Pages

Wednesday 21 September 2011

တွယ်ရာမဲ့ နွယ်

သုံးရက်ဆက်တိုက် သဲသဲမဲမဲ မိုးရွာ ပြီးသည့်နောက် ဒီနေ့ နေသာ၍ လာလေပြီ။ ကြည့်လေသမျှ ၀န်းကျင် တစ်ခုလုံး စိမ်းလန်း လတ်ဆတ် နေပါသည်။
ဒီမနက် စောစောမှ ကပ်၍ မိုးတိတ် သွားသည်မို့ ဓာတ်မီးကြိုးများ၊ သစ်ရွက် ကလေးများပေါ်၌ မိုးစက်ကလေးများ တလက်လက် တင်ကျန်နေသေးသည် သုံးရက်လုံးလုံး အသိုက်ထဲ အောင်းနေသည့် ငှက်ကလေးများ ဆာလှပြီ ထင်၏။ တကျည်ကျည် တကျာကျာ အသံပေးကာ မြူးထူးပျံဝဲ၍ အစာ ရှာနေကြသည်။ ငှက်ကလေးတွေနှင့် အတူ လူတွေလည်း ရုန်းကန်လှုပ်ရှား နေကြရင်း အိမ်ရှေ့လမ်းလေးမှာ လမ်းသွား လမ်းလာများနှင့် စည်ကား၍ နေပေပြီ။ ရှင်းလင်း ပြာလဲ့သော ကောင်းကင်မှာ တိမ်ဖြူလေးများ ဟိုတစ်စု ဒီတစ်စု ရှိနေကြသည်။

နွယ်သည် ဟိုးအဝေးကြီးမှ တိမ်များကို ငေးနေလေသည်။ အကန့်အသတ်ရယ်လို့ ဘောင်ခတ်ထားခြင်း မရှိသော ပြင်ကျယ်ကျယ် ကောင်းကင်တွင် လွတ်လပ်စွာ၊ ပေါ့ပါးစွာ မျောလွင့်နေသော တိမ်များကို မျက်တောင်မခတ် ငေးနေမိခြင်း ဖြစ်သည်။ တိမ်တွေ လေနှင့် အတူ လွင့်မျောရင်း ပုံသဏ္ဌာန်မျိုးစုံ ပြောင်းချင်တိုင်း ပြောင်းနေပုံကို စောင့်ကြည့် နေခြင်းမှာ နွယ်၏ မရိုးနိုင်သော အလုပ်တစ်ခု ဖြစ်သည်။ တိမ်လေး တစ်ပွင့်လို ပုံစံ ပြောင်းချင်တိုင်းပြောင်း၊ အချုပ်အနှောင် မရှိ လွင့်ချင်တိုင်း လွင့်ရလျှင် မည်မျှ ကောင်းမလဲဟု နွယ် အားကျ မိလေသည်။ ဒါဆို နွယ်ရယ်လို့ မရှိတော့ဘဲ ရုပ်ရည်ရော၊ ဘ၀ရော အားလုံး အသစ်ဖြင့် ဘ၀တစ်ခု ပြန်စရလျှင် သိပ်ကောင်းမည်။

ဒါပေမဲ့ မဖြစ်နိုင်တော့ပါ။ အစကနေ ပြန်စဖို့ ခွန်အားတွေလည်း ဆုတ်ယုတ်ခဲ့ပြီပဲ။ လူတစ်ယောက် အတွက် မရှိမဖြစ်လိုအပ်သော အခြေခံ မာန တရားလေးတောင် နင်းခြေ ဖျက်ဆီးခံထား ရပြီးသော နွယ့်မှာ အခွံချည်း ကျန်တဲ့ ဥတစ်လုံးလိုပါပဲ။ ဒီဇာတ်လမ်း အစကတည်းက နွယ့်မှာ မိန်းမသား တစ်ယောက် အနေနှင့် ရွေးချယ်ခွင့်ရယ်လို့ မရှိခဲ့ဘဲ ကံကြမ္မာ ဇာတ်ဆရာ အလိုအတိုင်း လိုက်နာခဲ့ရတဲ့ မိန်းမ တစ်ယောက်၏ ဒုက္ခသုက္ခ တွေကို ဘယ်သူက နားလည် နိုင်မှာတဲ့လဲ။ဒါကြောင့်လည်း တိမ်တွေ လွင့်မျော နေတာကိုပဲ ငေးငိုင်ကြည့်ရင်း မျက်ရည်ဝဲ နေခဲ့မိတာကိုတောင် တားမြစ် ပိတ်ပင်ဖို့ သူ ကြိုးစားနေပြီ။

“နွယ်... မိနွယ်... ဒီ ကောင်မ ဘယ်မလဲ”

တိမ်တွေကို တမေ့ တမော ငေးနေရင်းမှ နွယ် ၀င်လာခဲ့သည်။ ဒေါသနှင့် အလို မကျဖြစ်နေသော သူ့မျက်နှာ တွင် စူးစမ်းသလို အကဲ ခတ်နေသော မျက်လုံးများက နွယ့် ပေါ် ကျရောက်နေသည်။
“နင် ဘယ်ရောက်နေလဲ”

မလိုအပ်ဘဲ ကြမ်းတမ်းစွာ အော်ဟစ်နေသည်ကို နွယ် ရိုးအီနေပြီ။ မဖြေဘဲ ထုံပေပေ နှင့်နေရန် စိတ်ကူးသော် လည်း အသား နာမှာကို ကြောက်သောကြောင့်...
“၀ရန်တာမှာပါ”
ဟု ဖြေလိုက်သည်။

“အေး...၊ အားအားရှိ ၀ရန်တာဘက်ထွက်သွားပြီး လမ်းပေါ်က သကောင့်သား တွေကို ဟန်ရေးပြမနေနဲ့။ နင့် ကိုယ်နင် အပျိုများ မှတ်နေလား။ ငါ အခု သူငယ်ချင်း ကားနဲ့ မန္တလေးဆင်းမယ်။ ဘယ်မလဲ ငါ့အင်္ကျီထုပ်”

အခန်းထဲ ၀င်သွားပြီး မနေ့ညကမှထုပ်ထားသော အင်္ကျီအိတ်ကို ယူလာပေး လိုက်သည်။
“ဟ...၊ အနွေးထည်ရော ထုတ်ပေးလေ။ ဒီလောက် အေးနေတာ၊ ငါ လေဖြတ်သေစေချင်လို့လား”

သေသွားလည်း အေး တာပဲဟု စိတ်ထဲကျိန်ဆဲရင်း အိတ်ဖွင့်လျက် အနွေးထည် ထုတ်ပေးလိုက်သည်။
“အေး၊ ကြီးတော်စကား နားထောင်နော်။ မိသူဇာနဲ့လည်း တည့်အောင်နေ။ ဘာ ဘာညာညာ အသံကြားရင် ပြန်လာရင် အသေပဲ”

