဖွားဆရာမ)လေးကို အပြန်လမ်းတွင် လူနာရှင် အစ်ကိုများမှ လမ်းခုလတ်၌ အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့ကြောင်း စသည်တို့ကို သူမ အကြိမ်များစွာ ကြားခဲ့ဖူးလေသည်။

“အဲဒီတော့ ဆရာဝန်က ဂျူတီကုတ် ၀တ်ဖို့ အရေးကြီးသလို လူနာရဲ့ ယုံကြည်မှုရဖို့လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်မနေဖို့တော့ လိုတာပေါ့”

ခင်ခင်ကြီး ရယ်မောမိလိုက်သံမှာ ခပ်အုပ်အုပ်မျှသာဖြစ်သည်။
“ဟေ့ မရယ်နဲ့လေ၊ ညည်းက ယောက်ျား မယူမှာ ကျနေတာပဲ”

နံဘေးမှ အကူစာစစ်ဆရာ၏ စကားသံကြောင့် သူမ ရင်ဘတ်တွေ ဆူဝေ လှုပ်ခတ်သွားခဲ့သည်။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်သလဲလေ။ အများစုသော ယောက်ျားသားများ၏ ဦးနှောက်တွင် မိန်းမတွေ ယောက်ျား မယူရင် မနေနိုင်ဘူးဟု ဘယ်လိုအတွေးနှင့်များ ပုံနှိပ်ခဲ့ပါလိမ့်။
“ဟုတ်တယ်၊ ငါက မင်းတို့ လူငယ်တွေရဲ့ အသိကို စမ်းကြည့်တာ၊ နောက် ဆုံးတော့ လူငယ်တွေဆီက ဒါက ဒါပဲရတယ်၊ မင်းတို့ခေါင်းမှာ ဘာအတွေး အခေါ်မှ မရှိဘူး”

ခင်ခင်ကြီး၏ ဘယ်ဘက်လက်ဖမိုး ရဲတွတ်နေမည်မှာ အသေအချာပင် ဖြစ်သည်။ ထိန်းချုပ်တတ်လွန်းသော ခင်ခင်ကြီးသည် အလွန်ရစ်သည်ဟု နာမည်ကြီးသော ဆရာကြီးရှေ့၌ အပြုံး တစ်ချက်မှ မပျက်စေခဲ့ပါ။ ပုံပျက် သွားသော်လည်း မြင့်မြတ်ပြည့်ဝသော ဂျာနယ်ကျော် ဦးချစ်မောင်၏ သူ ၀တ္ထုထဲမှ “ကိုမြင့်မောင်” အကြောင်း နာမည်ကြားရုံဖြင့်ပင်၊ ရုပ်ဝတ္ထုများ နောက်ဘွဲ့များစွာရရှိဖို့ အသည်းအသန် လိုက်ခဲ့ဖူးမည်ဖြစ်သော ဆရာကြီးက ဟက်ဟက်ပက်ပက် ရယ်မောပြလိမ့်မည် ထင်သည်။ ဂျူတီကုတ်သည် အမျိုးသမီး ဆရာဝန်များ အတွက် လက်နက်တစ်ခု ဖြစ်သွားခဲ့ဖူးကြောင်း ကိုတော့ သူမ ဘယ်တော့မှ ရှင်းပြဖြစ်တော့မည် မဟုတ်ပေ။

သွေးများစို့နေသော ကုတ်ခြစ်ရာများနှင့်အတူ ပြုံးရွှင်စွာ နှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်တွင်တော့ ခင်ခင်ကြီး နှလုံးသားများ အဆမတန် ထိခိုက်ကြေ ကွဲသွားပါသည်။ သူမအား တစ်ဖက်သတ် လှောင်ရယ်ဖူးသော သူမှာ ယောက်ျားတစ်ယောက်၊ ထိုယောက်ျားသည် ခွဲစိတ်ကု ဆရာဝန်၊ ထို့ကြောင့် သူမ၏ နာကျင်မှုမှ သူမ ခွဲစိတ်ကု ပညာအား ဘွဲ့လွန်တက်ဖြစ်အောင် နှိုးဆော်ပေးခဲ့လေသည်။

၅။
“ဟုတ်ပါရဲ့ ခင်ခင်ကြီးရယ် ခုမှ သတိထားမိတယ်၊ နင့် ဘယ်ဘက် လက်ဖမိုးမှာ အမာရွတ်တွေ ကျန်နေတုန်းပဲနော်”

နွယ်မာက အထိတ်တလန့်အော်တော့ ရီရီခင်ကပါ လှမ်းကြည့် လေသည်။
“မင်းမောင်လေး မိုးဇော်က ဘာမှ မပြောခဲ့ဖူးလား”

“ဟင့်အင်း၊ ကိုယ်က ဆာဂျင်ဆိုတော့ အမြဲတမ်း လက်အိတ်စွပ်ထား ရတယ်လေ”

“မဟုတ်ဘူး၊ ကိုယ်တို့ပြောတာ ခွဲစိတ်ခန်း မဟုတ်တဲ့ တခြားတစ်နေရာ ရာမှာ မင်းရဲ့အနုပညာလက်ပေါ်က အမာရွတ်တွေကို”

ရီရီခင်သည် စနောက်ပြီးမှ နွယ်မာ့မျက်နှာမှ အမာရွတ်ကို ယောင်ယမ်း သတိရသွားသည်။
“ဆောရီးနွယ်မာ၊ ကိုယ်က”

“ရီရီခင်၊ မင်းသိလား၊ သည်အမာရွတ်က ကိုယ့်ကို အများကြီးကာ ကွယ်ပေးတယ်၊ ကိုယ့်အမာရွတ်ကို ကဲ့ရဲ့မယ့် လူတစ်ဦးတလေမှ မရှိဘူး၊ ကဲ့ရဲ့ခြင်းကဲ့ရဲ့ ကိုယ့်ရဲ့Stain ဆိုးထားတဲ့ တစ်ရှူး ဆလိုက်ပြားတွေက ကဲ့ရဲ့မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒါရှိနေလို့ ကိုယ်လုံခြုံတယ်၊ ကိုယ့်လုံခြုံတဲ့ အတွက် ဒါကို ကိုယ့်လက်နက်လို့ ကိုယ်သတ်မှတ်တယ်”

နွယ်မာက သေသပ်သော နှုတ်ခမ်းများအား လှုပ်ခတ်စေ၍ တည်ငြိမ်စွာ ပြောလိုက်ခြင်း ဖြစ်သည်။
“ဒါပေမယ့် ကိုယ်တို့ Pathologist တွေရဲ့ဘ၀မှာ အခြား လူနာတွေကို ရောဂါတစ်ခုရဲ့Diagnosis (ရောဂါအမည်တပ်ခြင်း)နဲ့ Prognosis (ရောဂါ ရှေ့အလားအလာ) တွေ သတ်မှတ်ပေးခဲ့ရသလောက် ကိုယ့်အမေသားဥအိမ် ကင်ဆာ (M.O.T ) ဖြစ်နေခဲ့တာကိုတော့”
“နွယ်မာ”

နွယ်မာက ခင်ခင်ကြီး၏ ပခုံးကို အားနွဲ့စွာ မှီထားခဲ့လေသည်။ နွယ်မာသည် မျက်ရည် ကျမလာခဲ့ဘဲ ခန္ဓာတစ်ခုလုံး တဆတ်ဆတ် တုန်ရင်သည်အထိ ငိုကြွေးတတ်သူဖြစ်သည်။
“ကိုယ့်အမေရဲ့Biopsy ယူထားတဲ့ အသားစကို ကိုယ်ကိုယ်တိုင် Slide ကို ပြင်ခဲ့ရပြီး၊ ကိုယ်ကိုယ်တိုင်”

“မပြောနဲ့ နွယ်မာ၊ မပြောနဲ့တော့နော်”

သည်တစ်ခါတော့ နွယ်မာ အမှန်တကယ် မျက်ရည်ကျ သွားပါသည်။ တွဲဖက်ပါမောက္ခ တစ်ဦး မျက်ရည်ကျသွားသည့် ဖြစ်အင်ကို ကျောင်းသား တစ်ဦးဦးမြင်သွားလျှင် စပ်စု နိုင်သေးသည်။ Pathologist ဟု အမည်ရသော ရောဂါဗေဒ ဆရာဝန်တွေက မျက်ရည်ရှားပါး သူတွေဟု ရီရီခင်ရော၊ ခင်ခင်ကြီးပါ နားလည် ထားလေသည်။

၆။
အလင်းမှာ မှိန်ဖျော့အားငယ်ဆဲဖြစ်သည်။ ထို မှိန်ပျပျ အလင်းအောက်မှာပင် သူမတို့၏ မျက်ဝန်းများ ရီဝေနေကြလေသည်။ ချုပ်တည်းမှု၊ ကြမ်းတမ်းမှု၊ လှောင်ပြောင်သရော်မှုများနှင့် နေသားကျအောင် ကြိုးစားပြီးချိန် သူမတို့၏ မသိစိတ်၌ သေသပ်စွာ ခိုတွယ်ပြီးသော အရာမှာ “အချစ်” ဖြစ်ခဲ့ဖူးကြောင်း နောက်ကျစွာ သိရှိခဲ့ လေသည်။

သို့ရာတွင် ဖျော့တော့သော အလင်းရောင် အောက်မှာပင် နောက်ထပ် ဆုံစည်းရန် သိပ်မလွယ်ကူလှသော သူတို့တစ်တွေသည် သိစိတ်၌ ပင် တစ်ယောက်ကို တစ်ယောက် ဖုံးကွယ်လျက် နှလုံးသားတွေကို မိမိဘာမိမိ ဆွဲနုတ်ပစ်ခဲ့ကြ လေသည်။ ထို့နောက် တတိယအရွယ် မိန်းမသား သုံးဦးသည် ရယ်မောလျက်ပင် နှုတ်ဆက်လမ်းခွဲခဲ့ ကြသည်။ ကိုယ်ပိုင် လက်နက်များသည် ကိုယ်ပိုင် ဒဏ်ရာများ အဖြစ် စတေးခံခဲ့ရဖူးကြောင်း ကိုတော့ မသိကျိုးကျွန် ပြုရင်းဖြစ်ပင်၊ သူမတို့၏ လက်ရှိ ဘ၀များအား ခမ်းနားဆဲ ဖြစ်သည်ဟူ၍ စနစ်ကျစွာ ကျေနပ် ယုံကြည် ပစ်ခဲ့ကြ လေသည်။

လင်းစက်နွယ်

Monday 3 October 2011

အရိပ်ပျောက်ရှာသူ

အိမ်ကို လွမ်းတတ်သူချင်း ဆုံမိကြပြီဆိုလျှင် မိခင် ဘွဲ့လွမ်းချင်း၊ အိမ်လွမ်းချင်းများစွာ ကြားဖူးလှပြီ ဖြစ်သော်လည်း သူတစ်ယောက် ကတော့ဖြင့် ထူးကို ထူးလှသည်ဟု ကျွန်မ မြင်ပါသည်။
အမေ့ အကြောင်းများ ပြောရတော့မည် ဆိုလျှင် သူ့အပြုံးများက ဘယ်တုန်းကနှင့်မျှ မတူအောင် လင်းလက် တောက်ပမြဲ။ မျက်လုံးများမှာပင် အပြုံးရိပ်ကို တွေ့ရမြဲ ဖြစ်သည်။ ပြီးတော့လည်း သူ့စကားသံနှင့် လေယူ လေသိမ်းမှာ လူတစ်ဖက်သား နားဝင်အောင်လည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်ရသည်။ ဒါနှင့်ပင် မိန်းကလေး အဆောင်မှာ သူ့ကို အမေ ချစ်သူဟု တင်စား တတ်ခဲ့ကြတာ အဆန်းတကြယ်တော့ မဟုတ်ပါပေ။ သည်အဆောင်ကို ပြောင်းလာခါစ အစဦး ရက်များကတော့ သူ့ကို များစွာ သတိမပြုမိသေး။ သူ့ကိုမှ မဟုတ်ဘဲ ဘယ်သူနှင့် မှလည်း ပြုံးပြ နှုတ်ဆက်ရုံ အပြင် ပိုပြီး မပတ်သက်မိ သေးပေ။ အဆောင်သူ အသစ်တို့ ထုံးစံအတိုင်း ကိုယ့်အခန်းမှာသာ နေတတ်ခဲ့တာ ဖြစ်လေသည်။

