Pages

Thursday 29 September 2011

စည်း

ကျွန်တော် လူမှန်း သိတတ်စ အရွယ် ကတည်းက ဦးနိုင်ဝင်းရဲ့ လက်ပေါ်မှာ ကြီးလာ ခဲ့ရတာ။ ဒါကြောင့်လည်း သူ့ကို ကျွန်တော် အတော် ခင်မင် နေမိတာ ဖြစ်လိမ့်မယ် ထင်တယ်။ ဒါပေမဲ့ အဖေ၊ အမေနဲ့ ကျန်မိသားစု ၀င်တွေကတော့ ဦးနိုင်ဝင်းကို သိပ်မနှစ်မြို့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အမြင်မှာ ဦးနိုင်ဝင်းက ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာကို အိုးမဲ သုတ်တဲ့သူ၊ အကျင့်ဆိုးတဲ့ သူအဖြစ် သတ်မှတ် ထားကြတာ။

သူ ဘယ်လိုဆိုးတယ် ဆိုတာကို နားမလည်တတ်သေးတဲ့ အရွယ်မှာ ကျွန်တော် မသိသေးပေမယ့် နောက် ပိုင်းမှာ ခပ်ဝါးဝါး သိခွင့်ရလာခဲ့တယ်။ ဦးနိုင်ဝင်း ဆိုးတယ် ဆိုတာက သူတစ်ပါး ပစ္စည်းကို လက်ဆော့ခြေ ဆော့ ရှိတာ၊ ခိုးတတ်တဲ့ အကျင့်ရှိတာကို ဆိုလိုတာ။ ဒီတော့ ဦးနိုင်ဝင်းက ဆွေမျိုးတွေကြားမှာ စုန်းပြူးပေါ့။ အဲဒီတုန်းက ဦးနိုင်ဝင်းများ အိမ်ကို လာပြီဆိုရင် အမေ တို့က မျက်လုံး ဒေါက်ထောက်ပြီးတော့ကို အသင့်အနေ အထားနဲ့ ကြည့်နေကြရတာ။ တိုးတိုးတိတ်တိတ်နဲ့လည်း ကျွန်တော်တို့ကို သတိပေး တတ်သေးတယ်။

“နိုင်ဝင်းလာရင် သတိထား။ ပိုက်ဆံတွေ ဘာတွေ အလွယ်မထားနဲ့။ ဒီကောင်က သစ္စာရှိတာ မဟုတ်ဘူး”

ကျွန်တော် သတိထားမိ သလောက်တော့ ကျွန်တော်တို့ အိမ်ကို ဦးနိုင်ဝင်းလာလို့ ပစ္စည်းတစ်ခုခု ပျောက်တယ် ဆိုတာမျိုးတော့ ဒီကနေ့ အထိ မကြုံဖူးသေးဘူး။ ဒါပေမဲ့ ဦးနိုင်ဝင်းက သူ့အစ်မ ရင်းတွေ ဖြစ်တဲ့ ကျွန်တော့် အဒေါ်တွေ ကိုတော့ ချမ်းသာ မပေးတတ်ဘူး။ မကြာခဏ ဆိုသလို အဒေါ်တို့က အိမ်ကိုရောက် ရောက်လာတတ်ပြီး သူတို့ ပစ္စည်းတွေကို ဦးနိုင်ဝင်းယူ သွားတဲ့ အကြောင်း တငိုငို တရယ်ရယ်နဲ့ လာပြောတတ် ကြတယ်။ တော်ကြာ ဦးနိုင်ဝင်း ဘာတွေ ယူသွားပြန်ပြီ။ “ဗီရိုပေါ် တင်ထားတဲ့ ပိုက်ဆံ ကလေး မရှိတော့ဘူး”၊ “ဈေးရင်းဖို့ စုထားတဲ့ ပိုက်ဆံ ကလေး နိုင်ဝင်း ယူသွားလို့ မမရယ်။ ကျွန်မတို့တော့ ဒုက္ခ ရောက်ပါပြီ” ဆိုပြီး အမေ့ကို မျက်ရည်လည်ရွဲနဲ့ ပြောသံဆို သံတွေဟာ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးတယ်။ ဒီတော့ ဦးနိုင်ဝင်းဟေ့ ဆိုလိုက်တာနဲ့ ကျောထဲက စိမ့်နေအောင်ကို ကြောက်ကြတာလည်း မပြောနဲ့လေ။

ဦးနိုင်ဝင်းက ကျွန်တော် တို့အမေဘက်က တော်တာ၊ အမေရဲ့ဦးလေးက မွေးတာဆိုတော့ အမေနဲ့ မောင်နှမ၀မ်းကွဲ ဆိုပါတော့။ ဦးနိုင်ဝင်းမှာတော့ မောင်နှမ သုံးယောက်ရှိတယ်။ သူ့မှာ စွဲနေတဲ့ အကျင့် ဆိုးကြောင့် ဘယ်သူမှ မေတ္တာ မရှိဘူး။ နောက်ပြီး လူကလည်း အဲဒီ အမှုနဲ့ပဲ ထောင်ထဲ ကို ၀င်လိုက်ထွက်လိုက်နဲ့ ဆိုတော့ အမျိုးတွေ အားလုံးက သူ့ကို ပေယျာလကန် သဘော ထားလိုက်ကြတယ်။

ကျွန်တော် ငယ်ငယ် ကတည်းက ဒီကနေ့ အထိ မှတ်မိနေတာ တစ်ခု ရှိသေးတယ်။ အဲဒါက တခြား မဟုတ်ဘူး။ ဦးနိုင်ဝင်း ထောင်က ထွက်လာရင် ကျွန်တော်တို့အိမ်ကို ရောက်လာ တတ်တာပဲ။ ဦးနိုင်ဝင်း ရောက်လာပြီဆိုရင် အရင်ဆုံး အမေ့ကို မျက်နှာငယ်လေးနဲ့ ပြောတတ်တယ်။

“ကျွန်တော့်ကို ထမင်း နည်းနည်းလောက် ကျွေးပါ မမရယ်”

ဒါဆိုရင် အမေက သိပြီ။ ဦးနိုင်ဝင်း ထောင်က ထွက်လာပြီ ဆိုတာ။ ဒီတော့ အမေက ဗျစ်တောက်ဗျစ် တောက်ပြောရင်း လက်ကတော့ ထမင်း တစ်ဇလုံ ခူးပြီးသားပဲ။ ဒါဆိုရင် ဦးနိုင်ဝင်းက လက်ထဲ ရောက်လာတဲ့ ထမင်းဇလုံကို သူ့ရဲ့အနီး စပ်ဆုံး ရန်သူတစ်ဦးလို ခပ်စိန်းစိန်းကြည့်ရင်း အပြတ် အသတ် ချေမှုန်းတော့တာပဲ။ စားလို့သောက်လို့များ ၀ပြီဆိုရင် အမေ ဆူသမျှကို ခေါင်းငုံ့ခံရင်း နောက်ဆုံးမှာ အမေပေး လိုက်တဲ့ မုန့်ဖိုးလေးကို ယူပြီး ပြန်သွားတော့တာပဲ။

အိမ်ကို အဲဒီလို လာပြီးရင် ဦးနိုင်ဝင်းတစ်ယောက် တစ်လ ကိုးသီတင်းလောက် တော့ ပျောက်သွား တော့တာပဲ။ ဦးနိုင်ဝင်း ပြန်သွားပြီဆိုရင် အမေက သူ့ရဲ့နောက်ကျောကို ကြည့်ရင်း သက် ပြင်းကို ခပ်လေးလေးချပြီး ကျန်ရစ်ခဲ့တတ်တယ်။ တစ် ခါတလေ ဦးနိုင်ဝင်းရဲ့အစ်မတွေ အိမ်ကိုလာလို့ အမေက ဦးနိုင်ဝင်းအကြောင်းများ ပြောမိရင် အဒေါ်တို့က အမေ့ ကို-
“ဘာဖြစ်လို့ ကျွေးလိုက်တာလဲ မမရယ်။ ဒီကောင်က ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပဲ။ သူ့ အချိုးကို ဘယ်တော့မှ ပြင်မယ့်ကောင် မဟုတ်ဘူး”
လို့ မကြာခဏ မြည် တွန်တောက်တီးတတ်တယ်။

အဲဒီလိုအခါမျိုးမှာ ကျွန် တော်ကတော့ ဦးနိုင်ဝင်းကို အလိုလို သနားနေမိတယ်။ တစ်ခါတလေ ကျွန်တော် ကျောင်းသွားရင် လမ်းမပေါ်မှာ ဦးနိုင်ဝင်းကို တွေ့တတ်တယ်။ ဒါကို ကျွန်တော်က ၀မ်းသာအားရ နှုတ်ဆက်ရင် သူက ကျွန်တော့်ကို တွေတွေကြီး ပြန်ကြည့်နေတတ်ပြီး စကားကို မြန်မြန်ဖြတ်ရင်း ကျွန်တော့် အနားက ခပ်မြန်မြန် ခွာသွားတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကို ခင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဦးနိုင်ဝင်းဟာ အကျင့် မကောင်းတာ မှန်ပေမယ့် ကျွန်တော်တို့ မိသားစုကို တော့ ဘာဒုက္ခမှ ပေးခဲ့တာ မဟုတ်ဘူး။ နောက်ပြီး ဦးနိုင်ဝင်း အိမ်ကိုလာရင် သူ့မျက်နှာဟာ အမြဲလိုလို ပြုံးနေ တတ်ပြီး ကျွန်တော် ဂျီကျ သမျှကို မညည်းမညူ  လုပ်ပေးတော့တာပဲ။ ဥပမာ အုန်းပင်ပေါ်က စွန်ကို တက်ဖြုတ် ခိုင်းတာမျိုး။ “ဦးနိုင်ဝင်း သီချင်းဆိုပြ” ဆိုရင်လည်း သူ့ရဲ့ အသံဝါ၀ါကြီးနဲ့ စည်းမကျ ၀ါးမကျ ပျော်ပျော်ကြီးအော် ဟစ်ဆိုပြတာမျိုး ဆိုတာ အပရိကလောက်ပဲ ရှိသေးတယ်။

တစ်ခါတလေကျရင်တော့ အဖေက ကျွန်တော့်ကို ဦးနိုင်ဝင်းနဲ့ ခပ်ကင်းကင်းနေ ဖို့ သတိပေးတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဖေ ဘာကြောင့်တားတယ် ဆိုတာကို ရေရေရာရာ မသိခဲ့ဘူး ပေါ့။ နောက်ပြီး ဦးနိုင်ဝင်းက သူ ထောင်ထဲမှာတွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဘာရယ်မဟုတ်ဘဲ ကျွန်တာ့်ကို ပြန်ပြောပြတတ်တယ်။ အဲဒီအခါမှာ ကျွန်တော်ကတော့ တစ်ခါမှမကြုံဖူးဘူး တဲ့ အတွေ့အကြုံမျိုး ဆိုတော့ အထူးအဆန်း ဖြစ်နေတာပေါ့။ အထဲမှာ ပုံစံ ထိုင်ရတာ ဘယ်လို၊ ထမင်းစားရတာ ဘယ် လို၊ ရေချိုးရင် ဘယ်လို၊ ရန် ဖြစ်ရင် ဘယ်လိုအပြစ်ပေး တယ် ဆိုတာတွေဟာ ကျွန်တော်တို့ တစ်ကြိမ် တစ်ခါမှ မကြုံဖူးဘူးတဲ့ အတွေ့အကြုံသစ်တွေ ဆိုတော့ စိတ်ဝင်စားတာပေါ့။

အဲဒီလိုအချိန်မျိုးမျာ အဖေက မျက်နှာအပျက်ပျက် အယွင်းယွင်းဖြစ်ပြီး ဒေါနဲ့မော နဲ့ ၀င်ဟန့်တတ်တယ်။
“ဟေ့ကောင်နိုင်ဝင်း တော်ကွာ။ ငါ့သားကို မင်းရဲ့ ဗရုတ်သုတ်ခ အတွေ့အကြုံ တွေကို လာပြောပြမနေနဲ့။ ကျက်သရေ မရှိဘူး”
ဆိုရင် ဦးနိုင်ဝင်းက မျက်နှာငယ်လေးနဲ့-
“ဟုတ်... ဟုတ်ကဲ့ အစ်ကို”
ဆိုပြီး ခေါင်းကြီး အောက်စိုက်ပြီး ပြန်သွား တတ်တယ်။ ဒီလိုပြဿနာ တွေဖြစ်ပြီးလို့ ဦးနိုင်ဝင်း ပေါ် မလာတာ ကြာရင် အမေကတော့ သတိတရနဲ့ ပြောတတ်တယ်။

“ဟိုကောင်မလာတာ ကြာပြီ။ နောက်တစ်ခေါက် ၀င်သွားပြန်ပြီ ထင်တယ်”

ဆိုတာမျိုး။ တစ်ခါ တော့ ဦးနိုင်ဝင်း အရင်လို ပေါ်မလာဘဲ တစ်ခါပျောက် သွားပြန်တယ်။ အဲဒီတုန်းက လည်း တော်တော်လေး ကြာတော့ အမေက ထုံးစံအတိုင်း     “ဟိုကောင် ၀င်သွားပြန် ပြီလားမသိဘူး”
လို့ ပြောပြန်ရော။
ဒါပေမဲ့ ဒီတစ်ခါ ဦးနိုင်ဝင်း ပျောက်သွားတာက ကောင်းသော ပျောက်ခြင်းမျိုး ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသတင်း လူချင်းဆောင်ပြီး သတင်း သဲ့သဲ့က ကျွန်တော် တို့နားထဲကို ရောက်လာ တယ်။ ဦးနိုင်ဝင်း မိန်းမရ သွားတာတဲ့။ ဒီသတင်းကို ကြားပြီးလို့ သိပ်မကြာခင်မှာ အိမ်ကို ရောက်လာတော့ အမေ က
“နိုင်ဝင်းရယ်၊ သူများ သားသမီးကို ယူပြီးရင် အရင်လိုတော့ လုပ်ကိုင် မကျွေးပါနဲ့ ဟယ်။ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားပါ”
ဆိုတော့ ဦးနိုင်ဝင်းက
“ဟုတ်ကဲ့”
ဆိုပြီး ခပ်သွက်သွက် ခေါင်းညိတ်ပြတယ်။

ဒါပေမဲ့ လူတစ်ယောက် ရဲ့အကျင့် ဆိုတာက ဖျောက်ရ ခက်လေတော့ မကြာခင်မှာဘဲ ဦးနိုင်ဝင်းရဲ့သတင်းကို ကျွန်တော်တို့ ကြားခဲ့ရတယ်။ “နောက်တစ်ကြိမ် ၀င်သွားပြန်ပြီ”တဲ့။ ဒါဟာ ဦးနိုင်ဝင်း အတွက် မရိုးနိုင်တဲ့ သတင်း တွေပဲ။ ဒီအခါမှာ အဖေက ၀င်ပြီး မှတ်ချက်ချတယ်။

“ဒီကောင်က သူ့ခန္ဓာ ကိုယ်နဲ့ ကုန်ထမ်းစားရင်တောင် မငတ်ပါဘူးကွာ။ သူ ကိုယ်တိုင်က ဒီအလုပ်ကို မလုပ်ရရင် မနေနိုင်အောင် ဖြစ်နေတာ။ စောရနက္ခတ်နဲ့ များ ယှဉ်ပြီးမွေးထားသလား မသိပါဘူးကွာ”    တဲ့။

အဖြေမှန်ကတော့ ဦးနိုင်ဝင်းရဲ့ ဒုက္ခကို ဝေယူမယ့်သူ တစ်ယောက် ထပ်တိုးလာရ တယ် ဆိုပါတော့။ အဲဒါ တခြားသူ မဟုတ်ဘူး။ သူ့ မိန်းမ မယုဝေပဲပေါ့။ ထုံးစံ အတိုင်း ဦးနိုင်ဝင်းတစ် ယောက် ထောင်ထဲကို ၀င်လိုက် ထွက်လိုက် အကြိမ်ကြိမ်သာ လုပ်နေတာ ကလေးတွေကတော့ ဟောတစ်ယောက် ဟောတစ်ယောက်ပဲ။ အဲဒီ ကလေးတွေ ဆိုတာလည်း အပြိုင်းအရိုင်း ကြီးလာ လိုက်တာများ မသိရင် သင်တန်း ကျောင်း တစ်ခုခုက တစ်ပတ်စဉ်တည်း ဆင်းလာကြသူ တွေလို့တောင် ထင်ရလောက် တယ်။ မတ်တတ်များ တန်းစီ ရပ်နေရင် တစ်ညီတည်းပဲ။

တစ်ခါတလေ ထောင်က ထွက်လာပြီး အိမ်ရောက် ချိန်နဲ့ကြုံရင် ကျွန်တော်က  သူ့ကို စမိသေးတယ်။
“ဦးနိုင်ဝင်းတို့များ အပြင်မှာ နေရတဲ့ အချိန်က သိပ်မများလို့နော်။ အခုတောင် ဘယ်နှယောက်လဲ”
ဆိုရင် ဦးနိုင်ဝင်းက ပြုံးစိစိနဲ့ စဉ်းစားသလို လုပ်ရင်း ပြန်ပြောတတ်တယ်။

“ခုနစ်ယောက်”    တဲ့။

ဒါပေမဲ့ လူဆင်းရဲတို့ သဘာဝ အတိုင်း ကလေးတွေကို ပညာရယ်လို့ ကောင်း ကောင်း မသင်ပေး နိုင်ရှာပါဘူး။ ဒီတော့ သူ့ရဲ့ကလေးတွေကို လမ်းတွေပေါ်မှာ ဘဲဥပြုတ်၊ ကြက်ဥပြုတ် လိုက်ရောင်း နေတာမျိုး၊ အကြော်ရောင်း နေတာမျိုးတွေ ကို မကြာမကြာ တွေ့နေမြင် နေရတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။

ဒီလိုနဲ့ ကျွန်တော် ကိုယ်တိုင်လည်း တဖြည်းဖြည်းနဲ့ လူလားမြောက်လာတယ် ဆို ပါတော့။ ဦးနိုင်ဝင်းကတော့ ထုံးစံအတိုင်း သူ့အကျင့်ကို စွန့်နိုင်ပုံ မရသေးဘူး။ အိမ်ကို လည်း တစ်ခါတစ်ခါ ရောက် လာတုန်းပဲ။ ဒါပေမဲ့ အရင်လိုတော့ ခဏခဏ မလာဖြစ်တော့ဘူး။ သူ့မှာလည်း သား ရေးသမီးရေး မိသားစု အရေး တွေ ရှိနေမှာပေါ့။

တစ်ခါတလေမှာတော့ သူ့သားလေးတွေ၊ သမီးလေးတွေဟာ ဖရဲသီးလိုလို သင်္ဘောသီးလိုလို အသီးအနှံ လေးတွေ လိုက်ရောင်းရင်း ကျွန်တော်တို့ လမ်းတွေဘက်ကို ရောက်ရောက်လာတတ်တယ်။ ဒါဆိုရင် အမေက သူ့ကလေး တွေကို လှမ်းခေါ်၊ ဈေးဝယ်ရင်း၊ မုန့်ဖိုးပေးရင်း ဦးနိုင်ဝင်းရဲ့သတင်းကို မေးတတ်စမ်းတတ်တယ်။

အဲဒီလိုအခါမျိုးမှာ သူ့ သားလေးတွေ၊ သမီးလေး တွေက ခပ်သွက်သွက်ပြန် ပြောတတ်တယ်။
“အဖေက မော်စကိုမှာ” ဆိုတာမျိုး။ ဒါဆိုရင် အမေက-
“ဟဲ့... ဘယ်လောက် ကြာပြီလဲ”
ဆိုရင် ကလေးတွေက သူတို့အဖေ အထဲကို ရောက်နေတဲ့ ကာလ တစ်ခုကို ပြန်ပြော သွားကြတာပဲ။
ဒီလို အခါမျိုးမှာ အဖေ သာ အနားမှာ ရှိနေရင် မနေနိုင် မထိုင်နိုင် ၀င်ပြောတတ်တယ်။

“ငါပြောပါရောလား။ ဒီ ကောင်က ခွေးမြီးကောက် ကျည်တောက်စွပ်ပါလို့”

ဒီလိုနဲ့ ကျွန်တော်ကိုယ် တိုင်လည်း ပညာတင်မက ကြင်ရာပါစုံချိန် ရောက်လာ တယ် ဆိုပါတော့။ ဒါကြောင့် ကျွန်တော်နဲ့လက်ထပ်မယ့် ဇနီးလောင်းရဲ့အိမ်ကို လူကြီး စုံရာနဲ့ သွားတောင်း၊ နေ့ ကောင်းရက်သာရွေးပြီး မင်္ဂလာ ဆောင်ဖို့ ပြင်ဆင်ကြ တယ်။

ကျွန်တော့် မင်္ဂလာဆောင်အတွက် သတ်မှတ် ထားတဲ့ရက်က မေလဆန်း ပိုင်းဆိုတော့ ရာသီဥတုအနေနဲ့ အတော့်ကို ပူတဲ့ရာသီ ဖြစ်နေတယ်။ ဒါကြောင့် မင်္ဂလာပွဲ အတွက် ဇနီးလောင်းရဲ့အိမ် ရှေ့မှာ မဏ္ဍပ်ထိုး၊ ဧည့်ခံပွဲ အတွက် ပြင်ဆင်ကြရတာဟာ  လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကူညီဝိုင်းဝန်းကြတဲ့သူ တွေအားလုံး ချွေးတလုံးလုံးနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ပြောကြဆိုကြ နောက်ကြပြောင်ကြနဲ့ ပတ် ၀န်းကျင်တစ်ခုလုံးဟာ အုန်းအုန်းကျက်ကျက် ဆူဆူညံညံ ကို ဖြစ်နေတော့တာ။

သေချာတာက ကျွန်တော် ကိုယ်တိုင်လည်း သတို့ သားလောင်းသာ ဆိုတယ် ဟိုဟာလုပ် ဒီဟာလုပ်နဲ့ တစ်ချက်မှ နားရတယ် မရှိဘူး။ ဒီ အချိန်မှာ အိမ်ရှေ့ကို ကျွန်တော် လုံးဝမျှော်လင့်မထား တဲ့လူတစ်ယောက် ဘွားဘွား ကြီးရောက်လာခဲ့တယ်။ အဲဒီလူက အထူး ပြောစရာ မလိုတဲ့ ဦးနိုင်ဝင်းပဲပေါ့။ မင်္ဂလာ ဆောင်အတွက် ပြင်ဆင်နေကြ တဲ့အချိန်လည်းဖြစ်၊ မဏ္ဍပ် ထိုးဖို့ ကျင်းတူးတဲ့သူကတူး၊ တိုင်စိုက်တဲ့သူက စိုက်နေကြ တဲ့အချိန်မှာ ရုတ်တရက် သူ ရောက်လာတော့ ကျွန်တော် အတော် အံ့သြသွားတယ်။

အမေဆိုတာ ပါးစပ် အဟောင်းသားနဲ့ ဘာပြောလို့ ဘာဆိုရမှန်းတောင် မသိ တော့တဲ့ ပုံမျိုး။ ကျွန်တော် ကိုယ်တိုင်လည်း တခြား အချိန် တခြားနေရာမှာ ဆိုရင် ဘာမှ ပြောစရာ မရှိပေမယ့် ဒီ နေရာမှာတော့ သူ့ကို မတွေ့ချင်ဘူးလေ။ သူ့ရဲ့ လက်ဆော့ခြေဆော့ အကျင့်က ကျွန်တော်တို့ မိသားစုကို ကောင်း ကောင်းကြီး ဒုက္ခပေးသွားနိုင် တယ်။ အခု ကျွန်တော် ရှိနေတဲ့ ဇနီးလောင်းရဲ့အိမ်က ဘာမှ မယူဘူးထား၊ အနားအိမ် တွေက တစ်ခုခုကို အလွယ် လုပ်သွားရင် ဆိုတဲ့ အတွေးက ကျွန်တော့်ရဲ့အသိစိတ်ကို ခပ်ပြင်းပြင်း ခြောက်လှန့်လာ တယ်။ ဒါမျိုး ဖြစ်ခဲ့မယ် ဆိုရင်လည်း ဒီပတ်ဝန်းကျင်မှာ ကျွန်တော် အရှက်ကွဲပြီ။

နောက်ပြီး ဒီပတ်ဝန်းကျင်က ကျွန်တော် တစ်ခါမှ မဆက်ဆံဖူးသေးတဲ့ ပတ်ဝန်းကျင် အသစ်။ ပိုဆိုးတာက အခုတွေ့နေရတဲ့ လူတွေဟာလည်း တစ်ခါမှ ရင်းနှီးဖူးတဲ့ သူတွေ မဟုတ်ဘူး။ သေချာတာက ဦးနိုင်ဝင်းကြောင့် မျက်နှာ ပူစရာတွေ ကြုံလာရ ရင်တော့ မိဘတွေရဲ့ သိက္ခာ၊ ဒီကနေ့မှ ကျွန်တော့်ကို ခင် ပွန်းတော်ရမယ့် ဇနီးလောင်းရဲ့ ဂုဏ်သိက္ခာတွေ အတွက် ကျွန်တော် စဉ်းစားလို့ မရနိုင် အောင်ကို ဖြစ်နေတော့တာ။

ကျွန်တော့်မှာ အဲဒီစိုးရိမ် စိတ်တွေကြောင့် ဦးနိုင်ဝင်းကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေတုန်းမှာ ဦးနိုင်ဝင်းက ခါးတောင်းတောင် ကျိုက် ပြီးနေပြီ။ ဒါကို ကျွန်တော်က
“ဦးနိုင်ဝင်း ဘာလုပ် မလို့လဲ”

ဆိုပြီး အထိတ်တလန့် မေးမိတော့ ဦးနိုင်ဝင်းက
“မဏ္ဍပ် ဆင်မလို့လေ”
ဆိုပြီး ၀တ်လာတဲ့ သူ့ရဲ့ အင်္ကျီ ခပ်နွမ်းနွမ်းလေးကို လက်ထဲမှာတင် လုံးပြီး အိမ်ရှေ့ကခြံစည်းရိုးမှာ ညှပ်ထားလိုက်တယ်။ နောက်တော့ မပြီးသေးတဲ့ ကျင်းတွေတူး၊ တိုင်တွေစိုက် လုပ်တော့တာ ပဲ။ ဒါကို အမေက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ လှမ်း ကြည့်တယ်။ ကျွန်တော်လည်း ဘာပြောလို့ ဘာဆိုရ မှန်းမသိဘဲ အမေ့ကို ကြည့်လိုက်၊ ဦးနိုင်ဝင်းကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်လာတယ်။

ဦးနိုင်ဝင်းကတော့ ခပ်အေးအေးပဲ။ သူလုပ်စရာတွေကိုလည်း တစ်ခုချင်း လိုက်လုပ်နေတယ်။ ရပ်ကွက်ထဲက လူငယ်တွေနဲ့လည်း ချက်ချင်း ဆိုသလို အဖွဲ့ကျ သွားတော့တာပဲ။ ကျွန်တော့်အတွက်က တော့ အဲဒီအချိန်မှာကတည်းက စိတ်ထဲမှာ မလွတ်လပ် တော့ဘူး။ သူ့ကိုပဲ အရိပ် အခြည်ကြည့်နေရတော့တာ။ သူကတော့ ရှိသမျှ အလုပ်တွေ အားလုံးဟာ သူ့တစ်ယောက် တည်းရဲ့ အလုပ်တွေလို့ သဘောထား နေရော့သလား မသိပါဘူး။ နေပူကြီးထဲမှာ ကျောပြောင်ကြီးနဲ့ အားကြိုး မာန်တက် လုပ်နေတော့တာ ပဲ။