သူ့ကြီးတော် ဆိုသူမှာ အလွန်ပစိပစပ် များ၍ နေရသူ များကို ဘယ်တော့မှ အကောင်းမမြင်တတ်သူ။ သူဇာ ဆိုတာကတော့ သူ့ မယားကြီး။ အိမ်တကာ့အိမ် လည်၍ သူများ အကြောင်းတွေ စပ်စုပြီး အ၀တ်လျှော် စားတဲ့မိန်းမနဲ့ မကျန်အောင် အတင်းတွေပြော၊ အရှုပ်အရှင်း ပြဿနာတွေ ကြားမှာ အမြဲလိုလို ကြားညှပ်ပါနေ တတ်သူဖြစ်သည်။ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့နှင့် ကုန်း ချောကုန်းတိုက် မုသားစကား များကိုလည်း လိပ်ပြာသန့်စွာ ပြောတတ်သေး၏။ သို့သော် နေရာတကာ ကြိုးကိုင်ချင်သည်။ အာဏာရှင်ဆန်ဆန် သူ့ကြီးတော် အပျိုကြီးကိုတော့ သူဇာက ကပ်ပေါင်းထားသည်။ နွယ့်မှာ မဟုတ်တရုတ် ပြော၍ မြှောက်ပင့်ကာ ကပ်ပါးရပ်ပါး မလုပ်တတ် သဖြင့် သူတို့နှင့် အစေးမကပ် လှချေ။

အခု သူ မန္တလေးသွား မှာဆိုတော့ အလွန်ဝမ်းသာ လာလေ၏။ တစ်သက်လုံး ပြန်မလာလျှင် ကောင်းမှာပဲ ဟု တွေးရင်း...
“ဘယ်တော့ ပြန်လာမလဲ”
ဆိုတော့...
“တစ်ပတ်လောက် ကြာမယ်”
တဲ့။

သူ သွားသော်လည်း အရှုပ်ထုပ် နှစ်ယောက်က အိမ်မှာ ရှိနေသေး၍ စိတ် ညစ်ရဦးမည်။ သို့သော်လည်း သူမရှိတာကိုက တော်တော်သက်သာ သွားလေပြီ။ ကြောက်ရွံ့ထိတ်လန့် လိပ်ပြာ ငယ်ရသော ညများမှ ခေတ္တ လွတ်ငြိမ်းခွင့်ရမည်။

အခန်းထဲ ပြန်ဝင်လာပြီး အိပ်မော ကျနေသည့် သမီးလေးကို ငေးနေမိသည်။ ၄ နှစ်အရွယ် နုနယ်လှသော နှလုံးသားလေး ထဲတွင် ဒဏ်ရာ ဒဏ်ချက်တွေ ရှိနေလောက်ပြီ။ မနေ့ညက သူ အရက်မူး သောင်းကျန်းသော အခါ နွယ့် ရင်ခွင်ထဲမှာ ပုန်းပြီး သမီးလေး တဆတ်ဆတ် တုန်နေရှာ သည်။ သူ အရက်မူး အော်ဟစ်လာလျှင် ရှိရှိသမျှ မကျေနပ်ချက်တွေကို မာယာမများ၊ ဗလောင်းဗလဲ မပြောတတ်သော နွယ့်အပေါ်သာ စုပြုံလာတတ်သည်။ မနေ့ညက ရင်ခွင်ထဲမှာ လန့်နေသော သမီးလေးကို ဆွဲထုတ်ကာ နွယ့်ကို ရိုက်နှက် နေတာကို မြင်ပြီး သမီးလေး သွေးပျက် သွားရှာမည်။ နွယ့်ကို သူ့အဖေ ရိုက်နေတာကို မကြာခဏ မြင်တွေ့နေကျ ဖြစ်သော်လည်း တစ်ခါတွေ့လျှင် နှလုံးသားမှာ ဒဏ်ရာ တစ်ချက်နှင့် သမီးလေး၏ နှလုံးသားမှာ ဒဏ်ရာတွေ မည်မျှ များနေပြီလဲ မတွေးရဲပါ။ နွယ်နှင့်တူ၍ အိပ်လျှင် ယောင်ယမ်း စကား ပြောတတ်သော သမီးလေးမှာ...
“အဖေ မလုပ်ပါနဲ့၊ ကြောက်တယ်... ကြောက်တယ်”
ဟု ယောင်တတ်နေလေပြီ။

တစ်ခါတလေကျ သမီးလေးကို ခေါ်၍ ဟိုး အဝေးကြီးကို ပြေးထွက်သွားချင်သည်။ သို့သော် ဘယ် သွားဘယ်လာ၍ ဘယ်လို လုပ်ကိုင် စားရမလဲ မသိ။ နွယ်၏ အမေ့အိမ် ဆိုတာလည်း နွယ် ခိုဝင်၍ ရသော အိမ်မျိုး မဟုတ်။ အားလုံး အဆင်ပြေ စေဖို့ အမေ့စကား နားထောင်ပြီး ကိုကျော်ဟိုးကို လုံးဝ မချစ် မနှစ်သက်ဘဲနှင့် ယူခဲ့ရတာပဲ။ အခုနေ အမေ့ဆီ ရင်ဖွင့် ငိုပြလို့ရော အမေက သူကိုယ်တိုင် ရွေးထားတဲ့ သမက်ဘက်က နေပြီး နွယ့်ကိုသာ လိမ္မာဖို့ ရေရွတ်ဦးမှာ ပဲလေ။ နွယ်လည်း ငယ်ကတည်းက သမီးအလိမ္မာလုပ် ၍ ကြီးပြင်း လာခဲ့ပြီးပြီပဲ။ ဒါပေမဲ့ တစ်ခါတလေ ကျရင် သမီး အလိမ္မာ လုပ်ရသည့် ဒုက္ခကလည်း မသေးလှဘူး ဆိုတာ အမေ့ကို သိစေချင်ပါ သည်။ ရင်နှင့်အမျှ ချစ်ရသော မောင့်ကို စွန့်လွှတ်ပြီး နွယ့်ဘ၀ တစ်ခုလုံးကို စတေး  ခဲ့ရပြီးပြီ။ အခု ရင်ထဲ တင်းကျပ်နေသည့် ဝေဒနာတွေကို
တော့ နှလုံးသား၏အောက် ခြေမှာ မရ အရ ဖိနှိမ် ထားနိုင်ပါသည်။

ရုတ်တရက် ရင်ဘတ်ထဲ စူးအောင့် လာသဖြင့် အနီးရှိ အ၀တ် သေတ္တာပေါ် ထိုင်ချ လိုက်ရသည်။ ဒီနေ့ နှလုံး ဆရာဝန်နှင့် သွားပြရဦးမှာကိုလည်း သတိရသွားသည်။ နှလုံး ဆရာဝန်ကြီး ပြောခဲ့တဲ့ စကားတွေကိုလည်း နားထဲ ကြားယောင်မိသည်။
“နှလုံးသမားက စိတ်ချမ်းသာအောင် နေရတယ် သမီးရဲ့။ စိတ်ညစ်မခံနဲ့။ ခေါင်းရှုပ်မခံနဲ့။ အရာရာကို ပေါ့ပေါ့ပဲတွေး။ စိတ်မပူနဲ့။ ဒါမှ ကျန်းမာမယ်”