သို့သော်လည်း ရက်တချို့ ကြာမြင့်လာသည့် အခါမှာတော့ ကျွန်မသည် စိတ်သဘော နှစ်လိုဖွယ်ရှိသူ တချို့နှင့် ခင်မင်တတ်ခဲ့ပြီ။ သင့်ရာသင့်ရာ ၀ိုင်းဖွဲ့တတ်သော စကားဝိုင်းများမှာ ပါဝင်ခဲ့မိပြီ။ သည်မှာပင် သူ့ကို စတွေ့ရသည် ဆိုပါစို့။ တွေ့စမှာတော့ များစွာ ထူးခြားသည် မထင်မိသေးသော်လည်း အမေကို တသသ ဖွဲ့နွဲ့တတ်သော သူ့စကားများစွာကို ကြားရပြီးသည့် နောက်တွင်တော့ သူသည် ကျွန်မ အဖို့ စိတ်ဝင်စားဖွယ် မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့တော့သည်။ တကယ်တော့ ကျွန်မ ကိုယ်တိုင် ကလည်း သူ့လိုပင် အမေချစ်သူ တစ်ယောက် မဟုတ်လား။ သို့သော် ဖွဲ့နွဲ့ပြောနိုင်သည့် အရာ မှာတော့ သူက သာပါပေသည်။ သူ ပြောသမျှ စကားတို့သည် တစ်ကြိမ်နှင့် တစ်ကြိမ် မထပ် သည်သာ များပြီး စကားလုံး တိုင်းတွင်လည်း အမေကို ချစ်စိတ်က အရိပ် လိုပါလျက် ရှိနေသည်။ အမေကလေဟု သူစကား စလိုက်လျှင် ကျွန်မမှာ ဘာများ ပြောတော့မှာပါလိမ့်ဟု နားစွင့်မြဲဖြစ် ရသည်။

“ကျောင်းစနေတော့ မြက ငါးနှစ် သမီးလေ။ အို ငိုလိုက်တာဆိုတာများ ကျောင်းရှေ့မှာ ကျွက်ကျွက် ညံနေတာပဲ။ အမေကလည်း မျက်ရည် လေးတစမ်းစမ်းနဲ့ပေါ့ဟယ်”

သူသည် ခုပင် မျက်ရည် ကျဦးတော့မလို မျက်လုံးများက အရည်တလဲ့လဲ့ ဖြစ်၍လာသည်။
“တစ်ရက်လည်း မဟုတ်ဘူး သိလား။ နေ့တိုင်း ငိုတာပဲ။ တစ်တန်းတက်တော့ မငိုတတ် တော့ပါဘူး။ ဒါပေမယ့် အမေကတော့ လိုက်ပို့ တာပဲ”

အင်း အားကျစရာ ကောင်းလိုက်တာ။ ကျွန်မမှာတော့ သူ့လိုဖွဲ့နွဲ့ ပြောပြစရာ ကလေးဘ၀ မျိုးမရှိပါ။ ကျောင်းတက်ကတည်းက ရွာကို ခွဲခွာ လာရသည်မှာ အမေကို လွမ်းရင် ငိုရမယ်ဟုပင် များစွာ နားမလည်တတ်သေး။ ကျောင်းတက် ရတော့လည်း ပျော်နေခဲ့တာသာ မှတ်မိသည်။ ငိုနေ လို့ကလည်း ချော့မည့် အမေက အနားမှာ မရှိခဲ့တာ ကလေးပေမယ့် နားလည် နေခဲ့သလား မသိ။ သူ့မှာတော့ အမေက ကျောင်းလိုက်ပို့ခဲ့သတဲ့။ ရန်ကုန်လို မြို့ပြမျိုးမှာသာ အမေကကျောင်း လိုက်ပို့ကြတာ မြင်ခဲ့ဖူးသော ကျွန်မမှာ သူ့ကို အားကျရတာ ဆန်းတော့ မဆန်းလှဘူး ထင်ပါရဲ့။

“ကျောင်းလိုက်ပို့တာများ မြရှစ်တန်း အထိ လိုက်ပို့နေသေးတာ။ နောက်တော့မှ အမေရယ် သမီးဘာသာပဲ သွားပါရစေလို့ ပြောယူရတယ်။ အဲဒီလောက် အမေက မြကိုချစ်တာ”

စကားဝိုင်းကို လက်ခံထားသည့် အခန်း ရှင်က တည်ခင်းသော လက်ဖက် ပန်းကန်မှာ ကျွန်မ ငုံ့ကြည့်လိုက်လျှင် ပြောင်တလင်း ခါနေပြီ။ သူ့စကားကို နားထောင်နေမိသည့် အခိုက် လက်မနှေးတတ်သော သူငယ်ချင်းတို့က စားသောက် နှင့်ကြပြီ။ သူကတော့ လက်ဖက်ကိုလည်း စိတ်မ၀င်စား၊ သူ့စကားကို နားထောင်မည့် သူတစ်ယောက်လောက် ရှိလို့ကတော့ မမောတမ်း ပြောနိုင်မည့် သူမျိုး ဖြစ်မည် ထင်ပါသည်။

“မြဖြင့်လေ ကျောင်းရှေ့မှာ အမေ့ကို လက်ပြပြီး ကျန်ရစ်ခဲ့ရတဲ့ ခံစားမှုကို ဘယ်တော့မှ မမေ့ဘူး။ အင်းလေ တက္ကသိုလ် တက်တော့လည်း ဒီလိုပဲ ခွဲရတာပါပဲ။ ကားပေါ်မှာတော့ မြက ငို သေးတာပေါ့”ဟုလည်း သူက မှတ်မှတ်ရရ ပြောသေးသည်။ သူသည် စကားပြောလျှင် မြဟု သူ့ကိုယ်သူ သုံးနှုန်းမြဲ ဖြစ်သော်လည်း တကယ့်နာမည် ရင်းတွင် မြဆိုတာ တစ်လုံးမျှ မပါပေ။ သူ့အမေက မှည့်ခေါ်သော နာမည်လေးမို့ အမြတ်တနိုး သုံးတာဟု ဆိုလေသည်။ အားလုံးကတော့ သူ သုံးသလိုပဲ မြဟုခေါ်ကြရပြန်သည်။

“အမေက အသက်ဘယ်လောက် ရှိပြီလဲ ဟင်။ မြနဲ့တူရင်တော့ ဖြူဖြူသွယ်သွယ်ပဲ နေ မှာပေါ့”ဟု တစ်ခါက ကျွန်မသူ့ကို ဘာရယ် မဟုတ်မေးမိသည်။
သူက ဖြေမည့် ဟန်ပြင်လိုက်သော်လည်း ချက်ချင်းတော့ မဖြေ။ တစ်ချက်မျှ ပြုံးလိုက်သေး တယ်ထင်သည်။
“မြလိုတော့ မပိန်ပါဘူး။ အမေက ၀တာပေါ့။ ဒါပေမယ့် သိပ်မ၀ဘူးနော်။ ပြည့်ရုံပြည့် တာ။ အမေက လှတယ် ဖြူဖြူရဲ့။ ဖြူဖြူကရော အမေတူ သမီးလား”
“အမေက ကျွန်မနဲ့ တူတယ်မြရဲ့။ ဒါပေမယ့် ကျွန်မထက် ပိုလှတယ်လို့ အရပ်ထဲက ပြောကြ တာပဲ”

ရယ်လိုက်သော အခါ သူ့မျက်နှာမှာ များစွာ နုပျိုသွားပေသည်။ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် မျက်နှာ တည်နေမည် ဆိုလျှင်တော့ အသက်ထက် ရင့်ရော်ချင်သော ရုပ်ရည်မျိုးဟု ဆိုချင်သည်။ တွေးစရာ ပိုသော ဘ၀မှာ ကြီးပြင်းလာ သူတို့၏ အသွင်က သူ့မျက်နှာမှာအရိပ် ထင်နေသည်ဟု ဆိုရမလားမသိ။ အထူးသဖြင့် မျက်ဝန်းများက တစ်ခါတစ်ခါ မှိုင်းညို့ချင်သည်။ သို့သော်လည်း မျက်နှာပြင်မှာတော့ တောက်ပသော အပြုံးကို တင်ထားမြဲဖြစ်တာ တွေ့ရလေသည်။ အဆောင်ရောက်တာ ရက်တချို့ ကြာမြင့်ပြီး နောက်တွင်တော့ သူသည် ကျွန်မနှင့် နှစ်ကိုယ့် တစ်စိတ် မဟုတ်သော်လည်း ပေါင်းသင်း၍ဖြစ်သော မိတ်ဆွေတစ်ယောက် ဖြစ်လာခဲ့ပါသည်။

အထူးသဖြင့်တော့ မနက်ခင်းပိုင်း ရုံးသွား ချိန်က ၈ နာရီဝန်းကျင် ဖြစ်လေရော နှစ်ယောက်သား အဆောင်က အတူပင်ထွက်ဖြစ်ကြသည်။ ရုံးကကင်တင်းမှာ ထမင်းစားဖြစ်သော ကျွန်မက ထမင်းဘူးအတွက် တကူးတက အလုပ်မရှုပ် သော်လည်း သူကတော့ ထမင်းဘူးယူနိုင်ဖို့ အိပ်ရာက ခပ်စောစောထရ တတ်သည်။ သူ့အခန်းမှာ ကျွန်မအခန်းနှင့် မျက်နှာချင်း ဆိုင်ဖြစ်သည့်အတွက် မနက်ခင်းတိုင်း သူ အလုပ် ရှုပ်နေသည်ကို မြင်ရ ကြားရ ပါသည်။ အခန်းထဲက ပလပ်ပေါက်မှာ ထမင်းအိုး တည်ပြီးတာနှင့် အဆောင် အနောက်ဘက်မှာ ရှိသော မီးဖိုခန်းကို ပြေးကာ ဟင်းချက်ရသေးသည်။ ဖိနပ်သံတရှပ် ရှပ်နှင့် အပြေးအလွှား ချက်ပြုတ်နေသော သူ့ကို မြင်ရသည်မှာ ဘေးလူပင် မောသလို ခံစားရ တတ်သည်။ သူကတော့ အပြုံးပျက်သည် မရှိ။

“အိမ်မှာတော့ ဘယ်လုပ်ရပါ့မလဲကွယ်။ အမေက ချက်ပြုတ်ပေးသမျှ စားနေတာ အဟုတ်ပဲ။ တစ်ယောက်တည်း နေမှ ပင်ပန်းလိုက်တာ ဆိုတာ..”

ကားမှတ်တိုင်ဆီ လမ်းလျှောက်ကြစဉ် သူက မှတ်မှတ်ရရ ပြောပြတတ်သေးသည်။ ဘယ်အချက်လေးပဲ ပြောလိုက်ပြောလိုက် အမေနှင့် မလွတ်သော သူ့စကားများကို ခုတော့ နားယဉ်လှပြီဖြစ်၍ ကျွန်မမှာ သဘောတကျ ပြုံးမိရပါသည်။ “တကယ်ပါ ဖြူဖြူရဲ့။ မလုပ်လို့ဖြစ်ရင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် မြက လစာမှ ကိုးသောင်းလောက် ရတာ။ ကားခနဲ့ဘာနဲ့ ၀ယ် စားရရင်လည်း အဆင်မပြေဘူးလေ”

သူ့မျက်နှာကို ငေးကြည့်တော့လည်း ရန်ကုန်မှာ ရုံးကန်နေကြသော မိန်းကလေးများ စွာတို့၏ မျက်နှာကို မြင်ရသလို ခံစားရပါသည်။ လူနေမှုစရိတ် ကြီးမြင့်လှသော မြို့ပြမှာ နယ်က တက်လာပြီး အလုပ်တစ်ခု ကြိုးစားရင်း အဆောင် များမှာ ကျဉ်းကျပ်သော်လည်း ဖြစ်အောင် နေကြ ရသူများ၊ မိဘကို အဆင်ပြေပါတယ် တစ်ခွန်းက လွဲပြီး ဘာမျှ မပြောလိုကြသူများ၊ တောက်တောက်ကြွားကြွား ၀တ်စားချင်သည့် မိန်း ကလေးတို့၏ ပင်ကိုစိတ်ကို ဘ၀အသိနှင့်ယှဉ်ကာ ထိန်းချုပ် နေကြသူများ။ များပြားလှသော ဘ၀ ပုံရိပ်များကို ကျွန်မတို့ ၀န်းကျင်မှာ တွေ့မြင်ရမြဲ ဖြစ်သည်။ အဲသည် အထဲမှာ သူကလည်း တစ်ဦး အပါအ၀င်ပါပဲ။

“အိမ်ကိုရော ငွေပို့ဖြစ်လားဟင်..”