မနက် အုန်းနို့ခေါက်ဆွဲ ချက်ဖို့ ရေလိုတယ် ဆိုလိုက် တာနဲ့ ရေပုံးကို ကောက်ဆွဲပြီး တိုင်ကီလေး ငါးစည်တော့ ပြည့်အောင် ဆွဲဖြည့်လိုက်တာ ပဲ။ လိုအပ်လာတဲ့ စားပွဲ၊ ကုလားထိုင်၊ ဟင်းချက်အိုး၊  ပန်းကန်ခွက်ယောက် အဆုံး အလုပ်တွေ အားလုံးကို အပြေးလုပ်နေတဲ့ အပြင် “ထင်းလိုပြန်ပြီ” ဆိုရင်လည်း သူပဲအပြေးဝယ်။ ကြီးနေတဲ့ ထင်းတုံးကြီးတွေကိုလည်း တဖြန်းဖြန်းခွဲနဲ့ သူတစ်ယောက်တည်း ဂျင်ခြေလည် အောင်ကို လုပ်နေတော့တာ။ အဲဒီအခါမှာ အမေက ကျွန်တော့်အနား ကပ်လာပြီး တိုးတိုးလေး ပြောတယ်။

“ဒီလိုတော့လည်း အားကိုးရသားပဲ သားရဲ့” တဲ့။ ကျွန်တော်ကတော့ သက်မကို ချရင်း
“သိပ်လည်း ချီးမွမ်း မနေနဲ့ဦး အမေ။ ပတ်ဝန်းကျင်က တစ်ခုခုကို ကပ်ဆွဲ သွားမှ ဟုတ်ပေ့ဖြစ်နေဦး မယ်”

လက်ရှိ အခြေအနေ အရ ကျွန်တော့်မှာက မြွေပွေးကို ခါးပိုက်ထဲ ထည့်ထားမိတဲ့သူ လို အထိတ်ထိတ် အလန့်လန့်နဲ့ စိတ်သွားတိုင်း ကိုယ်မပါ နိုင်အောင် ဖြစ်နေရတော့တာ။ ဒါမှမဟုတ်ရင်လည်း မိုင်းဗုံး တစ်လုံးကို ကိုင်ထားရတဲ့သူ လို ဘယ်အချိန် ထပေါက်မ လဲဆိုတာကို ရေရေရာရာမသိ နိုင်တော့တဲ့ ဘ၀။ ဒါကြောင့် ဘ၀မှာ အပျော်ဆုံးလို့ ဆိုတဲ့ အချိန်သုံးပါးထဲက မင်္ဂလာ ဆောင်တဲ့ အချိန်မှာတောင် မပျော်နိုင်တဲ့ အခြေအနေလေ။

တစ်ခါတလေ ကျတော့လည်း ကိုယ့်ဆီကို ဒီလောက် လာကူညီနေတာ ဒီလို အတွေးမျိုးတော့ မထား သင့်ဘူးလေလို့ ကိုယ့်ကိုယ် ကိုယ် အားပေးရင်း သောကတွေကို မသိမသာ ဖြေဖျောက် နေရပြန်တယ်။ ဦးနိုင်ဝင်း ကတော့ အလုပ်ကို တကယ့်ကို ကျားစီးဖားစီး လုပ်နေရှာတာ။ မျက်နှာကတော့ ထုံးစံ အတိုင်း ပြုံးစိစိနဲ့။ တစ်ခါ တလေ ကျွန်တော်နဲ့လက် ထပ်မယ့် ဇနီးလောင်းကိုပါ လှမ်းလှမ်းပြီး အကဲခတ် လိုက်သေးတယ်။

သိပ်မကြာခင်မှာပဲ  မင်္ဂလာဆောင်မှာ ဖွင့်မယ့် ဆောင်းဘောက်စ်တွေ၊ စက်တွေ ရောက်လာတယ်။ အဲဒီ ပစ္စည်းတွေကို မဏ္ဍပ်ထဲမှာ နေရာချဖို့ ဟိုရွှေ့ဒီထားနဲ့ နေရာ မကျနိုင်အောင် ဖြစ်နေ ကြတယ်။ အဓိက ပြဿနာက ဆောင်းဘောက်စ်တွေ တင် စရာ စားပွဲခုံကောင်းကောင်း မရှိတာပဲ။ ရှိတဲ့ ခုံတွေကလည်း ဟိုဟာတင် ဒီဟာ ထားနဲ့ အဆင်မပြေနိုင်အောင် ဖြစ်နေခဲ့ကြရတယ်။ ဒီအချိန် မှာ အိမ်ရှေ့အိမ်က ကောင် မလေးက စားပွဲတွေလိုရင် သူ့ အိမ်မှာ လာယူဖို့ပြောတော့ ကျွန်တော်တို့အတွက် အဆင် ပြေသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ အဲဒီ စားပွဲတွေကို ဘယ်သူသွားယူ မလဲဆိုတဲ့ ပြဿနာက ပေါ် လာပြန်ရော။ ဒီတော့ ကျွန် တော်က ရုတ်တရက်ဆုံးဖြတ်ပြီး ၀မ်းသာအားရနဲ့
“အေး... ကျေးဇူးပဲ ညီမရယ်။ အဲဒီစားပွဲတွေကို ကိုယ်လာယူပါ့မယ်”
ဆိုပြီး စကားကို ပိတ်ထားလိုက်ရတယ်။

ဒါမှလေ။ အဲဒီလိုမှ မဟုတ်ရင် ဦးနိုင်ဝင်းက သူ သွားမယ်ဆိုရင် ခက်ဦးမယ်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ရှေ့ အိမ်ပေါ်ကို အမှတ်တမဲ့ တက်လာခဲ့လိုက်ရတယ်။ ယူရမယ့် စားပွဲက အပေါ်ထပ်မှာ ဆို တော့ နည်းနည်းခက်မယ့် သဘောရှိတယ်။ ဒါကြောင့် အိမ်သူ အိမ်သားတွေကို အနီး အနားမှာ ရှိလိုရှိငြား ရှာကြည့် တော့ ဘယ်သူ့ကိုမှ မတွေ့ရ ဘူး။ သူများ အိမ်ဆိုတော့ အနားမှာ တစ်ယောက်ယောက် ရှိနေမှကို ပိုကောင်းမှာလေ။

အဲဒီအချိန်မှာ ဦးနိုင်ဝင်းက ကျွန်တော့် အနားကိုတောင် ရောက်နေပြီ။ ဒီအိမ်ပေါ်ကို သူ ဘယ်လို ရောက်လာသလဲ ဆိုတာတောင် ကျွန်တော် သတိ မထားလိုက်မိဘူး။ ရင်ထဲမှာလည်း တဒိုင်းဒိုင်းခုန် လာတယ်။ တစ်ခုခု အမှား မှားအယွင်းယွင်း ဖြစ်လာရင်တော့ ဒုက္ခပဲလို့ တွေးပူမိ လိုက်သေးတယ်။
“ဘယ်စားပွဲကို သယ်ပေးရမလဲ”

ဦးနိုင်ဝင်းရဲ့ အမေးကြောင့် ကျွန်တော်လည်း မြန်မြန်ပြီး အေးရောဆိုတဲ့ သဘောနဲ့ စားပွဲ တစ်လုံးကို လက်ညှိုးထိုးပြလိုက်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြား စားပွဲတစ်လုံးကို ယူ ထုတ်ဖို့ ပြင်လိုက်တယ်။ ဒါ ပေမဲ့ စားပွဲပေါ်မှာ စာအုပ်တွေ၊ ပန်းအိုးတွေ ရှိနေတော့ အဲဒါတွေပါ ဖယ်နေရသေး တယ်။ ပြီးတော့ စားပွဲခင်းကလည်း ရှိသေးတော့ အဲဒါကို အရင်ယူ သေသေချာချာ ခေါက်ပြီး ကုလားထိုင် တစ်ခု ပေါ် တင်ပေးထားလိုက်တယ်။ ပြီးမှ စားပွဲကို စိတ် ရှည်လက်ရှည် ရွှေ့ယူရတယ်။

အဲဒီအချိန်မှာပဲ နောက်မှာရှိနေတဲ့ ဦးနိုင်ဝင်းက ကျွန် တော့်ပခုံးကို လာတို့တယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို အထုပ်တစ်ထုပ် လာပေးတယ်။ ပါးစပ်က လည်း ပြောလိုက်သေး တယ်။
“ဒီစားပွဲခင်းအောက်က တွေ့တာ” တဲ့။

သူပေးလာတဲ့ပစ္စည်း ကို ကျွန်တော် ယူကြည့်လိုက် တော့ ငယ်ထိပ်ကို မြွေပေါက် ခံလိုက်ရသလို ပျာခနဲဖြစ် သွားတယ်။ နောက်ပြီး မယုံ နိုင်အောင် အံ့သြနေလိမ့်မယ် ထင်ရတဲ့ မျက်လုံးမျိုးတွေနဲ့ အသက်အောင့်ပြီး သူ့ကို ကြည့်နေမိတယ်။ သူလှမ်း ပေးလို့ ကျွန်တော့်ဆီရောက် လာတဲ့ပစ္စည်းတွေက သုံး လက်မထုလောက် ရှိတဲ့ ငွေတွေ။ တစ်ထောင်တန်တွေမှ အသစ်ကျပ်ချွတ်တွေ။

“ဘုရား... ဘုရား... ဘုရား...”

ကျွန်တော့်နှုတ်က ဘု ရားကိုသာ အကြိမ်ကြိမ်တ နေလိုက်မိတော့တယ်။ ကျွန် တော့်မှာလေ ဦးနိုင်ဝင်းကို ကျေးဇူး တင်လိုက်ရတာ ပြောမနေပါနဲ့တော့။ နောက်ပြီး သူ့လက်ထဲက ပိုက်ဆံထုပ်ကို ခန့်မှန်းမိတော့ အနည်းဆုံး သုံးသိန်းလောက်တော့ ရှိမှာပေါ့။ ဒီငွေဟာ ဦးနိုင်ဝင်းလို လူအတွက် နည်းတဲ့ပမာဏ မဟုတ်ဘူး။ သူ့မိသားစု အတွက် တကယ့်ကို အထောက်အကူ ဖြစ်နိုင်တဲ့ တန်ဖိုး။ အခု ဒီအခွင့်အရေး ကို ပယ်ဖျက်ပြီး ကျွန်တော့် ဂုဏ်သိက္ခာအတွက် ငဲ့ကွက် ပေးလာတဲ့ ဦးနိုင်ဝင်းကို ကျေးဇူးတင်လို့ မဆုံးနိုင် အောင်ပါပဲ။ ဒါနဲ့ ကျွန်တော်က အဲဒီ ပိုက်ဆံထုပ်ကို အိမ်ရှင်ဖြစ်တဲ့ ကောင်မလေးကို မျက်ရိပ်ပြခေါ်ပြီး ပေးလိုက်ရတယ်။ ကောင်မလေး ကိုယ်တိုင်ကလည်း အံ့သြတကြီးနဲ့
“ဟယ်... ဟုတ်ပါရဲ့၊ မေ့နေလိုက်တာ”    ဆိုပြီး ပြန်ယူသွားတယ်။

ဦးနိုင်ဝင်းကတော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေ လိုက်တာများ အခုထိ မျက်စိထဲက မထွက်နိုင်သေးဘူး။ ပြီးတော့ စားပွဲတွေယူ၊ မဏ္ဍပ်ထဲပြန်ဝင်လာနဲ့ လုပ်လက်စ အလုပ်တွေကို ကိုယ်စီ ကိုယ်င ဆက်လုပ်နေကြတာ ပေါ့။ ဒီလိုနဲ့ ဦးနိုင်ဝင်းဟာ တစ်ညလုံး အိပ်ရတယ်လည်း မရှိရှာပါဘူး။ နောက် တစ်နေ့မနက် မင်္ဂလာဆွမ်း ကျွေးဖို့ ဘုန်းကြီးတွေကြွလာ တဲ့အချိန်အထိ သူ့ကို မဏ္ဍပ်မှာ ပူပေါင်းတွေ လိုက်ချိတ် နေတာကို တွေ့လိုက်ရသေး တယ်။ ဒါဆိုရင် ဦးနိုင်ဝင်း တစ်ယောက် တစ်ညလုံး မအိပ် ရသေးဘူး ဆိုတဲ့ သဘောပေါ့။

ထားပါတော့။ မနက်မိုး လင်းလာတော့ ရောက်လာသမျှ ဧည့်သည်တွေကို လိုက် ဧည့်ခံရင်း သူ့ကို မသိမသာ အကဲခတ်ကြည့်လိုက်ရင် ဟင်းအိုးကို မီးထိုးနေတာမျိုး၊ ယောက်ျားကြီးတန်မဲ့ ပန်း ကန်တွေ ထိုင်ဆေးနေတာမျိုး။ တစ်ခုမဟုတ် တစ်ခု တွေ့နေရတယ်။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို ကျေးဇူးတင်လို့ကိုမဆုံး နိုင်ဘူး။ သူ့တစ်ယောက်တည်းရဲ့လုပ်အားကလည်း တကယ့်ကို အားကိုးထိုက်စရာပဲလေ။ ဒါနဲ့ မင်္ဂလာဆောင်ကို လာတဲ့ ပရိသတ်တွေနည်း သွားပြီး ပစ္စည်းပစ္စယတွေ သိမ်းကြဆည်းကြတော့လည်း သူပဲ။ မဏ္ဍပ်ဖျက်၊ အိုးတိုက်၊ ပန်းကန်ဆေး စတဲ့ အလုပ်တွေ အပြင် အောက်ခြေသိမ်း အူမ ချေးခါးမကျန် မမောမပန်း လုပ်နေတာလည်း သူပဲ။

အားလုံး ကိစ္စ၀ိစ္စတွေ ပြီးသွားတော့မှ ကျွန်တော်တို့ မိသားစုလည်း တစ်ယောက် နဲ့တစ်ယောက် စကားပြောနိုင် ကြတော့တယ်။ ဦးနိုင်ဝင်း ဆိုတာလည်း မလှုပ်နိုင် မသယ် နိုင်အောင်ကို ပင်ပန်းသွားတဲ့ လက္ခဏာမျိုးနဲ့ ခွေးခြေ ကလေးတစ်လုံး ပေါ်မှာ ခြေ ပစ်လက်ပစ် ထိုင်နေရှာတယ်။ အဲဒီအချိန်မှာပဲ အမေက ကျွန်တော့်ကို
“သား... မင်းဦးလေးကို မုန့်ဖိုး ပေးလိုက်ဦးလေ”

ဆိုတော့ ကျွန်တော်က
“ဟုတ်ကဲ့၊ ကျွန်တော် ပေးမလို့ပါ အမေ”
လို့ဆိုရင်း ဦးနိုင်ဝင်း အနားကို ရောက်သွားတော့ ကျွန်တော့်ကို ထုံးစံအတိုင်း ပြုံးပြပြန်တယ်။ ဒါနဲ့ ကျွန် တော်က
“ဦးနိုင်ဝင်းရေ... ဘယ်လိုမှ သဘောမထားနဲ့ နော်”
ဆိုပြီး ငွေငါးထောင် ထုတ်ပေးတော့ ဦးနိုင်ဝင်းက မျက်လုံးကြီး ပြူးရင်း အကြောက်အကန် ငြင်းတယ်။ လုံးဝ မယူဘူး။ အမေက လည်း ၀င်ပြောတယ်။

“ဟဲ့... နိုင်ဝင်း၊ နင့်တူ စိတ်မကောင်း ဖြစ်နေဦးမယ်။ ယူထားလိုက်”
ဆိုတာတောင် သူက ခေါင်းခါနေတုန်းပဲ။ ပြီးတော့ ပါးစပ်ကလည်း ပြောသေးတယ်။

“ကျွန်တော် သူ့ကို လက်မဖွဲ့နိုင်ဘူး မမရယ်။ ဒီလောက်ကလေး လုပ်ပေးရ တာတောင် အားမရသေးဘူး။ဒါကြောင့် မယူပါရစေနဲ့”

ဆိုပြီး မနေ့က ခြံတိုင်မှာ ချိတ်ထားခဲ့တဲ့ သူ့ရဲ့အင်္ကျီလေးကို ကောက်စွပ်ရင်း ခြံ အပြင်ဘက်ကို ငိုက်စိုက်ငိုက် စိုက်နဲ့ ထွက်သွားတယ်။ ပြီးတော့ ခြံရှေ့အရောက်မှာ တစ်ခုခုကို ပြောစရာ ကျန်နေပုံနဲ့ တွေတွေကြီး ရပ်နေတယ်။ နောက်ပြီး အိမ်ထဲက ကျွန်တော်တို့ကို လည်ပြန် ကြည့်တယ်။ ဒါနဲ့ ကျွန်တော် လည်း သူ့အနား ပြေးကပ် သွားပြီး အလောတကြီး မေးလိုက်တယ်။

“ပြော ဦးနိုင်ဝင်း၊ ပြော။ ကျွန်တော့်ကို အားမနာနဲ့”
ဆိုတော့ သူ့မျက်လုံးမှာ ညှိုးရိပ်သမ်းနေပြီး အထစ် ထစ်အငေါ့ငေါ့နဲ့ ခက်ခက်ခဲခဲ ပြောရှာတယ်။

“ဦးကို သိပ်ပေးချင်ရင် ပိုက်ဆံတော့ မပေးပါနဲ့။ မနက်ကကျန်တဲ့ အုန်းနို့ခေါက် ဆွဲလေးနဲ့ ဟင်းရည်လေးသာ နည်းနည်းလောက် ပေးပါ။ ဦး ရဲ့သားလေးတွေနဲ့ သမီးလေးတွေ မနေ့ကတည်းက ထမင်း မစားရသေးလို့ပါ”

ဦးနိုင်ဝင်းရဲ့ စကားတွေဟာ ကျွန်တော့်ရင် တစ်ခုလုံးကို ဗြောင်းဆန် သွားစေတယ်။ မျက်လုံးထဲမှာလည်း မနေ့တုန်းက ကျွန်တော့်ကို ကမ်းပေးလာတဲ့ ပိုက်ဆံထုပ်ကြီး ကို ဖျတ်ခနဲ ပြန်မြင်နေမိ တယ်။

မောင်နှင်းပန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)

လေထဲက အခိုက်အတန့်ကို သီကျူးဖို့ ဒဏ္ဍာရီရောင် တယောသံကို စိုက်ပျိုးဖို့

စက္ကူကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲလိုက်၏။ ပြီးတော့ ထုလုံးရှည် ဆလင်ဒါ ခွက်ထဲသို့ ထိုးကြိတ် ထည့်လိုက်သည်။ ခဏလေးပါပဲ။ ပ၀ါစတွေ ဘာတွေပင် မအုပ်။ ဝေါခနဲ လက်ခုပ်သံတွေ သောသောညံ၏။ တပည့်ကျော်က တီးချက်“သော့”လိုက်သဖြင့် ဘင်သံ ဒုံးချမ်းချမ်းက ပိုမိုသွက်လက် မြိုင်ဆိုင်လာသည်။ လမ်းခွဆုံမို့ ကွမ်းတစ်ယာညက် သာသာတွင် ၀ိုင်းပတ်လည်မှာ လူတံတိုင်း ခတ်ပြီးသား ဖြစ်သွားပြီ။

“လက်ခုပ်သံလေး ချီးမြှင့်လိုက်ပါဦး ခင်ဗျာ”

မျက်လှည့် ဆရာက အ၀တ်စ တစ်စကို လက်ဆုပ်ထဲ ထိုးထည့်နေရင်း မြှူဆွယ် ဖိတ်ခေါ်လိုက်သဖြင့် ဖြောင်းဖြောင်း ထသွားသော သြဘာသံ နောက်ဝယ် လူစုလူဝေး ပိုမို သိပ်သည်း ထူထပ် လာတော့သည်။

”ဖိနပ်တွေ ဖင်ခု မထိုင်နဲ့၊ ဆံပင်တွေ ဖားလျား မချကြနဲ့။ တစ်စုံတစ်ခု ဖြစ်ရင် တာဝန် မယူနိုင်ပါဘူး”

သတိပေးသလို ခြိမ်းခြောက်သလိုလို ဟန့်လုံးကြောင့် သူ့ကိုယ်ကြည့်၊ ကိုယ့် သူကြည့်နှင့် အနေပြင် ကုန်ကြ ပြန်သည်။ ပလတ်စတစ် မြေခင်း အနီစပေါ်မှာ သံကွင်းတွေ၊ နှစ်ဆစ်ချိုး သုံးဆစ်ချိုး သံချောင်းတွေ၊ သုံးချောင်း ထောက်ထောင်ထားသော လှံရှည် အစည်းလိုက်လည်း မြင်ရ၏။ မြွေပခြုပ်တွေ၊ ငှက်လှောင် အိမ်တွေကိုတော့ မြေပြောင်ပြောင်မှာ သည်အတိုင်း ချထားသည်။

လက်ယာဘက် ခေါက်စားပွဲပေါ်တွင် မီးခိုး တလူလူ အလင်းတိုင်၊ အမွှေးတိုင်တွေ    မိုးမွှန်နေသည့် အုန်းငှက်ပျော ကန်တော့ပွဲ တစ်ပွဲ တင်ထားသည်။ စားပွဲခင်း အဖြူနှင့်။ လက်ဝဲဘက် ခုံမှာတော့ လေးထောင့် အံစာတုံး သဏ္ဌာန် အံဝှက်ပါ မှော် သေတ္တာ၊ အရိုးခေါင်းနှစ်လုံး၊ ဖဲထုပ်၊ ချိုကားကား ပြောင် ခေါင်းခွံ၊ ရောင်စုံရွဲလုံးတွေ၊ နံချပ်ကူ၊ စားပွဲတင်နာရီ၊ ဘူမာရင်း လက်နက်တစ်ခု အပြင် ဖန်ဒိုး၊ ကျောက်ဒိုး ရောင်စုံ စသဖြင့် တိုလီမုတ်စတွေ ပွရှုပ်လို့နေသေး၏။

ထန်းခေါက်ဖာကြီး တစ်လုံး၊ ထင်းရှူးသေတ္တာ (လက်ဆွဲကွင်း လွန်ကြိုးတပ်) အချို့ကတော့ ဘင်တီးတဲ့ ကောင်လေးနားမှာ အစီအရီ။
“ယော၊ ဆော၊ ဂန့်ဂေါ၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက် လုံး၊ မောက်ပြား၊ ဆယ့်နှစ် ကြိုး၊ ကြိုးလေးဆယ်”

အရပ်သား နားရှုပ်အောင် မှော်ဆန်ဆန်၊ မန္တရား ဆန်ဆန် ဝေါဟာရတွေ သမားဂုဏ်ပြ ရေရွတ်ရင်း မာန်ချီ သွင်းနေသော မျက်လှည့်ဆရာက အကျိုင်းအရိုင်း ဖြောင့်သလို လူကောင်လည်း ထွားသည်။ မျက်လုံးစူးစူး အသံအောင်အောင်နှင့် ချက် ကျလက်ကျ ပြောဆိုလှုပ်ရှား နေသည်မှာ အနက်ရောင် အင်္ကျီဘောင်းဘီတွေနှင့်သာ မဟုတ်လျှင် ဒါ့ထက်ရုပ်ရေး ထွက်မည့် သဏ္ဌာန်ရှိသည်။    

“ချောက်ချီးချောက် ချက် မျက်လှည့်လေး အယောင်ပြပြီး ဆေးရောင်း စားတဲ့အထဲမှာ ယောပြန်-ကျော်ဗလ မပါဘူး”

သည်ယုန်မြင်လို့ သည် ချုံထွင်တာနေမှာဟု စိတ်ထဲ ကကျိတ်အထင်သေးနေသော ပရိသတ်တွေ နည်းနည်းတွန့်သွား၏။
“လက်လှည့်၊ မျက် လှည့်၊ ပဉ္စလက်၊ အဋ္ဌလက် တဲ့။ အဲဒီလို အဋ္ဌာရဿတန်း ၀င်မြန်မာ့ရိုးရာ ပညာတစ်ရပ် ကို မတိမ်ကောရအောင် ထိန်းသိမ်းတဲ့ အနေနဲ့ အကျိုးဆောင် နေတာပါ”

ပြောပြောဆိုဆို မျက်လှည့်ဆရာက ခြောက်မူးလုံး သံချောင်း တစ်ချောင်းကို လည်မျိုမှာ ထောက်ပြီး ကွေးပြဖို့ လုပ်နေသည်။ ယင်းအခိုက်မှာပင် မျက်လှည့်ဝိုင်း၏ စက်ဝိုင်းပြတ် တစ်နေရာ၌ ရုတ်ပွရုတ်ပွ ဖြစ်ကာ အခြေ ပျက်သွား၏။ ဘေးဖယ်၊ ဘေးဖယ်ဆိုသော အာဏာသံနှင့် အတူ လူကြားထဲကနေ နောက်ထပ် ပရိသတ်တစ်ဦး ပေါ်ထွက်လာခြင်းပင် ဖြစ် သည်။
ဦးစက္က။ ဦးစက္ကနဲ့ သူ့ တပည့်တွေ။

အားလုံး၏ အာရုံ သက်ရောက်မှုက မျက်လှည့်ဆရာ ထံမှသည် လူသစ်ထံသို့ အလျင်အမြန် ကူးပြောင်းသွား ပုံရ၏။ ၀န်ရှင်တော်မင်း ကြွချီလာသလိုမျိုး တပည့်တပန်းတွေ ခြံရံပြီး ရောက်လာသည့် ဦးစက္ကကတော့ ယောပြန် ကျော်ဗလဆိုသူကို စူးစူးစိုက် စိုက်ကြီး တူရူပြုနေတော့ သည်။

“ဒုံးချမ်း ဒုံးချမ်း”
လောဆော်လိုက်သော ဘင်သံက စိတ်ပျံ့သွားသော ပရိသတ်အာရုံကို ပြန်လည် ဆွဲဆောင်ဖို့ တမင် အရှိန်မြှင့် လိုက်သလိုရှိ၏။ ခုနေအခါမှာ ပြကွက်က ဖဲထုပ်ဆီ ရောက်သွားပြန်တော့၏။ ဆရာသမားက ငါး ဆယ့်နှစ်ချပ် စုံညီ ပါဝင်သော ဖဲထုပ်ကို လက်ထဲမှာ ဘာဂျာ ဆွဲသလိုမျိုး ဆန့်လိုက်စုလိုက် သွက်သွက်ကြီး ဆွဲပြနေ၏။ ဘယ်ဖဲ တစ်ချပ်တလေမှ ထွက်မကျအောင် ပြုစားနိုင် သည့်ကျွမ်းကျင်မှု အပေါ် လူတွေ ရင်သပ်ရှုမော ဖြစ်နေကြ တော့သည်။

ဒါတင်မဟုတ် ဖဲထုပ်ကို လေထဲမှာ လှလှပပ ကုလားဖန် ထိုးပြလိုက်သေး၏။ သို့သော် သူ့မျက်လုံးတွေ ကတော့ ခုမှရောက်လာသော မာကျယ်ကျယ် ပုဂ်္ဂိုလ်ရဲ့ မျက်နှာသို့ အကြိမ်ကြိမ်ဖြန့်ကြက် အကဲခတ် ဖိုးကပ်စ်  လုပ်နေမှန်း သိသာလွန်းလှ သည်။

အံ့သြဘနန်း ပြကွက်တစ်ကွက် အဆုံးသတ်လေတိုင်း ၀ိုင်းထဲသို့ ငွေစက္ကူတွေ ထိုးဆင်းလာကြသည်။ သို့သော် အများစုက ဖြတ်သွား ဖြတ်လာ သူလိုကိုယ်လိုတွေ မို့ ငါးဆယ်တန်၊ တစ်ရာတန် နုပ်နုပ်ဖွဲဖွဲလေးချည်း ဖြစ်နေတော့သည်။

တပည့်တစ်ယောက်အား ကြိုးတုပ်၊ ထန်းခေါက် ဖာကြီးထဲထည့်၊ လှံတွေ  အများကြီးနဲ့ ထိုးပြသော ပြကွက် အလွန်တွင် သူ့ထက် ဂမ္ဘာီရဆန်သော တင်ဆက်မှု တွေက ဒီဂရီမြင့်သထက်မြင့် လာ၏။

လူကြီးမင်း ဦးစက္ကကတော့ ခုထိ ၀င်ရောက် စွက်ဖက်မှု တစ်စုံတစ်ရာ မပြုသေး ဘဲ အေးဆေး တည်ငြိမ်စွာ အကဲခတ်ဆဲဖြစ်သည်။ လက်ပိုက်လိုက်၊ ဆေးတံကောက် မည်းမည်းကြီးကို ဖွာလိုက်၊ သူ့တပည့် နှစ်ယောက်နှင့် တီးတိုးပြောလိုက်၊ ဒါလောက်ပဲ ရှိသည်။

စင်စစ် ဦးစက္က ဆိုတာက ဟောသည် ဂေါစရဂါမ်မှာ ဖြင့် သူမပါ ဘယ်ဟာမှ မပြီး ဆိုတာမျိုး ဓနရှိန်စော် အပြင်  အခြား သြဇာ သက်ရောက်မှု၊ လက်ညှိုး ညွှန်ရာ လိုရာဖြစ်မှု စသော တန်ခိုး ဣဒ္ဓိပါဒ်တွေ ကြောင့် တစ်နယ်လုံးက“ရှိန်း” ရသော လူထက်ကြီးဖြစ်သည်ကို နယ်ခံတွေကတော့ လုံးဝ သိနှင့်ပြီးသားပင်။ ပစ္စက္ခ အခင်းအကျင်း မှာတော့ သည်နေရာတွင် ဖြစ်ရိုးဖြစ်စဉ်မှ သွေဖြည်သည့်ထူး ခြားခြင်းရာ တစ်ခုတလေမှ ပေါ်ပေါက်လာခြင်း မရှိသေး။ သို့သော်...