ဆရာဝန်ကြီး ပြောသလို နွယ် နေလိုက်ချင်ပါရဲ့ ဆရာရယ်။ ဒါပေမဲ့ နွယ်တစ်ယောက်တည်း အင်အားမဲ့စွာ  ရင်ဆိုင် နေရတဲ့ မီးစအပူတွေ ကို ဆရာမှ မသိဘဲ။ သူဌေး ရောဂါ ဖြစ်လာပေမယ့် သူဌေး တစ်ယောက်လို နေခွင့် မရတဲ့ နွယ့်ဘ၀ကို နွယ့်အမေ ကိုယ်တိုင်ကတောင်မှ မသိဘဲလေ။ နွယ်သည် တွေးရင်း မျက်ရည်များ ကျလာ၏။

နွယ် ဆရာဝန်နဲ့သာ စောစော ပြခဲ့ရလျှင် (အခုလို နွယ့်ရှေ့မှာ လူနာတွေ တသီ တတန်းကြီးနှင့် နွယ့်အလှည့် ရောက်ဖို့ ၁ နာရီလောက် မစောင့်ရဘူးဆိုလျှင်) နွယ် နောက်ကျမှာ မဟုတ်။ နွယ် နောက်မကျလျှင် မောင်နှင့်လည်း တည့်တည့်တိုးမည် မဟုတ်။

တကယ်ဆို မောင့်ကို နွယ် မတွေ့ချင်ပါ။ နွယ့်နှလုံး သားထဲတွင် စက္ကန့်မလပ် မောင့်ကို လွမ်းဆွတ်သတိရ နေသည် မှန်သော်လည်း မောင်နှင့် ပြန်ဆုံဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါ။ မျှော်လည်း မမျှော်လင့်ချင်ပါ။ မောင်နှင့် တံတိုင်းကြီး ခြားနေ ခဲ့ပြီဟု ထင်မှတ်ခဲ့သောကြောင့် ပြန်တွေ့လျှင်လည်း ရင်နာ ခြင်းမှလွဲ၍ ဘာများ ထူးနိုင် ဦးမည်နည်း။

သို့သော် နွယ်က ဆေးရုံ လှေကားထစ်များမှ အဆင်း မောင်ကအတက် တည့်တည့်ကြီး တိုးသောအခါ နွယ် ကြောင်အ၍ ရပ်နေမိခြင်းမှ အပ ဘာမှ မတတ်နိုင်ပြီ။ (အကယ်၍သာ ခပ်လှမ်းလှမ်း ကတွေ့မြင်သည်ဆိုလျှင် နွယ် ရှောင်ထွက်ခဲ့မှာပါ။) မောင်လည်း အံ့သြဟန် အပြည့်နှင့် ကြောင်အ ရပ်နေသည်။ တစ်ခဏ ကြာပြီးမှ...
“နွယ်”
ဟု ခေါ်လေသည်။ မောင့်အသံသည် အရင်လို ချို မြနွေးထွေးဆဲ။ နွယ့်ဆီ တစ်လှမ်းချင်း ကပ်လာပြီး နွယ့်ကို စေ့စေ့ကြည့် အကဲ ခတ်နေသည်။

“နွယ် အရမ်းပိန် သွားတာပဲ။ မျက်ကွင်းတွေလည်း ညိုလို့။ ဆံပင်တွေလည်း တိုလို့ပါလား နွယ်”
နွယ် ဘာမှ မပြောဘဲ အပြုံးနှင့်သာ တုံ့ပြန်လိုက်ပါသည်။

“နင် ကျန်းမာရေး ကောင်းရဲ့လား။ ဆရာဝန်လာ ပြတာလား”

မောင်က နွယ့်လက်ထဲက ဆေးမှတ်တမ်းလေးကို လှမ်းကြည့်ရင်း မေးသည်။
“အေးဟ၊ ငါ သိပ်နေ မကောင်းလို့”

နှလုံးရောဂါ ဖြစ်နေတာကို မောင်သိမှာ စိုး၍ ဆေး မှတ်တမ်း စာအုပ်ကို လက်ဆွဲ အိတ်ထဲ ကပျာကယာထည့်လိုက်သည်။
“လူနာ လာမေးတာ လား”

“အေး၊ အိမ်ဘေးနားက အသိတစ်ယောက် ဆေးရုံ တက်တယ် ဆိုလို့လေ”

“သြော်... အေး... အေး...၊ ဒါဆို သွားလေ။ ငါလည်း ပြန်တော့မယ်”
နွယ် မောင့်ကို ကျော ခိုင်းထွက်လာတော့ မောင်က လှမ်းခေါ်သည်။

“နွယ်...”
နွယ် လှည့်ကြည့်ပြီး ဘာလဲဟူသော ပုံစံဖြင့် မေး ဆတ်ပြလိုက်သည်။
“ငါတို့ မတွေ့တာ ကြာ ပြီပဲ။ နင့်မှာ ငါ့ကို ပြောစရာတွေ မရှိဘူးလားဟင်။ အနည်းဆုံးဟာ ငါ ဘယ် တုန်းက ပြန်ရောက်လဲ၊ ဘာ ညာတောင် နင် စိတ်မ၀င်စား တော့ဘူးလား”

နွယ့်ကို မောင် အထင် လွဲလေပြီ။ မောင့်ကိုကြည့် ရင်း ၀ဲတက်လာသော မျက်ရည်တို့ကို မနည်းထိန်းချုပ် လိုက်ရသည်။
“ငါ နင်နဲ့ အေးအေး ဆေးဆေး စကား ပြောချင်တယ်နွယ်။ အချစ်သစ်ပင်ဆီ ကိုသွားရင် မကောင်းဘူး လား”
မောင်သည် အရင်ကလို နူးညံ့ဆဲ။ နွယ့်ဆန္ဒကို အလေးထားဆဲ။ တစ်ခုခု သွားမယ်၊ စားမယ်ဆို ဒီကိုသွား၊ ဒါကိုစားဟု ဘယ်တော့မှ အမိန့် မပေးတတ်။ သွားရင် ကောင်းမလား၊ စားချင်သလား စသဖြင့် နွယ့်ဆန္ဒကို အရင်မေးတတ်သည်။

မောင်နှင့် စကားပြောရ လျှင် ရင်ထဲ ၀မ်းနည်းမိမှာ သိသော်လည်း နှလုံးသား၏ အလိုအရ မောင့်နောက် လိုက် ခဲ့မိသည်။ မောင့်ဆိုင်ကယ် ပေါ်စီးရင်း ရည်းစား ဘ၀က မောင်ပြောခဲ့သော စကားလေး ကို အမှတ်ရသည်။
“ဆိုင်ကယ်လေး တစ်စီး လိုချင်တယ် နွယ်။ နင့်ကိုတင်ပြီး လျှောက်လည်ချင်လို့ လေ။ ဒါပေမဲ့ ဆင်းရဲလို့ မ၀ယ်နိုင်ဘူးဟာ”