“မြက ပို့ချင်ပါတယ်လေ။ အမေကတော့ မပို့စေချင်ဘူး ဖြူဖြူရဲ့။ မြ အနေအစား ဆင်းရဲမှာ စိုးတယ်တဲ့။ မြဘာသာ အဆင်ပြေအောင် နေတဲ့။ အမေ့မှာကလည်း သူ့စီးပွားရေးနဲ့သူ ရှိသေးတာ ပဲဆိုတော့ မြက သိပ်ပြီးတော့လည်း စိတ်မပူရ ပါဘူး။ မြတို့ သားအမိက သိပ်မချမ်းသာပါဘူး ဖြူဖြူရယ်။ ဒါပေမယ့် အဆင်ပြေပြေတော့ နေနိုင် တာပေါ့လေ”

“အင်းလေ အိမ်ကို စိတ်ပူမနေရတာကပဲ ကံကောင်းတာပေါ့”

အဆောင်မှ ကားမှတ်တိုင်ဆီ လမ်းလျှောက် ဖြစ်ကြသော မနက်ခင်းများစွာ ကြာမြင့်သည့် နောက်မှာတော့ ကျွန်မနှင့် သူသည် စကားလုံး ပေါင်းများစွာမှ တစ်ဆင့် အရင့်အရင်ကထက် နီးကပ်လာခဲ့လေသည်။ သူ့ကိုလည်း ယခင်က အမေချစ်သူဟု စိတ်ဝင်စားရုံ သက်သက်ကနေ မိတ်ဆွေကောင်း တစ်ယောက်ဟု ကျွန်မမြင်တတ် လာခဲ့ပါသည်။

သုံးစွဲစားသောက်မှုမှာ ဖြစ်စေ၊ ၀တ်ဆင်နိုင်မှု မှာဖြစ်စေ ပြိုင်ချင်စိတ်လေး နည်းနည်းတော့ရှိ တတ်သော အဆောင်သူမျိုးတွင် သူရောကျွန်မပါ မပါဝင်ခဲ့သည်ကလည်း ပို၍ပေါင်းသင်းဖြစ်ကြဖို့ ဖန်လာတာပဲ။ ရသည့်လစာနှင့် လောက်ငစေအောင် နေထိုင်ရသော ဘ၀ တူချင်းမို့လည်း ပို၍ နားလည်နိုင်ကြဖို့ ဖြစ်လာတာပါပဲ။ သူကလည်း မိခင်ထံက ပြန်ပြီး လက်မဖြန့်တတ်သူတဲ့။ ကျွန်မ ကတော့ အိမ်ကို တစ်ပြန်တစ်လှည့် ကြည့်ရှုဖို့ ကြိုးစားနေရသည့်သူပဲ ဖြစ်ပါသည်။

ရှားရှားပါးပါး အနားရသော တနင်္ဂနွေရုံး အားရက်တွေမှာတော့ သူက ကျွန်မ၏ အခန်းဆီ ရောက်လာတတ်သည်။ ကော်ဖီသောက်ရင်း၊ မုန့် စားရင်း စကားစမြည် ပြောဖြစ်တတ်ကြသည်။ သူသည် ကျွန်မ အခန်းထဲ ရောက်လျှင် စာကြည့်စားပွဲပေါ်မှာ ရှိသည့် မိသားစု ဓာတ်ပုံကို စိတ်ဝင်တစား ငေးမောမြဲပင်။ လွန်ခဲ့သော ၁၅ နှစ် လောက်က ပုံရိပ်များ ဖြစ်လေတော့ သူကပုံ ဟောင်းလေးပဲနော်ဟု တစ်ရက်မှာ ပြောဖူးသေးသည်။ မောင်အငယ်ဆုံးလေး ဆုံးပြီးသည့်နောက် ဘယ်သောအခါမျှ မိသားစု ဓာတ်ပုံ မရိုက်ဖြစ်ကြ တော့ဘူးဟု ကျွန်မ ပြန်ပြောပြသည့် အခါ သူ့မျက် နှာညှိုးလျချင်လေသည်။
“လူတွေဟာ ဒီလိုပါပဲကွယ်။ သေကွဲ ကွဲရင်ကွဲ၊ မဟုတ်ရင် ရှင်ကွဲကွဲရတာပဲ။ ခုနေ ချစ်ခင်နေ ကြလည်းပဲ တစ်ချိန်တော့ ခွဲရတာပဲ။ မြတော့ ဒီလို ပဲနားလည် ထားလိုက်တော့တယ်။ နို့မိုဆို ၀မ်းနည်း ပူပန်ရတာနဲ့ ဘ၀က ဘယ်နေပျော်မလဲနော်”

သည်လို ပြောဆိုနေပြန်တော့လည်း သူ သည်အသက်ထက် ပိုရင့်ရော်ကာ ဗြုန်းခနဲ လူကြီး တစ်ယောက်ဖြစ်သွားသလို ထင်ရလေသည်။
“မြ ပထမဆုံး သေခြင်းတရားကို ကြုံဖူး တော့ အဘိုးဆုံးတုန်းက... သေတာတို့ဘာတို့ ဘယ်နားလည်ပါ့မလဲ ဖြူဖြူရယ်။ လူတွေက အဘိုးကို ခေါင်းထဲထည့်ကြတော့ အဘွားရယ် လုပ်ပါဦး အဘိုးကို ပြန်ကယ်ရအောင်ဆိုတော့ အဘွားဆိုတာ ငိုလိုက်တာလေ”
သူက သက်ပြင်းတစ်ရှိုက်နှင့် စကားကို ဆက်ပါသည်။

“နောက်တစ်ကြိမ်တော့ အဖေဆုံးတာ။ ဒါလည်း ငယ်သေးတော့ သိပ်မမှတ်မိလှဘူး။ နောက်တော့ အဘွား။ ဒီလိုပဲ တစ်ယောက်ပြီး တစ်ယောက်ခွဲသွားတော့ သေခြင်းတရား ဆိုတာကို ရွံ ကြောက်ကြီးတောင် ကြောက်ခဲ့ဖူးတယ်”

သူ့လိုပင် သေမင်း ဆိုတာကို ရန်လုပ်ချင်ခဲ့ ဖူးသော ဆယ်ကျော်သက် ဘ၀က ကာလများကို မှတ်မိပါသေးသည်။ အဲသည်တုန်းကတော့ ဘ၀ ၏နိဂုံးကို တစ်နေ့ဒီလိုပဲ အားလုံး ဖြတ်သန်းရမယ် ဆိုတာ နားမလည်တတ်သေး။ ခုတော့လည်း ကိုယ့်လက်ဖ၀ါးကိုယ်ငုံ့ကြည့်ကာ ငါ့အသက် လမ်းကြောင်းက တိုတိုလေးသိလားဟု ရယ်ပွဲဖွဲ့ ပြောတတ်လာပြန်သည်။ အချိန်ကာလ ပြောင်းလဲမှုမှာ စိတ်နှလုံးက လိုက်ပါပြောင်းလဲခဲ့ပြီ။ သို့ သော်လည်း စိတ်တွင်အခါများစွာ ကြောက်မိသည်မှာ အဖေနှင့် အမေကို ဆုံးရှုံးရဦးမည့် အချိန် ရောက်လာမှာ ဖြစ်လေသည်။

အဝေးမှာ ရှင်သန်ရသည့် အခိုက် ကျွန်မတို့ အားလုံး၏ ရင်မှာ ရှိတတ်သော အတွေးမျိုးပဲ ဆိုပါ စို့။ ဘာပဲဖြစ်ဖြစ် တမ်းတစရာ မိဘရှိနေသေး တာကပဲ ခွန်အား မဟုတ်လား။ အဆောင်မှာတော့ မိစုံဖစုံ ရှိသူဟာ ထက်ဝက်လောက်ပဲ ရှိမည် ထင်ပါသည်။ တချို့က အမေပဲ ရှိသည့်သူ၊ တချို့က အဖေသာ ရှိသည့်သူ၊ သည်အထဲကမှ မိဘ နှစ်ပါးလုံး ဆုံးပါး သွားကြသည့် သူတွေလည်း ရှိပါသေးရဲ့။ တစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်ရသော သူတို့၏ဘ၀ကို ၀င်၍ စာနာကြည့်မိသည့် အခါတိုင်း မိဘများကို တသခွင့် ရနေသေးသော ဘ၀ အတွက် ကံကြမ္မာကို ကျေးဇူးတင်ရလေသည်။
“အဝေးမှာနေရတယ် ဆိုပေမယ့် မိဘရဲ့အရိပ် က ဘာနဲ့မှ မတူအောင် အားရှိစေတယ် ဖြူဖြူရဲ့။ မြမှာတော့ အဖေ မရှိတော့ပေမယ့် အမေ့ရဲ့အရိပ် ရှိနေသေးတာပဲ ဖြေသာစရာ ဖြစ်ရတာ”ဟု တစ်ရက်မှာ သူက ပြောသေးသည်။

ကျွန်မ ရယ်မောကာ ဟုတ်ပါ့ဟု ထောက်ခံ ရသည်။ သူသုံးနှုန်းလိုက်သော အရိပ်ဆိုသည့် စကားလုံးကို နှစ်သက်ရလေသည်။သူ့စကား အလိုအရတော့ သူ့မှာ အမေအရိပ် ရှိနေသေးတာ ပေါ့။ မိန်းကလေးတို့၏ နားခိုရာ အဆောင်မှာတော့ သူက အမေချစ်သူရယ်လို့ ကျော်ကြားမြဲ။ သူ့ အမေ ဘွဲ့အလှတရားတို့ကို အသစ်အသစ်ရောက် လာသူတို့သာမက လူဟောင်းများပါ ကြုံကြိုက်တိုင်း နားဆင်ရမြဲပင်။

တစ်ခါကလည်း သူပြောပြသော အချစ် ဇာတ်လမ်းလေးတွင် အမေက အဓိက ဇာတ်ပို့ဖြစ် လေသည်။ ရန်ကုန်မြို့မှာ အလုပ် လုပ်နေရင်းက ရွေးချယ် ခင်တွယ် လိုက်လေသော ချစ်သူကို အမေက မလိုလားသောကြောင့် ချစ်လျက်နှင့် လမ်းခွဲ လိုက်ရသော ဇာတ်လမ်းလေးကို နားထောင်ရ တော့ သူ့အပေါ် တိုးလို့ စာနာရမလိုပင်။ ပြန်ပြောပြ သော သူ့မှာ မျက်ရည်တို့ ဝေ့၀ဲချင်တာ တွေ့ရသည်။

တကယ်ချစ်ရင် သတ္တိ ရှိရမှာပေါ့ဟု နားထောင်နေသူများထဲက ဆယ်ကျော်သက်မလေး တစ်ယောက်က အားမလို အားမရပြောသေး သည်။ သည်တော့လည်း သူကပြုံးမြမြပင် ပြောပြန်သည်မှာ အမေ့ကို ပိုချစ်တာကိုးတဲ့။ အင်း အမေကို ချစ်လည်း ချစ်နိုင်လှပါပေ ရဲ့။ တခြားသူ တစ်ယောက်သာ ဆိုရင်တော့ သည် လိုမှ ဆုံးဖြတ်နိုင်ပါ့မလား။ ဆုံးဖြတ်ဖို့ ခက်ခဲရင် ခက်ခဲကြမှာပေါ့။ တစ်ဖက်မှာက ချစ်သူ၊ တစ်ဖက်မှာက ချစ်ရသော မိခင်။ သူကတော့ ပြတ်သားလှစွာ အမေ့ဘက်ကို ရွေးချယ် ဦးစားပေးခဲ့သည်တဲ့။ ကျွန်မမှာသူ့ကိုသာ အားကျ ချစ်ခင်စိတ် ၀င်ရသည်။ သူ့ဘ၀ကို နားလည်စိတ် ၀င်ရပါသည်။