ဦးစက္က အာရုံကျလျက် ရှိသော အရပ်တစ်ပါးက မျက်လှည့်ဆရာ။ ပြီးတော့ အဆိုပါ ယောပြန် ကျော်ဗလ ဆိုသူနဲ့ စေတသိက် စူးရောက်ရာ တူရူ ချက်ဖြစ်သော နယ်ခံဦးစက္က။ အ၀ိညာဏက အသက်မဲ့ နွားရုပ် နှစ်ရုပ်ကို အချင်းချင်း ဝှေ့စေခြင်း၊ လူကို အိပ်မွေ့ချပြီး လေထဲမှာ ပေါလော မျောစေခြင်း စတာတွေကတော့ ပရိသတ်၏ စိတ်လှုပ်ရှားမှု ရေချိန်ကို ခပ်မြင့်မြင့် ဆွဲတင်လိုက်သော ပြကွက်တွေ ဖြစ်သည်။

လက်ခုပ် သြဘာသံ နောက်မှာ လက်ကွင်းမှုတ်သံ တွေတောင် ရောပါလို့ လာကြ ၏။ ပိုက်ဆံတွေ တဖျောဖျော ပစ်ချသဖြင့် စည်းဝိုင်းမှာ ဖွေးဖွေး လှုပ်သွားသည်။ သို့သော် အားလုံးရဲ့စက်ဝန်းမှာ အထင်ကရ ငြိနေသော ဦးစက္က တစ်ယောက်ကတော့ ဘာမှ မထူးခြားသလိုမျိုး နကမ်္ပတိ၊ အလှုပ်အရှား မရှိ ဖြစ်နေဆဲ။ သည်လိုနှင့် အသင့် ယူလာသော လင်းတ တစ်ကောင်ကို ဖျောက်ပြသည့် အခန်း ကဏ္ဍသို့ ရောက်ရှိလို့ လာခဲ့သည်။ သည်တစ်ချီတွင်တော့ ကျော်ဗလ တစ်ယောက် ကောင်းကင်ဆီ မော့ကာ လက်အုပ်ချီလိုက်၏။ ပါးစပ် တလှုပ်လှုပ် နုပ်ပွနုပ်ပွပြု ကာအလွန့်အလွန် လေးနက်သည့် အသွင်မျိုး ဆောင်လို့နေသည်။

နှစ်မိနစ်ခန့် ရွတ်ဖတ် သရဇ္ဈာယ်မြည်တမ်းသည်။ ထို့နောက် ဖျင်နီစလေးဖက် လေးတန် ကာရံထားသော ယာယီ အကန့်ငယ် အတွင်းသို့ လင်းတအား မထည့်မီ ဖနောင့် တစ်ချက်ပေါက်ပြီး ကြိတ်ခြေလိုက်၏။ ဖနောင့် အောက်မှ မီခိုးတွေ အူထွက် လာမှုကြောင့် အာမေဍိတ်ပြု ကြရပြန်သည်။

လင်းတကို ဖျောက်ပြီး ချိန်တွင်တော့ ကျော်ဗလ စကား အနည်းငယ်ပြော၏။
“ရွှေပွဲလာ ပရိသတ်များ  ခင်ဗျာ။ အားလုံးမြင်တဲ့ အတိုင်း သက်ရှိ သတ္တ၀ါ တစ်ကောင်ကို အမွေးစ မကျန်အောင် ဖျောက်တဲ့ ကိစ္စကဖြင့် ပြီးခဲ့ပါပြီ။

“ဒါပေမဲ့ ပြန်ရောက်အောင် ဘယ်လို လုပ်မလဲ ဆိုတာတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး။ ပြန်မရလည်း ဆုံးပေါ့ဗျာ။ မသကာ ခွေးသေကောင်ပုပ် ကျတတ်တဲ့ လယ်ကွင်း တစ်နေရာရာ လျှောက်ရှာပြီး အသစ်တစ် ကောင် ထပ်ဖမ်းရုံပါပဲ။

“လောလောဆယ်မှာတော့ ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေ သီချင်းကို အပီ အပြင်ဟဲပြမယ့် ဟဲဗီးရော့ခ် အဆိုတော် သာလိကာမလေး ရဲ့စတိတ်ရှိုးနဲ့...”
နောက်ထပ် နုပ်နုပ်ဖွဲဖွဲ အာကရံပါကရံ ပြကွက်နှစ်ခု သုံးခုလာ၏။ တစ်ချိန်တွင်တော့ မျက် လှည့်ဆရာက စတီးသွား လက်လက် ဓားမြှောင်သုံး ချောင်းကို မြှောက်ကာ လက်နှင့် ကစားလိုက်၊ ခြေဖျားဖြင့် ခတ်လိုက် ပညာ ဆန်းပြနေ၏။ အသည်းတယားယား ရင်တဖိုဖို ဖြစ်နေကြသဖြင့် အသက် ရှူဖို့တောင် မေ့နေတော့မလို။

ထိုစဉ် ၀ိုင်းထဲသို့ ၀ှီးခနဲ တစ်စုံတစ်ရာ ပစ်ကျလာ၏။ စောစောက လင်းတ။ လည်ပင်းမှာ ပိတ်နီစလေး ချည်နှောင် ပေးလိုက်သော အဖျောက်ခံ လင်းတပင်ဖြစ်သည်။ ရွှေပွဲလာတို့၏ အုတ် အော်သောင်းတင်း လက်ခုပ်သံက သောသော ညံသွားရ ပြန်၏။

သွေ့ခြောက်လာဟန် ရှိသော မျည်လှည့် ဆရာ၏ မျက်လုံးတွေက ကိုယ်ပိုင် ယုံကြည်မှု ပြင်းထန်ခြင်း သင်္ကေတ အဖြစ် ပိုမို စူးလက်လို့ လာသည်။

“မြန်မာ့ပဉ္စလက် ပညာရဲ့ လျှို့ဝှက် နက်နဲမှုကတော့ တစ်နံတစ်လျား မဆုံးနိုင်ပါဘူး။

“တချို့ အနောက်တိုင်းမှာ မီးရထားစင်းလုံး၊ လေယာဉ်စင်းလုံး ဖျောက်ကြတာတို့၊ ရေတံခွန်ထဲမျှော ခုန်ချ တာတွေကိုမှ အံ့ချီးဘနန်း အထင်တော်ကြီးကြပါတယ်။

“အဲဒီ ဒေးဗစ်ကော့ပါး ဖီးတင် မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ မိရိုးဖလာအမွေ အနှစ်မြန်မာ့ ပညာရပ်တွေမှာ လည်းပဲ...”

“ဟိတ် ဟိတ်၊ ဒီမယ်”

မျက်လှည့်ဆရာ၏ ကိုယ်ရည်သွေး တီးလုံးအား ကန့်လန့်ဖြတ်နင်းချိုးပစ်လိုက် သော အနှောင့်အယှက်တစ်ခု။ ထိုတစ်ခုက ပရိသတ်ထဲမှ ထွက်လာသည်။ အခြား မဟုတ် ဦးစက္ကပဲဖြစ်သည်။

သဟောက်သဟန် လေ သံကြောင့် ယောပြန်ကျော် ဗလမျက်နှာက ပထမတော့ ရဲတက်သွားရာမှ ညိုမည်းကာ အလိုမကျဟန်သို့ သိသိသာသာ အသွင်ပြောင်းသွားသည်။

သို့သော် အတွေ့အကြုံလည်း ရင့်ကျက်၊ အများနှင့် လုပ်စားရသည့် သဘော သဘာဝကိုလည်း နောကျေ နေရကား ချက်ချင်းပင် အပြုံးတု တစ်ခုကို မျက်နှာသို့ အချိန်မီ တင်လိုက်၏။

“ဟုတ်ကဲ့၊ အမိန့်ရှိပါ ခင်ဗျာ”

ခါးကို ကွေးညွတ်ကာ တရိုတသေ တုံ့ပြန် မေးမြန်းပြီးနောက် ကျိုးနွံသောကျွန် အခစား၏ အမူအရာဖြင့် စောင့်ပေးနေလိုက်သည်။
“လူတစ်ယောက်ကို အရှင်လတ်လတ် ဖျောက်ပြရမယ်။ ပြီးတော့ အချိန်မီ နဂို နေအတိုင်း ပြန်ခေါ်ပေးနိုင် မယ်ဆိုရင် ဟောဒီမှာ...”
ဦးစက္က ဆန့်ထုတ်လိုက် သောလက်တွင် ငါးထောင် တန်ငွေစက္ကူ ကျပ်ချွတ်တစ် အုပ်။ ကျပ်ငါးသိန်းတိတိ။
“ဗျာ”

အံ့သြခြင်းနှင့် စူးစမ်း စောကြောခြင်း အဓိပ္ပာယ်နှစ်ရပ် အချိုးညီ ပျော်ဝင်နေသော ထို“ဗျာ”က ကာယကံရှင်သာ သိနိုင်သော စိတ်ခံစားချက်ကြောင့် တုန်ခါလှုပ်ခတ်သလို တော့ရှိသည်။
“ဖျောက်ပြရမှာက ဟောဒီက ငါ့တပည့် မိုးမှောင်။ ပြီးတော့ ဆယ့်ငါးမိနစ် အတွင်း အကောင်းပတိ ပြန်ခေါ်ပေးရမယ်”

တစ်ဖက်သတ် စိန်ခေါ် မှုကြောင့် တစ်ဝိုင်းလုံး၊ ပတ်ဝန်းကျင် တစ်ခုလုံး အသံမဲ့ ဇုန်ဖြစ်ကာ တိခနဲ အငြိမ်။ စိတ်၏ အင်ဒီကေတာ ဖြစ်သောမျက်လုံး အကြည့်တွေသာ အလုပ်လုပ်နိုင်တော့ သည်။ သို့သော် အဲဒါတွေက ဘာသာပြန်လို့ မရနိုင်။

“ဘယ့်နှယ်လဲ၊ အာမခံ တကယ်“ရဲ”မှလုပ် ကိုယ့်လူ”

စဉ်းစား သုံးသပ်နေဆဲ တစ်ဖက်လူသို့ နောက်ထပ် ခနဲ့တဲ့တဲ့ စိန်ခေါ်ချက်တစ်ရပ် က ခပ်ပြင်းပြင်း ရိုက်ချလိုက် ပြန်သည်။ ယောက်ျားနှစ်ဦး၏ အတ္တမာန အချင်းချင်းအား ပြိုင်မှုက အပြင်းအထန်ရုန်း ကြွလို့လာ၏။ လူပုံအလယ် မှာ ပြောင်ပြောင်နွှဲနေကြရ ကား ဘယ်သူမဆို အလျှော့ မပေးတမ်း အရိုးကြေ အရေ ခန်း ထိုးနှက်ကြမည့် အသွင်မျိုး အတိအကျ ဆောင်လာ တော့သည်။

တင်းပြီးသား မျက်နှာ ပြင်နှစ်ပြင်၌ အကဲဖမ်းရခက် သော အရေပြား အဆတ် အတွန့်နှင့် ဖြတ်ပြေးသွား သော အရိပ်လှိုင်းတချို့ လူး လာခတ်သည်။ တစပြင်၏ ဆိတ်ငြိမ် ခြင်းမျိုး ခဏ၀ယ် လွှမ်းမိုးပြီး နောက် ကျော်ဗလမှ အသံ စတင်ထွက်လာသည်။
“ဟုတ်ပါပြီ။ ဒီက ဆရာသမား ပြောသလို...”

“ငါ့နာမည် စက္က”

“ဟုတ်ကဲ့၊ ဦးစက္က ပြောသလို မဟုတ်ဘဲ တခြား အစီအစဉ် ဆိုရင်ကော”

“တခြားအစီအစဉ်”

“ဦးစက္ကရဲ့ တပည့်ကို မဟုတ်ဘဲ ဦးစက္ကရဲ့လက် တစ်ဖက်။ ညာဘက်ဖြစ်ဖြစ်၊ ဘယ်ဘက်ဖြစ်ဖြစ် ကြိုက်ရာ တစ်ခုခုပေါ့လေ။ ကျွန်တော် ဖျောက်ပြချင်ပါတယ်”

“ဘာ”
“ဒီလိုပါ။ ဦးစက္ကရဲ့ လက်တစ်ချောင်းကို တံ တောင်ဆစ်ကနေ ပိုင်းပြီး ဖျောက်ပြပေးမယ့် အစီအစဉ် ပါ။
“ပထမဆုံး တံတောင် ဆစ်နေရာကနေ ဖဲကြိုးနဲ့ စည်းလိုက်မယ်။ ပြီးရင် အဖျားပိုင်းကို ဖျောက်လိုက်မယ်။ ဆယ့်ငါးမိနစ် မဟုတ်ဘူး၊ ဆယ်မိနစ်အတွင်း အဲဒီ လက်ပြန် ရောက်လာအောင် လုပ်ပေးမယ်။ ဘယ်လို နေမလဲ”

ရုတ်တရက်ကြီးမို့ ဦးစက္က “တွေ”သွားသည်။ လက်ပတ်နာရီတွေ၊ လက်စွပ်တွေ ဆင်မြန်းထားသော သူ့ ဘယ်ဘက်လက်နှင့် အဖိုးတန် ဒန်းဟီးလ်ဆေးတံကြီး ကိုင်ထားဆဲ ဘယ်ဘက် လက်ကို ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့ လုပ်နေမိမှန်း မသိဘဲ ငုံ့ကြည့်နေပြန်သည်။

“စိတ်ခိုင်မယ်၊ စိတ်နိုင် မယ်၊ ပြတ်သားမယ်ဆိုရင် ပေါ့ ခင်ဗျာ”
မျက်လှည့်ဆရာ ထပ် “ကွန့်”လိုက်သော ထိချက်ပိုင်ပိုင် ထေ့လုံးကြောင့် ဦးစက္က မျက်နှာ ဟင်္သပြဒါးရောင် နီစွေးသွား၏။
“ကောင်းပြီ၊ စိန်လိုက်”

အသံကစူး၏။ ထန်၏။ပြီးတော့ မိုးကြိုးပစ်ချလိုက် သလို ပိန်းပိန်းထ၏။
“ဒါပေမဲ့၊ ပြောတဲ့ အတိုင်း ပြန်မလာရင်တော့..”

“စိတ်ချပါ ဦးစက္က။ ကျွန်တော့်ဘ၀ တစ်ခုလုံး ရက်ရက်ရောရော အပေါင်ထားပြီး မှ အလုပ် လုပ်မှာပါ။

“အကယ်တည့် ပြောတဲ့ အတိုင်း တည်အောင်မလုပ် နိုင်ခဲ့ရင် ကြိုက်သလိုစီရင်ခွင့် အတွက် စာချုပ်ချုပ်ပြီးမှ အပီ လုပ်မှာပါ။

“ယောပြန် ကျော်ဗလ တစ်ယောက် မိမိအသက်အား မိမိဘာသာ အဆုံးစီရင် ဘ၀ ဖြစ်သွားကြောင်း ၀န်ခံချက် စာချုပ် လူကြီးစုံရာနဲ့ လက်မှတ်ထိုးခဲ့မယ် ဆိုရင် ကျေနပ် လောက်ပါရဲ့”

ပဋိညာဉ် ကိစ္စတွေရဲ့ နောက်ပိုင်းတွင် ဦးစက္က၏ လက်ဝဲဘက်လက်မှ ရွှေ ရောင် အိုမီဂါနာရီနှင့်အဆောင် အဖြစ် ဗေဒင်ကိန်းခန်း အတိုင်း တိတိပပစီရင်ထားသော န၀ ရတ်လက်စွပ်အား ချွတ်သိမ်း ပေးပါရန် မျက်လှည့်ဆရာက မေတ္တာရပ်ခံ၏။

ထို့နောက် တံတောင်  ဆစ်နေရာတွင် ဖဲကြိုးအနီ စည်း၍ အမှတ်အသား ပြုသည်။ ခုံပေါ်တွင် တင်ထား သော ဦးစက္က၏ လက်ကို နှစ်ပေခန့် ရှည်သော နှစ်ဖက်ပွင့် ဆလင်ဒါထုလုံး ရှည်ဖြင့်စွပ်၏။ ပြီးတော့ ထိုပေါ်မှာ အ၀တ်နက် တစ်စ ဖုံးသည်။
ကျော်ဗလ မျက်နှာက အလေးအနက် “တည်”ရာမှ ပိုမိုညို့မှိုင်းသွား၏။ တပည့် တစ်ဦးက ကတ်္တီပါအိတ်နီညို ရောင်စွပ်ထားသော ပန်းပွား တပ်မှော်ကြိမ်လုံးကို သူ့ဆရာသို့ တရိုတသေ ကမ်းသည်။ ထိုအခိုက် စားပွဲတင် နာရီအား အတိအကျ အချိန် တိုက်ရန် ကျော်ဗလ မမေ့ မလျော့ ညွှန်ကြားသေး၏။

ကန်တော့ပွဲ၌ အဓိဋ္ဌာန် ဖယောင်းတိုင် သုံးတိုင်ထပ်မံ ပူဇော် ထွန်းညှိသည်။ ရင်ဘတ်မှာ ပ၀ါဖြူတစ်ထည်  စည်းသည်။ ကောင်းကင်သို့ လက်အုပ်ချီကာ တစ်စုံတစ်ရာ ရွတ်ဖတ် ရင့်ကျူးသည်။ ထို့ နောက်ဖနောင့် သုံးချက်တိတိ ပေါက်၏။ တတိယ ဖနောင့်ချက်တွင် မီးတောက်ထွက် သည်။

“ကိုင်း ခုအချိန်ကစပြီး ကျွန်တော်တို့ နောင်တော်ကြီး ဦးစက္က ကိုယ်တိုင်ရဲ့သဘောတူ ခွင့်ပြုချက် အရ လုပ်ငန်း စပါတော့မယ်။

“မျက်လှည့်လောက၊ မျက်လှည့် သံသရာ၊ မျက်လှည့် ကမ္ဘာ၊ မျက်လှည့် သမိုင်းမှာ ဘယ်တုံးကမှ မရှိခဲ့ဘူးသေးတဲ့ လူသားရင့်မာကြီး တစ်ဦးရဲ့အရှင်လတ်လတ် ခန္ဓာကိုယ် ကနေ အင်္ဂါ တစ်စိတ်တစ်ပိုင်း တစ်ရပ်ကို ကွက်ပြီးတော့ ဖျောက်ပြမယ့် ထူးထူးဆန်းဆန်း ဂမ္ဘီရပြကွက်ပါ။ အန္တရာယ် ကြီးသလို အမှားလည်း မခံတဲ့ အနေအထားမျိုးပါ”

ထို့နောက် မျက်စိစုံမှိတ် လက်အုပ်ချီကာ တစ်စုံတစ်ရာကို တိုင်တည်ဟန်ဖြင့် ခပ်ကြာကြာ ရွတ်ဖတ်မှု ပြုနေပြန်လေ ၏။
“ဆိုင်ရာတွေ ကူညီညာ ၀ိုင်းလို့ မှိုင်းမတော်မူပါဗျား”

“ဟိုင်း”
ဘင်သံဆော်၏။
ဆရာသမားက ဆေးကြိမ်လုံးအား ထုလုံးရှည် စွပ်ထားသော၊ အ၀တ်နက်အုပ် ထားသော ဦးစက္က၏ လက်ဖျံ လက်မောင်းပေါ်က နေ၍ အရင်းမှသည် အဖျားသို့ ဖြည်းညင်းစွာ ဆွဲသပ်သည်။ ဖြည်းဖြည်း ချင်း ဂရုတစိုက် သုံးချက်တိတိ မန်းမှုတ်ဝေ့ ဆွဲသပ်ချခြင်း ဖြစ်သည်။

ထို့နောက်တွင်တော့ လုံးဝ ဥဿုံ သေချာသော သမာဓိဖြင့် ရှိသမျှသော အရံအတား တွေကို ရဲရဲသွက်သွက်ကြီး ဖယ်လှပ်ပစ်လိုက်၏။
“ဟာ”

ပါးစပ်ပေါက် များစွာမှ အံ့သြဘနန်း အာမေဍိတ်သံတွေ ထွက်လာပြီးနောက် ကာယကံ ရှင် ဦးစက္ကကိုယ်တိုင် သူ့လက် တိုငုံးတိကြီးကို သွေးပျက်စွာ စူးစူးစိုက်စိုက် ငုံ့ကြည့်နေတော့သည်။

“မိဘများ ခင်ဗျာ။ အခုက စပြီး အချိန်ဟာ ကျွန်တော့် အတွက် “အသက်”ဖြစ်သွား ပါပြီ။ ဆယ်မိနစ် အတွင်း ကျွန်တော်တို့ မိတ်ဆွေတော်ကြီးရဲ့လက်ကို မူလအတိုင်းဖြစ် အောင်ပြန်ပြီး စီရင်ပေးရလိမ့် မှာပါ။

“သို့သော် ဒီစက္ကန့်တွေ ကိုတော့ ဘာပဲဖြစ်နေနေ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးဖြတ်သန်း သွားရ တော့မှာပါပဲ။

“အသားလွတ်ကြီး စောင့်ရမယ့် အတူတူ ပြကွက်ဆန်းလေး တစ်ခုပြရင်း အချိန် ဖြုန်းရရင် စောင့်လို့ စောင့်ရမှန်း မသိ၊ ငြီးငွေ့မှုလည်း ပြေပျောက် ဆိုသလို အားလုံး အတွက် အဆင်ပြေကြမယ် ထင်ပါတယ်”

ဆရာကောင်း တပည့် က အလိုက်သိစွာ မြွေပခြုပ် နှစ်လုံးအား ဆွဲယူလာသည်။
“ဒီဘက်က မြွေပွေး၊ ဒီထဲမှာက တောကြီး မြွေဟောက်ပါ။ သူတို့ကို ဖိုက်တင်ပလေး ခိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ မြေပေါ်မှာ မဟုတ်ဘူး လေထဲမှာ၊ အာကာသ ကောင်းကင်ပြင်မှာပါ”

တပည့်ထံ လက်ကမ်းလိုက်တော့ သာမန်ဆိုက်ထက် ကြီးသော အပ်ချည်ပြည့် တညင်းလုံး တစ်လုံး ရသည်။
“ဒီချည်မျှင်ရဲ့ထိပ်မှာ ခုလိုမျိုး ဖဲကြိုး လိမ္မော်ရောင်လေး တစ်စ ချည်လွှတ်လိုက် ပါ့မယ်။ အပ်ချည်ရဲ့ထိပ်ဖျား ဘယ်နား ရောက်သွားမလဲ မြင်ရအောင်ပါ။ မျက်စိမှိတ်ရင်း တွတ်တွတ်ရွတ်ပြန်သည်။

“မှိုင်းဆရာ မှိုင်း၊ မ ဆရာ မ”

ဘင်သံ၊ ပလွေသံတွေ ဘ၀ဂ်တိုင် ညံ၏။ ကျော်ဗလ အပ်ချည်မျှင်ကို ကောင်းကင်သို့ စတင်ဆွဲ ထုတ်လွှတ်တင်သည်။ လိမ္မော်ရောင် ဖဲစလေး ဦးဆောင်သော အပ်ချည်မျှင် ဖြူဖြူက အပေါ်ကနေ တစ်စုံ တစ်ယောက် ဆွဲယူသလိုမျိုး ဖြည်းဖြည်းချင်း မြင့်တက်သွားသည်။

ဆယ်ပေ၊ ပေတစ်ရာ၊ ပေနှစ်ရာ။ ပြီးတော့ သာ၍ သာ၍ မြင့်ရာ...။ အပ်ချည် ကုန်ခါနီးတွင် မျက်လှည့် ဆရာက ကျန်သည့် အစွန်း တစ်ဖက်အား သံငုတ် တစ်ခုမှာ ချည်သတ် ထားလိုက်၏။
“ကိုင်း...ဆရာပွေးက ရှေ့က အရင်ပြေးနှင့်ချေ..”

အီတာလျံ ကော်ဇောလို အကွက်ကွက် ထနေသော မြွေပွေးကြီးက အပ်ချည်မျှင် တစ်လျှောက် လူးလွန့်ချိတ် တက်သွားသည်။
“မြွေဟောက်က နောက်က လိုက်စေဗျား”
ပါးပျဉ်းကြီး တစ်တောင်ကျော် ထောင်ထားသော မြွေဟောက်က မြွေပွေးနောက် အလောတကြီး လိုက်တက် သွားပြန်သည်။

ကောင်းကင် မြင်ကွင်း၌ မြွေနှစ်ကောင်၏ ပုံရိပ်သည် ခဏပိုင်းလေး အတွင်းမှာပင် သေးရာမှမှုန်၊ မှုန်ရာမှဝါး၊ ၀ါး ရာမှ ကွယ်ကာ အပ်ချည်မျှင်မှ တစ်ပါး ဘာမှ မမြင်ရတော့ပေ။
အားလုံး အပေါ် မော့ပြီး ဘာမှန်းမသိ မျှော်ကြည့် ကြည့်ကြသည်။ ထိုအချိန်မှာပင် ဗလာ ကောင်းကင်မှ ခွီခွီးရွှီးရွှီး မြွေ နှစ်ကောင် သတ်သံတွေ ထွက်လာ၏။ နောက်တော့ အသံတင် မဟုတ်။ သွေးတွေ၊ မြွေ အရေအခွံ အစုတ်အပြဲတွေ၊ အရိအရွှဲ စိမ်းရွှေရွှေတွေပါ မြေပေါ် ပြုတ်ကျလာတာ မျက်မြင် ဖြစ်လာ၏။

“ဟောဗျာ၊ ဒုက္ခပဲ။ ဒီ အတိုင်း လွှတ်ထားလို့ မဖြစ်ချေဘူး။ ကြာရင် အားလုံးမျိုး ကန်းကုန်မယ့် အပေါက်”

“လာစမ်း”

ကြိတ်လိုက်သော ဖနောင့်မှ မီးတောက်ကြီး တစ်ခု ထတောက်ပြီးနောက် ယောပြန် ကျော်ဗလ ကိုယ် တိုင် အပ်ချည်မျှင် အတိုင်း အလောတကြီး တွယ်တက် သွားတော့သည်။  အေးစက်စက်၊ ငြိမ် သက်သက်၊ ဖြူဖပ်ဖြူရော် မိနစ်တွေ တရိရိ တအိအိ ဆုံးပါးနေ၏။ ပရိသတ်ထုက တော့ ကောင်းကင်ဆီကို မချင့် မရဲ ငေးမျှော်ရင်း စိတ်စောဖို့ ကလွဲပြီး အခြား ဘာတစ်ခုမျှ မစဉ်းစားနိုင်အားပေ။
သို့သော် ထိုဟာသည်ပင် မျက်လှည့် ဆရာအား နောက်ဆုံး တွေ့လိုက်ရသည့် အကြိမ်ဖြစ်ကြောင်း သူတို့ ကိုယ်သူတို့...။  
ဆွန်အဲလူ
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

ပန်းသီးဖီလင်

“သန်းမေ ထ... ထ...”