အခုတော့ မောင် ၀ယ် နိုင်ပြီလေ။ နွယ်လည်း မောင် မောင်းတဲ့ ဆိုင်ကယ်ကလေး စီးရပြီ။ ဒါပေမဲ့ အခြေအနေ က မတူတော့ဘူး။ နွယ်တို့ ဘ၀တွေ ပြောင်းသွားခဲ့ပြီ လေ။ ဒါပေမဲ့ အချစ်သစ်ပင် လေးကတော့ ဘာမှ မပြောင်း လဲသေးပါ။ အချစ်သစ်ပင် ဆိုသည်မှာ တောင်ကြီးမြို့ အစွန် ကရင်မရေထွက်ရပ် ကွက်ရှိ တောင်စွန်းကလေး ဖြစ်သည်။ ကျောက်တောင် ကမူမြင့်မြင့်လေးတွင် သစ်ပင်တစ်ပင်တည်း ထီးတည်း ပေါက်နေပြီး ချစ်သူရည်းစားတွေ အလာများသဖြင့် အချစ် သစ်ပင်ဟု ခေါ်ကြခြင်းဖြစ် သည်။ မောင်သည် သစ်ပင် ပေါက်နေရာ ကျောက်တောင်ကုန်း ကလေးပေါ် တက်ပြီး ရှင်းရှင်းလင်းလင်းကြီး မြင်နေရသော တောင်အောက်က ရှုခင်းတွေကို ကြည့်နေသည်။

ပြီးတော့ လက်နှစ်ဖက်ကို ပါးစပ်ဘေးမှာ ကားကား ကလေးထားပြီး စိတ်လွတ် ကိုယ်လွတ် အော်လေသည်။ မောင်၏ ကလေးဆန်သော အမူအရာလေးမှာ အရင်က အတိုင်းပဲဟု တွေးပြီး နွယ် ပြုံးနေမိသည်။ တကယ် လည်း မောင်သည် ဘာဆို ဘာမှ မပြောင်းလဲသေးပေ။ မလေးရှားက ပြန်လာပြီးမှ ပိုချောပိုသန့် နေသေး၏။
“လာလေ နွယ်၊ တက်ခဲ့ ပါ။ လာ... လာ...”

မောင့်လက်ကို ဆုပ်ပြီး နွယ် သတိထား တက်လိုက်ကာ မောင့်နံဘေးမှာ နွယ်ထိုင်သည်။ မောင်က နွယ့်လက်ကို မလွတ်စတမ်း ဆုပ်ထား၏။ ပြီးလျှင် နွယ့်ကို တစိမ့်စိမ့် ကြည့်နေလေသည်။ ရေ သေအိုင်ကဲ့သို့ ကာလအတန် ကြာ သေနေခဲ့သော နှလုံးသားသည် ပြန်လည်ရှင်သန် လာခဲ့သည်။ ကမ္ဘာကြီး နောက်ပြန်လှည့်ကာ ဟိုး... အရင်ကာလအဟောင်းများဆီ ရောက်သွားသကဲ့သို့ ခံစားရသည်။ ထိုအခါ ဒီအချစ်သစ် ပင်လေးမှာပဲ မောင့်ကို နွယ်  ချစ်တယ်လို့ အဖြေပေးခဲ့တာ၊ ဒီနေရာလေးမှာပဲ ဘ၀ရဲ့ ပထမဆုံး အနမ်းကလေး ရရှိခဲ့တာ၊ ဒီနေရာလေးမှာပဲ နွယ်တို့ ခဏခဏ တွေ့ဖြစ်ခဲ့ကြတာ၊ ဒီနေရာလေးမှာပဲ တွေ ဝေမှုနဲ့ နာကျင်ခဲ့ကြတာ၊ ဒီနေရာလေးမှာပဲ မျက်ရည်ပူတွေနဲ့ နောက်ဆုံးလို့ နှုတ်ဆက်ခဲ့ ကြတာ။ နွယ့်ဘ၀ရဲ့ အမှတ် တရတဒင်္ဂ အချိန်လေးများ နွယ့်အာရုံထဲ တဖျပ်ဖျပ် ပြေးနေပါသည်။

“နွယ်၊ နင် အဆင်မပြေ ဘူးဆို”

နွယ် အဆင်မပြေဘူး ဆိုတာ မောင် သိနေမှာဟု တွေးထားပြီးသော်လည်း တကယ်တမ်း မောင့်နှုတ်က ဖွင့်ဟမေးလာသောအခါ နွယ် လန့်ပြီး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားခဲ့သေး၏။
“နွယ်...၊ နင် အဆင်ပြေတဲ့ ဘ၀တစ်ခုကို ရဖို့ ငါ နင့်ကို နားလည်စွာ စွန့်လွှတ်ခဲ့ တာနော်။ နင် အခုလို အဆင် မပြေဘူး ဆိုတာ သိရတော့ ငါ ရင်နာမိတယ်”

မောင့်ကို လှမ်းကြည့်တော့ မောင့်မျက်ဝန်းထဲမှာ မျက်ရည်စတွေ မြင်ရသည်။ မောင့်ကို စိတ်မကောင်း ဖြစ်အောင် နွယ် မလုပ်ချင်ပါ။သို့သော်လည်း မောင့်ကို အကြီးအကျယ် နာကျင်စေခဲ့ ဖူးတာလည်း နွယ်ကိုယ်တိုင်ပင် ဖြစ်၏။ အခု အချိန်မှာလည်း နွယ် အဆင်ပြေပါတယ် မောင်ရဲ့ဟု နွယ် မလိမ်နိုင်ပြန်ပါ။ မောင့်ကို ဘယ်တုန်းကမှ မုသားစကား မပြောချင်ခဲ့ပါ။ မောင်ရဲ့ စူးရှတဲ့ မျက်ဝန်းတွေ အောက်မှာ လိမ်ညာဖုံးကွယ်လို့ မရ တာလည်း နွယ်အသိပါပဲ။

“ဦးကျော်ဟိုးရော နင့် အပေါ် ကောင်းရဲ့လား”

ဒီစကားကို နွယ် မဖြေ နိုင်ဘဲ နာကြည်းသော မဲ့ပြုံးလေး တစ်ခုသာ ပြုံးလိုက်နိုင်ပါသည်။ ထိုစဉ် နွား ခလောက်သံကြားသဖြင့် ဟိုး တောင်ခြေက နွားအုပ်ဆီကို လှည့်ကြည့်မိသွား၏။ မောင့် စကားကို ရှောင်လွှဲချင်လို့ တစ်ဖက် လှည့်လိုက်တာ မောင်သိမှာပါ။ သို့သော် ဤသည်ကပင် နွယ့်အမှား ဖြစ်သွားသည်။ လှည့်ငေးနေသော နွယ့်လည်ကုပ်ကို မောင်မြင်သွားသောကြောင့် တည်း။

“ဟာ...၊ နွယ်... နင့် လည်ကုပ်ပေါ်မှာ လက်ဝါး ရာကြီးပါလား”

နွယ် မဖုံးကွယ်နိုင်တော့ ပြီ။ မောင်က ဒေါသ အမျက်ချောင်းချောင်း ထွက်လျက် မေးလေတော့၏။
“ဟိုတိရစ္ဆာန် နင့်ကို ရိုက်သလား”

“မမေးပါနဲ့ မောင်ရယ်။ ငါ မဖြေချင်ဘူး”

“ဖြေရမယ်၊ ဟိုကောင် နင့်ကိုရိုက်သလား... ဖြေ လေ... ဖြေ...”