ကျွန်မသည် သူနှင့် ခင်မင်လှပြီဖြစ်သော်လည်း သူနေထိုင်ရာ အခန်းထဲတော့ မှတ်မှတ်ရရ တစ်ကြိမ်နှစ်ကြိမ်သာ ရောက်ခဲ့ဖူးသည် ထင်သည်။
သူ့အခန်းမှာ တစ်ယောက်ခန်း ဖြစ်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေလို သူတို့ နှစ်လိုမည့် အခန်းငယ်လေး ဖြစ်သည်။ အခန်းမှာ ရှင်းလင်း သပ်ရပ်နေပေသည်။ အ၀တ်များ အမြင် ရှုပ်အောင် ချိတ်ဆွဲထားတာလည်း ရှိမနေ။ ပစ္စည်းပစ္စယများကိုလည်း သူ့နေရာနှင့်သူ ထားသိုထားပြီး ရှင်းသန့်ကာ နေလေသည်။

စာကြည့်စားပွဲပေါ်မှာတော့ စာအုပ်များက စီရရီ။ ပန်းအိုးလေးမှာပင် နှင်းဆီပွင့်တို့က ရဲရင့် တောက်ပနေသေးသည်။ အလှအပကိုလည်း ရသည့်အချိန်ကြားက နှစ်လို ဂရုစိုက်သူဟု ဆိုရ မည်။ စာကြည့်စားပွဲမှာ သူ့အမေပုံကို မှန်ပေါင် သွင်းပြီး ထောင်ထားတာလည်း တွေ့ရပါသည်။ ဓာတ်ပုံက ဟောင်းနေပြီ။ ပြီးတော့ ဆေးသား ကလည်း အဖြူအမည်းနှင့်။ ရောင်စုံ မဟုတ်သေး။

“အခုနောက်ပိုင်း ရိုက်ထားတဲ့ ပုံမရှိဘူးလားဟင်။ သားအမိနှစ်ယောက် တွဲရိုက်ထားတာလေး ရှိရင် တင်ထားပါလား မြရဲ့”

အဲသည်လို ပြောလိုက်မိတုန်းက သူက ခပ် ဖျော့ဖျော့ပြုံးကာ နောက်ပိုင်း မရိုက်ဖြစ်ပါဘူးလို့ တီးတိုးဆိုသည်။ ကျွန်မသည် သူမ ပြောလိုသည့် အကြောင်းအရာများ ရှိလေမလားဟု ယူဆသည့် အတွက် ရှည်ရှည်ဝေးဝေး မစူးစမ်းမိတော့ပါပေ။ သို့သော်လည်း သူက စကားကို ဆက်ပြန်သည်။
“အဖေဆုံးပြီးတဲ့နောက်တော့ ဓာတ်ပုံမရိုက် ချင်တော့ဘူး ထင်ပါရဲ့။ အမေက ပြောလို့ကို မရပါဘူး။ ဒါကြောင့်ပဲ အရင်ကပုံဟောင်းလေးပဲ ကြည့်နေရတာ”ဟုဆိုတော့ ”သြော်”ဟုသာ ရေရွတ်မိခဲ့လေသည်။

အဆောင်မှာတော့ ပြောင်းရွှေ့သွားသူများက ပြောင်းရွှေ့သွားကြဆဲ။ လူသစ်များကလည်း တဖွဲဖွဲ ရောက်လာဆဲပင်။
ပညာရေးပြည့်စုံသူများက အလုပ်ရှာဖို့ ကြိုးစားဖို့ အဆောင်ကို ရောက်လာကြသည်။ တချို့ကျတော့လည်း နိုင်ငံရပ်ခြားကို အိပ်မက်တွေ အတွက် ထွက်ခွာလိုသူများ။

အပြီး ပြောင်းရွှေ့သူများကို နှုတ်ဆက်ရသလို အသစ် ရောက်လာသူများကို ပတ်သက်ကြရပြန် သည်။ အိမ်မဟုတ်သည့်အတွက် ပတ်ဝန်းကျင် နှင့် ကင်းကွာချင်၍ မရပြန်။ တစ်ခဏမှာ ဆုံရသူ ချင်း သင့်တင့်အောင် နေကြရသည်။ သည်အထဲ မှာမှ ရှားရှားပါးပါး စိတ်တူကိုယ်တူ ဆိုရမလို အဆင်ပြေပြေ ဖြစ်နေသူများကို နှုတ်ဆက်ရတော့မည် ဆိုလျှင် ၀မ်းနည်းကြေကွဲ ရမြဲပင်။

တစ်ခုသောညနေခင်းမှာ အဆောင်ကနေ ပြောင်းရွှေ့တော့မည်ဟု သူ အသိပေးသည့် အခါ ကျွန်မမှာ တအံ့တသြဖြစ်ရသည်။ သည်ကြားထဲ ဘာသံ လည်းမကြား၊ ဘာမှလည်း ကြိုပြောမထား။ ဘာကြောင့်များ ရုတ်တရက် ဆုံးဖြတ်လိုက်ပါလိမ့်။ နေထိုင်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း သံယောဇဉ်များအတွက် စိတ်မကောင်းဖြစ်ရသော်လည်း လူဆိုတာကတော့ ကိုယ်နှင့် ပိုပြီးသင့်လျော် ရာဝန်းကျင်မှာသာ ကျင်လည်လိုကြသည့် သဘောရှိ၍ နားလည်ရပြန်ပါသည်။ သူ့မှာလည်း သည်မှာထက် အဆင်ပြေသော နေရာ ရှိနေလို့ဖြစ်မှာပေါ့။ ကျွန်မ သည်သူ့ကို ထူးထူးခြားခြားမေးမနေ။
ဘာပဲဖြစ်ဖြစ် သူ့အခန်းကို နောက်ဆုံး အကြိမ် ရောက်ရလေသည်။ သူနှင့် အတူ ပစ္စည်းများ ထုပ်ပိုးပြင်ဆင်ရာမှာ ကူညီရပါသည်။

“ကျေးဇူးတင်ပါတယ် ဖြူဖြူရယ်။ မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ် ပါဘူး သိလား”

“ငါလည်း မမေ့ပါဘူး မြရယ်။ အဆောင်လည်း လာလည်လှည့်ဦးနော်။ မြပြောင်းတဲ့နေရာတော့ မသိလို့ လာမလည်နိုင်ရင် မတွေ့ဖြစ်ကြဘဲ နေဦးမယ်”

“လမ်းညွှန်ဖို့တော့ မြလည်း ပြောမပြတတ်ဘူး။ တစ်ရက်မှ လာခေါ် မယ်လေ”

သည်ခဏမှာပင် အခန်းဝတွင် အရိပ်တစ်ခုထင်လာသည်ကို တွေ့ရ သည်။ ကျွန်မ မသိသေးသော အဆောင်သူ မိန်းကလေးတစ်ယောက်သာ ဖြစ်ပါသည်။ ပြောင်းလာတာ နှစ်ရက်၊ သုံးရက်ရှိတာတော့ သိသည်။ သို့ သော် စကားပြောဆိုဖူးခြင်းမရှိသေး။ မိန်းကလေးကအပြုံးနှင့် အခန်းဝမှာ ရပ်နေလေသည်။
“မမမြက ပြောင်းတော့မလို့ဆို။ ဆုကို လိပ်စာပေးခဲ့ပါဦး”

“လိပ်စာတော့ မပြောတတ်သေးဘူး ဆုရေ။ မမလာပါ့မယ်။ နောက် တွေ့တာပေါ့”

မိန်းကလေးက အခန်းထဲ မ၀င်ဘဲ တံခါးကို မှီကာရပ်လျက်ရှိသည်။ ကျွန်မသည် မြကိုငေးကာ အသိမိတ်ဆွေဟောင်း ထင်ပါရဲ့ဟု တွေးနေလေ သည်။ မြကတော့ အထူးတလည် ဧည့်ခံလိုပုံမရပေ။ စကားရော ဖောရောပင် ပြောမနေဘဲ ပစ္စည်းများကို ဆက်တိုက်သိမ်းကာနေသည်။
ကျွန်မသည် မိန်းကလေးကို အားနာပါးနာ ဖြစ်လာကာ ပြုံးပြလိုက်မိ သည်။ အသက်ကတော့ ငယ်ငယ်ပါပဲ။ သူ့ထက်တော့ သုံးလေးနှစ်လောက် ငယ်မယ်ထင်ပါရဲ့။ မျက်နှာသွင်ပြင်ကတော့ ရိုးသားပုံပါ။ ဒါပေမယ့် မြက ဘာလို့များ စကားပြောလိုပုံမရတာပါလိမ့်။
တစ်ခဏမျှကြာတော့ မိန်းကလေးက သွားပြီနော်ဟု နှုတ်ဆက်ကာ ထွက်သွားသည်။ မြသည် ဘာကြောင့်ရယ်မသိ ပင့်သက်တစ်ချက် ရှိုက်လိုက်သေး သည်။ သူ့မျက်နှာသည် တစ်ဒင်္ဂတွင် နွမ်းလျနေပေသည်။

သို့သော် တကယ်ကို တစ်ဒင်္ဂမျှသာပါပဲ။ မိနစ်ပိုင်းမျှပင် မကြာသော အချိန်တွင် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပြန်သည်။ စကားပြောဆို နှုတ်သွက်စပြုလာ ကာ မျက်နှာမှာ ဆင်ထားမြဲအပြုံးကို မြင်ရပြန်သည်။ ကျွန်မသည် အဲသည်နေ့က သူ၏ သိုဝှက်သော မျက်နှာသွင်ပြင်ကို ခွဲခွာပြီး နောက်ပိုင်းရက်များစွာတိုင် သတိတရ ရှိနေခဲ့လေသည်။ တစ်ခုခုကို ရင်ထဲ သိမ်းထားရသော မျက်နှာ။ ဘာရယ်လို့ သိလိုလှသော်လည်း မိတ်ဆွေကောင်းတို့၏ တာဝန်အရ မပြောချင်ဘူးဟု ယူဆရသော အရာ တို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မစူးစမ်း ဖြစ်ခဲ့။ ဒါနှင့်ပင် သူ့ကို နှုတ်ဆက်ခဲ့ရသည်။

သူ မရှိတော့လည်း သူ ပြောတတ်သော အမေဘွဲ့တရားတို့ မကြားကြရတော့ပေ။ အဆောင်မှာ တချို့တချို့သောသူတို့ကတော့ သူ့ကို စကားကြုံတိုင်း သတိတရပြောကြသေးသည်။ ကြာတော့လည်း ကိုယ့်ဘ၀နှင့်ကိုယ်သာ ကျင် လည်ရသည်ဖြစ်၍ မေ့မေ့ပျောက်ပျောက် ဖြစ်စပြု ခဲ့ပေပြီ။
တစ်ရက်မှာတော့ မြကို လာနှုတ်ဆက်ခဲ့ဖူး သည့်၊ ခုအချိန်မှာတော့ ကျွန်မနှင့်လည်း မေးထူး ခေါ်ပြောဖြစ်စပြုလာသည့် မိန်းကလေးနှင့် မြ အကြောင်း စကားဆိုဖြစ်ကြဖို့ စကားဖန်လာခဲ့ပါ သည်။ အဲသည့်မိန်းကလေးက မြအကြောင်းကို တခုတ်တရ စကားစပ်လာခဲ့တာပဲ ဆိုပါစို့။

“မမနဲ့ မမမြက တော်တော်ခင်တာလား ဟင်”

“ခင်ပါတယ် ဆုရဲ့”

“ဆုတို့နဲ့တော့ တစ်မြို့တည်းမမရဲ့။ ဆုဖြင့် မမမြကို ဒီမှာတွေ့တော့ ၀မ်းသာလိုက်တာ။ ပြောင်းသွားတော့လည်း စိတ်မကောင်းဘူး။ ဆုက ဖြင့် အားကိုးရပြီဟဲ့လို့ တွေးထားတာ”