“ဟင်... အင်း... ဟီး... ဟီး...”
သန်းမေက တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်၏။

“သန်းမေ ထတော့လေ။ အောင်ထူးတို့တောင် သွားကြပြီ”

“ငါ နေမကောင်းဘူး သန်းမောင်”
သန်းမေ နဖူးကို သန်းမောင် စမ်းကြည့်သည်။

ကိုယ်တွေပူနေသည်။ အမေကလည်း မရှိ။ ပြန်မလာသည်မှာ နှစ်ရက်ရှိပြီ။ အမေက ဒီလိုပဲ အိမ်မှ နှစ်ရက်သုံးရက် ပျောက်သွားတတ်သည်။ အမေ မရှိလျှင် သန်းမောင်တို့ မောင်နှမ နှစ်ယောက် လမ်းကြိုလမ်းကြား လျှောက်ကာ တွေ့သမျှ ပုလင်းခွံတွေ၊ စက္ကူကတ်ထူ အတိုအစတွေ ကော်တွေ ကောက်ရောင်းရကာ ကိုယ့်ဝမ်းရေးကိုယ် ဖြေရှင်းရသည်။ အမေ ပြန်ရောက်လာလျှင်တော့ ငယ်သေးသော သန်းမောင်က သန်းမေနှင့် လိုက်စရာ မလိုတော့ပေ။ အိမ်မှာပင် အမေ ချက်ကျွေးတာကို စားလိုက်၊ ကစားလိုက်၊  အိပ်လိုက်နေလို့ ရသည်။ သန်းမေကတော့ အမေ ရှိရှိ၊ မရှိရှိ နေ့တိုင်း ထွက်သည်။ သူရတာကို သူ့ဟာသူ စားချင်တာစား ၀ယ်ချင်တာဝယ်၏။ အမေက သူ့ရှိတာ ကုန်၍ နောက်တစ်ခါ ထွက်သွားပြန်လျှင် သန်းမောင်၏ တာဝန်က သန်းမေ ပခုံးပေါ် ရောက်၏။ သန်းမေ သွားရာနောက် တကောက်ကောက် လိုက်၍ သန်းမေ ကျွေးတာကို စားရပြန်လေ၏။

မနေ့ကလည်း သန်းမေနှင့် အတူ လိုက်သွား၏။ တစ်နေကုန် ရသမျှကို ညနေကျ သွားရောင်း၏။ ဦးဟာရှင်က ပိုက်ဆံ ငါးရာသာ ပေး၏။ ကမ္ဘာ့ စီးပွားရေး ကျနေလို့ ကော်ဈေး၊ စက္ကူဈေးလည်း ကျသည်ဟု ပြောသည်။ သန်းမေက မကျေနပ်။ ခါတိုင်း ထောင့်လေးငါးရာ ရနေကျဟု ပြောသည်။ နောက်ဆုံးတော့ ခုနစ်ရာ ပေး၏။

“သန်းမေ၊ ဗိုက်ဆာတယ်”

“ငါ့မှာ ပိုက်ဆံ မရှိတော့ဘူး။ မနေ့က ခုနစ်ရာက အကုန် စားလိုက်တာပဲ”

“အမေ ဘယ်တော့ ပြန်လာမှာလဲ”

“ဘယ်သိမလဲ။ ငါ့ကို ရေခပ်ပေး။ အာခေါင်တွေ ခြောက်လိုက်တာ”

အိမ်ရှေ့ စဥ့်အိုး ကွဲထဲက ရေတစ်ခွက် ခပ်ပေးလိုက်သည်။ သန်းမေက အငမ်းမရ သောက်၏။
“အောင်ထူးတို့ သွားပြီလား”

“သွားကြပြီ”

“ဘယ်လို လုပ်မလဲ။ ငါ ဒီနေ့ မလိုက်နိုင်ဘူး။ နင်တစ် ယောက်တည်း သွားမလား”

သန်းမောင် တွေဝေ သွားသည်။ အမှန်တော့ သန်းမေနောက်သို့ အပျော် သဘော လျှောက်လိုက် နေခြင်းသာ ဖြစ်၏။ အသက်ဆယ့် တစ်နှစ် ရှိပြီ ဖြစ်သော သန်းမေက လည်လည်ဝယ်ဝယ် ရှိ၏။  သန်းမေထက် လေးနှစ်ငယ်သော သန်းမောင်မှာ ဘယ်လို ပစ္စည်းမျိုးက ပြန်ရောင်းလို့ ရသည်ကိုပင် သိပ်ခွဲခြား မသိသေး။

“ဘယ်လိုလဲ။ နင် သွား ကောက်ရင်တော့ နင့်ဟာနင် ထမင်း ၀ယ်စားလို့ ရတာပေါ့”

“နင်ရော”

“မသိဘူး။ ညနေ နင် ပြန်လာရင် ငါ့အတွက် အပူ ကျဆေး ၀ယ်လာခဲ့”


သူတို့နေသော ကျူးကျော် တဲစုလေးမှ ထွက်၍ ရထားလမ်းကို ကျော်လိုက်သည်နှင့် တိုက်တာ အဆောက် အအုံတွေကို လှမ်းမြင်ရသည်။ သန်းမေနှင့် သွားနေကျ လမ်းအတိုင်း သန်းမောင် လျှောက် ထွက်လာခဲ့သည်။

အတော်လေး နေမြင့် လာတော့ ရထားသမျှကို သွန်ချပြီး ဉာဏ်မီသလောက် တွက်ကြည့်သည်။ ပိုပိုသာသာ တွက်ကြည့်တာတောင်မှ တစ်ရာဖိုး မပြည့်ချင်။ ဗိုက်က ဆာလှပြီ။ ကောက်လာသော ရေသန့် ပုလင်းထဲက လက်ကျန်ရေကို မော့သောက်ပြီး ပန်းခြံဘက်ကို သန်းမောင် ထွက်ခဲ့သည်။ ပန်းခြံနားတစ် ၀ိုက်တွင် ပစ္စည်း အရနည်း တတ်သော်လည်း ရသမျှ ပစ္စည်းတွေက သန့်၍ ဈေးပို ရတတ်သည်။ တစ်ခါတစ်ရံ လမ်းသွား လမ်းလာတွေက သနားသဖြင့် ပေးကျွေးသွား လျှင်လည်း မြိုးမြိုးမြက်မြက် ရတတ်သည်။

ပန်းခြံဘေးရှိ သစ်ပင် ရိပ်တွင် ခြံစည်းရိုး သံတိုင် များကိုမှီ၍ သန်းမောင် ထိုင်ချလိုက်သည်။ ရေသန့် ဘူးဟောင်းများထဲမှ ကျန်သမျှ ရေတွေကို အကုန်အစင် သောက်လိုက်တော့ အနည်းငယ် အဆာပြေသွားသည်။ လူကတော့ နုံးခွေ၍ နေသည်။ တစ်ခုခု စားလိုက်ရရင် အားတွေ ရှိလာမှာပဲဟု တွေး၏။ ဆာလောင်နေသော ဗိုက်ပေါ်သို့ လက်ဖြင့် ပွတ်သပ်ပေးရင်း မှေးခနဲ အိပ်ပျော် သွား၏။

သန်းမောင် အိပ်မက် မက်နေ၏။ အိပ်မက်ထဲတွင် မုန့်တွေ အများကြီး သယ်၍ အမေ ပြန်လာ၏။ သန်းမောင်တို့ မောင်နှမ နှစ်ယောက် စိတ်ကြိုက်စားတာတောင် မုန့်တွေ က မကုန်နိုင်။ အမေက မုန့်တွေကို ထပ်ထပ်ပေးရင်း အတင်း စားခိုင်းနေသည်။

“စားလိုက်ပါ သား ရယ်၊ ချိုကချိုနဲ့”

အမေ့အသံက သန်းမောင် ဘယ်တုံးကမှ မကြား ဖူးဘူးခဲ့သလို ချိုလွင်အေးမြ နေသည်။
“ဟင့်အင်း။ စားချင်ဘူး”

ပြန်ပြောလိုက်တာက သန်းမောင် မဟုတ်။ ဘယ် သူလဲ မစားဘူး ပြောတာ။ သန်းမောင် ယီးတီးယောင်တောင် ဖြစ်သွားသည်။ စားမှာ စားမှာဟု မြည်တမ်းရင်း မျက်လုံးကို ဖွင့်ကြည့်လိုက် သည်။ အိပ်မက် မက်နေတာမှန်း သိလိုက်ရတော့ အကြီး အကျယ် စိတ်ပျက်သွား သည်။
“စားပါ သားရယ်နော်”

အိပ်မက်ထဲက အသံကို ထပ်ကြားရပြန်သည်။ သန်းမောင် ခေါင်းကို ချာလည်လှည့်၏။ ပန်းခြံထဲက သူနှင့် ကျောချင်းကပ်လျက် သစ်ပင်ရိပ်အောက်ရှိ ခုံတန်း ပေါ်တွင် အဒေါ်ကြီး တစ် ယောက်နှင့် သူ့အရွယ်ကောင် လေး တစ်ယောက်တို့ ထိုင်နေကြသည်။ အဒေါ်ကြီးက  လက်ထဲရှိ အခွံနွှာထားသော  ပန်းသီးစိတ်များကို ကောင်လေးကို ကျွေးနေ၏။ အဒေါ် ကြီး၏ ဘေးတွင်လည်း နီနီ ရဲရဲ ပန်းသီးကြီးများ ထည့် ထားသော အိတ်တစ်လုံးကို ချထား၏။
ဖြူဖြူပိန်ပိန်ဖြစ်သော ကောင်လေးက ဘာကို အလို မကျလဲ မသိ။ မျက်နှာကို သုန်မှုန်ပြီး တစ်ဖက် လွှဲထား၏။

“စားလိုက်ပါ သား ရယ်၊ ပန်းသီးလေးက ချိုက ချိုနဲ့”

“စားချင်ဘူး”

ကောင်လေးက ခေါင်း ကို တယမ်းယမ်း လုပ်နေ၏။ တွဲလောင်း ချထားသော ခြေထောက်ကိုလည်း မြေကြီး ပေါ်သို့ မမီတမီ လှမ်းဆောင့် နေသေး၏။ အတော်မိုက်တဲ့ ကောင်။ ပန်းသီးများ မစား ချင်ဘူးတဲ့။ ပန်းသီးဆိုတာ လူတိုင်း စားနိုင်တာ မဟုတ်ဘူးကွ။ မင်းက သူဌေးမို့ စား နိုင်တာ။

ပန်းသီးဆိုတာ သူဌေး တွေမှ စားနိုင်တာဟု သန်းမြင့်က ပြောပြဖူးသည်။ သည်လို ပြောသည့်နေ့က သန်းမေ ပန်းသီးတစ်လုံး ရလာသည်။ ပန်းသီးနီနီကို သန်းမောင် မျက်နှာရှေ့တွင် ဝေ့ကာဝဲကာ ပြ၏။ သန်းမောင်က လှမ်းယူတော့ ပန်းသီးကို သူ့ရင်ခွင်တွင်းသို့ လက်နှစ်ဖက်ဖြင့် အုပ်ဝှက်၏။

“ငါ ခိုးလာတာ၊ ပြေးလိုက်ရတာ မောသွားတာပဲ”

ရင်ခွင်တွင်းမှ ပြူ ထွက်နေသော ပန်းသီးထိပ် ပိုင်းလေးကို လက်ညှိုးဖြင့် တယုတယ ပွတ်ပေးနေရင်း  ပြော၏။ ထို့နောက် ပန်းသီးကို ဂွမ်းခနဲမြည်အောင် ကိုက် ပြ၏။ ပန်းသီးကို တမြုံ့မြုံ့ ၀ါးရင်း “ဖီးပဲ”ဟု တီဗွီ ကြော်ငြာထဲက မင်းသမီး ပုံစံ လုပ် ပြ၏။

သန်းမောင်က ပန်းသီးကို လှမ်းလုတော့ သန်းမေက ထွက်ပြေးသည်။

“ငါ့ကို မီအောင်လိုက်လေ။ မီရင် ကျွေးမယ်”

သန်းမေကို မီအောင် သန်းမောင် မလိုက်နိုင်ပါ။ သို့သော် သန်းမေက ပန်းသီးတစ် ခြမ်း ကျွေးပါသည်။ တစ်သက်မှာ တစ်ခါသာ စားခဲ့ ဖူးရသော ပန်းသီး အရသာမှာ ချို၏။ မွှေး၏။ အေး၏။ ပြန်၍ သတိ ရမိသော အခါ အခုပင် စားခဲ့ရသလို သန်းမောင် ထင်မိ၏။ ပါးစပ်ထဲတွင် ပြည့်လာသော သွားရည်ကို ပြက်ခနဲ မြည်အောင်  မျိုချ လိုက်မိ၏။ သန်းမောင်ထံမှ အသံကြောင့် အဒေါ်ကြီးက လှည့်ကြည့်သည်။ ရွံရှာဟန်ဖြင့် တစ်ဖက် လှည့်သွားပြီးမှ တစ်ဖန် ပြန်ကြည့်၏။ အဒေါ်ကြီးက အကြံတစ်ခု ရသွားဟန် ဖြင့် သူ့သားဘက်ကို ပြန်ကြည့်၏။

“ကဲ သား၊ ပန်းသီးစား မှာလား၊ ပြော”

ဒီတစ်ခါ အဒေါ်ကြီး အသံက ချိုသော်လည်း အနည်းငယ် မာ၏။
“ဖေဖေ ရုပ်ရှင်ပြမယ် ပြောပြီး...”

“ဖေဖေက ရုံးမှာ မီတင် မပြီးသေးလို့ ဒီမှာ စောင့်ခိုင်းထားတာ သားရယ်။ ဒီမှာ ကြည့်၊ လက်မှတ်တောင် ၀ယ်ပြီးပြီ”

“ဟင်း မေမေကလည်း  အခုပဲ ထမင်း စားထားတာ ကို”

မိုက်လိုက်တဲ့ကောင်။ ထမင်း စားရတာ ကောင်းတာပေါ့။ သန်းမောင် မချင့်မရဲ တွေး၏။ ငါသာဆို ကျွေးသမျှ ကုန်အောင်စားမှာ။
“ထမင်း စားပြီးတိုင်း သစ်သီး စားရမယ်လေ သားရဲ့။ ဒါမှ သားလေး ကျန်းမာပြီး အားရှိမှာ”

“ဟင့်အင်း”

ကောင်လေးက ခေါင်းခါပြီး တစ်ဖက် ပြန်လှည့်သွား၏။
“ဟိုမှာ ကြည့်စမ်း သား”

အဒေါ်ကြီးက သန်းမောင်ကို လက်ညှိုးထိုးပြ သည်။
“တွေ့လား၊ စားချင်လို့ ငေးနေတာ။ သား မစားရင်  သူ့ ကျွေးလိုက်မှာနော်”

ကျွေးမယ် ဆိုပါလား။သန်းမောင် ရင်ဘတ်ထဲတွင်  ဟစ်ဟော့ပ်နှစ်ဖွဲ့ ဆိုင်ပြီး အပြိုင်ရန်တွေ့ကြသလို အိုး နင်းခွက်နင်း ဖြစ်သွား၏။
“ကျွေးလိုက်”

ကောင်လေးက ဂရု မစိုက်ဟန်ဖြင့် လှည့်မကြည့်ဘဲ ပြော၏။ သဘောကောင်း လိုက်တဲ့ကောင်။ ဒီထက် ပိုပိုပြီး ဌေးပါစေ။ သန်းမောင် ၀မ်းသာအားရ ဆုတောင်းပေးရင်း ဒူးထောက်လျက် ရှေ့တိုး၏။
“တကယ်လား၊ မေမေ ကျွေးလိုက်မှာနော်”

အဒေါ်ကြီးက လှည့်မကြည့်ဘဲ ပန်းသီး ကိုင်ထား သောလက်ကို သန်းမောင် ဘက်သို့ ဆန့်တန်း၏။
တကယ် ကျွေးတော့ မှာ။ ၀မ်းသာစိတ်ဖြင့် သံတိုင် တွေကြားထဲ ခေါင်းကို တိုးကပ်၏။ စားရပါတော့မယ် ဆိုမှ ဗိုက်က ဂလွီဂလွမ်မြည် လာပြန်သည်။ မြည်၊ ကြိုက် သလောက်မြည်ထား။ ခဏ နေရင် မင်းထဲကို ပန်းသီးတွေ ပစ်ထည့်လိုက်မယ်။
“ကျွေးလိုက်တော့မယ်နော်”

ကောင်လေးဆီက အသံထွက်မလာ။ အဒေါ်ကြီး  လက်က သန်းမောင် မျက်နှာ နှင့် ပိုနီးလာသည်။ သံတိုင် တွေကြားသို့ ခေါင်းထိုးသွင်း၏။ မ၀င်။ ဒီခေါင်းက ဘာလို့ ဒီလောက်ကြီးရတာလဲဟု ကိုယ့်ခေါင်းကိုယ် ငြူစူ၏။ ပန်းသီးနံ့ မွှေးမွှေးလေးကို ပင့်ရှူလို့ ရနေပြီ။ ဗိုက်က ပိုပို ဆာလာ၏။ ရှေ့နည်းနည်း တိုးပါဦး ဒေါ်ကြီးဟု သန်းမောင် စိတ်ထဲက အသံတိတ် ပြော၏။

“သားကို ကွန်ပျူတာ  ဂိမ်းဝယ်ပေးမှာလား”

ကောင်လေးဆီက တောင်းဆိုချက် ထွက်လာသည်။ အဒေါ်ကြီး လက်ကို ပြန်ရုပ်သွား၏။
“တစ်လုံးကုန်အောင် စားရင် ၀ယ်ပေးမယ်”

မစားနဲ့။ ဟေ့ကောင် မစားဘူးလို့ ပြောလိုက်။ ကောင်လေးဆီမှ အသံထွက် မလာ။ တစ်ခုခုကို ကြံစည်နေပုံ ရ၏။ ငါ ဗိုက်ဆာ နေလို့ပါကွာ။ မင်း မစားဘူးလို့ ပြောလိုက်ပါ။ သန်းမောင် စိတ်ထဲက ကျိတ်၍ တောင်းပန်မိသည်။
“ဟင်း မေမေကလည်း၊  ဒါဆို သားကို ဟတ်ပီးဝေါလ်လည်း လိုက်ပို့ပေး”

“ပို့ပေးမယ်။ သားသာ အစားကို ကျွေးတိုင်းစား”

“တကယ်နော်”

လိုချင်တာ ရသွားသော ကောင်လေးက ၀င်းပသော မျက်နှာဖြင့် အဒေါ်ကြီးကို မော့ကြည့်၏။ အဒေါ်ကြီးက နှစ်ခြိုက်စွာ ပြုံးရင်း ပန်းသီး စိတ်ကလေးများကို တစ်ခုချင်းစီ ခွံ့ကျွေး၏။ သွားပြီ။ နာဂစ် ၀င်မွှေ သွားသလို သန်းမောင်၏ စိတ်သည် အလဲလဲ အပြိုပြို ဖြစ်သွားသည်။ ကောင်လေးက ပန်းသီး တမြုံ့မြုံ့ဝါးနေသည်ကို သန်းမောင် နှမြော တသစွာ ငေးနေမိသည်။ ကောင်လေး၏ နှုတ် ခမ်းထောင့်စွန်းမှ ကျနေသော ပန်းသီးရည်ကို အဒေါ်ကြီးက တစ်ရှူးစလေးဖြင့် တို့သုတ်ပေး၏။ သန်းမောင်က ကျလာသော မျက်ရည်ကို လက်ဖမိုးဖြင့် ပွတ်သုတ်ပြီး ထရပ်၏။

အဒေါ်ကြီးက သန်း မောင်ကို လှည့်ကြည့်၏။ သနားဟန်ဖြင့် တစ်ချက်မျှ တွေသွားပြီး သူ့လက်ကိုင် အိတ်ကိုဖွင့်ကာ မွှေနှောက်နေ၏။ သန်းမောင် မသွားဘဲ ရပ်စောင့်နေမိသည်။ အဒေါ် ကြီးက ငါးဆယ်တန် တစ်ရွက်ကို ခေါက်၍ ပစ်ပေး၏။ ငါးဆယ်တန်ကို ကောက်၍ လှည့်ထွက်လာခဲ့သည်။

နေကလည်း ပူလှပြီ။ ၀မ်းထဲမှာ ဆာလောင်မှုက ပို၍ပူပြင်း၏။ တစ်လှမ်းချင်း စီ တရွတ်ဆွဲ၍ သန်းမောင် လျှောက်လာခဲ့၏။ ပန်းခြံကို ကျော်သွားပြီး လမ်းထောင့် မှ ချိုးကွေ့လိုက်တော့ ရှေ့တွင် ပန်းသီးသည် တစ်ဦးကို တွေ့ရ၏။

ဒေါက်တိုင်ပေါ် တင် ထားသော သစ်သားဗန်းပေါ် တွင် ပန်းသီးများ စီစီရီရီပြည့် နေ၏။ တချို့က နီနီစွေးစွေး။ ၀င်းလို့စိုလို့နေ၏။ သန်းမောင် ရင်ထဲတွင် အားအင်တွေ ပြည့် လာသလို ခံစားလိုက်ရ သည်။ လက်ထဲက ပိုက်ဆံ ကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ပြီး ပန်းသီးသည်ရှေ့တွင် သွားရပ်၏။

ပန်းသီးသည် အဒေါ် ကြီးက မော့ကြည့်ပြီး ဘာလဲ ဟု မေး၏။ သန်းမောင်က ငါးဆယ်တန်ကို လှမ်းပေး ရင်း ပီပီသသပြောလိုက်သည်။
“ပန်းသီး ပေးပါ”

“ဘာ၊ ပန်းသီး ပေးပါ။ ငွေလေး ငါးဆယ်နဲ့”

“ဟဲ့ ငါ့ ပန်းသီးက ချင်းသီး၊  တရုတ်သီး မဟုတ် ဘူးဟဲ့။ သြစတြေးလျားသီး၊ တစ်လုံးကို ရှစ်ရာဟဲ့ ရှစ်ရာ”

မိန်းမကြီးက ကြော်ငြာ ဆန်ဆန် ရန်တွေ့၏။ တစ်လုံး ရှစ်ရာ။ ရှစ်ရာဆိုသော ငွေက ဘယ်လောက်များလဲ သန်း မောင် မသိ။ သန်းမောင် ဗိုက် ဆာလှပြီ။ ပန်းသီးတစ်လုံး လောက်တော့ စားရမှ ဖြစ်တော့မည်။

“ငါ ခိုးလာတာ”

မျက်စိရှေ့တွင် ပန်းသီး ကို ဝေ့ကာဝဲကာ လုပ်ပြနေသော သန်းမြင့်ပုံကို ပြန်မြင် ယောင်မိ၏။ လက်ထဲတွင် ကိုင်ထားသော ပိုက်ဆံကို လွှတ်ချလိုက်ပြီး  ပန်းသီးနီနီ တစ်လုံးကို ဆတ်ခနဲ ကောက်ယူကာ သန်းမောင် ပြေး ထွက်ခဲ့တော့သည်။
“လုပ်ပါဦး...သူခိုး၊ သူခိုး”

မိန်းမကြီး၏ အော်သံ ကမ္ဘာ ပျက်မတတ် ထွက်လာ၏။ ဖြတ်သွားဖြတ်လာတွေ က လှည့်ကြည့်ကြသည်။ သန်းမောင် ဘာကိုမှ ဂရုမစိုက်အားဘဲ အားကုန်ထုတ်၍ ပြေး၏။ ပြေးရမယ်။ ပြေး ပြေး။ ပန်းသီး စားရအောင် ပြေး။ ပန်းသီးလေးက ချိုအေးနေမှာ။ ရင်ထဲတွင် အားတွေ ပြည့်လာသလို ခံစားရသည်။ ပန်းသီးကို ဂွမ်းခနဲ မြည်အောင် ကိုက်စားလိုက်မည်။ ဆာနေသမျှတွေ မောနေသမျှတွေ ပြေပျောက်သွားလောက် အောင် ပန်းသီးလေးက ချို အေးနေရမည်မှာ ဧကန်အမှန်။ သန်းမောင် ပျော်ရွှင် လာမိသည်။ ပြေးနေသော ခြေထောက်တွေက မြေကြီးထိ သည်ဟု မထင်ရ။ သန်းမောင် လေထဲတွင် မြောက်တက်သွား၏။ အရှိန်နှင့် ရှေ့သို့မှောက်လျက်လဲ ကျသွားသည်။ တစ်ယောက် ယောက်က နောက်မှ ရိုက်လိုက်ခြင်း ဖြစ်သည်။


မှောက်လျက်ကျသွား သော သန်းမောင်က ပန်းသီးကို ရင်ခွင်တွင်းထည့်ဝှက်ပြီး ဘေးဘီကို ကြောက်လန့်တကြား မော့ကြည့်၏။ လူတွေက ၀ိုင်းအုံကြည့်နေကြ သည်။ လူကြီးတစ်ယောက် က သန်းမောင်ကို လည်ကုပ်မှ ဆွဲမသည်။ အပြေးအလွှား ရောက်လာသော ပန်းသီးသည် အဒေါ်ကြီးက သန်းမောင်ရင်ခွင်ထဲမှ ပန်းသီးကို ဆတ်ခနဲ ဆွဲယူသည်။ ပန်းသီးကို အဖိုးတန် ရတနာတစ်ပါး လို လှည့်ပတ်၍ ကြည့်မိ၏။

“တော်ပါသေးရဲ့။ မပွန်းမပဲ့လို့”

ပြောပြောဆိုဆို အစွန်း ထွက်နေသော အထက်ဆင်စနှင့် ပန်းသီးကို ပွတ်သုတ်၏။
“ခွေးသူခိုးလေး”

သန်းမောင်ကို တစ်ချက် ဆဲရေးကာ လှည့်ထွက်သွား သည်။
“ဒီကောင်လေးကို ဘာလုပ်မှာလဲဗျ”

သန်းမောင်ကို ကုပ်မှ ကိုင်ထားသူက မေး၏။
“ကြိုက်သလိုသာ လုပ်ကြ”

“လွှတ်ပေးလိုက်ပါ ကွာ”

“ဟုတ်ပါရဲ့ သနားပါတယ်”

ဘေးမှလူတွေက တစ် ယောက်တစ်ပေါက် ၀ိုင်းပြောကြသည်။ သန်းမောင်ကို  လွှတ်ပေးပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့ တစ်ယောက်တည်း မလှုပ်မယှက် ရပ်နေမိသည်။ လေဟာပြင်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့သလို ခံစားရသည်။ ဘယ်သူမှ မရှိ။ ဘာ မှမရှိ။ ရင်ထဲမှာလည်း ဘာမှ မရှိ။ ဗိုက်ထဲမှာလည်း ဘာမှ မရှိ။ နာကျင်မှု မရှိ။ ဆာလောင်မှု မရှိ။ ခံစားနိုင်မှု မရှိ။ ပကတိ အရှုံး။

“ဟေ့ကောင်လေး သွားတော့လေကွာ”

တစ်ယောက်ယောက်က ပြော၏။ အသံက အဝေးကြီးမှာ လာနေသလို ခံစား ရသည်။ သွားရမယ်။ တစ် လှမ်းချင်း လှမ်းနေမိသည်။ သူ့အရိပ်က သူ့ခြေထောက် အောက်တွင် ပြားကပ်လျက် လိုက်ပါ လာနေသည်။ သူ့နှာခေါင်းထဲမှ စေး ပျစ်ပျစ်အရည်တွေက သူ့နှုတ် ခမ်းပေါ်သို့ စီးကျလာသည်။  လျှာဖြင့်ထိုး၍ လျက်လိုက်သည်။ ငန်ငြိငြိ အရသာကို ရသည်။ လက်ဖြင့် တို့ကြည့် သည်။ သွေးတွေ။ နီနေ၏။ ရဲနေ၏။ ပန်းသီးတစ်လုံးလို။

သန်းမောင် နောက်တစ် ကြိမ် လျှာဖြင့် ထပ်လျက် လိုက်သည်။ ရင်ထဲတွင် ပြည့် သွားသလို ခံစားရသည်။ သူ့ ဗိုက်က တဂျုတ်ဂျုတ် မြည်လာပြန်သည်။ သန်းမောင် နောက်ထပ် တစ်ကြိမ်ပြီးတစ်  ကြိမ် လျှာဖြင့်လျက်ပြီး မျိုချ နေမိသည်။ သန်းမောင်၏ စိတ်ထဲ တွင်တော့ ပန်းသီးသည် သွေးကဲ့သို့ နီရဲပြီး သွေးသည် ပန်းသီးကဲ့သို့ ဘာကြောင့် မချိုမြိန်ရပါလိမ့်ဟု အံ့သြနေ မိပါသည်။ 
ပြုံးချို
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

Wednesday 28 September 2011

ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်.............