နွယ်သည် ခေါင်း မညိတ် ခေါင်းမခါနိုင်ဘဲ မောင့်ကိုငေးလျက် မျက်ရည် များသာ စီးကျနေလေသည်။ မောင်သည် နွယ့်ကို သူ့ရင် ခွင်ထဲ ဆွဲပွေ့ ထားလိုက်သည်။

“နွယ်ရယ်... နင့်ကို သူ အမြဲ နှိပ်စက်နေသလား။ နင် ဘယ်လို နေ့ရက်တွေ ဖြတ်သန်း နေရသလဲ ပြောစမ်းပါ နွယ်ရယ်။ ဒီတိရစ္ဆာန် စီးပွားပျက် သွားတယ်လို့လည်း ကြားတယ်။ သစ်တောရပ်က တိုက်ရောင်းပြီး ဘုရားဖြူကို ပြောင်းသွားတယ် ဆိုတာလည်း ကြားတယ်။ သူ့ အဒေါ်အပျိုကြီးနဲ့ သူ့မယား ကြီးနဲ့လည်း နင် အဆင်မပြေ ဘူးလို့ ကြားတယ်။ နင် အခုလို ဖြစ်နေတာ နင့်အမေ သိရဲ့လား။ နင့်ကို သူဌေးနဲ့မှ ပေး စားမယ်ဆိုတဲ့ နင့်အမေ သိရဲ့လား”
နွယ် ခေါင်းယမ်းလိုက်ပါသည်။

“သူ ရွေးချယ်ခဲ့တဲ့ သမက်ပဲလေ မောင်။ နွယ် အခုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ရတာတွေ ပြောလို့ကော ဘာထူးမတဲ့လဲ။ နွယ့်ဘ၀က ပြန်ပြင်လို့လည်း မရတော့ဘူးလေ”

“ဘယ်သူပြောလဲ။ လောကမှာ ငါရှိပါသေးတယ် နွယ်ရယ်။ နင် ဘာကြီးပဲဖြစ် ဖြစ် ချစ်နေမယ့်ငါ ရှိပါသေးတယ်။ နင် အဆင်ပြေ ချမ်းသာ နေရင်တော့ ငါ ကြည့်ပြီး ၀မ်းသာ နိုင်ပေမယ့် နင် ဆင်းရဲနေရင် ငါ လက်ပိုက်ကြည့် မနေနိုင်ဘူးနွယ်။ ငါ အရင်တုန်းက ဆင်းရဲလွန်းလို့ နင့်ကို စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမဲ့ ငါ အခု ပိုက်ဆံရှိနေပြီ နွယ်ရဲ့။ ငါ နင့်ကို ချမ်းချမ်းသာသာ ထားနိုင်ပြီ”

ဒါပေမဲ့ ငါက မလွတ်လပ်တော့ဘူးလေ မောင် ရယ်။ ဒီစကားသည် နွယ့်ရင်ထဲမှာသာ ပဲ့တင်ထပ်လျက် အပြင်သို့ ထွက်မလာခဲ့ပါ။ ကံကြမ္မာ ဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သော နွယ်သည် အခုလို အလှည့် အပြောင်းတွေ ကြုံရသော အခါ ဘယ်သူ့အပေါ်မှ အပြစ် တင်၍မရနိုင်တာ သိလာခဲ့ သည်။ မောင်ရော နွယ်ရော ဆင်းရဲခဲ့ကြပါသည်။ နှစ်ဦး လုံးမှာ မောင်နှမ တစ်လှေ ကြီးနဲ့ စားဖို့သောက်ဖို့ပင် မနည်း ရုန်းကန်ခဲ့ရသည်။ မောင်နဲ့နွယ် အတူနေဖို့ စုခဲ့ ကြသော ပိုက်ဆံမှာလည်း အရေးပေါ် သုံးရလိုက်၊ ကုန် သွားလိုက်နှင့် ဘယ်တော့မှ မစုနိုင်ခဲ့ချေ။ အဖေက ရုံး စာရေး။ အမေက ဈေးသည်။ နွယ်က Super Market တစ်ခုမှ အရောင်း စာရေးမ။ ဒီအထဲတွင် အဖေက အဆုတ် ကင်ဆာဖြစ်ပြီး အိပ်ရာထဲ လဲလာသော အခါ အဖေ့ အတွက် ဆေးဖိုး၊ ဓာတ်စာဖိုးက ထောင်းလာပါသည်။ အရေးထဲတွင် နွယ့်မောင် တစ်ယောက်က ဘယ်လိုမှ မလိမ္မာခဲ့ပါ။ လူပေလူတေ တွေနဲ့ ပေါင်းကာ ဆေးစွဲ လာခဲ့ရာ ခိုးစရာ မရှိသော ပစ္စည်းများကို မရအရခိုး၊ မရလျှင် အော်ဟစ်သောင်းကျန်း။ ဒီဒုက္ခတွေကို မောင်လည်း သိခဲ့ပါသည်။ သို့သော် ဘ၀ တူချင်းမို့ မောင်လည်း သူ့ ဒုက္ခနဲ့သူ ရုန်းကန်ရင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ဖို့တောင် ဘယ်လိုမှ ခွန်အား မရှိခဲ့ပါ။

သို့သော် ဘ၀ အမောတွေကြား တစ်ယောက် အပြုံးကို တစ်ယောက် အားပြုရင်း ရင်ဆိုင်ခဲ့ကြသည်။ ရည်မှန်း ချက်များမှာ အိပ်မက်ပင်ဖြစ် ဦးတော့ နွယ်ရော မောင်ရော  အမျှော်လင့်ကြီး မျှော်လင့်ခဲ့ ကြသည်။ မွန်းကျပ်တဲ့ဘ၀ တစ်ခုထဲမှာ မောင်နဲ့ တစ်ခဏ လေးတွေ့ခဲ့ရသော အချိန်များ မှာ အပန်းပြေစရာ ဖြစ်ခဲ့သည်။