နှစ်ဆယ်ကျော်တို့၏ ဟန်အပြည့်နှင့် မိန်း ကလေးက ရွှင်လန်း တက်ကြွကာနေသည်။ ကျွန်မသည်သူ့ကို ပြုံးကြည့်နေရင်းက ဘာရယ် မဟုတ် မေးခွန်းတစ်ခု ဗြုန်းခနဲ မေးလိုက်မိသည်။
“မြက အမေကို သိပ်ချစ်တာပဲနော်။ အဆောင်မှာ အမေအကြောင်း သိပ်ပြောတာပဲ။ မြအမေက မြအပြောနဲ့တော့ သိပ်ချစ်ဖို့ကောင်းတဲ့ အမေမျိုး ထင်ပါရဲ့နော်။ ဆုနဲ့ရော သိလားဟင်”

မိန်းကလေးသည် ကျွန်မ မျက်နှာကို တအံ့ တသြ ငေးကြည့်နေသည်။ ကျွန်မမှာ စကားအပြန်ကို စောင့်နေရင်းက အဲသည်အံ့သြနေသော မျက်နှာကိုပင် တစ်ပြန်တစ်လှည့် ထူးဆန်းကာ နေမိသည်။ သူ့စကားများစွာတို့ကို နားဆင်ခဲ့ ဖူးသည့်အတွက် မိခင်ကို စိတ်ဝင်စားစိတ်ဖြင့် မေး ဖြစ်သော မေးခွန်းသည် သူ့ဘ၀၏ ကန့်လန့်ကာ တစ်ချပ်ကို လှန်မိသလို ဖြစ်ရဦးမည်ဟုတော့ အဲသည် ခဏမှာ မသိတတ်သေး။

“အမေ”

“ဟုတ်တယ်လေ။ မြရဲ့ အမေကို ပြောတာ”

“မမမြမှာ အမေမှ မရှိဘဲ။ ဦးလေး၊ အဒေါ် တွေ လက်ပေါ်မှာ ကြီးလာတာလေ။ ငယ်ငယ် ကတည်းကပဲ အမေဆုံးသွားတာ။ အဖေဆုံးပြီး နှစ်နှစ်လောက် နေတော့ အမေ ဆုံးတာပဲ ထင်ပါရဲ့။ မမမြက ၁၃ နှစ်လောက်ပဲ ရှိဦးမလား မသိဘူး”

ကျွန်မသည် ရုတ်တရက် ဘာစကားဆိုရ မှန်းမသိဘဲ မှင်တက်နေမိသည်။
“သူက အမေ ရှိသေးတယ်လို့ ပြောထားတာ လားဟင်။ အဲဒါကြောင့်များ ဆုကိုတွေ့တော့ စကား မပြောချင်တာ များလားနော်။ ပြီးတော့ ဘာ လို့များ ပြောင်းသွားသလဲ မသိဘူး။ ဘယ်ကိုများ ပြောင်းသွားလဲမသိဘူး”

မိန်းကလေးက စကားများစွာ ဆက်ပြော နေသေးသည်။ ကျွန်မသည် စကားပြန်လိုစိတ် လည်း မရှိသည့် အတွက် ငြိမ်၍သာ နေမိသည်။ မျက်ဝန်းထဲမှာတော့ သူ့မျက်နှာကိုသာ တရေးရေး ပြေးမြင်ယောင်နေဆဲ။ မိဘကို အရိပ်ဟု တင်စားခဲ့သည့်သူ။ အဖေ မရှိတော့သော်လည်း အမေ အရိပ်ရှိနေသေးလို့ နေ ပျော်သည်ဟု ပြောခဲ့သည့်သူ။ တကယ်တော့ ဘယ်အရိပ်မှ မရှိလေသည့် ဘ၀မှာ သူ ဘယ်လိုများ ရင်ဆိုင်နေခဲ့သည် မသိ။ ပွင့်လင်းစွာလည်း သိခွင့် မရခဲ့သည်ဖြစ်၍ ရံဖန်ရံခါ သူ့ကို စိတ် အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်စေခဲ့မည်ဖြစ်သော စကားတချို့အတွက် ဝေးကွာကြမှပင် စိတ် မကောင်းဖြစ်ရပါသည်။

ဘ၀နောက်ကွယ်ပုံရိပ်များကို မသိရခင်က တော့ သူ တစ်နေ့ရောက်လာဦးမလို မျှော်မိ သေးသည်။ ခုတော့ မမျှော်ချင်တော့ပြီ။ သူဘယ် တော့မှ သည်ဝန်းကျင်ကို ရောက်လာမှာမဟုတ် ဘူးဟု ကျွန်မ တွေးတတ်ခဲ့ပြီ။ အသစ် ရောက်ရှိကျင်လည် နေသော ၀န်းကျင်မှာလည်း သူသည် နားထောင်မည့်သူ ရှိလျှင် မိခင် အကြောင်းကို တသသ ပြောနေဦးမည့်သူဟု ကျွန်မ ယုံကြည်ပါသည်။
စပယ်ဖြူနု

မာမီရှိန်းမှ အပြန်

၁။
အလွန်အေးသော နိုဝင်ဘာသည် ရန်ကုန်မြို့၏ တစ်ကွက်စာ နေ့လယ်ခင်း အတွက်တော့ သူ၏ အအေးရှိန်ကို ပြောပလောက်အောင် မြှင့်တင်နိုင်ခြင်း မရှိချေ။ ဆီးနှင်းများမှာ မနက်ခြောက်နာရီခွဲ အထိသာ ခြုံလွှမ်းတတ်ပြီး ခဏနေတော့ သူ၏ခြုံလွှာကို ရုပ်သိမ်း တတ်လေသည်။ ဆောင်း၏ အအေးဓာတ်ကို ထိုးဖောက်ရန် ကြိုးစားနေသော နေက ပါပါကြီး ၀က်သားတုတ်ထိုး ဆိုင်နား တစ်ဝိုက်တွင်သာ ကွက်၍ ထိုးကျနေသလား။ သေချာသည်ကတော့ ခြေလေးချောင်းသား မစားဘဲ ၀က်သားတုတ်ထိုး ဆိုင်၏ ခုံပုကလေးတွင် နေရာယူမိသော ကျွန်မ ဖြစ်အင်က အတော်လေးကို အူကြောင်ကြောင်နိုင်လှသည်။

“လာကြနော် လာကြ၊ ပါပါတို့ တုတ်ထိုးက သူများတုတ်ထိုးနဲ့ မတူဘူး။ ပါပါတို့ဝက်က အသားဆိုလည်း တစ်နေမှ၊ အဆီဆိုလည်း အစ်နေမှ...”
ဗမာအစစ်ဖြစ်သော ၀က်သားတုတ်ထိုးသည် ပါပါကြီးက သူ့ဝသီအတိုင်း အနည်းငယ် ပိုပြောရမှ ရောင်းဝင်သည်ဟု အထင်ရှိဆဲဖြစ်သည်။ ၀က်သားအဆီ အစ် မအစ်တော့ မသိ၊ ပါပါကြီး၏ မျက်နှာမှာ အဆီတွေ ဟပ်နေပြီ။ အင်းလေ၊ နေက ပူရသည့်ကြားထဲ ၀က်သား တုတ်ထိုးဆီတွေက
အငွေ့တထောင်းထောင်းနှင့် ဆိုတော့...။ ပါပါကြီးက သူ့ဆိုင်က ဖောက်သည်တွေဖြစ်သော ကျွန်မနှင့် ယမုံကို သာသာထိုးထိုး လေချို သွေးတတ်မြဲဖြစ်သည်။ ပါပါကြီးကြွားတာ သိပ်တော့ မလွန်ချေ။ အဆောင်ပြန်ရောက်တိုင်း ယမုံမှာ စားပိုး နင့်တတ်၍ ကျွန်မ အခန်းမှ အစာကြေဆေးများကို မွှေနှောက် ရှာဖွေရမြဲ။ ယမုံသည် ပါပါကြီး၏ တုတ်ထိုးတွေ တနင့်တပိုး စားပြီးတိုင်း ကျွန်မ ခုတင်ပေါ်တွင် တအစ်အစ်နှင့် မရှူနိုင် မကယ်နိုင်ဖြစ်ရတတ်လေသည်။

သို့သော် ယမုံကတော့ သုံးနှစ်တိုင်တိုင် အဆောင်နံဘေး လမ်းချိုးကလေးရှိ လူအလွန်စည်သော ပါပါကြီး၏ ဆိုင်ကိုသာ အားပေးလျက်ရှိ သည်။ ကျွန်မ အဆောင်သို့ စတင် ရောက်ရှိစဉ် တွင် ပါပါကြီး၏ဆိုင်ဖွင့်ပွဲနှင့် ထူးခြားစွာ တိုက်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်တုန်းကတော့ ယမုံသည် ရိုးသားစွာ ၀တ်ဆင်တတ်သော ကွန်ပျူတာ ကျောင်းသူ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်က ပေါ့လေ။ ကျွန်မ အခန်းတံခါးအား ညင်သာစွာ ခေါက်လျက် မိတ်ဖွဲ့လာသော ယမုံ၏ သွင်ပြင်က မြန်မာဆန်လှသည်။ အနည်းငယ် ကပိုကရို ၀ဲကျနေသော ဆံပင်များအား သပ်ရပ်စွာ စုသိမ်းရင်းက ညာဘက် နှုတ်ခမ်းထောင့်လေး တစ်ခုသာ ကွေးညွတ်သွားအောင် ပြုံးပြခဲ့သော ယမုံနှင့် ရက် အနည်းငယ်အတွင်းမှာပင် ခင်မင်ခဲ့ရသည်။

တစ်ဆောင်လုံးတွင် ကွန်ပျူတာ ကျောင်းသူ ဟူ၍ သူမ တစ်ယောက်သာရှိခဲ့ပြီး ဆေးကျောင်း သူဟူ၍ ကျွန်မတစ်ယောက်သာ ရှိလေသည်။ မထင်မှတ်ဘဲ ကျွန်မနှင့်ယမုံ ခဏခဏ တွဲမိသွား သောအခါ အမြင်ကတ် ပုဒ်မနှင့် သေသပ်စွာ စွဲချက်တင်လိုက်သည်က ဂျီတီစီကျောင်းသူများ ဖြစ်သည်။ ထိုတုန်းကတည်းက ယမုံအား ၀က်သားတုတ်ထိုး အသည်းစွဲသူအဖြစ် ကျွန်မ အသိအမှတ်ပြုလိုက်ရသည်။

“ဟဲ့ မိနွယ်၊ ငါပြောတာမကြားဘူးလား”

အနည်းငယ်စူးသော ယမုံ့ အသံကြားမှ ကျွန်မ၏ ယခင်ယမုံအား လွမ်းဆွတ်ခွင့်ကို ပိတ် ပင်လိုက်ရသည်။ ယခု ယမုံ၏ အနည်းငယ် ဆွဲဆောင်မှုရှိနေသော သွင်ပြင်အား မေ့လျော့ထား ဖို့တော့ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်မ သတိရ လိုက်ရပါသည်။
“နင် ဘာပြောလိုက်တာလဲ ယမုံ၊ ငါ မကြားဘူး”

“ငါတို့ ဒါပြီး ဘယ်သွားကြမလဲလို့”

“ဘယ်သွားမလဲ၊ အဆောင်ပြန်မှာပေါ့”

ယမုံက ကျွန်မ လက်မောင်းအား အသာလှုပ်ကာ နှုတ်ခမ်းစူစပြုပြီ။ အင်းလေ။ ကျွန်မတို့ နောက်ဆုံးနှစ်အပိုင်း(က) စာမေးပွဲလည်းပြီးတာ သိပ်မကြာသေး ဆိုတော့ ယမုံ့ အလိုကို ကျွန်မ လိုက်လျောနိုင်ပါသည်။
“ကဲ ဟုတ်ပြီ၊ ယမုံ နင်ဘယ်သွားချင်လဲ” ယမုံက အနည်းငယ်တွေဝေရင်းက အညို ရင့်ရောင် ဆေးကူထားသော သူမ ဆံပင်လိပ်လေး များအား လက်ချောင်းကလေးများဖြင့် အသာထိုး ဖွနေသည်။ အလွန်နက်မှောင်သော မျက်နက်ဝန်း ပိုင်ရှင် ယမုံက သူမ၀တ်ဆင်ထားသော အပြာနု ရောင်ဘလောက်စ်နှင့် လိုက်ဖက်အောင် အိုင်းရှဲဒိုး အပြာရောင်ကို လိမ်းခြယ်ထားလေသည်။