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်
။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကို
သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....


ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ...
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်..............

ရသ

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။ သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။ သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။ သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

Tuesday 27 September 2011

ရွာ့ ဧကရီ ဒေါ်ထွေးကြည်

နံနက် စောစောစီးစီး ကျွန်တော့်အိမ် ခြံဝကို အငှားယာဉ် တစ်စီး ဆိုက်လာသည်။
ကျွန်တော် မသိ၊ မမှတ်မိသည့် အသက် ခြောက်ဆယ်ကျော် အရွယ် ခရီးသည် အမျိုးသမီးကြီး တစ်ယောက် အငှား ယာဉ်ပေါ်က ဆင်းသည်။ ခရီး ဆောင်အိတ်တွေ၊ ၀န်စည်စလွယ် တွေနှင့် အတူ အသက် နှစ်ဆယ်ကျော် အရွယ် အမျိုးသမီးငယ် တစ်ယောက်လည်း ကားပေါ်က ဆင်းသည်။ ကျွန်တော့်အိမ်ကို လာသည့် ဧည့်သည်တွေ ဆိုတာကတော့ သေချာသည်။

“သင်္ဘောသား ဦးမောင်စိုးတို့ အိမ်လား”

ကျွန်တော်က ဟုတ်မှန်ကြောင်း ပြောပြီး ခြံတံခါး ဖွင့်ပေးလိုက်သည်။ ကျွန်တော့်အိမ်ကို လာကြသည့် ဘုရားဖူး ဧည့်သည် ဆေးကု ဧည့်သည်တွေသည် ကျွန်တော့်ဘက်က ဆွေမျိုးတော်သည့် ဧည့်သည်နှင့် ကျွန်တော့် ဇနီးဘက်က တော်သည့် ဧည့်သည်နှစ်မျိုး ရှိသည်။ ဒါပေမယ့် ခက်တာက ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က မောင်နှမ တော်နေပြန်တော့ သူ့ဧည့်သည် ကိုယ့်ဧည့်သည် ခွဲရ ခက်နေသည်။

“မောင်စိုး မဟုတ်လား။ ကြည့်နေလိုက်တာ ငါ့ကို မမှတ်မိဘူးလား”

“မမှတ်မိလို့ သေချာအောင် ကြည့်နေတာ”

“မကျည်းတောရွာက ဒေါ်ထွေးကြည်လေ”

“သြော်... မထွေးကြည်ပါလား”

မကျည်းတောရွာက ဒေါ်ထွေးကြည် ဆိုတာ သိသွားတော့ ခရီးဆောင် အိတ်တွေနှင့် ၀န်စည် စလွယ်တွေကို ကူသယ်ရင်း အိမ်ထဲသွင်း ကြိုဆို လိုက်ရတော့သည်။ မကျည်းတောရွာက ဒေါ်ထွေးကြည်သည် ကျွန်တော့် ဧည့်သည်လည်း မဟုတ်၊ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်၏ ဧည့်သည်လည်း မဟုတ်။ သို့သော် ကျွန်တော်နှင့် ဘယ်လို ပတ်သက်နေတယ် ဆိုတာကို နောက်မှ ပြောပြပါမည်။

“မျက်စိတစ်ဖက်က ရေတိမ်လို့ပြောတာပဲကွယ်။ တဖြည်းဖြည်း မှုန်လာတယ်။ မနာမကိုက်ရင်တော့ ဒီအတိုင်း ထားမလို့ဘဲ၊ ကိုက်လို့ မနေ နိုင်တာနဲ့ လာခဲ့ရတယ်”

မျက်စိကို ခွဲစိတ်ကုသခံ ရန်လာသည့် ဆေးကုဧည့်သည် ဖြစ်သည်။ ဆေးကုဧည့် သည်ပဲဖြစ်ဖြစ်၊ ဘုရားဖူး ဧည့်သည်ပဲ ဖြစ်ဖြစ် ကိုယ့်အိမ်မှာ တည်းခိုဖို့ လာသည့် မကျည်း တောရွာက ဧည့်သည်ကို ဧည့်ဝတ် ကျေပွန်စွာ လက်ခံစောင့် ရှောက်ရမည် ဖြစ်သည်။ မကျည်းတော ရွာသည်ပင် ကျွန်တော့် ရွာမဟုတ်၊ ကျွန်တော့် ဦးလေးဆေးဆရာ (ဓာတ်၊ ဗိန္ဓော၊ ပယောဂ အထူးကုသမားတော်) ရဟန်း လူထွက် အခြေချ နေထိုင်သည့် ရွာဖြစ်သည်။ ဒါသည်ပင် ဒေါ်ထွေးကြည်နှင့် ကျွန်တော် ပတ်သက်ရသည့် အကြောင်း ဖြစ်သည်။ ဒီအကြောင်း အကျယ်ကို နောက်မှ ပြောပါမည်။ ကျွန်တော်က ကိန္နရီ ချောင်းရွာသား ဖြစ်သည်။

မထွေးကြည် (ဒေါ်ထွေးကြည်) မျက်စိခွဲစိတ် ကုသမှု ခံယူရန်လာသည် ဆိုသည့်အတွက် ကျွန်တော့် အိမ်မှာ အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်ကြာအောင် နေရ တော့မည်ဖြစ်သည်။ ရပ်အကြောင်း၊ ရွာအကြောင်း ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောကြရတော့မည် ဖြစ်သည်။ မထွေးကြည်နှင့် ကျွန်တော်သည် သက်တူ ရွယ်တူဖြစ်သည်။ ကျွန်တော့် အသက် ခြောက်ဆယ်ကျော်ပြီ ဖြစ်လို့ မထွေးကြည်လည်း ခြောက်ဆယ်ကျော်ပြီ ဖြစ်သည်။ မထွေးကြည်နှင့် ကျွန်တော် မတူသည့် အချက်တွေ အများ ကြီးရှိသည်။ ကျွန်တော်သည် ကိန္နရီ ချောင်းရွာမှာ မွေးပြီး ရန်ကုန်မြို့မှာ ကြီးခဲ့သည်။ ဘ၀မျိုးစုံကို တွေ့ကြုံဖြတ် သန်းခဲ့သည်။ တရားဝင် ဇနီး ဒေါ်ဖြူတုတ်နှင့် တစ်ခါသာ လက်ထပ် ဖူးသော်လည်း ပြည်တွင်းနှင့် ပြည်ပမှာ မိန်းမ မျိုးစုံနှင့် တွေ့ကြုံ ဆက်ဆံဖူးသည်။ မထွေးကြည်ကတော့ ကျွန်တော့်ဦးလေး ဆေးဆရာကြီး နေထိုင်ရာ မကျည်း တောရွာမှာ မွေးပြီး မကျည်း တောရွာမှာပဲ နေထိုင်သည်။ မကျည်းတောရွာမှာပဲ သေမည့် အပျိုကြီး။ အငြိမ်းစား မူလတန်း ကျောင်းအုပ် ဆရာမကြီး ဖြစ်သည်။

မထွေးကြည်၏ ငယ်ဘ၀ကို ကျွန်တော် အပါအ၀င် ဒေသခံ လူငယ် မောင်မယ်တွေ အတုယူ အားကျခဲ့ရသည်။ မထွေးကြည်သည် သာမန် လယ်သမားသမီး ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်လောက်ကပင် ဆယ်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်သွားခဲ့သူ ဖြစ်လို့ ထင်ပေါ်ကျော်ကြား လူကြိုက်သူ များခဲ့သူဖြစ်သည်။ အဲဒီ ခေတ်အခါက ကျွန်တော်တို့ အရပ် ဒေသမှာ ဆယ်နှစ်ကြာ လို့မှ ဆယ်တန်းအောင်သူ တစ်ယောက် မပေါ်ပေါက်နိုင် သည့်ကာလ ဖြစ်သည်။ မကျည်းတော ရွာက မထွေးကြည် ဆယ်တန်းအောင်သွား ပြီဆိုသည့် သတင်းသည် မကျည်း တောရွာမှာ သာမက ကိန်္နရီချောင်း၊ သဖန်းကုန်း၊ ပုန်းညက်ပင်၊ စေတီကွင်း၊ သဲတောကွင်း၊ ကညင်ကုန်း၊ ညောင်ပင်ကွင်း၊ ကြာညိုတော၊ ဆူးပုတ်ကုန်း စသည့် ရွာတွေက ပြည်တော်သာ ခေတ် ၇ တန်းကိုပင် မအောင်နိုင်သူ လူငယ်တွေ ကြားမှာ မထွေးကြည် စူပါစတား ဖြစ်ခဲ့တာကို မှတ်မိ သေးတော့သည်။

အဲဒီတုန်းက ကျွန်တော်က ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ဖြင့် ဘုန်းကြီးကျောင်း ပညာတွေကို သင်ယူနေသူ ဖြစ်လို့ ဒေသခံ လူငယ်တွေလို မခံစားရ၊ ချိုးဖဲ့နှိမ်ချ  အပြောမခံရ၊ ကဲ့ရဲ့ခံရခြင်းမှ လွတ်ကင်း နေခဲ့သည်။ “မကျည်း တောရွာက ထွေးကြည်မ ကတော့ ကျောင်းဆရာမ ဖြစ်ဖို့ သေချာသွားပြီ။ မြို့အုပ်ကတော်၊ ၀န်ထောက်ကတော် ဖြစ်သွားနိုင်တယ်။ နင်တို့ကတော့ ကောက်စိုက်သမ ဘ၀နဲ့ ဒီရွာက ခြေသလုံး ရွှံ့ပေနေတဲ့ ကျောပြောင်ပြောင် အကောင်တွေကိုပဲ လင်လုပ်ကြပေါ့”

ပတ်ဝန်းကျင် ရွာတွေက ကွမ်းတောင်ကိုင် အပါအ၀င် အပျိုတွေကို မိဘတွေက ရွဲ့ပြောကြသည့် စကားဖြစ်သည်။ မိမိတို့ တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် ပညာ သင်ပေးပါလျက် ကိုယ့်သမီးတွေက မထွေးကြည်လို အဖြစ် မစွံသည့် အခါ အားမလို အားမရဖြစ်ပြီး ပြောကြတာ ဖြစ်သည်။ “မိထွေးကြည်က မစ်ထ ရက်ကူလေးရှင်း အောင်သွားပြီ ဆိုတော့ ဒီအရပ်ဒေသက ဆေးတံကိုက်ပြီး နွားနောက်က လိုက်နေတဲ့ ကာလသား တွေကို စိတ်ကူးထဲတောင် ထည့်မှာ မဟုတ်တော့ဘူး။ ယူနီဗာစီတီ ကောလိပ် ကျောင်းသားတွေထဲက ကြိုက်တဲ့သူကို ယူလို့ရပြီ”

ကာလသား ခေါင်းဆောင် ထွန်းမောင်၏ မိဘတွေ အပါအ၀င် ပတ်ဝန်းကျင် ဒေသက လူပျိုတွေရဲ့ မိဘတွေက ပြောကြတာ ဖြစ်သည်။ မိမိတို့ သားတွေကို ကျောင်းထား ပေးနိုင်ပါလျက် သားတွေက ၇ တန်းကိုတောင် မအောင်နိုင်လို့ ကျောင်းကထွက်ပြီး လယ်ထွန် နေကြတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ပြောကြတာ ဖြစ်သည်။

အဲဒီ စကားတွေနှင့် ရပ်ရွာက ချီးကျူး ဂုဏ်ပြုကြတာ တွေဟာ မထွေးကြည်ရဲ့ အနာဂတ်ဘ၀ကို အကြီးအကျယ် ထိခိုက် ပြောင်းလဲစေခဲ့ သည်ဆိုတာ နောင်နှစ်ပေါင်း ငါးဆယ်ခန့် ကြာမှ သိလာကြသည်။ ကျွန်တော်တောင် အခုမှ သိတော့သည်။ မထွေးကြည် မြို့ကို သွားပြီး ဆယ်တန်း အောင်စာရင်း ကြည့်ဖို့ သွားကတည်းက ရွာဦးကျောင်း ဆရာတော် အပါအ၀င် ရပ်ရွာက နားစွင့် နေခဲ့ကြသည်။ ဆယ်တန်း အောင်စာရင်း ထွက်တာကို ကြည့်ဖို့ မထွေးကြည်ကို နွားလှည်းဖြင့် တင်ခေါ်ပြီး မိုင်သုံးဆယ် အဝေးမှာ ရှိသည့် မြို့ကို သွားခဲ့ကြသည်။

မထွေးကြည် ဆယ်တန်း စာမေးပွဲ အောင်သည်ဆိုသည့် သတင်းကို နွားလှည်းဖြင့် ပြန်ပို့ပါက ကြာနေမည် ဖြစ်လို့ ဘိုင်စကယ်စီး အမြန် ဆက်သား တစ်ယောက်ကို လွှတ်ပြီး ရွာကို အကြောင်းကြား အသိ ပေးခဲ့သည်။ အဲဒီမှာ ရွာဦးကျောင်း ဆရာတော်က အုန်းမောင်းခေါက်ပြီး အရေးပေါ် လူစုသည်။ ကျောင်းဒကာကြီးတွေ ကျောင်းကို ပြေးသွားခဲ့ရသည်။

“ဒီကိစ္စကို ပေါ့သေးသေး လုပ်လို့ မရဘူး။ ထွေးကြည်မ အပြန်ကို ရွာက ထိုက်ထိုက်တန်တန် ဂုဏ်ပြု ကြိုဆိုကြရမယ်။ ငါကိုယ်တိုင် ဦးဆောင်ပြီး ရွာထိပ်က ကြိုမယ်”

ဆရာတော် ကိုယ်တိုင် ရွာထိပ်က ကြိုမယ်ဆိုတော့ မြို့က ပြန်လာသည့် မထွေးကြည်တို့ လှည်း ရွာကို ရောက်မလာမီ ကြိုဆိုရေး အတွက် ကမန်းကတန်း ပြင်ဆင်ကြရ တော့သည်။ ဆရာတော် အတွက် လှည်းတစ်စီးနှင့် မထွေးကြည်ကို လွှဲပြောင်း တင်ဆောင်ယူမည့် အထူး လှည်းကိုလည်း ပြင်ဆင်ကြရ တော့သည်။

ဆရာတော် လိုက်ပါမည့် လှည်းပေါ်မှာ ကော်ဇော ခင်းရသည့် အပြင် ယာယီ ပေါင်းမိုးပါ လုပ်ကြရသည်။ မြို့က နံနက်စောစော ထွက်လာသည့် မထွေးကြည်တို့ လှည်းသည် မကျည်းတော ရွာကို ညနေ ၄ နာရီ မထိုးမီ ရောက်လာနိုင်သည်။ ဆရာတော်ကို နေမပူအောင် လှည်းပေါ်မှာ အမိုး တင်ရသည်။ မြို့ကလာသည့် လှည်း ကြမ်းပေါ်က မထွေးကြည်ကို လွှဲပြောင်း လက်ခံယူမည့် အထူး လှည်းကိုမူ ကော်ဇော ခင်းသော်လည်း အမိုး ဖွင့်ထား ရမည်ဟု ဆရာတော်က မိန့်သည်။ လှည်းဘေးက လက် ရန်းတိုင်တွေမှာ ပန်းစက္ကူ ရောင်စုံတွေနှင့် အရွက်လှ၊ အပွင့်လှပန်းရောင်စုံတွေ ချိတ် ဆွဲဆင်မြန်းထားရမည်။ မထွေးကြည် ဆောင်းဖို့ ငွေရိုးတပ် ပုသိမ်ထီး တစ်လက် အသင့် တင်ထားရန် ဆရာတော်က မိန့်သည်။

လှည်းဆွဲကြမည့် နွားထီးကြီး လေးကောင်ကိုလည်း ကကြိုး တန်ဆာတွေ ဆင်ပြီးမှ လှည်းထမ်းပိုးမှာ တပ်စေသည်။ နွားကြီးလေးကောင် ကလည်း အရေးကြီး ပုဂ္ဂိုလ်ကို ကြိုဆိုမည့် အထူး တာဝန်ကို ထမ်းဆောင်ရ တော့မည် ဆိုပြီး နတ်မြင်းပျံတွေလို မြူးကြွနေကြသည်။ အခုမှ တစ်ခု ကိုသတိရဟန် တူသည့် ဒကာတစ်ယောက်က လျှောက်သည်။

“အိုးစည် ဒိုးပတ်လို သလား ဘုရာ့”

“လိုတာပေါ့ဟ။ ဟို ကောင်တွေ ထွန်းမောင်၊ အောင်ဘု၊ လွန်းရွှေတို့ ဘယ်ရောက် နေကြလဲ။ နာရီကိုလည်း ကြည့်ဦး”

ဒီတော့မှ ကျောင်းဒကာ ကြီးတွေမှာ ခေါင်းပေါင်းကြီးတွေ၊ တိုက်ပုံ အင်္ကျီတွေ တကားကားဖြင့် အိုးစည်၊ ဒိုးပတ် သမားတွေကို ပြေးခေါ်ကြရသည်။ ထွန်းမောင်က အိုးစည် ဒိုးပတ်သမား၊ အောင်ဘုက လင်းကွင်း၊ လွန်းရွှေက နှဲသမား ဖြစ်သည်။ တစ်ကောင်မှ ၇ တန်းတောင် မအောင်ကြလို့ ရှက်ပြီး ဒီပွဲကို ရှောင်ဖယ်ဖယ် လုပ်နေကြသည်။ အိုးစည် ဒိုးပတ် တွေကတော့ တစ်ဝိုင်းစာ၊ ဆက်လိုက် ဘုန်းကြီးကျောင်းမှာပင် ရှိနေသည်။ တီးမည့်မှုတ်မည့်သူတွေကိုပဲ ရွာထဲက ပြေးခေါ် ကြရသည်။ ညနေ ၃ နာရီ ထိုးပြီးဖြစ်သည်။ မထွေးကြည်တို့ လှည်း ညောင်ပင်ကွင် ရွာလောက် ရောက်ကြရော့မည်။ အရေး ကြီးပုဂ်္ဂိုလ် ကြိုဆိုရေး အဖွဲ့ဝင်တွေနှင့် လှည်းယဉ်နှစ်စီး အသင့် ဖြစ်သော်လည်း ဆရာတော်၏ ဒူလာသွေးဝမ်း မကြာခဏ သွားနေလို့ ကုဋီ မကြာခဏ ၀င်နေရသဖြင့် စောင့်နေကြရသည်။ ရွာထိပ်က ကြိုဆိုရေး တိုင်ပင် မကိုက်ဖြစ်မှာ စိုးရိမ်နေသည့် ခေါင်းပေါင်းဝတ် ကျောင်းဒကာကြီး တွေက ကျောင်းက တိုင်ကပ် နာရီကြီးကို ကြည့်လိုက်၊ ဆရာတော် ၀င်နေသည့် ကုဋီကို ကြည့်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေကြသည်။

ဆရာတော် ကုဋီက ထွက်လို့ ကျောင်းဝင်းထဲက နွားလှည်းနှစ်စီး မောင်းထွက်သည့် အချိန်မှာ ညနေ ၄ နာရီ ထိုးခါ နီးပြီ ဖြစ်သည်။ ဆရာတော် လိုက်ပါလာသည့် ကြိုဆိုရေး လှည်းတွေ ရွာကထွက်သည် အထိ ဒိုးပတ် အဖွဲ့က တူရိယာစုံအောင် မတီးနိုင်သေး ဖြစ်နေသည်။ နှဲသမား လွန်းရွှေမှာ နှဲအခင် ပျောက်နေလို့ မမှုတ်ရသေး ဖြစ်နေသည်။ အိမ်က ပြေးထွက် လာခဲ့ရစဉ်က အိတ်ထဲကို ကမန်းကတန်း ထည့်လိုက်တာ အင်္ကျီအိတ်ထဲ မ၀င်ဘဲ လမ်းမှာကျ ကျန်ခဲ့တာ ဖြစ်သည်။ လာခဲ့ရာ လမ်းအတိုင်း ပြန်ရှာတော့မှ လမ်းပေါ်က ပြန်တွေ့ပြီး နှဲမှုတ်နိုင်တော့သည်။

ဆရာတော် ကိုယ်တိုင် လိုက်ပါလာသည့် ကြိုဆိုရေး အဖွဲ့ ရွာထိပ်က လမ်းမကြီးပေါ်ကို ရောက်သွားသည့် အခါ မြို့ကလာသည့် မထွေးကြည်တို့ လှည်းက ရောက်နှင့်နေပြီ ဖြစ်သည်။ အကြိုဆို ခံမည့်သူက စောရောက်နေပြီး ကြိုဆိုကြမည့် သူတွေက နောက်ကျနေသည်။ ဆရာတော် ဒူလာသွေးဝမ်း သွားနေလို့ ကြာသွားတာ ဖြစ်သည်။

“ထွေးကြည်မ ပုသိမ်ထီးဆောင်း၊ ကြိုဆိုရေး လှည်းပေါ်တက်။ ငါ့လှည်းနောက်က လိုက်။ ဟိုကောင်တွေ တီးမှုတ်ပြီး နောက်က လိုက်ခဲ့ကြ”

ဆရာတော်၏ အမိန့်ရ သည်နှင့် လှည်းသုံးစီး ရွာထဲ ၀င်ရန် စတင် ထွက်ခွာကြသည်။ ဆယ်တန်းအောင် မထွေးကြည်ကို ဆရာတော် ကိုယ်တိုင် ကြိုဆိုပြီး လှည်းတန်းကြီး ရွာထဲ ၀င်လာသော အခါ ရွာသူ ရွာသားတွေ အားလုံး ထွက်ကြည့် ကြရသည်။ ဟိုလွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်လောက်က မထွေးကြည် ဆယ်တန်း အောင်ခဲ့လို့ ဆရာတော် ကိုယ်တိုင် ဦးဆောင်ပြီး ရပ်ရွာက ဂုဏ်ပြုခဲ့တာတွေကို ပြန်လည် အမှတ်ရနေသည်။

မထွေးကြည်ကို ကြိုဆိုပြီး နောက်နေ့မှာ ရွာဦး ကျောင်းမှာပြုလုပ်သည့် ရွာ့ဧကရီဘွဲ့ ပေးအပ်ပွဲကလည်း စည်ကားသည်။ မကျည်း တောရွာက ပထမဦးဆုံး ဆယ်တန်း အောင်သည့် မထွေးကြည်ကို ဘာဘွဲ့ပေးရင် ကောင်းမလဲ စဉ်းစားကြသည်။ ရွာ့လုံမေ၊ ရွာ့ကုမ္မာရီ၊ ရွာ့မဒီ၊ ရွာ့ဒေ၀ီ စသည်ဖြင့် ဘွဲ့နာမည်အမျိုးမျိုး စဉ်းစား ခဲ့ကြသည်။ နောက်ဆုံးမှာ ဆရာတော်ပေးသည့် နာမည်ကိုပဲ အတည်ပြုလိုက်ကြ သည်။

“ရွာ့ဇကရာဇ် ဆိုလျှင် ရွာဘုရင်ဘွဲ့၊ ရွာ့ဧကရီ ဆိုလျှင် ရွာဘုရင်မလို့ အဓိပ္ပာယ်ရ မယ်။ ရွာ့ဧကရီ မထွေးကြည်လို့ ပေးလိုက်”
ဆရာတော့် အမိန်ဖြင့် ကိစ္စ ပြီးသွားသည်။ သာမန် မထွေးကြည် မဟုတ်တော့ဘဲ ရွာ့ဧကရီ မထွေးကြည်။ တစ်နည်း ဆိုရသော် ရွာဘုရင်မ မထွေးကြည် ဖြစ်ခဲ့ရသည်။

မထွေးကြည် ယူနီဗာစီတီ ကောလိပ်ကို ဆက်မတက်နိုင်လို့ ကျောက်ဖြူမြို့က ဆရာ အတတ်သင် သိပ္ပံကျောင်းကို တက်ခဲ့သည်။ မူလတန်းပြ ဆရာမလေး ဘ၀ဖြင့် မကျည်းတော ရွာကျောင်းမှာ တာဝန် ကျခဲ့သည်။ မူလ ကျောင်းအုပ ဆရာကြီး အငြိမ်းစား ယူသွားသည့် အခါ မထွေးကြည် မူလတန်း ကျောင်းအုပ် ဖြစ်လာသည်။

မထွေးကြည် အသက် သုံးဆယ် ကျော်လာသည် အထိ ရွာက ဘယ်ကာလသားကမှ ရည်းစားစကား မပြောရဲ၊ စာမပေးရဲ ဖြစ်နေသည်။ ဆယ်တန်းအောင်လို့ ရွာ့ဧကရီ ဘွဲ့ရထားသူ ဖြစ်နေသည့် အပြင် ရွာစာသင်ကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ဖြစ်နေပြန်သည့် အတွက် ရွာက လူပျိုတွေက မထွေးကြည်ကို အထင်ကြီးပြီး မမှန်းရဲ ဖြစ်နေ ကြသည်။အဲဒါဟာ မထွေးကြည် အပျိုကြီး ဖြစ်ရဖို့ ကံကြမ္မာ ဖန်လာတာ ဖြစ်သည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး မထွေးကြည်ဘက်က အများကြီး လျှော့ပေးထားသည်။ ကာလသားခေါင်း ကိုထွန်း မောင်သည် ၇ တန်းတောင် မအောင်သော်လည်း ကိုယ်ပိုင်လယ်ကို လုပ်နေသည့် ကျန်းမာသန်စွမ်းသူဖြစ်သည်။ အသား မည်းတာကတော့ အများနည်းတူ မည်းတာ ဖြစ်သည်။ မကျည်းတောရွာက လူပျို ကာလသားတွေ အားလုံး အသား မည်းကြသည်။ အသားမည်းလည်း ဘာဖြစ်လဲ၊ မထွေးကြည် လက်ခံနိုင်ပါသည်။ ကိုထွန်းမောင် ကိုယ်တိုင်က မထွေးကြည်ကို အထင်ကြီးပြီး သူနဲ့ မတူဘူး၊ မတန်ဘူးလို့ ထင်နေတာက ခက်နေသည်။