ဦးကျော်ဟိုးဆိုသော လူကြီး နွယ့်ဘ၀ထဲ မ၀င်ခင် အထိပေါ့လေ။ ဦးကျော်ဟိုး ဆိုသည်မှာ ကွမ်းအမြဲစား သဖြင့် သွားတွေ ချိုးကပ်နေပြီး အသားမည်းမည်း၊ ဗိုက်ရွှဲရွှဲနှင့် မိန်းမ အလွန်ကြိုက် သော ထိပ်ပြောင်ပြောင် ဦးလေးကြီးဖြစ်၏။ ပွဲရုံတွေ ပိုင်ပြီး တိုက်နှင့်၊ ကားနှင့်၊ ဟန်း ဖုန်းနှင့်။ ငွေကိုလည်း ရေလို သုံးကာ လူမမာအဖေကြီး အတွက် ဆေးဖိုး၊ အမေ့ အတွက် ဈေးဖိုး၊ ညီငယ် ညီမ ငယ်တွေအတွက် ကျောင်း စရိတ်နှင့် နွယ်စီးဖို့အတွက် ဆိုင်ကယ်တစ်စီး ၀ယ်ပေးခဲ့ သူဖြစ်၏။

အိမ်ခေါင်မှ မိုးယို နေသော သွပ်ချပ်များကိုလည်း သူ လဲပေးခဲ့သည်။ အရောင်အ၀ါ မတောက်ပလှသော သူ့ ရုပ်ရည်နှင့် ခန္ဓာကို ငွေကြေး အရောင်နှင့် ဟပ်၍ တောက်ပြောင်စေကာ နွယ်တို့ မိသားစုထဲ တစ်စတစ်စ ၀င်လာသူ ဖြစ်သည်။ ထိုအခါ အမေ့ မျက်လုံးထဲက ရွှေသမက် ငွေသမက် ဖြစ်လာလေ၏။

ဦးကျော်ဟိုး နွယ့်ဘ၀ထဲ ၀င်လာပြီးကတည်းက မောင်နဲ့နွယ် ခဏခဏ ပဋိပက္ခဖြစ်ကြသည်။ သို့သော် မတွေ့ဘဲလည်း မနေနိုင်ခဲ့ကြ။ မောင်၏ သ၀န်တိုပူ လောင်မှုကို နွယ် နားလည်သော်လည်း ဦးကျော်ဟိုး ပေးကမ်းနေသော ငွေတွေကိုလည်း မငြင်းရဲခဲ့ပါ။

မောင်နှင့် မေမေတို့ လွန်ဆွဲကြသည့် ပွဲတွင် နွယ်က လွန်ကြိုးသာ ဖြစ်ခဲ့သည်။ သို့သော် ကံကြမ္မာက မေမေတို့ ဘက်မှာ ရှိနေသော အခါ မောင် ရှုံးနိမ့်ခဲ့ရပါသည်။ မောင်ရှုံးနိမ့်မှုသည် နွယ်ရှုံးနိမ့်မှုသာ ဖြစ်ပြီး ဘယ်လိုမှ မချစ် မနှစ်သက်သော ဦးကျော်ဟိုးကို လက်ထပ်ဖို့ ဖြစ်လာသည်။ နောက်ဆုံးအချိန် အထိ ဦးကျော်ဟိုးကို လက်ထပ်ဖို့ အန်တုကာ ငြင်းဆန်မိခဲ့သည်။ သို့သော် ကင်ဆာနဲ့ အိပ်ရာထဲလဲ နေတဲ့အဖေ၊ ငွေအတွက် ပူပန် ရင်း ဂျင်ခြေလည်နေတဲ့အမေနှင့် မောင်လေး၊ ညီမလေးများ၏ အနာဂတ်။ သူတို့တွေကို တွေးမိသည့်အခါ နွယ်၏ စိတ်များ တွေဝေ ယိုင်နဲ့လာသည်။ တစ်ဖက်မှာ မောင့်ကို ချစ်သည့် စိတ်ကလည်း မပြတ်နိုင်သဖြင့် အတော် နာကျင်ခဲ့ရပါသည်။ ဒါကို မောင်ကလည်း သိပုံရပါသည်။ အိပ်မက်တွေ ပြိုလဲကာ မျှော်လင့်ချက် ကင်းမဲ့သွားသော ဘ၀တွင် ရှုံးနိမ့်မှုနှင့် ရင်နှင့်အမျှ ချစ်ရသော ချစ်သူကို စွန့်လွှတ်ရတော့မည့် အချိန်တွင် နားလည်မှု ဟူသည့် စကားလုံးကို ခပ်ရှက် ရှက်နှင့် အလွဲသုံးစား လုပ်ခဲ့ ကြကာ ကိုယ့်ရဲ့ ဘာမှ မတတ်နိုင်မှုကို ဖြေသိမ့်ခဲ့ကြသည်။ မောင်နှင့် နောက်ဆုံး တွေ့ခဲ့သော အချိန်ကာလ လေးသည် ဘ၀မှာ မမေ့နိုင်သော အချိန်ပိုင်းများထဲက တစ်ခုဖြစ်သည်။

အဲဒီ ညနေမှာ မောင့်ရင်ခွင်ထဲ နွယ် ရှိုက်ကြီးတငင် ငိုမိသည်။
“မောင့်ကိုစောင့်ပါဦး နွယ်ရယ်။ မောင် ကြိုးစား ကြည့်ဦးမယ်”
ဟု အခါများစွာပြောခဲ့ သောမောင်က နှုတ်ဆိတ် နေခဲ့သည်။ ထို့နောက် မောင်လည်း ငိုပြန်သည်။ မောင့် အပေါ် တင်းကျပ် နှောင်ဖွဲ့နေသည့် သံယောဇဉ် ကြိုးများကို မောင်ကိုယ်တိုင်ပင် ဖြေလျှော့ ပေးခဲ့သည်။

“အဆင်ပြေတဲ့ ဘ၀ တစ်ခုသာ ရွေးချယ် လိုက်ပါတော့ နွယ်ရယ်။ အချစ်ဆိုတာ ဘ၀နဲ့ယှဉ်ရင် အရေး မကြီးပါဘူး။ မိဘစကားသာ နားထောင် လိုက်ပါတော့။ မိဘကျေးဇူး ဆိုတာ ဆပ်ရခဲ တယ်လေ။
“နွယ် မောင့်ကိုမချစ်လို့ ဝေးသွားရတာမှ မဟုတ်တာ။ ဒီလိုပဲ မောင့်နှလုံးသားထဲမှာ နွယ် အမြဲရှိနေမယ်နော်။ မောင် နွယ့်ကို နားလည်သလို  မောင့်ကိုလည်း နားလည်ပါတော့ နွယ်ရယ်”