Mascara အကူဖြင့် ရှည်လျား ကော့သွယ်သော မျက်တောင် ကလေးများမှာ အရည်ရွှန်းလဲ့ သော နှုတ်ခမ်းသားပေါ်မှာ ပန်းနုရောင် နှုတ်ခမ်း ဆီနှင့် တွဲဖက်ကြည့်တော့ အလွန် ဆွဲဆောင်မှုရှိ သွားလေသည်။ ခဏနေတော့ ယမုံက အဖြေရ သွားဟန်ဖြင့် လက်ဖျောက်တီးလေသည်။ ထို့ နောက် ရုတ်တရက် ထရပ်လိုက်တော့ ယမုံ နောက်ကျောနား ကျွန်မ သိသိသာသာကြီး ကပ် လိုက်ရသည်။

“နင်နဲ့ငါ တစ်ခါမှ မသွားဖူးတဲ့ နေရာတွေ သွားမယ်”
နံဘေးမှ ၀က်သားတုတ်ထိုးကို အငမ်းမရ အရသာခံစားနေသော ယောက်ျားတစ်သိုက်က ယမုံ့ပေါင်တံတွေဆီ မျက်လုံးတွေရောက်လာ သည်ကိုပင် ကျွန်မမှာ စိုးရိမ်မကင်း ဖြစ်ရပြန် သည်။ ယမုံ ဒီမျိုးပုံစံတွေ ၀တ်တတ်လာတာ သိပ်မကြာသေးပါ။ မြန်မာဆန်စွာ ကြော့ရှင်း လှပနေသော ယမုံက အနောက်တိုင်းဆန်စွာ ဆွဲဆောင်ချင်လာသော အတတ်ကို ဘယ်သူ့ဆီက များ တတ်မြောက်ခဲ့ပါလိမ့်။

“ကဲ ယမုံ လာ၊ လောလောဆယ် အဆောင် ပြန်ရလိမ့်မယ်”
ယမုံက ကျွန်မ မျက်ရိပ်ပြသည်ကို နား မလည်သေးပေ။ ကောင်လေးတစ်သိုက်က အားမနာတတ်စွာ လှောင်တော့မှ ယမုံ မျက်နှာတွေ ချက်ချင်း ရဲတွတ်သွားသည်။ ကျွန်မတို့ထက် နှစ်နှစ်၊ သုံးနှစ်ခန့်ငယ်မည့် လူပျိုပေါက် အရွယ် ကောင်လေးတွေ၏ လှောင်ပြောင်သံအား ပါပါ ကြီး၏ ထည်ဝါခံ့ညားသော အသံကလွှမ်းသွားခဲ့ လေသည်။
“လာကြနော် လာကြ၊ ပါပါတို့ဝက်က သူ များနဲ့ကို မတူဘူး၊ အသားဆိုလည်း တစ်နေမှ၊ အဆီဆိုလည်း အစ်နေမှ...”

၂။
“ဒီလောက်တိုတဲ့ စကတ်မျိုး နင်မ၀တ် သင့်ဘူး ယမုံရယ်”

“ခု ဘယ်လိုလုပ်ကြမလဲ၊ ဟိုကောင်တွေကလည်း ကိုယ့်အစ်မ အရွယ်ကို...“

ယမုံက အရှက်ကြီးစွာ ရေရွတ်တော့မှ ကျွန်မ အနည်းငယ် စိတ်သက်သာရသွားသည်။ ယမုံ့ဆီမှာ အရှက်တရားကတော့ ကျန်နေသေးသည်။ ယမုံ့အား နှစ်သိမ့်လိုက်ပြီး ခဏနေတော့ ကျွန်မ ယမုံ့ အစီအစဉ်ကို သဘောတူ လိုက်ပါသည်။
ရန်ကုန်မြို့၏ အထင်ကရ လည်ပတ်စရာ အားလုံးလိုလိုကို ကျွန်မ ယမုံနှင့် အတူသွားဖူး သလောက် သုံးနှစ်ကျော်သည့်အထိ ယမုံနှင့်တွဲ ၍ ရုပ်ရှင်မကြည့်ဖူးချေ။ ထို့ကြောင့် သမ္မတရုံတွင် ရုပ်ရှင်ကြည့်မည်ဟူသော ယမုံ၏ အဆိုတင်သွင်း ချက်ကို ကျွန်မ လျင်မြန်စွာ ခေါင်းညိတ်သဘော တူလိုက်သည်။

“မာမီရှိန်း ညနေပွဲနော်၊ လာ ခုပဲသွားမယ်”

ယမုံရော ကျွန်မပါ ဂျင်းဘောင်းဘီ ၀တ် ဆင်လိုက်သည်။ ရုပ်ရှင်ကြည့်သည်ဆိုတော့ လုံခြုံဖို့တော့ လိုအပ်မည်။ ယမုံကတော့ တစ်ခါသေ ဖူး၍ ပျဉ်ဖိုး နားလည်သွားသည်။ သို့သော် စိတ် လွတ်ကိုယ်လွတ်ပင် စကတ်အား သည်အတိုင်း ကြမ်းပြင်ပေါ် ပုံချထားသည်။
သူမ စကတ်အား အသာခေါက်၍ ကျွန်မ အ၀တ်ခြင်းထဲတွင် ထည့်လိုက်ပြီးမှ အခန်းတံခါး ဘုလုံးကို အသာနှိပ်လိုက်သည်။

၃။
ဆောင်းဝင်ပြီမို့ နေ့တာတိုကာ အနည်းငယ် မှောင်စပြုပြီ။ သမ္မတရုပ်ရှင်ရုံရှေ့တွင် ပျားပန်း ခတ်မျှ စည်ကား လှုပ်ခတ်၍ အသက်ဝင်နေ သည်။ တောင့်တင်းစ ပြုနေသော လူတစ်စုအား ကျော်လွန်ပြီးမှ လက်မှတ်ကောင်တာရှေ့တွင် စီ တန်းနေသော လူအုပ်နားအစဉ်လိုက် တန်းစီလိုက် ရသည်။
ကျွန်မကတော့ အနည်းငယ် ကြော့ရှင်းသော ဆယ်ကျော်သက်ကလေးမ၏ နောက်နားတွင် အသာရပ်လိုက်သည်။ ယမုံကတော့ ကျွန်မနောက် တွင်ရပ်လျက် အပြင်ဘက်ရှိ အုံကြွနေသော လူထုအား အသာငေးမောနေလေသည်။

ဗလာကျင်းထားသော ကျောပြင်ညိုညိုတွင် လိပ်ပြာပုံသဏ္ဌာန် စတစ်ကာလေး ကပ်ထားသော ကောင်မလေးက ကျွန်မဘက်သို့ ရုတ်တရက် လှည့်လိုက်ပြီးမှ ကျွန်မ ခြေဖမိုးပေါ် အသာနေရာ ယူထားသော သူမ၏ဒေါက်ဦးချွန်အား ဖယ်ရှားရန် သတိရလေသည်။
“ဆောရီးနော် အစ်မ”

ကျွန်မက ယောင်ယမ်း၍ အလျင်အမြန် ခေါင်းညိတ်ပြလိုက်မိသည်။ အမှန်တော့ ကျွန်မ ခြေဖမိုးတွေ အတော်နာကျင်သွားသည်။ ခဏနေတော့ “ဆောရီး” ဟူသော အနောက်တိုင်း စကားအား လျှာဖျားတွင် ပေါ့ပါးစွာတင်၍ ဦးထုပ် နောက်ပြန်ဆောင်းထားသော ရက်ပ်ပါဒီဇိုင်းနှင့် ကောင်လေးတစ် ယောက် ရောက်လာပြန်သည်။
“ဆောရီး ချစ်လေး။ ကိုယ်နောက်ကျသွားတယ်”

ကောင်လေးက အားမနာတတ်စွာပင် ကျွန်မရှေ့သို့ လျှောခနဲ ၀င်လာ ရပ်တော့ ကောင်မလေး၏ နှုတ်ခမ်းတစ်တောင်လောက် စူထွက်သွားသည်။ ခဏနေတော့ “ဆောရီး” ဟူသော စကားတစ်လုံးစ နှစ်လုံးစ ကြားပြီးနောက် သူတို့ချင်း ပြေလည်သွားကြသည့် အထိမ်းအမှတ်ဖြင့် ကောင်လေးက ကောင် မလေးအား နောက်မှနေ၍ သိုင်းဖက်လိုက်သည်။

ကျွန်မ မျက်နှာပျက်သွားသည်ကို ထိန်းရန်ကြိုးစားလိုက်တော့ အနည်းငယ် နောက်ကျသွားသည်။ လက်မှတ်ကို အေးအေးဆေးဆေးမှ ၀ယ်လိုဟန် တူသော သို့မဟုတ် ကြိုတင် လက်မှတ်ဝယ်ထားပြီးဟန် တူသော လေးဆယ်ကျော် အမျိုးသမီးက ကျွန်မအား ရယ်မောပြရင်းက လက်ဟန်ခြေဟန်ပြသည်။
“အဲဒါ ဘာလဲဟင် ယမုံ”

အရိပ်ပြ၍ အကောင်မထင်နိုင်သော ကျွန်မအား ယမုံက တိုးတိုးလေး ကပ်ပြောမှ ကျွန်မ ခေါင်းနားပန်းကြီးသွားသည်။ ထို့နောက် အတွဲတွေ့တိုင်း ကျွန်မ သတိထားကြည့်ဖို့တော့ လိုလိမ့်မည်။ အများစုသော စုံတွဲတွေက ရုပ်ရှင်ပြသခြင်းကို စိတ်ဝင်စားတာ မဟုတ်ဘူးတဲ့လေ။ ပိတ်ကားပေါ်မှ ဆေးရောင်စုံခင်းကျင်းထားသော ရုပ်ရှင်ပြကွက်များထက် သူတို့ဘာကို ပို၍ စိတ်ဝင်စားကြမလဲ။ အတွဲဗေဒကို ကျွန်မ နားမလည်ပါ။ သို့သော် အနောက်တိုင်း ဆန်လွန်း သော ကောင်မလေးနှင့် သူ၏ကောင်လေးအား နားလည်ဖို့ကိုတော့ အလျင် အမြန်ကြိုးစားလိုက်ရသည်။

ခဏနေတော့ လက်မှတ်ကောင်တာဖွင့်၍ လက်မှတ်ရောင်းလေသည်။ ယမုံက ကျွန်မလက်ကို ဆုပ်ကိုင်ထားရင်း “ဘယ်လောက်တန်းက ကြည့်မလဲ” ဟူ၍ မေးလေသည်။ ကျွန်မတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အတူတ ကွရုပ်ရှင်ကြည့်ဖူးခြင်းလည်း ဖြစ်ပြန်၊ မာမီရှိန်းကိုလည်း လွတ်လပ်စွာခံစား ကြည့်ရှုလိုစိတ်ကြောင့် အတွဲအများစုထိုင်လေ့ရှိသောSuper Lodge တန်းအား ရွေးချယ်လိုက်သည်။
“မိနွယ် ငါ နေကြာစေ့ သွားဝယ်ဦးမယ်၊ နင် ဘာစားဦးမလဲ”

“နေကြာစေ့ပဲ စားမယ်”

လူအုပ်မှာ ပိုမိုသိပ်သည်းလာ၍ ယမုံ ကြားနိုင်ဖို့ ကျွန်မအသံကို အနည်း ငယ်မြှင့်ထားရင်းက အော်ပြောရလေသည်။ ကျွန်မကတော့ လှေကား အောက်ခြေနားက နံရံကိုမှီလျက် အသာရပ်နေပြီးမှ လူအုပ်အား အကဲခတ်ရန် ကြိုးစားရသည်။ တချို့က လက်မှတ်ကောင်တာနား စုရုံးရုံး၊ တချို့က မုန့် ဆိုင်နား၊ တချို့ကတော့ ရုံအပြင်ဘက်တွင် စုဝေးနေလေသည်။
“နေတိုး ပါပါတယ် အဘွားရဲ့၊ အဘွားကို ကြည့်စေချင်လွန်းလို့ပါ”

“နေတိုး တကယ်ပါတာနော်”