ရွာကိုလာပြီး ရွာသူကြီး အိမ်မှာ တည်းခိုသွားသည့် မြို့က မြေတိုင်းစာရေး မောင်လှမြင့်က အစည်းအဝေးမှာ မထွေးကြည်ကို စိတ်ဝင်စား သည့်အကြည့်ဖြင့် မကြာခဏ ကြည့်တာ ခံခဲ့ရလို့ ရင်ခုန်ခဲ့ရသည်။ ဒါပေမယ့် မောင်လှမြင့်က မြို့ကိုသာ ပြန်သွားရော ဘာစကားမှ မပြောခဲ့သည့် အတွက် မထွေးကြည် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ကျန်ရစ်သည်။

မောင်လှမြင့်ဟာ မိမိကို စိတ်ဝင်စား နေတယ် ဆိုတာကို သိသည်။ ယောက်ျားပဲ ဖွင့်ပြောခဲ့ဖို့ ကောင်းသည်။ မပြောရဲလျှင် အောင်သွယ် ဒေါ်ရွှေယုန်က တစ်ဆင့် ပြောလျှင်လည်း မိမိက လက်ခံဖို့ အသင့်ဖြစ်သည်။ အခုတော့ ဘာမှ မပြောခဲ့ဘဲ မြို့ကို ပြန်သွားခဲ့သည်။ သူကြီးသား ကိုအောင်တင်ဟာ တစ်ခုလပ် ဆိုသော်လည်း သားသမီး မရခဲ့သည့် အတွက် လူပျိုလို သဘောထားလို့ ရသည်။ မကျည်း တောရွာက လူလတ်ပိုင်းတွေထဲမှာ ကိုအောင်တင်က အသားလတ်သူ ဖြစ်သည်။ တခြား ယောက်ျားတွေလို အသားမမည်း။ လယ်မထွန်၊ ကိုင်းမထွန်ရလို့ အသားအရေ စိုပြည်နေတာ ဖြစ်နိုင်သည်။ ကိုအောင်တင်ကသာ မိမိကို လက်ထပ် ချင်ပါသည် ဆိုလျှင် သဘော မတူနိုင်စရာ မရှိဟု ထင်သည်။ ကိုအောင်တင် အရက်ကြိုက်တာ၊ ကြက်တိုက်တာတွေကို တဖြည်းဖြည်း ဖျောင်းဖျ ပြုပြင်သွားလို့ ရသည်။

ဒါပေမယ့် ကိုအောင်တင်က တစ်ခုလပ် ဖြစ်နေသည့် အတွက် မိမိဘက်က ဆွေမျိုးမိဘတွေက သဘော တူမည်မဟုတ်။ ရွာ့ဧကရီ ကျောင်းအုပ် ဆရာမကြီး ဆိုတဲ့ ဂုဏ်ကြောင့် လူပျို စစ်စစ်နှင့်သာ ပေးစားချင်ကြမည် ဖြစ်သည်။ အဲဒီတော့ ကိုအောင်တင်က မိမိကို အတင်း အဓမ္မလှည်းတင်ပြီး ခိုးပြေးမည် ဆိုပါက မိမိက သဘောမတူ ဟန်ဆောင်ပြီး လိုက်ပါသွားလို့ ရသည်။

ကိုအောင်တင် ကိုယ်တိုင်ကလည်း မိမိကို ကြိုက်ပါလျက်နဲ့ ရွာ့ဧကရီ၊ ကျောင်းအုပ်ဆရာမကြီး ဆိုတဲ့ ဂုဏ်ပုဒ် တွေကြောင့် စိတ်တောင်မကူးရဲ ဖြစ်နေသည်။ သူကသာ မိမိကို အဓမ္မ ဆွဲခေါ်ပြီး ခိုးယူ ပေါင်းသင်းမည် ဆိုလျှင် ပထမတော့ သဘောမတူ သယောင် ဟန်ဆောင်ပန်ဆောင် ငိုပြရမည် ဖြစ်သည်။ အမှုဖြစ်လာပြီ ဆိုတော့မှ မိမိဘက်က အမှုကို ရုပ်သိမ်း လိုက်မည်။

“ကျွန်မဘ၀ မထူးတော့ဘူး။ အပျို ပြန်မဖြစ် တော့တဲ့ အတူတူ ကိုအောင်တင်ကိုပဲ ဆက်လက် ပေါင်းသင်းပါတော့မယ်”

အဲဒီလို ငိုယို ပြောဆိုလိုက်လျှင် ကိုအောင်တင်လည်း အမှု မဖြစ်တော့ဘူး၊ ကိုယ်ဖြစ်ချင်တာလည်း ဖြစ်နိုင်သည်ဟု မထွေးကြည် တွေးနေမိသည်။ မိမိ၏ လက်အောက်က အတန်းပြ ဆရာ ရွှေထွန်းခိုင် ကလည်း အရုပ်ဆိုးရသည့် အထဲမှာ မိမိကို ဟုတ်ကဲ့ပါ ဆရာမကြီး၊ ဟုတ်ကဲ့ပါ ဆရာ မကြီးနဲ့ ရိုသေလိုက်တာ ထိုင်ပြီး ရှိခိုးတော့မလို ဖြစ်နေသည်။ ယောက်ျားဖြစ်ပြီး မိန်းမကို ကြောက်သလိုလို လုပ်ပြနေသည့် အတွက် စိတ်ပျက်မိသည်။ ကိုယ်လည်း အပျို၊ သူလည်း လူပျိုပဲ မိမိ လုပ်ပိုင်ခွင့် ရှိသလောက် လုပ်ကြည့်ပေါ့။ မိမိဘက်က တစ်စုံတစ်ခု အဖြေကို သိခွင့်ရ သွားမှာပေါ့။ မိမိဘက်ကလည်း အသက်လေးဆယ် ပြည့်ခါနီးလာလို့ ဘယ်သူ့ကိုမျှ မရနိုင်တော့ဘူး ဆိုရင် ထွန်းရွှေခိုင်လို မည်းပိန်ပိန် အရုပ်ဆိုးဆိုးကိုလည်း စဉ်းစားသင့် စဉ်းစားရမည်ဖြစ် သည်။

မထွေးကြည် လင်မရဘဲ အပျိုကြီး ဖြစ်ခဲ့ရသည့် အကြောင်းက ဆယ်တန်း အောင်ခဲ့တာက စသည်။ ရွာ့ ဧကရီဘွဲ့ ရတာနှင့် ကျောင်းအုပ် ဆရာမကြီး ဖြစ်လာတာတွေဟာ လင်မရဖို့ ဖြစ်လာသည့် အကြောင်းတွေး ဖြစ်တော့သည်။ အခုတော့ အသက် ခြောက်ဆယ်ကျော် မျက်စိ ဝေဒနာသည် အဘွားအို ဘ၀ဖြင့်  ရန်ကုန်မြို့ကို ဆေးဝါး ကုသမှုခံယူရန် ရောက်လာခဲ့ တာဖြစ်သည်။

သြော် ပြောစရာ တစ်ခု ကျန်နေတာ ပြောဖို့ မေ့တော့မလို့၊ ကျွန်တော့်ဦးလေး ဆေးဆရာကြီးမှာ သားလူပျိုကြီး တစ်ယောက် ရှိခဲ့သည်။ အဲဒီ လူပျိုကြီးသည် အတန်း ကျောင်းမနေချင်လို့ ကိုရင် ၀တ်ရာမှ ရဟန်း ဆယ်ဝါလောက် ရခဲ့သည်။ ရဟန်း လူထွက် ဘ၀ဖြင့် ငှက်ဖျားပိုး ဦးနှောက် ထဲဝင်ပြီး ယဉ်ယဉ်လေး ရူးနေသည်။ အကြောင်း မသိလျှင် လူကောင်း ပကတိလို့ ထင်ရလောက်အောင် အပြောကောင်း၊ အဟောကောင်း ဖြစ်သည်။ ၀တ်တာဆင်တာ ကလည်း အသန့်အပြန့် ၀တ်ဆင်သည်။ အဲဒီ လူပျိုကြီး အရူးက ဆရာမ မထွေးကြည်ကို တစ်ဖက်သတ် ပိုးပန်း နေခဲ့သည်။ ပြောမည်ဆိုလျှင် အဲဒီ လူပျို ကြီးသည် ကျွန်တော့်အစ်ကို ၀မ်းကွဲဖြစ်သည်။

“ထွေးကြည်ကသာ ငါ့ သားကြီးကို ယူမယ်ဆိုရင် လယ်တစ်တာနှင့် ရွှေတစ်ဆင်စာ လက်ဖွဲ့မယ်”

ဒါက လူပျိုကြီးရဲ့ အမေ ကျွန်တော့် အဒေါ်က ပြောသည့်စကား ဖြစ်သည်။ ဒီစကားသည် မထွေးကြည်ကို ရင်ခုန်စေခဲ့သည်။ ကျွန်တော့် ဦးလေးနှင့် အဒေါ်တို့ အိမ်ကို အ၀င်အထွက် လုပ်လာသည်အထိ ခရီး ရောက်သွားခဲ့သည်။ ရွာသူရွာသားတွေကလည်း ရိပ်မိသည်။
“ပုံမှန်အတိုင်း ဆိုရင် ထွေးကြည်ဟာ ဒီရွာက လူပျို တစ်ယောက်ယောက်နဲ့ ညားနိုင်တယ်။ ရွာ့ဧကရီ ဖြစ်သွားတော့ လူပျိုကာလသားတွေက ထွေးကြည်ကို မော်မကြည့်ရဲ ဖြစ်သွားတယ်။ ငရုတ်ဆုံ ဖြစ်ချင်တဲ့ ကျောက်တုံးကို ဘုရားရုပ်တု လုပ်ခြင်း ခံလိုက်ရသလို ဖြစ်သွားတယ်”

ဒါက ရွာထဲက နောက်ပြောင် ပြောတတ်သူ ဦးဘပု ပြောတာဖြစ်သည်။ သူပြောတာ ဟုတ်သလိုလို ဖြစ်နေသည်။ ကာယကံရှင် မထွေးကြည်သာ အသိဆုံးဖြစ်မည်။ ကျွန်တော့်အစ်ကို လူပျိုကြီး နေမကောင်း ဖြစ်ပြီး ကျန်းမာရေး အခြေအနေ ဆိုးသည်ထက် ဆိုးလာသည့်အခါ မထွေးကြည် က ဆန်ပြုတ် ပြုတ်ပို့ပြီး အနီးကပ် ပြုစုခဲ့သေးသည်။ ကျန်းမာ ရေး ပြန်ကောင်းလာလျှင် ဆိုသည့် ရည်ရွယ်ချက်ဖြစ်မည်။ လူပျိုကြီးက ထူထူထောင်ထောင် ပြန်ဖြစ်မလာဘဲ ကွယ် လွန်သွားခဲ့သည်။ မထွေးကြည်ကတော့ မတော်လိုက်ရသည့် ယောက္ခမအိမ်ကို အ၀င်အထွက် မပျက်သည့်အတွက် ကျွန်တော်နှင့် ပတ်သက်နေရတာ ဖြစ်ပါသည်။ ရွာ့ဧကရီ ဒေါ်ထွေးကြည် အပျိုကြီး ဖြစ်ခဲ့ရပါသည်။
အဏ္ဏ၀ါစိုးမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၁၀)

အာရှသူတွေအသားအရည်အတွက် အာဟာရများ

အလှအပကိုမြတ်နိုး ခုံမင်ကြတဲ့ အမျိုးသမီးထုတွေရဲ့ တူညီတဲ့ ဆန္ဒတွေ အတွက် အသက်အရွယ် အလိုက် အသားအရေ ထိန်းသိမ်းမှုက လိုအပ်တဲ့ နည်းလမ်းတွေ ဖြစ်လို့ နေပါတယ်။ အသက်အရွယ် အိုမင်းလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ ဆိုးကျိုးတွေကို အမြဲလှချင်တဲ့ အမျိုးသမီးတွေ အနေနဲ့ လက်သင့် မခံချင်ပေမယ့် လက်သင့်ခံ နေကြရပါတယ်။ အဲဒီအတွက် ခေတ်မီ နည်းပညာ အကူအညီနဲ့ ချောမွေ့ဝင်းပသော အသားအရေ ရရှိစေဖို့ Anti- aging Skincare တွေကို အသုံးပြု လာကြပါတယ်။ အသုံးပြုလို ကြပါတယ်။ Revlon ရဲ့ သုတေသန ဓာတ်ခွဲခန်းက နေပြီး Asian Skin တွေအတွက် သီးသန့် အနေနဲ့ အရေးအကြောင်းနဲ့ လိုင်းတွန့် များကို ဖယ်ရှားပေးပြီး တင်းရင်းမှုနဲ့ ကြည်လင်မှုကိုပါ ထိရောက်ပေးစွမ်း နိုင်တဲ့ Age Defying With Botafirm Skincare ကို ဂုဏ်ယူ ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

အာရှပျိုမေတွေ အတွက်ဆိုတဲ့ နေရာမှာ အသက်အရွယ် တစ်ခုတည်း အတွက် မဟုတ်ဘဲ အားလုံးသော မြန်မာအမျိုးသမီးတွေ၊ အသက် အရွယ်အတိုင်း Skincare ကို စိတ်ဝင် စားတဲ့ သူမတွေအတွက် Revlon Product Manager မချိုသက်နွယ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ မချိုသက်နွယ် ကို အာရှသူတွေ အားလုံးရဲ့ ကိုယ်စား မေးဖြစ်ခဲ့တဲ့ မေးခွန်းတွေက Skincare နဲ့ အဓိကသက်ဆိုင်တဲ့ မေးခွန်းတွေပါ။ ပြီးတော့ သူမ ပြော ပြတဲ့ အသက်အရွယ်အလိုက် Skincare ထိန်းသိမ်းမှုတွေက အလုံ အလောက်ဆိုတာထက် တိကျ သေချာရေရာသည့် အချက်တွေပါပဲ။

(၁) အသက်အရွယ်အလိုက် လေ့လာသင့်တဲ့ Skincare

မိမိရဲ့ အသက်အရွယ်အလိုက် မှန်ကန်တဲ့ Skincare ရွေးချယ်သုံး တတ်ဖို့က အထူး အရေးကြီးလှပါ တယ်။ အများစုက မိမိမျက်နှာ ပြဿနာ တစ်စုံတစ်ရာ လက္ခဏာ ပြကာမှ Skincare သုံးဖို့သတိရတတ် ကြပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ထိရောက်တာမို့ ဆယ်ကျော်သက် အရွယ်ကစလို့ မှန် ကန်တဲ့ Skincare များကို ရွေးချယ်သုံးဖို့ လိုအပ်ပါတယ်။

အလှကုန် ကုမ္ပဏီကဆိုတော့ ပစ္စည်းရောင်းချလို့ ဖြစ်မှာပဲဆိုပြီး အထင်လွဲ တတ်တဲ့ သူများ ရှိနိုင်ပါတယ်။ တကယ်ကတော့ အမျိုးသား၊ အမျိုးသမီး မည်သူမဆို Skincare သုံးရမှာ ဖြစ်ပါတယ်။ မိမိအသက်က တစ်ရက်ထက် တစ်ရက် ပိုကြီးလာသလိုပဲ ခန္ဓာကိုယ် အတွင်းမှ ဇီဝကမ္မ ဖြစ်စဉ်တွေရဲ့ ပြောင်းလဲမှုကလည်း တစ်ရက်နဲ့ တစ်ရက် ပြောင်းလဲလာပါတယ်။ နှစ်လပေါင်းများစွာSkincare တစ်မျိုး (တံဆိပ် တစ်မျိုးဟု ဆိုလိုခြင်းမဟုတ်ပါ)တည်းက စွဲပြီး သုံးလာရင် Cells တွေက Immune ဖြစ်လေ့ရှိတဲ့ သဘော ရှိပါတယ်။ ဒီတံဆိပ်ကိုမှ ကြိုက်တယ်ဆိုပြီး Brand အစွဲရှိသူဆိုလည်း အဲဒီတံဆိပ်ထဲမှာမှ Skincare ကို အမျိုးမျိုးအပြောင်း အလဲ သုံးပေးရပါမယ်။

အသက်တွေကို အဆင့်လေးတွေခွဲပြီး စဉ်းစားမယ်ဆိုရင်
_ (ဆယ်ကျော်သက်) ၁၀- ၂၀ အတွင်း
_ ၂၀- ၂၉ အတွင်း
_ ၃၀- ၃၉ အတွင်း
_ ၄၀- ၄၉ အတွင်း
_ ၅၀- ၅၉ အတွင်းနဲ့
_ ၆၀- အထက်
ဆိုပြီး သတ်မှတ်စဉ်းစားပြီးSkincare သုံးစွဲပုံ၊ သုံးရမည့် ပစ္စည်းမတူပုံ၊ လိုအပ်ချက်ကွဲပြားပုံကို လေ့လာနိုင် ပါတယ်။

(၂) စိတ်ရဲ့ပြတင်းပေါက်ကို ကြည်လင်နေပါစေ

တူညီတဲ့အချက်တစ်ခုကတော့ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် သုံးတဲ့ အခါ Sun Protection ပါတဲ့ပစ္စည်းကိုရွေးပြီး သုံးသင့်သလို သိပ်ပူတဲ့နေရာ မျိုးသွားမယ် သို့မဟုတ် နွေရာသီကာလဆိုရင်တော့ Sun block Sun Screen ကို သီးသန့် မိတ်ကပ် မလိမ်းခင် အောက်ကနေ Step တစ်ခုအနေနဲ့ လိမ်းကိုလိမ်း ရမှာ ဖြစ်ပါတယ်။

နောက်ထပ်ပြီး သတိပြုရမှာကတော့ Eye Care အတွက်ပဲ ဖြစ်ပါတယ်။ လူအများစုဟာ မျက်နှာအတွက်လိမ်းဖို့ Knowledge ကတော့ အတော်ရှိနေပြီး ဖြစ်ပါတယ်။ သို့ပေမယ့် မျက်လုံး အတွက်ဆို သီးသန့် လိမ်းစရာ မလိုဘူးဆို ပြီး Eye Care ကို ဂရုမမူမိဖူး ဖြစ်ကြပါတယ်။ စိတ်၏ ပြတင်းပေါက် ဖြစ်သော၊ မျက်နှာပြင်၏ အနူးညံ့ဆုံးဖြစ်သော၊ မိမိ ပင်ပန်းပြီ ဆိုတာနဲ့ ချက်ချင်း လက္ခဏာပြသော၊ အိပ်ရေးပျက်တာနဲ့ အိုမင်းသကဲ့သို့ဖြစ်စေသော၊“မျက် ၀န်း”နေရာဟာ အထူးကို အရေးကြီးလှပါတယ်။ မျက်နှာကိုလိမ်းတဲ့ Cream/ Lotion Moisturizer တွေဟာ မျက်ဝန်းတစ်ဝိုက်ကို လုံးဝမလိမ်းရပါဘူး။ အလွန်ပါးလွှာသော အရေပြားနေရာလေးဖြစ်တာမို့ သီးသန့်ဖော်ထုတ်ထားတဲ့ Eye Careကိုသာ လိမ်းရမှာဖြစ်ပါတယ်။ Skin Care ဘယ်တံဆိပ်မဆို Eye Cream, Eye Gelပစ္စည်းလေးရဲ့ အရွယ်အစားဟာ မျက်နှာလိမ်း ပစ္စည်းများထက် သေးငယ်ပါတယ်။ သို့ပေမယ့် ဈေးနှုန်းကတော့ ထိုပစ္စည်းများနဲ့ တန်းတူ သို့မဟုတ် ပို၍ ဈေးများတဲ့ သဘောရှိတာမို့ ၀ယ်ယူဖို့ကို နှမြောတတ် ကြတာကိုလည်း တွေ့မြင်ရပါတယ်။ လိုင်းတွေပေါ်ကာမှ မျက်ကွင်းညိုကာမှ အပြေးအလွှား ရှာဖွေသုံးတာထက် မဖြစ်ခင်ကတည်းက ဆယ်ကျော်သက်တို့ သတိမူသင့်ပါတယ်။ Eye Care ပြုလုပ်ရန် စတင်သင့်တာကတော့ အသက် ၂၀ နှင့် အထက် ဖြစ်ပါတယ်။ Eye Shadow, Mascara များသုံးပြီး လျှင်လည်း Eye Makup Remover နှင့် သေချာစွာ ဖျက်ပစ်ရန်လည်း လိုအပ်ပါတယ်။

(၃)Skincare ဘယ်လိုသုံးရပါ့

Skincare ကို သုံးစွဲတဲ့အခါ တစ်နေ့ကို မျက်နှာ ၂ ခါသစ်၊ သွား ၂ ခါတိုက်သလိုပါပဲ Skincare ဟာလည်း တစ်နေ့ ၂ ခါပြုလုပ်ရမှာ ဖြစ်ပါတယ်။
Skincare ဂရုပြုဖို့ အချိန်တစ်ခုရယ်လို့ သီးသန့်မလိုပါဘူး။ အကျင့်တစ်ခု ဖြစ်ဖို့ဆိုတာ နေ့စဉ် Routine ထဲမှာ ကိုယ်တိုင်ကလည်း ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး ပြုလုပ်ပါမှ ကျင့်သားရမှာ ဖြစ်ပါတယ်။ အလုပ်အပိုတစ်ခု လှချင် လို့ လုပ်ရတယ်လို့ အမြင်ရှိနေရင်တော့ ဘယ်တော့မှ အကျင့်ဖြစ်လာမှာ မဟုတ်ပါဘူး။ Skincare စနစ်တကျ ပြုလုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်နေခြင်းသာ ဖြစ်ပါတယ်။ နေ့စဉ် Cleansing+ Toning+ Moisturizing အဆင့် ၃ ဆင့်ကတော့ မဖြစ်မနေ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။


အဲဒီမှာမှ သေချာဂရုပြုပြီး ပြုလုပ်မယ်ဆို Cleansing မှာမှ Milkနှင့် Removerနှင့် သေချာဖြတ်ပြီး၊ Cleanser, Foam တို့နှင့် ဆေး ကြောရမှာ ဖြစ်ပါတယ်။ Toner သုံးပြီးရင် (မျက်ဝန်းတစ်ဝိုက်မပါ) ပြီးရင် Eye Care လုပ် ရပါမယ်။ Moisturizing အဆင့်ဆိုလည်း Essence, Booster တို့ကို အရင်လိမ်းပြီးမှ သင့် တော်ရာ နေ့၊ ည Moisturizerတို့ကို သုံးရမှာ ဖြစ်ပါတယ်။

အလျဉ်းသင့်လို့ ညကိုလိမ်းရတဲ့။ Night Cream Lotionနဲ့ပတ်သက်ပြီး ရှင်းလိုပါတယ်။ အများစုဟာ နေ့နဲ့ ညလိမ်းရတဲ့ Mosturizer မတူတာကို သိပ်လက်မခံလိုတဲ့ သဘော ရှိပါတယ်။ ရှင်းပြရမယ်ဆို လူတိုင်းဟာ အိပ်စက် အနားယူချိန်ရောက်တဲ့ အခါမှ မျက်နှာပြင်အတွင်း ရှိ Cell တွေဟာ အလုပ်ပိုလုပ်ကြပါတယ်။ ဒါကြောင့် Beauty Sleep 8 hrs ရှိရမယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ မနက် မိုးလင်းလာတဲ့အခါ လူတိုင်း မျက်နှာပြင်နဲ့ နှာခေါင်း တစ်ဝိုက်မှာ အဆီလေးတွေ ဝေ့နေလေ့ရှိပါတယ်။ ဒါဟာ ညအချိန်မှာ Cells တွေ အလုပ်လုပ်ထားလို့ပါပဲ။ ဒါကြောင့် ညအိပ်ရာမ၀င်ခင် မျက်နှာကို ဆေး ကြောသန့်စင်ခြင်းအဆင့်ဟာ အားလုံးထဲမှာ အရေးအကြီးဆုံးပါပဲ။ ညစ်ပေသော မျက်နှာနဲ့ အိပ်ရာဝင်ပြီး နေတတ်သူနဲ့ သန့်စင်ဆေးကြောပြီး သီးသန့် Night Cream သုံးပြီး အိပ်ရာဝင်တတ် သူတို့ရဲ့ အသားအရေဟာ မနက်နိုးရင် ကွာပါ တယ်။ ညသုံး Skincare တွေဟာ ဓာတ်သတ္တိ ပါဝင်မှုအစွမ်းဟာ နေ့စဉ် Skincare တွေထက် အနည်းငယ်ပိုများပါတယ်။

(၄) ဒါကလည်း လိုအပ်တယ်

မျက်နှာပြင်နှင့် နှာခေါင်းတစ်ဝိုက် မေးစေ့ အောက်နေရာတို့ကို Scrub ဖြင့် ဆားဝက်ခြံများ၊ ညစ်ပတ်ခြင်းများ ကင်းဝေးစေရန် တစ်ပတ် ၂ ခါ သုံးရမှာ ဖြစ်ပါတယ်။ Scrub သုံးပြီးတိုင်း ချွေးပေါက်တွေကို သမမျှတစေဖို့ Toning Lotion/ Toner သုံးရမှာ ဖြစ်ပါတယ်။
Mask တင်ပေးခြင်းဟာလည်း မျက်နှာပြင် ကို အာဟာရအေးပေးခြင်း တစ်မျိုးပဲ ဖြစ်တာမို့ မိမိအရေပြားပျက်စီးမှုများ ကြုံတွေ့နေရတာ သိသာတဲ့အခါမျိုး သို့မဟုတ် တစ်ပတ် ၁ ခါ အိမ်မှာ သုံးလို့ရတဲ့    Mask များကို သုံးသင့်ပါတယ်။

(၅)Skincare နဲ့ ပြင်ပလောက အထောက်အကူ

Beauty Saloon တွေမှာ Facial ပြုလုပ်ခြင်းဟာ တကယ်ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါတယ်။ (သုံးတဲ့ပစ္စည်းမှန်ကန်ဖို့နဲ့ သန့်ရှင်းမှုကတော့ လိုတာပေါ့ လေ) မျက်နှာပြင်အား Facial လုပ်တဲ့အခါ Message ပြုလုပ်ခြင်းဟာ သွေးလှည့်ပတ်မှု မှန်ကန်စေပြီး cell များကို နိုးကြားစေတာမို့ Facial ပြုလုပ် ခြင်းဟာ အကျိုးရှိပါတယ်။

အသက်အရွယ်အရ ပြောင်းလဲသုံးရတဲ့ Skincare ရှိသလို၊ ရာသီဥတုအရ ပြောင်းလဲသုံးရတဲ့ Skincare လည်း ရှိပါတယ်။ မိမိနဲ့ တည့်တယ်လို့ ယုံကြည်ပြီး ရာသီမရွေး၊ အသက်အရွယ် ဘယ်လောက် ပြောင်းပြောင်း တစ်သတ်မတ်တည်း တစ်မျိုးတည်း မသုံးရပါဘူး။ ၀က်ခြံတွေ၊ ပျက်စီးမှုတွေပြမှ မတည့်ဘူး ထင်တယ်လို့ တွေးရမှာ မဟုတ်ပါဘူး။ ပြဿနာတွေ မပြသလို ထူးခြားမှုလည်း သိပ်မတွေ့ရဘူး ဆိုတာ မိမိဘာသာ အသိဆုံး ဖြစ်ပါတယ်။ ဒါကြောင့် နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ပြီးမှ အပြောင်းအလဲ လုပ်ပြီး သုံးပါလို့ အကြံပြု လိုပါတယ်။