မှန်းချက်နှင့်နှမ်းထွက် လွဲကာ နွယ့်ဘ၀ တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသော အခါ နွယ် ကံကြမ္မာကိုသာ ကျိန်ဆဲတတ်ခဲ့ပြီ။ နွယ် ကိုကျော်ဟိုးနှင့် ယူပြီး သိပ်မကြာခင် ဦးကျော်ဟိုး၏ငွေ တွေ အလိမ်ခံရပြီး ပွဲရုံတွေ ပြုတ်သွား၏။ စီးပွားပျက် ကာ တိုက်နှင့်ကားကိုပါ ရောင်းလိုက်ရသည်။ သူ့ မယားကြီးနှင့် နွယ်ကို တစ်အိမ်စီ မထားနိုင်တော့ဘဲ နှစ်ထပ်ပျဉ်ထောင် အိမ်လေးမှာ စုပေါင်းနေကြရသည်။ အိပ်လျှင် ယောင်ယမ်း စကားပြော တတ်သော နွယ့်အကျင့်ကြောင့် အိပ်မက်မက်တိုင်း မောင့်နာမည်ကို ရေရွတ်နေမိ သောအခါ နွယ် ဒုက္ခမီး စလောင်လေသည်။ စီးပွား ပျက်သဖြင့် အရက်တွေဖိသောက်ကာ မူးလာတိုင်း နွယ့်ကိုချည်း ရမယ်ရှာလေ၏။ (သူ့ကြီးတော်နှင့် မယားကြီး မသူဇာတို့မှာ အတို့အထောင် အလွန်ကျွမ်းကျင် သဖြင့် နွယ်၏ နေရာမှာ တစ်စ တစ်စကျပ်တည်းလာသည်)
နွယ့်ရင်ထဲကအပူမီး တွေကို မည်သူတစ်ဦး တစ်ယောက်မှ မမြင်စေရဘဲ မျိုသိပ်ဖုံးဖိထားခဲ့တာ ဒီနေ့ ဒီအချိန်အထိ။ ဒါတွေကို မောင်လည်း မသိစေလိုပါ။

“ငါပြောတာ ကြားရဲ့ လား နွယ်”

မောင်က နွယ့်ပခုံးနှစ် ဖက်ကို ကိုင်လှုပ်မေးလိုက်မှ အတိတ်ဆီ ကျက်စားနေသော စိတ်က ပစ္စုပ္ပန်ကို ပြန်ရောက် လာသည်။
“နင်နဲ့ငါ တေ့လွဲ လွဲခဲ့တာလို့ ပြောရမယ် နွယ်။ နင် ဦးကျော်ဟိုးကို လက်ထပ်ပြီး မကြာဘူး၊ ငါ သိန်း ၅၀ ထီ ပေါက်တယ်။ အဲဒီငွေနဲ့ရင်းပြီး ငါ မလေးရှားမှာ အလုပ်သွား လုပ်တာ အဆင်ပြေတယ်။ နောက်ပြီး ငါ့ညီမအကြီးဆုံး က Nursing တက်ရင်း ဆရာဝန် တစ်ယောက်နဲ့ညားလို့ အခု ဆို သူရှာသမျှ အမေ့ကိုကန် တော့တယ်။ အခု ငါတို့ ကိုယ်ပိုင်အိမ်နဲ့ နေရပြီ။ ဆိုင်ကယ် ၀ယ်စီးနိုင်ပြီ။ ဟန်းဖုန်းကိုင် နိုင်ပြီ”

ဒါတွေ နွယ် သိပြီးသားပါ။ အခုလို လွဲခဲ့တာလည်း နွယ့်ကံပဲဖြစ်လိမ့်မည်။ ဦးကျော်ဟိုး အမြဲပြောသလို ပေါ့။ နွယ်က ခိုက်တယ်တဲ့။ နွယ်နဲ့ ယူပြီးမှ သူ စီးပွားပျက် တာတဲ့။
“နင် ဘယ်တော့ ပြန် သွားမလဲ... မောင်”

“ငါ ခွင့်နှစ်လရတယ် နွယ်ရဲ့။ ဒီတစ်ခေါက်သွား ရင်လည်း ၃ နှစ်ပြန်ကြာမယ်။ ဒါပေမဲ့ နောက်တစ် ခေါက်ပြန်လာရင် ပြန်မထွက် တော့ဘူး။ ဒီမှာပဲ စီးပွားရေး တစ်ခုခု လုပ်မယ်။ အခုလည်း အမေ့အတွက် ကုန်စုံဆိုင်လေး ဖွင့်ပေးထားနိုင်ပြီလေ”

“သြော်...”

“ဒါနဲ့ နေပါဦး။ ခုနက ကိစ္စ ပြောဦး။ ဦးကျော်ဟိုး နင့်ကို နှိပ်စက်နေလား”

“မဟုတ်ပါဘူး မောင် ရယ်။ သူ ငါ့ကို သိပ်ချစ်ပါတယ်။ ငါ အဆင်ပြေပါ တယ်”

နွယ် လိမ်ဖို့ ကြိုးစား သော်လည်း ပျော့ညံ့သော နွယ်၏ မျက်ရည်များက အလိမ်ဖော်လိုက်လေသည်။
“နွယ်ရယ်... နင် ငါ့ကို ဘာလို့ လိမ်နေတာလဲဟာ”

မောင်က နွယ့်ကို သူ့ရင်ခွင်ထဲ သိုင်းဖက်လိုက်သည်။ နွယ် ငိုမိလေသည်။ အနှစ်နှစ် အလလက ချုပ်တည်းထားခဲ့သော သိမ်ငယ်ခြင်းတွေ၊ ခံ ပြင်းခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ မျက်ရည်များနှင့် ရော၍ ပွင့်ထွက်လာသည်။

“ဦးကျော်ဟိုးကို ကွာ လိုက်ပါနွယ်”
နွယ် တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွား၏။ ငိုနေ သောအရှိန် သေသွားသည်။

“ငါ နင့်ကို လက်ထပ်မယ်နွယ်။ နင့်ကို ငါ ချမ်းချမ်းသာသာ ထားနိုင်ပြီ။ နင့် အမေလိုချင်တဲ့ ငွေတွေ ငါ ပေး နိုင်ပြီ။ ဦးကျော်ဟိုးကို ရအောင်ကွာနော်။ ငါ မလေးကို ပြန်မထွက်ခင် ရအောင် ကွာပါ။ ပြီးရင် ငါ နင့်ကို လက်ထပ်မယ်၊ နော်”

အပျိုဘ၀တုန်းက ဒီစကားကို မျှော်လင့်ခဲ့ဖူး သော်လည်း အခုအခါမှာ မမျှော်လင့်ခဲ့တာတော့ နွယ် သစ္စာ ဆိုဝံ့ပါသည်။ ဒီစကား ကို ကြားရသဖြင့် နွယ် ၀မ်း မသာနိုင်တော့ပါ။ မောင်ဆင်း ရဲစဉ်က သူဌေး တစ်ယောက်ကို ယူခဲ့ပြီး မောင် ငွေရှိလာမှ မောင့်ဆီ ပြေးကပ်တယ်လို့ စွပ်စွဲကြမည့် ပါးစပ်ပေါက် တွေကို ကြိုမြင်လာခဲ့သည်။