ကျွန်မရှေ့ မလှမ်းမကမ်းတွင် အသက်ခုနစ်ဆယ်အရွယ် အဘွားအိုက သွားမရှိတော့သော သွားဖုံးများပေါ်အောင် ပြုံး ရင်းက မြေးမနှစ်ယောက်အား လှမ်းမေးလိုက်လေ သည်။ နေတိုးကို အတော်လေးကြိုက်၍ ရုပ်ရှင်ရုံ ထိ အားပေးတာပဲ ဖြစ်မည်။ အဘွားနှင့် မြေးမ နှစ်ယောက် ကျွန်မရှေ့မှ တရွေ့ရွေ့ထွက်ခွာချိန် တွင် လက်မှတ်ဝယ်ပြီးဟန်တူသော အမျိုးသမီး သုံးယောက်နှင့် ကလေးတစ်သိုက်က လှေကား နားလာရပ်သည်။
“ကလေးတွေက ကြည့်ချင်တယ်ဆိုလို့လေ။ ဒါကိုယ့်ရပ်ကွက်ထဲက ကိုယ်ချစ်ရတဲ့ ကလေး တွေ”

ကလေးချစ်ဟန်တူသော အဒေါ်ကြီးက မြန်မမာရင်ဖုံးနှင့် အရောင်မွဲသော ပွင့်ရိုက်ထမီ အား ၀တ်ဆင်ထားလေသည်။ သူမ နံဘေးရှိ အမျိုးသမီး နှစ်ယောက်ကတော့ အနည်းငယ် ဟိုက်သော ရင်ဘတ်ပေါ်တွင် နှစ်ပင်လိမ်ရွှေ ဆွဲကြိုး ခပ်တုတ်တုတ်အား စိန်လော့ကတ်ဖြင့် တွဲစပ်ကာ ၀တ်ဆင်ထားသည်။
“သမီးတို့ရေ ဘာစားကြမလဲ”

ကလေးတွေက သူတို့စားချင်တာကို တစ်ယောက်တစ်ပေါက် ၀ိုင်းအော်သည်။ ခဏ နေတော့ ကလေးတစ်သိုက်နှင့် ရိုးရှင်းသော ၀တ်စားဟန်ရှိသည့် အဒေါ်ကြီးက မုန့်ဆိုင်နားသို့ တရွေ့ရွေ့တိုးဝင်နေလေသည်။ ကျွန်မနား ရပ် ကျန်ရစ်နေသော အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်က နှုတ်ခမ်းအား လက်ဖ၀ါးဖြင့် အသာကွယ်ကာ ခပ်အုပ်အုပ်ပြောသည်။

“အလကားကောင်မ၊ သူမို့ ဒုက္ခခံပြီး ရပ်ကွက်ထဲက ကလေးတွေကို ရုပ်ရှင်အလကား လိုက်ပြသတဲ့။ မကြားဖူးပေါင်”

“လင်ပစ်သွားတော့ ကြောင်သွားပုံရပါတယ် ဟယ်၊ ဘာတဲ့ လေကျယ်လိုက်သေးတယ်လေ၊ ရုပ်ရှင်ရုံဆိုတာ အမျိုးသားရေး စိတ်ဓာတ်နဲ့ အကျင့် စာရိတ္တအတွက် ယှဉ်ထိုးစရာ နေရာပဲတဲ့။ ကလေး တွေကို သင်ပြပေးဖို့ အကောင်းဆုံးနေရာဆိုပါ လား”

အမျိုးသမီးနှစ်ယောက်၏ ခပ်အုပ်အုပ်ရယ် သံက အနည်းငယ်ကျယ်သွားသည်။ ခပ်ဝေးဝေး တွင် ကလေးတစ်သိုက်၏ တောင်းဆိုချက် အားလိုက်လျောနေသော အဒေါ်ကြီးကို ကျွန်မ တိတ်တဆိတ် ထောက်ခံလိုက်ပါသည်။ လူတွေ ဘာလို့ ရုပ်ရှင်ကြည့်ကြသလဲ။ အပန်းဖြေဖို့ တစ်ခု တည်းလား။ စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ အတွက်လား။ ရုပ်ရှင်ပြကွက်တွေဆီက သူတို့ ဘာကို သင်ယူကြဖို့လဲ။ သို့မဟုတ် ရုပ်ရှင် ကြည့်ပရိသတ်များထံမှ ဘယ်လို သင်ယူနိုင်စရာ တွေရမလဲ။ ယမုံက နေကြာစေ့နှစ်ထုပ်နှင့် ရေသန့်ဘူး အားမြှောက်ပြကာ အနားရောက်လာတော့မှ ကျွန်မ အတွေးစတွေကို ဖြတ်တောက်ပစ်လိုက်ရ လေသည်။

၎။
Super Lodgeတန်းတွင် ကျွန်မတို့နှစ် ယောက်ထိုင်မိတော့မှ ဘယ်ဘက်တန်းတွင် ထိုင် နေသောအတွဲအား သတိရမိသည်။ အစောက ကျွန်မ လက်မှတ်ဝယ်ရန် စီတန်းစဉ် “ဆောရီး” ကို ထည်လဲ သုံးတတ်သောအတွဲဖြစ်သည်။ ထို့ နောက်Super Lodge တန်းအားရွေးချယ်ဖြစ်ပြီးမှ နောင်တရသွားပါသည်။

ညာဘက်ခြမ်းမှအတွဲ၏ တီးတိုးရေရွတ်သံ သည် ကြော်ငြာရပ်နားချိန်နှင့် တိုက်ဆိုင်သွား၍ အနည်းငယ် ဟိန်းထွက်လာသည်။
“သူတို့ နှစ်ယောက်က ဘာတွေလဲဟင် မောင်”
“.....”
ယမုံရော ကျွန်မပါ ဘုရားရေဟု အသံ ထွက်တမိသွားသည်။ ထို့နောက် ဤနေရာကို ရွေးချယ်မိသည့် အတွက် ယမုံက ကျွန်မကို အပြစ် တင်ပါသည်။ ယမုံသိပ်တော့ အပြစ်မတင် လိုက်ရပါ။ နိုင်ငံတော် အလံအား အလေးပြုချိန် နှင့် တိုက်ဆိုင်သွား၍ ဖြစ်သည်။
ကျွန်မတို့နှစ်ယောက်ရပ်၍ အလေးပြုရန် ငြိမ်သက်နေစဉ်တွင် ဘယ်တောင်ပံမှ အတွဲက ထိုင်ရာမှ မထချေ။ ရှေ့ခုံတော်တော်များများက ပါ မထကြ။ တချို့ကတော့ တစ်ဝက်တစ်ပျက် တည်းသာ လွှင့်ထားသော နိုင်ငံတော် သီချင်းကိုပင် လေးစက္ကန့်မျှရပ်၍ အလေးမပြုနိုင်။ ထပြီးမှ ရုတ်တရက် ပြန်ထိုင်ကြလေသည်။

ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်း တစ်ဝက်မျှသာ လွှင့်သည်။ အခုမှမဟုတ်။ ကျွန်မ မိဘ တွေနှင့် အတူကြည့်ဖူးစဉ်ကလည်း ထိုအတိုင်း သာဖြစ်သည်။ ဘာဖြစ်လို့များ တစ်စိတ်တစ် ဒေသမျှသော သီချင်းအတွက် စက္ကန့်ပိုင်းလောက် တောင် အချိန်မပေးနိုင်ကြပါလိမ့်။ သို့မဟုတ် ထိုင်ခုံတွေမှာ ရုတ်တရက် ထရပ်လို့ မရသည့် ပြဿနာများ ရှိလို့လား။ ဒါမှမဟုတ် အလေးမပြု သူများမှာ မြန်မာနိုင်ငံသားတွေ မဟုတ်ကြလို့ လား။
အင်းလေ။ ဒါ ကျွန်မ စစ်တမ်းကောက်ရမည့် အလုပ်မှ မဟုတ်ဘဲ။ ကျွန်မက သာမန်ဆေး ကျောင်းသူသာဖြစ်၍ မတ်တတ်မရပ်နိုင်သော လူတချို့၏ အကြောင်းပြချက်အား သိခွင့်ရနိုင် မှာ မဟုတ်ပေ။

ခဏနေတော့ ရုပ်ရှင်ပြသလေသည်။ ကျွန်မကိုယ် ကျွန်မ ရုပ်ရှင်ထဲ စိတ်နှစ်နိုင်တော့မည် ထင်ပြီးမှ အလွန်လွဲမှားသွားသည်။ ဘယ်တောင်ပံမှ ကောင်မလေး၏ ကျောပြင်အား လှစ်ခနဲမြင် လိုက်ရသည်။ မမြင်မိအောင် ကြိုးစားရန် ကျွန်မ ခေါင်းနှင့် နောက်ကျောအား ခုံနောက်မှီဆီ တအားဖိကပ်ထားလိုက်ရသည်။

ဇာတ်ရှိန်မြင့်လာသောအခါ တ၀ါးဝါးနှင့် ပရိသတ်၏ ရယ်သံကပျံ့လွင့်လျက်ရှိသည်။ မိ သားစုသံယောဇဉ်ကြီးလွန်းရှာသော မာမီရှိန်း၏ ခေါင်းဆောင်မင်းသားဖြစ်ခွင့်မရသေးသော ဖြစ် အင်ထဲ စီးမျောရင်းက ကရုဏာသက်ဝင်မိစဉ်
“ယမုံ ရော့၊ ကြွပ်ကြွပ်အိတ်”
“ဘာလဲ” ဟူသောအကြည့်ဖြင့် ယမုံက မျက်ခုံးလေးတွေပင့်ကာ မေးလိုက်သည်ကိုပင် မှောင်နေသောဝန်းကျင်မှာ မနည်းကြီး အရိပ်ဖမ်း လိုက်ရပါသည်။
“အခွံတွေ သည်ထဲထည့်”

ယမုံက ကိုက်လက်စနေကြာစေ့အား နှုတ်ခမ်းတွင် အသာတေ့ရင်းက ကျွန်မ ကမ်းပေး လိုက်သော ကြွပ်ကြွပ်အိတ်အား အသာပုတ်ချ လိုက်လေသည်။
“မိနွယ် သူများတွေလည်း အောက်ကိုပစ်ချ နေတာပဲ။ မပူပါနဲ့။ သန့်ရှင်းရေးသမားတွေ ရှိ တယ်”

ဘုရားရေ။ အများစုသော ရုပ်ရှင်ကြည့်သူ တွေ၏ စိတ်ထဲမှာ သန့်ရှင်းရေးသမားတွေ၏ အလုပ်ဟု ယူဆပြီး ပြီးစလွယ်အမှိုက်ပစ်နေကြ တာ ဆယ်စုနှစ်ဘယ်လောက်တောင်တိုင်ခဲ့ပြီလဲ။ သန့်ရှင်းရေးဆိုတာကကော စက်ရုပ်တွေမှမဟုတ် ရဘဲ။ သွေးနှင့်သားနှင့် တည်ဆောက်ထားသော သန့်ရှင်းရေးလုပ်သားတွေက ရုံတစ်ရုံလုံးရှိ ရှုပ်ပွ နေသော နေကြာစေ့ခွံတွေအတွက် ဘယ်လို အတွေးတွေလွယ်ပြီး တံမြက်စည်း ကိုင်နေကြ မလဲ။ သေချာတာကတော့ သူတို့ စိတ်ညစ်တတ် မှာပါပဲ။

ကျွန်မကတော့ ရုပ်ရှင်ကြည့်တိုင်း ကြွပ်ကြွပ်အိတ်ဆောင်သွားသည်။ ကြွပ်ကြွပ်အိတ်တွေ တရားဝင်သုံးစွဲခွင့်ပြုစဉ် အချိန်တွေတုန်းကပေါ့လေ။ စားပြီးသားနေကြာစေ့ခွံများကို အိတ်ထဲတွင်ထည့်ပြီးမှ လက်ကကိုင်ဆောင် တတ်မြဲဖြစ်သည်။
“ယမုံရယ် သန့်ရှင်းရေးသမားတွေ သက်သာအောင် နင် ဒီအိတ်ထဲ ထည့်လိုက်ပါနော်။ စင်ကာပူမှာ အမှိုက်ပစ်ခွင့် မရှိတာထက် နိုင်ငံသားတွေ ကပါ လိုက်နာနိုင်လို့ သူတို့နိုင်ငံတိုးတက်တာ”