(၆) သင့်တော်ရာ ရွေးချယ်ပါ

Revlon ရဲ့Skincare တွေကို ရှင်းပြမယ်ဆိုရင်တော့ အသားအရေ ကြည်လင်စေတဲ့ Absoulte Vitamin C, အသားဖြူဝင်းစေတဲ့ Absoulte White+ နဲ့ အသားအရောင်ညီစေပြီး တင်းရင်းစေတဲ့ Age Defying ဆိုပြီး Series တွေ ရှိပါတယ်။ အသားဖြူဝင်း စေခြင်းထက် ပိုပြီး သာလွန်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်တဲ့ Absoulte White + က အသားဖြူဝင်း စေရန်၊ အသားအရေ တင်းရင်း စေရန်၊ ရေဓာတ် ရရှိစေရန် ဆိုတဲ့ ဓာတ်သတ္တိတွေ ပါဝင်ပြီး Side Effect ကင်းစွာ ကြာရှည် သုံးနိုင်ပြီး ပြဒါးပါဝင်မှု မရှိတဲ့အတွက် ခဏတာ မျက်နှာဖြူသွားတဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး။

နည်းပညာသစ် Absoulte C ကတော့ မျက်နှာပြင်ညစ်နွမ်း၍ အမည်း စက်ရှိတဲ့ Dull Looking Skin, ပင်ပန်းနွမ်းနယ်ပြီး ရေဓာတ်နည်းပါးတဲ့Tried Looking Skin များအတွက်ပါ။ ကျန်းမာကြည်လင်တဲ့ အသားအရေ ရရှိဖို့ တစ်နေ့ကို ၈ နာရီ အိပ်သင့်တယ်လို့ ဆိုတယ်။ သူ့ရဲ့ ထူးခြားချက်က တစ်နေ့ ၈ နာရီအိပ်ရေးဝ သကဲ့သို့ ကြည်လင်တဲ့ အသားအရေ ရရှိစေတယ်တဲ့။ Age Defying With Botafirm Sculpi-Logic က Revalon ရဲ့ မူပိုင် နည်းပညာသစ်ပါ။ လိုင်းတွန့်တွေကို လျှော့ချနိုင်တဲ့ Botafirm, တင်းရင်းမှုပေးနိုင်တဲ့ Matrixyl-3000၊ ကြည်လင် တောက်ပမှုပေးနိုင်တဲ့ BHAဆိုတဲ့ အာနိသင် ၃ မျိုးပေါင်းစပ်ဖွဲ့စည်းထားပြီး အသားအရေရဲ့ လိုအပ်ချက်ကို တိကျမှန် ကန်စွာ ပုံဖော်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အခုဖော်ပြလိုက်တဲ့Skin Care သုံးမျိုးစလုံးက အာရှအသားအရေတွေ အတွက် သီးသန့် Skin Care တွေလို့ ဆိုတာကြောင့် အာရှ ပျိုမေတွေရဲ့ အသား အရေ ပြင်ဆင် ကာကွယ်မှု အတွက် လုံလောက်ပြီလို့ ထင်ပါတယ်။


သင်းပပ

အရွယ်တိုင်း အတွက် နောက်မကျတဲ့ Skin care

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ နေစေဖို့ အများတကာနဲ့ ရင်ဘောင်တန်းပြီး လုပ်ငန်းခွင်မှာ တက်ကြွစွာ လှုပ်ရှား ဆောင်ရွက် နိုင်ဖို့ အများ အလယ် ပွဲလယ်တင့် စေဖို့ အတွက် အသားအရေ တင့်တယ် လှပမှုက ရာခိုင်နှုန်း အများကြီး မဟုတ်သော်ငြား အထိုက် အလျောက် အထောက် အကူ ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အသားအရေ ထိန်းသိန်းမှု၊ တစ်ကိုယ်ရေ သန့်ရှင်း စင်ကြယ်မှု နည်းနာနိဿယ တွေကို အတွေ့အကြုံရှိတဲ့ သူတွေက တစ်ဆင့် စိတ်ဝင်စားသူတွေ အတွက် ပြန်လည် ဖောက်သည်ချ ပေးနေမိတာပါ။

တကယ်တော့ ဒီခေါင်းစဉ်က ယနေ့ခေတ် ရှင်သန်လှုပ်ရှားနေကြတဲ့ သူတွေအတွက် စိမ်းနေတဲ့ အကြောင်းအရာ မဟုတ်တော့ပါဘူး။ အာရှ အသားအရေအတွက်လည်း အထူးစီမံပြီး သီးသန့် ဖော်စပ်ထားတဲ့ Skin Care Product တွေ အများကြီး ရှိလာနေပြီ ဆိုတော့ အသွင်မတူ မူကွဲပြားတဲ့ ပစ္စည်းတွေနဲ့ တိုက်ရိုက် ထိတွေ့နေသူတွေထံမှ စနစ်တကျ ထိန်းသိမ်း သုံးစွဲပုံတွေကို ဖော်ထုတ်ခဲ့တယ်။ ဒီတစ်ပတ်မှာ Skin Care အတွက် စကားပြောဖြစ်ခဲ့သူက မြန်မာပြည်သူတွေရဲ့ အသားအရေ အတွက် ထုတ်လုပ်ထားတဲ့ Garnier Skin Care မှ Marketing Manager မအက်စ်သာပါ။

ကျွမ်းကျင်သူ အဆင့်တော့ မဟုတ်ပါဘူး။ လေ့လာ ထားသလောက်၊ ကိုယ်ကိုယ်တိုင် အတွေ့အကြုံတွေက သိသလောက်ပါ။ Skin Care ဟာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ။ အရေးပါလိုအပ်တယ်လို့ ထင်တယ်။ ထိန်းသိမ်းမှုကျတော့လည်း အသက်အရွယ်လိုက်၊ အဆင့် လိုက်ရှိပေမယ့် ငယ်စဉ်က မသိခဲ့လို့ မလုပ်ဖြစ်ခဲ့သူတွေလည်း ရှိပါတယ်။ အခုအချိန်မှ စလုပ်လည်း မရဘူးလား ဆိုတော့ ရတာပါပဲ။ ကိုယ်တိုင်ရသင့်သလောက် ရခဲ့လို့ လည်း ယုံကြည်မှုရှိတယ်။ လေ့လာသင်ကြားရတဲ့အထဲ မှာလည်း အသားအရေဟာ အသက်အရွယ် အလိုက် ရှင်သန်နေတဲ့ အပိုင်းမှာ ပါတယ်။

အသက်အရွယ် ကြီး လာရင် အသားအရေကလည်း လိုက်ပြီး ရင့်ကျက်လာတယ်။ အားနည်းလာတယ်။ သူ့ကိုလည်း ထိန်းသိမ်းပြီး အားဖြည့်တာ လုပ်ပေးရတယ်။ မွေးကင်းစအရွယ်က စပြီး Skin Care ကို ဂရုတစိုက် ပုလုပ်ပေးခံရသူ၊ ကိုယ်တိုင်လည်း ဆက်လက်ပြီး ထိန်းသိမ်းသူ အနေနဲ့တော့ အကောင်းဆုံး အသားအရေကို ရရှိနိုင်ပါတယ်။ သို့ပေမယ့် အသားအရေနဲ့ ပတ်သက်ပြီး အမှန်တကယ် ပြောင်းလဲမှု တွေ့ရတဲ့ အရွယ်ကတော့ ဟိုမုန်းဓာတ် အများဆုံး ပြောင်းလဲချိန် ဆယ်ကျော်သက် အရွယ်ပါ။ အဲဒီ အပြောင်းအလဲ ကာလကနေစပြီး အသားအရေ ထိန်းသိမ်းဖို့ အသင့်တော်ဆုံးပါလို့ မအက်စ်သာက ဆိုတယ်။ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်း ဇီဝကမ္မ ပြောင်းလဲမှုက နေပြီး ပြင်ပအရေပြား အပေါ်ယံ လွှာအထိ လိုက်လံ ပြောင်းလဲနေချိန်မှာ ကိုယ့်ရဲ့ပြောင်းလဲမှုတွေနဲ့ ကိုက်ညီတဲ့ ပုံစံအတိုင်း ထိန်းသိမ်း ပုပြင်ခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

ကိုယ့်ရဲ့ ရောက်ရှိနေတဲ့ အသက်အရွယ်အရSkincare ပြုလုပ်ဖို့ အချိန်မီသေးရဲ့လားလို့ မေးခဲ့ရင် အရွယ်တိုင်းက မီပါတယ်လို့ မအက်စ်သာက ဆိုပါတယ်။ သူမအနေနဲ့လည်း နယ်မြို့မှာ ကြီးပြင်းခဲ့ သူဖြစ်တာကြောင့် ငယ်စဉ်က အသားအရေ ထိန်းသိမ်းမှုဆိုတာကို မယဉ်ပါးခဲ့သူပါ။ တခြားသူတွေရဲ့ ကောင်းမွန်တဲ့ အသားအရေနဲ့ ယုံကြည်မှုကို ကြည့်ပြီး ကိုယ်တိုင် စိတ်ပါဝင်စားစွာနဲ့ ပြုလုပ်ခဲ့တဲ့ ရလဒ်ကိုလည်း အပြည့်အ၀ မဟုတ်သည့် တိုင်အောင် ရသင့် သလောက် ရရှိထားပါတယ်။

မြန်မာပြည်ဖွား ပျိုမေတို့လို့ ဆိုလိုက်ပေမယ့် နေရာ ဒေသရော၊ ရာသီဥတု ပုံစံအရ အသားအရေ အမျိုးအစားလည်း ကွာခြားသွားတာ တွေ့ရပါတယ်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ တောင်ပေါ် အအေးပိုင်း ဒေသက ပျိုမေတွေဟာ အအေးပိုင်း ရာသီဥတုမှာ ဖြစ်တဲ့ အတွက် ခြောက်သွေ့တဲ့အသားအရေကို ပိုင်ဆိုင်ရတတ်ပါတယ်။ ဒါ့အပြင် နေလောင်ကွက်၊ တင်းတိပ်၊ မှဲ့ခြောက်တွေလည်း ရှိတတ်ပါတယ်။ အဲဒီဘက်မှာ အသုံးများတဲ့ အမျိုးအစားကတော့ Whitening Product တွေပါ။ မြန်မာပြည်ရဲ့ အလယ်ပိုင်းဇုံ (မန္တလေး၊ ပခုက္ကူ၊ အထက်အညာ)ဒေသတွေမှာတော့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ခြောက်သွေ့ကြမ်းတမ်းမှုအပြင်၊ အဆီပြန်တတ်တဲ့ အသားအရေကိုပါ လက်ခံကြရပါတယ်။ အမည်းစက်၊ နေလောင်ကွက်ဆိုတာကလည်း နေရောင်ခြည်နဲ့ ထိတွေ့မှုရှိတဲ့ နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်။

အဲဒီလို အလယ်ပိုင်းဇုံ ဒေသတွေမှာတော့ Moisturizer အဓိက လိုအပ်ပါတယ်။ Whitening Product တွေလည်း အသုံးများကြပါတယ်။
ရန်ကုန်မြို့မှာတော့ ပင်ကို အသားအရေအပေါ်ပဲ မူတည်ပြီး ရာသီ ဥတုကလည်း သင့်တင့်မျှတတဲ့ ရာသီဥတုလို့ ဆိုနိုင်ပါတယ်။ Skin Care အပေါ် နားလည် လက်ခံတဲ့သူများပြီး ခေတ်မီ Product တွေနဲ့ လည်း ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေပါ။ ကိုယ်တိုင်အသားအရေ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စမ်းသပ်စစ်ဆေးပြီး လိုက်ဖက် သင့်တော်တဲ့ Whitening Product ပစ္စည်းများကိုသုံးကာ ရလဒ်ကောင်းများကို ခံစားကြရပါတယ်။

ရန်ကုန်မြို့မှာလည်း အသုံးများတာကWhitening Product တွေပါပဲ။ တခြားအနေနဲ့ အသက်အရွယ်၊ အသားအရေအရ လိုက်ဖက်တဲ့ Product တွေ အသုံးပြုကြပေမယ့် Whitening Product တွေကတော့ လူကြိုက် များလှတဲ့ ပင်တိုင်စံ တွဲဖက် ပစ္စည်းတွေပါပဲ။ ဒီတော့ အာရှတစ်ခွင်မှာ Whiteninက အားအသာဆုံး Product ဖြစ်လို့နေပါတယ်။ Asia Skin ဟာ နူးညံ့ပြီး လှပတဲ့ အသားအရေပါ။ အာရှသားတွေ အတွက် အထူးစီမံပြီး ဖော်စပ်မှုတွေကို ဂျပန်ပြည်မှာ ဓာတ်ခွဲ စမ်းသပ်ပြီး ထုတ်လုပ်တယ်လို့Garniner မှ မအက်စ်သာက ဆိုပါတယ်။


နေ့အခါ Skin Care


ပုံမှန် မနက် အိပ်ရာ ထချိန်မှာ မျက်နှာ သန့်စင်မှုကတော့ လူတိုင်း လုပ်ဖြစ်တဲ့ အရာပါ။ မျက်နှာသစ် ဆပ်ပြာနဲ့ သေချာသန့်စင်အောင် ဆေးကြော ရပါမယ်။ ပြီးရင်Toner ကို အသုံးပြုခြင်းဖြင့် အသားအရေကို ညှိပေးပါတယ်။ အသက်အရွယ် အရ အသားအရေ တွန့်နေမှုများကိုတော့ ဒီအဆင့်မှာ Treatment ပါတဲ့ Product ကို အသုံးပြုရပါတယ်။ အသားအရေ တွန့်မှု တစ်ခုတည်း သာမကဘဲ တခြား အရေပြားဆိုင်ရာ ပြဿနာကိုလည်း သူ့ Treatmentနဲ့ သူ အသုံးပြုပေးရပါတယ်။ အဲဒီ နောက်မှာတော့ Day Cream (moisturizer ပါဝင်သော)ကို ထပ်ဖြည့်ရပါမယ်။ အခုလို အခြေခံ Skin Care တွေ ပုံမှန် ပြုလုပ် အပြီးမှာ အပြင် ထွက်မယ်ဆိုရင် နေရောင်ခြည်ဒဏ် ကာကွယ်တဲ့ အနည်းဆုံး SPF 15 ပါဝင်တဲ့ Cream တစ်မျိုးကို လိမ်းပေးခြင်းက အသင့်တော်ဆုံးပါပဲ။

ညအခါ သတိပြုစရာ

ညအိပ်ရာ ၀င်ခါနီးမှာလည်း ပထမအဆင့် မျက်နှာသစ် ဆပ်ပြာနဲ့ ဆေးကြော၊Toner နဲ့ အသားအရေ ညှိတာတွေကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ညဘက် အတွက် အထူး ဖော်စပ်ထားတဲ့ Night Cream ကို သုံးဖြစ်အောင် သုံးပေးခြင်းဖြင့် အသားအရေကို ပိုမို နူးညံ့ဝင်းမွတ် လာစေပါတယ်။ Night Cream တွေမှာ အများ အားဖြင့် Special Skin Care နဲ့ Treatmentတွေ ပါဝင်တဲ့ အတွက် အသားအရေကို ပိုပြီး ထိရောက်စွာ အကျိုးပြုပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေနဲ့ ကိုလိုဂျင်တွေဟာ မက်မက် စက်စက် အိပ်ပျော် သွားတဲ့ အချိန်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေတဲ့အချိန်မှာမှ Stimulate လုပ်တယ်လို့ လေ့လာမှု တချို့က ပြပါတယ်။ ဒီတော့ Night Cream သာ လိမ်းထားခဲ့မယ်ဆို အရေပြား အောက်မှာ ကိုလိုဂျင်များဟာ Night Cream မှာ ပါတဲ့ ကောင်းမွန်တဲ့ ဓာတ်တွေကို စုပ်ယူပြီး အသားအရေ အတွင်း ဖြန့်ဝေပေးခြင်းဖြင့် အသားအရေကို ပိုပြီးကောင်းမွန်စေပါတယ်။

မဖြစ်မနေ ပြုလုပ်သင့်တဲ့ Skin Care တစ်ခုကို ပြောပါဆိုရင်တော့ Cleaning ပါပဲ။ နေ့စဉ် မျက်နှာသစ် ဆပ်ပြာနဲ့ သေချာ ဆေးကြောသန့်စင် မှုသာမရှိခဲ့ရင် ချွေးပေါက်တွေကို ပိတ်သွားစေပြီး အရေပြားမှာ အရိပ်ထင်ကာ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်များ ဖြစ်ပေါ်စေ ပါတယ်။ ဒါကြောင့် Skin Care ပစ္စည်းတွေကို အကြောင်း အမျိုးမျိုးကြောင့် မသုံးဖြစ်ဘူး ဆိုရင်တောင်မှ နေ့စဉ် ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ် ဆပ်ပြာနဲ့ ပုံမှန် သန့်စင်သင့်တယ်လို့ မအက်စ်သာက ဆိုပါတယ်။ သို့ပေမယ့် ဘယ်အရာ မဆို အစွန်းရောက်ရင် မကောင်းကျိုးကိုပဲ ခံစားရတဲ့ အတွက် Skin Care ကို စနစ်တကျ ထိန်းသိမ်းသင့်တယ်လို့ အကြံပြုပါတယ်။

အရေပြား အပေါ်ယံလွှာကို အလှပြင် ပစ္စည်းတွေနဲ့ ပြုပြင်နေရုံ သာမက ကိုယ်တွင်း စင်ကြယ် သန့်ရှင်းမှု၊ ကျန်းမာမှုကိုလည်း အရေးပေး ဂရုစိုက် သင့်ပါတယ်။ အသားအရေ တွက် အရေးကြီးဆုံး၊ အကောင်းဆုံး တစ်ပါးကတော့ သန့်ရှင်း စင်ကြယ်တဲ့ ရေပါပဲ။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ပမာဏအတိုင်း ရေဓာတ်ပြည့်အောင် ဖြည့်စွမ်း ပေးနေဖို့ လိုပါတယ်။ နေ့စဉ်ရေများများ သောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးများ စားပေးပါ။ ဗီတာမင်စီ ပါဝင်တဲ့ အသီးအနှံများများ စားပါ။ လတ်ဆတ်တဲ့ သခွားသီး၊ အာလူး၊ မုန်လာဥနီ အရည်များနဲ့ အသားအရေကို ညင်သာစွာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ဒီနည်းလမ်း တွေက ဘေးထွက် ဆိုးကျိုးမရှိတဲ့ အသားအရေ ထိန်းသိမ်းမှုအတွက် အကောင်းဆုံး နည်းလမ်းတွေပါပဲ။ Garnier မှ မအက်စ်သာကတော့ သူမတို့ အနေနဲ့ ကြော်ငြာရုံ သက်သက် မဟုတ်ဘဲ တကယ့် စေတနာနဲ့ စနစ်တကျ သုံးစွဲတတ်ဖို့ အတွက် နယ်မြို့များအထိ ပညာပေး သရုပ်ပြ အစီအစဉ်တွေ ပြုလုပ်နေပြီလို့ ဆိုတယ်။ ပျိုပျို၊ အိုအို၊ အရွယ်စုံ ပြုလုပ်သင့်ပြီး မည်သည့် Product ကို မဆို ကိုယ်တိုင် စမ်းသပ်ပါ။ လေ့လာပါ။ သုံးကြည့်ပါ။ ပြီးမှ ယုံပါတဲ့။

Garnier Skin Care က အာရှသူတွေ အတွက် အထူးစီမံ ဖော်စပ် ထုတ်လုပ်ထားတဲ့ အပြင် အသက်အရွယ်လိုက်၊ Skin Type အလိုက် အမျိုးအစား သတ်မှတ်ထားပါတယ်။ Garnier ကောင်တာတိုင်း မှာလည်း နားလည် တတ်ကျွမ်းတဲ့ သူများက Product အသုံးပြုပုံနည်း စနစ်များကို ရှင်းလင်း ပြောပြနေပါတယ်လို့ ဆိုပါတယ်။ ဒီတော့ Skin Care ကို စိတ်ပါဝင်စားတဲ့ teen ပရိသတ် ကြီးလည်း မည်သည့် Skin Care Product ကိုမဆို ကိုယ်တိုင် လေ့လာ၊ စမ်းသပ်၊ သုံးကြည့်ပါ။ ပြီးမှယုံပါလို့ ဆိုပါရစေ။
သင်းပပ

အဆီကျ သွယ်လျလျပေစေမယ့် Home Spa

ဝမှလှ၊ ပုမှနု လို့ဆိုပေမယ့် အဆီပို မရှိသေးသွယ် ကျစ်လျစ်၊ ကြော့ရှင်းတဲ့ ခန္ဓာကိုယ် အလှ ကိုတော့ ပျိုမေတိုင်း လိုချင်ကြတာ မ သဘာဝပါ။ လှလွန်းချင် မေတို့ အတွက်လည်း ယနေ့ စက်မှု ခေတ်ရဲ့ နောက်ဆုံးပေါ် နည်းပညာ တွေကလည်း ဆန်းမှဆန်း။ သို့ပေမယ့် ကိုယ့်ရဲ့ရေမြေ ပထ၀ီ အနေအထား၊ ကိုယ့်ရဲ့ ရာသီဥတု သဘောတရား၊ ကိုယ့်ရဲ့ယဉ်ကျေးမှု အခြေအနေ၊ ကိုယ့်ရဲ့ကျန်းမာရေး အလုံးစုံနဲ့ ကိုက်ညီတဲ့ ပုံစံ၊ ပစ္စည်းကို မှန်မှန်ကန်ကန် ရွေးချယ် တတ်ဖို့က အဓိက အချက် တစ်ခုပါပဲ။ ဒီလို ရွေးချယ်တဲ့ နေရာမှာလည်း ကျွမ်းကျင် ပညာရှင်တွေရဲ့ အကူအညီနဲ့ မှန်ကန်စွာ ပြုမူ ဆောင်ရွက်နိုင်ဖို့ပဲ အရေးကြီးပါတယ်။

မ တို့ရဲ့ အလှအပ အတွက် ဖွင့်လှစ် ပေးထားတဲ့ ကဏ္ဍမှာ ဒီတစ်ပတ်တော့ ထူးခြားမှုလည်း ရှိမယ့်၊ တကယ်လည်း အသုံးဝင်၊ အသုံးတည့်မယ့်၊ အကျိုး အာနိသင်လည်း ရှိမယ့် အကြောင်းအရာလေးကို ပေးချင်ပါတယ်။ အသားအရေ အလှအပ၊ ခန္ဓာကိုယ်လှ ကြံ့ခိုင်မှု အပြင် ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုတဲ့ ရေချိုးစက်ကို Fancy Houseမှာ တွေ့လိုက်ရတော့ မြန်မာ အမျိုးသမီးတွေ အတွက် အသုံးဝင်မယ်လို့ ယူဆ မိလိုက်တယ်။ ရေချိုးစက် အသုံးပြုမယ့် Customer ကို စိတ်ရှည်လက်ရှည် ရှင်းပြပြီး ၀န်ဆောင်မှု ပေးနေတာကို တွေ့ရတာကြောင့် စိတ်ဝင်စားပြီး  Fancy House က ဆရာမ မကျင်ပို့ (မိုနာလီဇာ) ကို အသေးစိတ် မေးမြန်း ပေးလိုက်ပါတယ်။

မကျင်ပို့က “အခုခေတ်မှာSPA ဆိုတဲ့ စကားလုံးဟာ ခေတ်မီသော အမျိုးသမီး၊ အမျိုးသားတိုင်းက သိတဲ့စာလုံးတစ်လုံးပါ။SPA ဆိုတဲ့ အဓိပ္ပာယ်ဟာ လူတွေရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး အတွက် လည်းကောင်း၊ အမျိုးသမီး လှပရေး အတွက်လည်းကောင်း၊ ပင်ပန်းမှုကို ဖြေပေးရေး အတွက်လည်း ကောင်း၊ အသက်ကြီး အသက်ငယ် အားလုံးက စတင်ပြီး ကျင့်သုံးနေတဲ့ ခေတ် ရောက်နေပါပြီ။ အရင်ကဆိုရင်SPA သွားလုပ်မယ် ဆိုရင် အလှပြုပြင် ရေးဆိုင် (သို့မဟုတ်) ကျန်းမာရေးအတွက် တည်ထောင်ထားတဲ့ အဖွဲ့အစည်း များမှာပဲ သွားရောက်ပြီး လုပ်ကြရပါတယ်။ အခုတော့ SPA မှရနိုင်တဲ့ အကျိုး ခံစားမှုများကို ကိုယ့်အိမ်မှာပဲ ရယူနိုင်ပါပြီ”တဲ့။

သူမညွှန်းဆိုတ SPA က နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် မဖြစ်မနေ ရေချိုးမှုကနေ ရရှိတဲ့ နည်းလမ်း တစ်ခုပါ။ SG 2000 SPA, အိုဇုန်းနဲ့ ရေချိုးခြင်း (Home SPA) လို့ခေါ်တဲ့ စက်ကို အသုံးပြုပြီး ကျန်းမာရေး အတွက် ရေချိုး ပေးခြင်းကနေ အကျိုး ကျေးဇူးတွေ အများကြီး ရရှိမှာပါ။ မိမိကိုယ်ပိုင် စက်အဖြစ်နဲ့ ၀ယ်ယူပြီး အိမ်မှာ ပြုလုပ်နိုင်တဲ့ (Home SPA) လို့ ဆိုတာကြောင့် အချိန်ပိုမရှိတဲ့ အိမ်ထောင်ရှင်မတွေအတွက်လည်း သင့်တော်တဲ့ ကျန်းမာရေးနဲ့ အလှအပပစ္စည်းလေးတစ်ခုပါပဲ။

အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ မိမိရဲ့ ရေချိုး ကန်ထဲကို SPA အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သူ့အညွှန်းအတိုင်း၊ အချိုးအဆအတိုင်း ထည့်ပြီး ချိုးပေးရုံပါပဲ။
“ရေချိုးတဲ့ အခါမှာ အာနိသင်ရှိစေဖို့ (၁) ဆား (Melisa Bath Salt-Calming & Improve, Quality of Sleep), (Seaweed Bath Salt-Slimming, Reduce Water Retention), (Lemon Bath Salt-Deep Cleasing, Balance Oily Skin), (2) Essential Oil တို့ကို ရေခပ်နွေးနွေးမှာ ထည့်ပြီး အသုံးပြုရ ပါတယ်။

O3 (အိုဇုန်း)ရဲ့ကောင်းတဲ့ အကျိုး ကျေးဇူးတွေကတော့ မိမိအတွက် အဆင်ပြေတယ်။ လုံခြုံမှု ရှိတယ်။ တစ်ဦးတည်း သီးသန့်လုပ်ရတော့ ပို ကောင်းတယ်။ စရိတ်လည်း သက်သာတယ်။ အချိန်လည်း သက်သာတယ်။ (၁၅ မိနစ်ပဲ ကြာတယ်။) သန့်ရှင်းမှု ရှိတယ်။Exercise လုပ်တာနဲ့ တူတဲ့ အတွက် ကျန်းမာရေး ကောင်းမွန်တယ်။ ပြီးတော့ ရေထဲမှာ မျက်နှာငုံ့ပြီး ရေအားနဲ့ ရိုက်ပေးခြင်းအားဖြင့်Facial တစ်ကြိမ် လုပ်တာနဲ့ညီမျှတယ်” လို့ O3 နဲ့ ရေချိုးတဲ့ အကြောင်းကို မကျင်ပို့က ပြောပြပါတယ်။ မိန်းကလေးတွေ အတွက် သားအိမ်၊ ကျောက်ကပ်၊ ရင်သားကင်ဆာ၊ အစာအိမ် လမ်းကြောင်း၊ နှလုံး ရောဂါ၊ ဆီးချို၊ သွေးတိုး ရောဂါတွေကိုကာကွယ် ပေးတဲ့ အဆီချ လုပ်ငန်းစဉ် ဖြစ်တာကြောင့်လည်း မကျင်ပို့က လက်ဆင့်ကမ်း လမ်းညွှန် ပေးရခြင်းပါ။

ဂျာမနီ နိုင်ငံက စတင်ထုတ်လုပ်ခဲ့တဲ့ O3 ရေချိုးစက်ကို ၁၉၉၁ ခုနှစ်မှာ တရုတ်တိုင်ပေ နိုင်ငံ ကုမ္ပဏီ တစ်ခုက စတင်ရောင်းချခဲ့တာဖြစ် ပါတယ်။ အဲဒီကစပြီး Singapore, Thiland, Hong Kong, Department Stores မှာ ရောင်းချ ပေးခဲ့ပါတယ်။
SG 2000 Home SPA Machine ရဲ့ ထူးခြား ချက် ၃ ချက်ကို အခုလို ပြောပြပါတယ်။ “အဲဒီ စက်က O3 gas ကို ပေးတယ်။ Infra-Red Raysကို ပေးတယ် (ရေထဲကို ထည့်ပေးတဲ့ ရောင်ခြည်)။Ultra Sonic Wave(လှိုင်းထအောင် လုပ်ပေးတယ်) ကိုပေးတယ်။ ပထမအချက်ဖြစ်တဲ့ O3 (အိုဇုန်းက ဘာကို ပေးသလဲဆိုရင် ရေထဲမှာရှိတဲ့ ပိုး (Virus), ဆီ၊ မကောင်းတဲ့ အနံ့တွေကို ဖယ်ရှားပြီး ရေကို အမြဲ သန့်စင်အောင် လုပ်ပေးတာ။ Far Infrared Rays ကတော့ ကိုယ်ခန္ဓာမှာ ရှိတဲ့ Oxygen Level ကို မြှင့်တင်စေတယ်။ အဆီ ချပေးတယ်။ မကောင်းတဲ့ ဓာတ်ကိုဖယ်ရှားပေးတယ်။Ultra Sonic က ရေစေးကို ရေသွက်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ မွေးညင်းပေါက်တွေကို ပွင့်စေတယ်။ ချွေးမထွက်တဲ့သူတွေကို ချွေးထွက် စေတယ်။ သွေးလည်ပတ်မှုကောင်းစေတယ်။


ကျန်းမာရေး အတွက်ပါ ကောင်းတယ်ဆိုတော့ ဘယ်လို ကောင်းမွန်စေတာလဲ ဆိုတာကိုလည်း ရှင်းပြပေးပါဦး။

ကျန်းမာရေးအတွက် အချက် ၅ ချက်ပေး စွမ်းနိုင်ပါတယ်။
၁။ လေကောင်းလေသန့်ကို ရစေတယ်။
၂။ ရေကိုသန့်စင်စေတယ်။ သန့်ရှင်းတဲ့ ရေကို ထုတ်ပေးတယ်။
၃။ စားပြီးတဲ့ အစာကို Balance ဖြစ်စေတယ်။
၎။ ပုံမှန် လေ့ကျင့်ခန်း လုပ်တာနဲ့ ညီမျှစေတယ်။
၅။ အိပ်ပျော်စေတဲ့ အစွမ်း အာနိသင် ရှိတယ်။ လူတိုင်း အသုံးပြု နိုင်ပါတယ်။ အဆီချပေးရုံ သာမကပါဘူး။ အရေပြားယား တတ်သူတွေ လည်း အသုံးပြုနိုင်ပါတယ်။ တစ်ကြိမ်နဲ့တော့ အာနိသင်ကို မရတတ်ပါဘူး။ တစ်ပတ်လုံး ဆက်တိုက် ရေချိုးပေးရင် အရေပြား ယားယံတာ တွေ ပျောက်သွားပါတယ်။

ကိုယ်ဝန်ဆောင်သည် တွေကတော့ ကိုယ်ဝန် စဆောင်ချိန်ကနေ ၄ လ အတွင်း မချိုးရပါဘူး။ ၅ လကျော်က စပြီး မွေး ခါနီး အထိ ချိုးနိုင်ပါတယ်။ မွေးဖွားရ လွယ်ကူပြီး ကိုယ်ဝန်သည်လည်း သိပ်မ၀လာပါဘူး။ ကလေးကိုလည်း ထိခိုက်မှုမရှိပါဘူး။ ဗိုက်ခွဲ ထားသူတွေ ဆိုရင်တော့ အနာကျက်ပြီးမှ ဒီစက်ကို အသုံးပြုလို့ ရပါတယ်။ ရိုးရိုးမွေးဖွား ထားသူတွေ ဒီစက်နဲ့ ပိုသင့်တော်ပါတယ်။ ဖောတာယောင်တာ လျော့စေပြီး အပိန်မြန်တယ်။

ရေချိုးပြီးပြီ ဆိုတာနဲ့ ရေတစ်ခွက် aသာက်ပါ။ ဒီစက်ကို သုံးပြီး ၂ နာရီ ကျော်မှ အစာစားရင် ပိန်တယ်။ ၂ နာရီ အတွင်း အစာ စားရင်တော့ ၀လာမယ်။ စက်ရဲ့Watt (ဗို့အား)က 500 Watt ပဲရှိတယ်။ Aircon တစ်လုံးစာတောင် မရှိပါဘူး။ နိုင်ငံခြား မဂ္ဂဇင်း တစ်စောင်မှာ ပါလာဖူးတယ်။ လေဖြတ်သွားတဲ့ သူတစ်ဦးက ဒီစက်ကို နေ့စဉ် ပုံမှန် သုံးသွားခဲ့တာ ၃ လနဲ့ ၆ လအတွင်း ပြန်ကောင်း သွားတယ်လို့ ဖတ်လိုက်ရပါတယ်။

စက်တွေမှာ ပါဝင်တဲ့ အစွမ်း သတ္တိလိုမျိုး ဒီစက်မှာလည်း ထည့်သွင်း ထားမှာပေါ့။O3 စက်ရဲ့ ဂုဏ်သတ္တိတွေကို ပြောပြပါဆိုရင်ရော။

ဒီစက်က ၁ မိနစ်မှာ ပြင်းအားကြီးတဲ့ ရေပူဖောင်း ၁၀ သိန်းကို ထုတ်လွှတ်စေပြီး ရေပူဖောင်း အချင်းချင်း ပွတ်တိုက်ပြီး သဘာဝ အသံလွန် လှိုင်းကို ဖြစ်ပေါ်စေတယ်။ တုန်ခါနှုန်း အကြိမ် ရေ ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ထုတ်လွှင့်ပေးနိုင်တယ်။ မကောင်းတဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ် မှာရှိတဲ့ ဆဲလ်တွေကို ရှင်သန်စေတယ်။ သေနေတဲ့ ဆဲလ်တွေကို ဖယ်ထုတ်ပေးပြီး အသားအရေကို လှပစေတယ်။ စက္ကန့်ပိုင်း အတွင်းမှာ အောက်ဆီဂျင်ထုတ် လုပ်ပေးခြင်းကြောင့် သဘာဝ တောတောင်ရေမြေထဲမှာ ရောက်ရှိနေသလို ခံစားရပါတယ်။ အနီအောက်ရောင်ခြည် ထုတ်လွှတ် ပေးနိုင်တဲ့ အခင်းပြား သုံးထားတော့ Oxygen Level ကို မြှင့်တင်စေတယ်။ ရေစေးမှ ရေသွက်ကို ပြောင်းစေတဲ့ အတွက် ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ဒီစက်ကို ဘယ်လို အချိန်တွေမှာ အသုံးပြုနိုင်သလဲ။ ဘယ်လို လူမျိုးတွေ သုံးလို့ရတယ်။ ဘယ်လို အသုံးချရမယ် ဆိုတာ ရှင်းပြပေးပါဦး။

ခန္ဓာကိုယ် တစ်ခုလုံးကို နှိပ်နယ် ပေးခြင်းနဲ့ တူတဲ့ ခန္ဓာကိုယ်ကို သန့်ရှင်း စေတဲ့၊ အဆီချခြင်းအာနိသင်အတွက် အလွန်ကောင်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ဆေးစားစရာ မလို နုပျို လှပလာစေမယ့် ဒီ O3 စက်ကို ၁၅ မိနစ်ပဲ အသုံးပြုပြီး ရေချိုးပေးရမှာပါ။ ကယ်လိုရီ ၂၀၀ မှ ၄၀၀ အထိ ချေဖျက် ပေးနိုင်ပြီး နေ့စဉ် ပြုလုပ်ခြင်းဖြင့် အဆီအမြန် ကျစေပါတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မရှိသူတွေအတွက်O3 နဲ့ ရေချိုးပေးခြင်း ဖြင့် (၅) မိနစ်အကြာ) ၃ မိုင်မှ ၅ မိုင်အထိ ပြေးခြင်းနဲ့ ညီမျှတယ်လို့ သိရပါတယ်။ အိမ်တွင်းမှာပဲ အလှအပ အတွက် လုပ်ဆောင်နိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေမယ့်၊ အဆီပိုမရှိ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ် အလှအပကို ပိုင်ဆိုင်နိုင်စေမယ့်O3 ရေချိုးစက်ကို Fancy House မှာလည်းသွားရောက် အသုံးပြုနိုင်သလို၊ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ ရေချိုးရာမှာ အထောက် အပံ့ပြုမယ့် ကိုယ်နေဟန်ထားကိုလည်း Fancy House က ဗဟုသုတ အဖြစ် ထည့်သွင်းပေးခဲ့ပါတယ်။

သင်းပပ

စည်းကမ်းတကျ သွယ်လျလှပ

ဒီနေ့ ခေတ်မှာ လူတော်တော် များများဟာ Diet သွားကြတာကို တွေ့မြင်ရ ပါတယ်။
တချို့ကလည်း ကျန်းမာရေး အတွက် တချို့ကလည်း Weight လျှော့ချင်လို့ စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် Diet လုပ်ကြပါတယ်။ ဘယ်လို ရည်မှန်းချက်နဲ့ Diet လုပ်လုပ်၊ နည်းလမ်း ကျကျနဲ့ ကျန်းမာရေးကို မထိခိုက်ဘဲ မိမိ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့က အရေးကြီးပါတယ်။ တချို့လူတွေကတော့ ရေတွေ အများကြီး သောက်ပြီး Multivitamin တွေမှီဝဲကာ အစာကို ချင့်ချိန်စား ကပါတယ်။ စားချင်တဲ့ အစာကို လုံးဝရှောင်ရင် ပိုဆိုး လာနိုင်ပါတယ်။ ပိုပြီး စားချင်စိတ်က ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ လိုအပ်တဲ့ အစားအစာကို ချိန်ခွင် လျှာညီမျှအောင် ထိန်းပြီး စားသောက်တဲ့ အလေ့အကျင့်ကို လုပ်ယူလို့ ရပါတယ်။

တစ်ဖက်က Exercise တွေလုပ်၊ Weight လျှော့တဲ့ Method တွေလုပ်ပြီး ကျန်တစ်ဖက်ကနေ အစားအသောက်ကို မထိန်းသိမ်းရင်လည်း Weight ကျဖို့ ခက်ခဲ နေတာကို တွေ့ရပါလိမ့်မယ်။ Exercise တွေလုပ် နေပြီး ပင်ပန်းတယ် ဆိုပြီး တအား စားနေရင်လည်းWeight က ပိုတောင်မှ တက်လာ နိုင်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းကာ အရသာ ရှိတဲ့ အစားအစာ၊ မိမိကြိုက် နှစ်သက်တဲ့ အစားအစာကို ရေရှည် စားသုံးချင်တယ် ဆိုရင်တော့ ရေရှည်ခံမယ့် အလေ့အကျင့် ကောင်းတွေကို မွေးမြူရပါလိမ့်မယ်။ တကယ် အသုံးတည့်၊ အသုံးဝင်မယ့် နည်းလမ်းတွေပါ။

၁။ ။ ဇွန်း၊ ခက်ရင်း၊ လက်တွေကို မသုံးဘဲ တူနဲ့သုံးပြီး စားကြည့်ပါ။ အဲဒါမှ အစာတွေကို အလျင်စလို မမျိုချမိဘဲ ဘာတွေ စားနေတယ် ဆိုတာကို သတိ ထားမိပါလိမ့်မယ်။ ဗိုက်ပြည့်တာကို အသိအမှတ် ပြုဖို့ ဦးနှောက်က ၁၀ မိနစ်မှ ၁၅ မိနစ်ထိ အချိန် ယူတတ်ပါတယ်။ အစား အသောက်ကို မြန်မြန်စားလေ၊ များများစားလေ မဖြစ်အောင် အစာစားရင်း ဖြည်းဖြည်းနဲ့ ဂရုစိုက် သတိထားပြီး စားသုံးပါ။

၂။ ။ မခံမရပ် နိုင်အောင် ဆာလောင်တဲ့ အခါ တွေ့ကရာ သရေစာ တစ်ခုခုကို စားဖို့ မကြံခင်မှာ ရေကို ဖန်ခွက်ကြီးနဲ့ တစ်ခွက် (သို့) Juice တစ်ခွက် အရင် သောက်လိုက်ပါ။ (မှတ်ချက်။ ။ သကြား မသုံးဆောင်ရ။ မဖြစ်မနေ သုံးဆောင် လိုပါက အနည်းငယ်သာ အသုံးပြုပါ။)

၃။ ။ ရေနွေးကြမ်း(အပူ) များများ သောက်ပေးပါ။ အဆီကျဖို့ အထောက်အကူ ပေးပါတယ်။ (အေးနေတဲ့ ရေနွေးကြမ်းကို မသောက် သုံးပါနဲ့။)

၎။ ။ ညစာကို စောစောစားပါ။ နောက်ကျပြီး ညစာ စားခြင်းကို ရှောင်ကြဉ်ပါ။ ထမင်း စားပြီး ချက်ချင်းထိုင် ရုပ်ရှင်ကြည့်၊ အိပ်ရာထဲ တန်းဝင်တဲ့ အလုပ်ကို ရှောင်ကြဉ်ပါ။

၅။ ။ ထမင်း(ဆန်)ကို တဖြည်းဖြည်း လျှော့စားပါ။ ထမင်းဟာ Carbohydrate ဖြစ်ပြီးStarch တစ်မျိုးလည်း ဖြစ်ပါတယ်။ အဲဒီ Starch တွေကို များများ စားသုံးရင်လည်း Weight (အလေးချိန်) တဖြည်းဖြည်း တက်လာပါလိမ့်မယ်။

၆။ ။ အစာကို တဖြည်းဖြည်းချင်း လျှော့စားပါ။ ရုတ်တရက် လျှော့မယ်ဆိုရင် ဗိုက်ဆာတဲ့ အပြင် ဂရုမစိုက်ပါက အစာအိမ် ရောဂါပါ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်ကို ဖြည်းဖြည်းချင်း အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။ အစာအိမ် ဆန့်သလောက်ထည့်ရင် Weight ကျဖို့ အင်မတန် ခက်ခဲပါတယ်။ အလေ့အကျင့် ဖြည်းဖြည်းချင်း လုပ်ကြည့်ပါ။ အင်မတန် လွယ်ကူတာ တွေ့ရပါ လိမ့်မယ်။

ဥပမာ- ထမင်း တစ်ခါစားရင် ၂ ပန်း ကန်စားတယ် ဆိုပါစို့။ ချက်ချင်း တစ်ပန်းကန် လျှော့စားရင် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ၂ ပန်း ကန်စားရာကနေ လျှော့စားမယ် ဆိုရင် ပထမနေ့မှာ တစ်လုတ် လျှော့စားပါ။ ဒုတိယနေ့မှာ နှစ်လုတ် လျှော့စားပါ။ ဒီနည်းနဲ့ နေ့စဉ်ထမင်း အလုတ် အနည်း ငယ်စီ လျှော့ချသွားပြီး စားသင့်ရုံ ပမာဏကို ချိန်ယူပါ။

ပုံမှာ ပြထားတဲ့ နည်းတွေနဲ့ တဖြည်းဖြည်း လျှော့စားနိုင်ပါတယ်။ ပုံပြပါ အတိုင်း တိတိ ကျကျ လိုက်နာရမယ်လို့ မဆိုလိုပါ။ ကိုယ်တတ် နိုင်သမျှ ကိုယ်ခန္ဓာရဲ့လိုအပ်ချက်နဲ့ စိတ်ကို ထိန်းညှိပြီး စားသောက်ဖို့ ရည်ညွှန်း ထားပါတယ်။ အစာကို တဖြည်းဖြည်း လျှော့ချပြီး အစာအိမ်ကို အကျင့် လုပ်ပေးတဲ့ စနစ်ဟာ လွယ်ကူကြောင်း မျက်ဝါး ထင်ထင် တွေ့မြင် ရပါလိမ့်မယ်။

၇။ ။ အစာကို နည်းနည်းနဲ့ ဖြည်းဖြည်း မှန်မှန် စားပေးပါ။ စားလိုက်သမျှ အစားအစာတွေမှာ ပရိုတိန်း ဓာတ်နဲ့ ဟင်းသီး ဟင်းရွက်တွေ ပါပါစေ။ အစာစားပြီး မတင်းတိမ်ရင် ပန်းသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ Orange, Juice, Carrot Juice, Pomelo Juice တွေကို သုံးဆောင် နိုင်ပါတယ်။ Juice တွေဟာ Fresh Juice တွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

၈။ ။ ပုလင်း အချိုရည်တွေကို မသုံးဆောင် သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပုလင်း အချိုရည်တွေမှာ Chemical ဆိုးဆေးတွေ အရသာ တုတွေ သုံးထားတဲ့ အပြင် မြင့်မားတဲ့ သကြား ပမာဏ ပါဝင်တာကြောင့် ရေရှည် သောက်သုံးပါက ပိုဝလာနိုင်တဲ့ အပြင် ဘေးဥပဒ်ပါ တွေ့နိုင်ပါတယ်။

၉။ ။ ထောပတ် အဆီများတဲ့ အစား အစာတွေ ချိစ်၊ ဆီကြော် အစားအစာတွေ၊ သကြား၊ ချောကလက်၊ အချိုကြီးတဲ့ အစားအစာတွေ၊
Ice-craem, စပျစ်သီး၊ စပျစ်ရည်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ မြေပဲစတဲ့ အဆီဓာတ် ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး ချိုလွန်းတဲ့ အသီးအနှံတွေကိုလည်း အလွန်အကျွံ မစားဘဲ သတိထားပြီး သုံးဆောင် ရပါလိမ့်မယ်။ အထက်ပါ နည်းတွေ အတိုင်း မိမိ ခန္ဓာကိုယ်ကို အလေးချိန်နဲ့ အလှတာ ရှည်ခံအောင် ထိန်းသိမ်း ထားနိုင်ပါကြောင်း သတင်းကောင်း ပေးအပ်ပါတယ်
သင်းပပ

လက်မှသည် ခန္ဓာကိုယ် တစ်ခုလုံး နုပျိုစေဖို့

ပီးခဲ့တဲ့လက ခြေထောက်အတွက် အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းကောင်းတွေကို တင်ပြခဲ့ပြီး ပါပြီ။ ဒီလတော့ ပိုပြီး ပြည့်စုံသွားအောင် လက်အတွက် အလှအပ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းကောင်းတွေကို အပြီးသတ် ဖော်ပြပေးလိုက် ပါတယ်။ လက်နဲ့ ခြေထောက်က အကြောတွေ အားလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆက်စပ်ပြီး ရှင်သန်လှုပ်ရှား နေကြတာကြောင့် သူတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ ဦးနှောက် ကျန်းမာကြံ့ခိုင်မှုနဲ့ တိုက်ရိုက် အချိုးကျလို့ နေပါတယ်။ ဒီတော့ အပေါ်ယံ ကြည့်ရင် ခြေထောက်နဲ့ လက်အလှအပ ရေးရာလို့ ဆိုပေမယ့် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာ လှပတဲ့ အခြေခံ အချက်တွေလည်း ဖြစ်နေတာကြောင့် အချိန် အနည်းငယ် ဖဲ့ပေးပြီး ဂရုစိုက် ပေးစေချင် တာပါ။ လက်ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်း တစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူ့ရဲ့အကျင့် စာရိတ္တနဲ့ စိတ်ဓာတ်ကို ခန့်မှန်း အဖြေထုတ်ယူလို့ ရတယ်ဆိုတဲ့ နေရာမှာ လက်ရဲ့လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်တွေက အများကြီး ပါဝင်လို့ နေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ ပြောနိုင်ဆိုနိုင်ဖို့ အတွက် ဟန်ပါပါ လှုပ်ရှားပေးရတဲ့ လူသူရှေ့မှောက်ရောက် လက်ကလေးတွေ ကျန်းမာဖို့ လက်အတွက် နည်းလမ်းကောင်းတွေ တင်ပြပေးချင်ပါတယ်။


၁။ လက်နှိပ်ဆီ (သို့မဟုတ်) သင့်တော်ရာ Lotion, Cream တစ်ခုခုကို ခပ်ထူထူ သုတ်လိမ်းပါ။ လက်ချောင်း အားလုံးနဲ့ လက်ဖမိုး၊ လက်ကောက်ဝတ်အ ထိ နှံ့စပ်စွာ လိမ်းခြယ်ပါ။

၂။ ပထမဦးစွာ Cream အသားထဲ စိမ့်ဝင်သွားစေဖို့ နှိပ်နယ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်၊ ညာ လက်နှစ်ဖက်လုံး သုံးပြီး အသာဖိနှိပ်ပေးပါ။

၃။ လက်ဆစ် ညောင်းညာမှုကို ပြေလျော့စေဖို့ အတွက် လက်ဆစ်တိုင်းကို လက်ညှိုး၊ လက်မသုံးပြီး အပေါ်အောက်နှိပ်ပါ။

၎။ လက်ဆစ်ချိုးခြင်းဟာ မှားယွင်းမှု တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ နှိပ်နယ်ခြင်းအနေနဲ့ လက်ဆစ်ကို ဘေးနှစ်ဖက်ကနေ ဖိညှစ်ပေးရပါမယ်။

၅။ လက်ချောင်း တစ်ခုချင်းစီရဲ့ကြားထဲကို နှိပ်နယ်ခြင်းဟာ လက်က တစ်ဆင့် ဦးနှောက်နာဗ်ကြော အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လက်ချောင်းများကို အသုံးပြုရဆုံးသူတွေ အတွက် အလွန်သင့်တော်ပြီး အညောင်းအညာ ပြေစေတဲ့ နှိပ်ကွက်ပါ။

၆။ လက်မထိပ်ကို အသုံးပြုပြီး လက်ချောင်းထိပ်များနဲ့ လက်သည်းထိပ်ကို ဖိနှိပ် ပေးခြင်းအားဖြင့် လက်ချောင်းများကို ကျန်းမာ ကြံ့ခိုင်ပြီး လက်တစ်ခုလုံးရဲ့ အကြောများကို ပြေလျော့စေပါတယ်။

၇။ လက်ချောင်းတစ်ခုချင်းစီကို လက်မထိပ် အသုံးပြု ပြီး အပေါ်ကို လှန်ချိုးခြင်းအားဖြင့် လက်ချောင်းများ လှုပ်ရှားမှု သန်မာ သွက်လက်စေပါတယ်။

၈။ အဆင့်လိုက် နှိပ်လာပြီးလို့ ပြေလျော့လာတဲ့ အကြောတွေကို တစုတစည်းတည်းနဲ့ ထပ်မံ ဖြေလျော့ ပေးတဲ့ နှိပ်ကွက်တွေပါ။ လက်ချောင်းများသာမက လက်ဖ၀ါး တစ်ခုလုံးမှာ ရှိတဲ့ အကြောတွေ အတွက်ပါ။

၉။ အကြောပြေစေရုံသာမကဘဲ လက်ကို အနားယူ ဇိမ်ကျမှု အပေးဆုံး နည်းပါ။ လက်ဖ၀ါးပြင် တစ်ခုလုံး ကို လက်မ၊ လက်ချောင်းလေးတွေနဲ့ အသာဖျစ်ပေးရုံနဲ့ လက်ဖ၀ါးပြင်က အကြောတွေက တစ်ဆင့် လက်ဖျံ၊ လက်မောင်း အကြောတွေအထိ ပြေလျော့စေပါတယ်။

၁၀။ လက်အတွက် နောက်ဆုံး သော့ချက်ဖြစ်တဲ့ လက်ဖ၀ါးပြင် နှိပ်နည်းကတော့ ဦးနှောက် အာရုံကြော အထိ သက်ရောက်စေပါတယ်။ လက်ဖ၀ါးအလယ် ပြင်တည့်တည့်ကို လက်ဆစ်နဲ့ ဖိနှိပ်ပေးရပါမယ်။

၁၁။ လက်ချောင်းချင်း ထိုးယှက်ပြီး လက်ဖ၀ါး တစ်ခုလုံးကို အသာလှန်ချိုးပေးခြင်းအားဖြင့် လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ လက်ချောင်း အကြော အားလုံးကို ပြေလျော့စေပါတယ်။

ကွန်ပျူတာအမြဲအသုံးပြုနေတဲ့သူတွေ၊ လက်ချောင်းတွေ အမြဲအသုံးပြု လှုပ်ရှားနေရတဲ့သူတွေ၊ စာရေးဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ လက်ကို အသုံးပြု အများဆုံးသူတွေ အတွက် အထူးသင့်လျော်တဲ့ နည်းလမ်းတွေပါ။

တစ်ပတ်ကို တစ်ခါ (သို့မဟုတ်) နှစ်ခါ ပြုလုပ်ပေးရ ပါမယ်။ နေ့စဉ် ညနေ ရေမချိုးမီ ၁၅ မိနစ်ခန့် အချိန် ယူပြီးလည်း နှိပ်နယ် ပေးနိုင်ပါတယ်။ ဒါဟာ လက်ကို ကျန်းမာကြံ့ခိုင် စေရုံသာမကဘဲ ချွေးပေါက်များ ပွင့်ပြီး အကြောပြေလျော့ကာ နုပျိုလှပတဲ့ လက်အလှ ပိုင်ရှင်လေးလည်း ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်မနှိပ်ခင်မှာ ခြေထောက် နှိပ်နယ်ခြင်း နည်းလမ်းတွေတုန်း ကလိုပဲ ဆားရည် စိမ်ပေးနိုင် ပါတယ်။ လက်အသားအရေက ပိုပြီးနုတော့ ဆားပမာဏ ကိုတော့ လျှော့ပေးရမှာပါ။ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်အသားအရေ နုပျိုစေမယ့် နည်းလမ်းလေးကိုလည်း မေတ္တာ လက်ဆောင်ပေးချင် ပါတယ်။ ဒိန်ချဉ်ကို လက်ချောင်း၊ လက်ဖမိုး အနှံ့သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့ နောက်မှာ အညစ်အကြေးနဲ့ ချေးညှော် ကင်းစင်ပြီး ၀င်းဝါ စိုပြည်နေတဲ့ လက်ကလေးကို အံ့သြဖွယ်ရာ တွေ့မြင်နိုင်မှာပါလို့ လမ်းညွှန်လိုက်ပါရစေ။

သင်းပပ