“ဒါ မြန်မာပြည် မိနွယ်”

ပိတ်ကားပေါ်ရှိ ဆေးရောင်စုံရုပ်ရှင်၏ ဆေးသားများ ပြယ်လွင့်၍ ကျွန်မ မျက်လုံးထဲ ဘာမျှမမြင်နိုင်တော့လောက်အောင်ထိ ယမုံအတွက် ကျွန်မ ထိခိုက် ကြေကွဲသွားပါသည်။ မာမီရှိန်း ဇာတ်ကား၏ ဟာသစွက်သော ဒရာမာ ခံစားမှုအား စီးမျောရန် ကြိုးစားရင်းက ယမုံ နေကြာစေ့ ဆက်မစားတော့ တာသိနေရသည်။ ယမုံနှင့် ရုပ်ရှင်ကြည့်ဖို့ ထွက်လာတာ မှားသွားပြီလား။ ယမုံနှင့် ကျွန်မဆီမှာ ကွဲပြားခြားနားတာ တက္ကသိုလ်တက်တာလောက်ပဲဟု ကျွန်မ ကံသေကံမတွက်ထားဖူးသည်။ ရုပ်ရှင်ရုံထဲတွင် နောက်ထပ်ကွဲပြားမှု ရှိမှန်း ကျွန်မ အရင်တုန်းက မတွေးမိဖူးချေ။
ကျွန်မ အနည်းငယ် လှုပ်လိုက်တော့ ယမုံ့လက်ဖမိုးနှင့် ထိခတ်သွားသည်။ သုံးနှစ်တာကာလတွင် ယမုံလက်ဖမိုးတွေ အေးစက်တောင့်တင်းနေ သည်ကို ကျွန်မနာကျင်စွာ ခံစားမိဖူးသော ပထမဆုံးအကြိမ်လည်း ဖြစ်ပါ သည်။

၅။
ရုပ်ရှင်ပြီးစအချိန်တွင် လူတချို့ထိုင်ရာမှ ထကာထွက်စပြုနေပြီ။ ခဏနေလျှင် မီးတွေလင်းလာလိမ့်မည်။ ဘယ်တောင်ပံမှ အတွဲကတော့ လျင်မြန်စွာဆင်းသွားသည်။ ကျွန်မနှင့် ယမုံကတော့ ငြိမ်သက်ဆဲဖြစ်လေ သည်။
ခဏနေတော့ သမ္မတရုပ်ရှင်ရုံ၏ သီချင်းက မီးဖွင့်လိုက်သည့်နှင့် တိုက် ဆိုင်စွာထွက် အန်လာသည်။ သီချင်းသံကို နားစွင့်ရင်းနှင့်ပဲ နေရာတိုင်းလို လို ပြန့်ကျဲနေသော နေကြာစေ့အခွံများက ကျွန်မ မအတွေးထဲသို့ ၀င်လာ သည်။ သမ္မတရုံ၏ ခမ်းနားသပ်ရပ်သောအနေအထားကို ရာနှင့်ချီသော လူတွေက နှစ်နာရီခွဲ၊ သုံးနာရီအတွင်းမှာပင် နေကြာစေ့ခွံများဖြင့် တည်ဆောက် ထားသော အနိဋ္ဌာရုံတစ်ခုအား ဖန်တီးလိုက်ကြသည်။
ထို့နောက် မိနစ်ပိုင်းအတွင်းမှာပင် သန့်ရှင်းရေးလုပ်သားတွေက ထို နေကြာစေ့အခွံများအတွက် တစ်တန်းပြီးတစ်တန်း လှည်းကျင်းကြရဦးမည်။ ယမုံသည် နေကြာစေ့ခွံတွေအား ခပ်ဖြည်းဖြည်း ငေးစိုက်ကြည့်နေရင်းက လှေကားထစ်တွေကို ခက်ခဲစွာ ကျော်လှမ်းနေသည်။ ရုံထဲမှအထွက် ယမုံ စကားအား ပြန်လည် သတိရသွားသည်။ ဒါ မြန်မာပြည် မိနွယ်တဲ့လေ။

ပလူပျံသလို ထွက်အန်လာသော လူအုပ်ထဲမှ ဖော့ဘူးလေး ကိုယ်စီကိုင် ထားသော အမျိုးသမီးနှင့် ကလေးတစ်သိုက်။ သူတို့ ဖော့ဘူးလေးတွေထဲ တွင် နေကြာစေ့ခွံများကို တွေ့ရတော့ ကျွန်မ ကြည်နူးသွားရသည်။ အမျာ စုသော ပေတံတွေ၏ တိုင်းတာမှုတွေ ပြောင်းလဲနေချိန်မှာ သူတို့ကတော့ မြန်မာပြည်၏ အလွန်တန်ဖိုးရှိသော ရုပ်ရှင်ကြည့်ပရိသတ်များဖြစ်လိမ့်မည်။

ပတ်ဝန်းကျင်၏ ဂေဟစနစ်အား ထိခိုက် စေသော ကြွပ်ကြွပ်အိတ်ကိုပင် မသုံးချေ။ အင်း လေ။ ကျွန်မတို့ မြန်မာတွေဆီမှာ ကြွပ်ကြွပ်အိတ် ၀သီက နှစ်ပေါင်းများစွာ စွဲကပ်လာခဲ့တော့ ချွတ်ဖို့ အနည်းငယ်တော့ ခဲယဉ်းနေသည်။ ယမုံ လှမ်းခေါ်တော့မှ ကျွန်မ အတွေးတွေကို သော့ခတ်လိုက်ရပါသည်။ နောက်တစ်ပွဲ အတွက် လူအုပ်က ကြိတ်ကြိတ်တိုးနေကြသလို တချို့ကလည်း ရုပ်ရှင်ကြည့်ပြီး၍ အိမ်ပြန်ရန် တက္ကစီတွေကို ဈေးဆစ်နေသည်။ ကျွန်မတို့ငှား ဖြစ်သော တက္ကစီကတော့ သမ္မတနှင့် ဝေးရာ သို့ ဘီးလှိမ့်စပြုပြီ။

“ရုပ်ရှင်ရုံဆိုတာ အမျိုးသားရေး စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တအတွက် ယှဉ်ထိုးစရာနေရာပဲ” ဟုယူဆသော အမျိုးသမီးကြီး၏ အတွေးအား ထောက်ခံ လိုက်ရင်းက အနည်းငယ် ဆို့နင့်သွား သည်။ ကျွန်မတို့ မြန်မာပြည်တွင် လေးနက်စွာ တွေးခေါ်တတ်သူတွေ အလွန် ရှားသွားပြီဟူသော အတွေးကြောင့် ဖြစ်ပါသည်။

၆။
ဆောင်း၏ အအေးဓာတ်က ပိုကဲလာသည်။ ယမုံနှင့် ကျွန်မ တစ်စက်ကလေးမှ မဆုံဖြစ်သည် မှာ သုံးရက်မျှသာရှိပြီ။ အခြားအခန်းအဖော်များ၏ အနည်းငယ် စပ်စုသော အကြည့်မျိုးကို တွန်းလှန် ရင်းက ကျွန်မ ပိုလို့ ကြေကွဲရပါသည်။
တအုံနွေးနွေး ခံစားမှုက လောင်မြိုက်စေခဲ့ချိန် တွင်တော့ “မာမီရှိန်း”မှအပြန် ယမုံ မျက်လုံးအိမ် များ စိုစွတ်နေကြောင်း ဖန်တလဲလဲသတိရမိဖြစ် သည်။ ယမုံ ကွန်ပျူတာတွေနှင့် အလုပ်ရှုပ်ချင်လျှင် အပြင်ထွက်ရတတ်သည်။ သို့သော် သူမ အပြင်မထွက်ခဲ့ပါ။ ဆေးပညာကို စိတ်ဝင်စား သော ယမုံက ကျွန်မ အခန်းအတွင်းရှိ အရိုးစုနှင့် ပတ်သက်၍ သူမ သိလိုရာဟူသမျှ မေးမြန်း မဲ ဖြစ်သည်။

ကျွန်မ ဘာသာရပ်ထဲ သူမ ပျော်ဝင်၊ သူမ အိပ်မက်တွေထဲ ကျွန်မ ပျော်ဝင်ခဲ့ဖူးကြသည်ချည်း။ အနည်းငယ်အငြင်းပွားစရာမရှိခဲ့လောက် အောင်အထိ အပြန်အလှန်ပျော်ဝင်ဖူးသည်။ ညနေ တိုင်း ၀က်သားတုတ်ထိုး အာသာပြေ စားလိုက် ရမှ နေသာဟန်ရှိသော ယမုံတစ်ယောက် အခန်း ထဲ ဘယ်လိုအင် အားတွေနှင့်များ သုံးရက်တိုင် တိုင် အောင်းနိုင်ပါလိမ့်။

ထို့နောက်တွင် ကျွန်မအတွေးအတွက် အသံထွက်ရယ်မောမိပါသည်။ ကျွန်မက တံခါး စခေါက်ဖို့တော့ လိုမည်။ တံခါးခေါက်ရန် ကျွန်မ ဘယ်လက်ကို အသုံးပြုရမလား။ သို့သော် အနည်းငယ်ထုံကျင်နေသော ညာလက်ကိုသာ ရွေးချယ်လိုက်ပါသည်။ အညိုရောင်တံခါးချပ်ဆီ ကျွန်မ ညာဘက်လက်ချောင်းလေးတွေကို အသာကွေးကာ လက်ဆစ်ဖြင့် ချိန်ရွယ်လိုက်သည်။
စိတ်ကောက်နေသော သူငယ်ချင်းကို ချော့မြှူဖို့ တံခါးဘယ်နှချက်ခေါက်ဖို့ လိုအပ်လိမ့်မလဲ။ တစ်ချက် နှစ်ချက် သုံးချက်။ တံခါး မပွင့်သေးပါ။ နောက်ထပ် နှစ်ချက်လောက်တော့ ကြိုးစားကြည့်မည်။

ရုတ်တရက် အညိုရောင်တံခါးချပ်၏ သံရှည်ဆွဲပတ္တာအိုသံကြားမှ ခါးထောက်၍ ပြုံး ရန် ကြိုးစားနေသော ယမုံ။ အနည်းငယ် ကြည် လဲ့သော အရာတစ်ခု သူမ မျက်ဆံများဆီမှ ဖြုတ် ခနဲ သက်ဆင်းသွားသည်။ ထို့နောက် သူမ ရှက်ရွံ့ စွာ ရယ်မောသည်။ ရယ်မောရင်းက နောက်ထပ် မျက်ရည်ကျသွားသည်။
“၀က်သားတုတ်ထိုး စားဖို့ အချိန်ကျပြီနော် ယမုံ”

“နင် ဟိုနေ့တွေကတည်းက လာခေါ်သင့် တယ် မိနွယ်”

ထို့နောက် လမ်းချိုးကလေးရှိ ၀က်သား တုတ်ထိုး ဆိုင်သို့သွားရန် ခြေလှမ်းတွေကို အသက်သွင်းလိုက်သည်။ နေရှိန်က ခပ်ပြေပြေ သာ ထိုးဆိုင် ဖြာဆင်းနေသည်။ ခပ်လှမ်းလှမ်းမှာ ပါပါကြီး၏ တုတ်ထိုးဆိုင်ကို လှမ်းမြင်နေရပြီ။ အငွေ့တထောင်းထောင်းထနေသော မြင်ကွင်းနှင့် ပါပါကြီး၏ ဌာန်၊ ကရိုဏ်းကျစွာ ထွက်အန်နေ သော အသံက ပနံရသွားသည်။

“လာကြနော်၊ ပါပါတို့ တုတ်ထိုးက သူများနဲ့ မတူဘူး။ အသားဆိုလည်း တစ်နေမှ၊ အဆီဆို လည်း အစ်နေမှ”
ဝက်သားတုတ်ထိုး စားပြီးတိုင်း “ဘယ်သွား ကြမလဲ” ဟု တိုင်ပင်ဆဲဖြစ်သည်။
သို့ရာတွင် “ရုပ်ရှင်ရုံ သွားကြမယ်” ဟူ၍ ကျွန်မတို့ နှစ်ယောက် မည်သူကမှ စကား မစဖြစ်ကြသေးပါ။
လင်းစက်နွယ်