“မောင်ရယ် နင် ငါ့ကို လိုချင်သေးလို့လား။ အခု ငါက သမီးတစ်ယောက် အမေလေ မောင်ရဲ့”

မောင်က နွယ့်ပခုံးကို ဆုပ်ကိုင်ကာ နွယ့်မျက်နှာကို စေ့စေ့ကြည့်လေသည်။ မောင့်မျက်လုံးများသည် ပြတ်သားမှု၊ ရဲရင့်မှု၊ ခိုင်မာမှု တို့ဖြင့် အရောင်လက်နေ သည်။

“ဒီမှာနွယ်၊ ငါ ဒီအချိန် အထိ အိမ်ထောင်မပြုသေးတာ ဘာလို့လဲ သိလား။ အခု ငါ့ အမေ ရှာပေးတဲ့ မိန်းကလေး တွေကိုလည်း ငါ မယူတာ ဘာလို့လဲ သိလား။ နင့် ကြောင့်ပေါ့ နွယ်။ ငါ နင့်ကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ နင် ကလေးတစ်ယောက် မကလို့ ဆယ်ယောက်ပဲရရ အဘွားကြီး ဖြစ်တဲ့ အထိ ငါ ချစ်နေနိုင်တယ် နွယ်ရဲ့။ နင်သာ ငါ့ဘ၀ကို အဓိပ္ပာယ်ရှိ စေနိုင်သလို ငါသာ နင့်ကို ပျော်စေနိုင်မယ့်လူပါ နွယ် ရယ်”

နွယ့်ရင်ထဲမှာ လှုပ်ရှား သွား၏။ မျက်ရည်များကျ လာပြန်လေသည်။ မောင့်ဆီမှ ဒီစကားကြားရတာ နွယ် သေပျော်လေပြီ။ အဲဒီညနေမှာ လမ်းမခွဲခင်အထိ မောင်က ဦးကျော်ဟိုးနှင့် ကွာရှင်းဖို့ တတွတ်တွတ်နားချနေ၏။ မနက်ဖြန်ညနေမှာ ဒီအချစ် သစ်ပင်မှာပဲတွေ့ဖို့ ချိန်းပြန် သည်။ မောင်က တက်ကြွနေ သလောက် နွယ်က လေးလံ နေသည်။ ကွာရှင်းဖို့ ကိစ္စကို ထပ်ပြောပြန်တော့...
“နွယ် စဉ်းစားဦးမယ် မောင်ရယ်”
ဟု ပြောခဲ့၏။ နွယ့် အသံက အားမရှိလှချေ။

အဲဒီညက တစ်ညလုံး နွယ် အိပ်မရချေ။ မောင်နှင့် တွေ့ပြီးမှ နွယ်၏မွန်းကျပ်မှု များ ပိုကြီးထွားလာသည်။ ထွက်ပြေး လွတ်မြောက်ချင် စိတ်က ပိုပြင်းထန်လာသည်။ ဤအိမ်မှာ မနေလိုသော စိတ်က ကြီးစိုးနေပြီး မောင့်ဆီ ပြေး သွားချင်သောစိတ်ကို မနည်း ထိန်းရ၏။ နွယ် တစ်ညလုံး စဉ်းစားသည်။ မဖြစ်နိုင်ဟု သိနေသော်လည်း ဤဘ၀မှ လွတ်မြောက်ချင်စိတ်က တွန်းအား ပေးနေသောကြောင့် နွယ် စဉ်းစားရပါသည်။ ဦးကျော်ဟိုးက ကွာရှင်းဖို့ သဘောတူ မှာလား။ လွယ်တော့ မလွယ်ချေ။

သူ့ကိုဖွင့်ပြောလိုက်မှ အခြေအနေ ပိုဆိုးသွားမလား။ ကွာရှင်းလို့ ရပြီပဲထား၊ မောင့် မေမေက နွယ်နဲ့ သဘောတူ ဦးမှာလား။ တစ်ခုလပ်ဘ၀ နှင့် မောင့်အသိုင်းအ၀ိုင်းထဲ တိုးဝင်ဖို့ ရှက်လာသည်။ မောင့်ကို ပစ်တုန်းက ပစ်ထား ခဲ့ပြီး အခုလို ဒုက္ခရောက်မှ (မောင် ချမ်းသာလာမှ)မောင့်ဆီ ခိုဝင်ခြင်းမှာ...။ နွယ် ဆက်မတွေးရဲတော့ချေ။ မရေ မရာ မသေချာနှင့် မဖြစ်နိုင် တော့မှန်း သိသောအခါ နွယ် ငိုမိပြန်သည်။ လောကတွင် ဘယ်အရာမှ ပုံသေကားချ အပိုင်တွက်၍မရတာ သိပြီဖြစ် သော နွယ်သည် မောင့်ဘ၀ ထဲဝင်ဖို့ သတ်္တိမရှိတော့ပါ။

နောက်ထပ် ရိုးအီနေ သော ညနေခင်းပေါင်းများစွာ ရောက်လာသော်လည်း မောင် ချိန်းရာသို့ နွယ် မသွားခဲ့ပါ။ သူငယ်ချင်းနီလာမှ တစ်ဆင့် မောင့်ဆီ စာလေးတစ်စောင် တော့ ပို့လိုက်ပါသည်။
“မောင်... ငါမလာနိုင်တော့တာ ခွင့်လွှတ်ပါ။ ငါ ငိုခဲ့တာ၊ ပြောခဲ့တာတွေ မေ့လိုက်ပါ။ ငါရွေးချယ်ခဲ့တဲ့ လမ်းကို ငါ ဆုံးတဲ့ထိ လျှောက်မယ်လို့ ငါ ဆုံးဖြတ် ပြီးပါပြီ။ ငါ့အတွက်လည်း လုံးဝလုံးဝ စိတ်မပူနဲ့။ နေ သားကျနေတဲ့ဘ၀မှာ အလိုက် သင့်နေတတ်ခဲ့ပြီ။ နွယ်”

နွယ် ဒီစာရေးနေချိန်မှာ လူတွေအားလုံးကို လှည့်စား ဖုံးကွယ်ထားခဲ့သော လျှို့ဝှက် ချက်ကလေးကို နွယ် သတိရ မိသေး၏။ ဤလျှို့ဝှက်ချက် ကလေးမှာ မောင်နှင့် လုံးဝ သက်ဆိုင်သော်လည်း မောင့် ကို ဖွင့်မပြောခဲ့တာကို အပြစ် ရှိသလို ခံစားရလေသည်။ သို့သော် နောင်နှစ်များစွာကြာ သည့်တိုင် မောင့်ကို ဖွင့်မပြော ဖို့ သစ္စာပြုပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မောင့်ကို နာကျင်စေခဲ့သူ တစ်ယောက် အနေနှင့် မောင် ထပ်နာကျင်သွားမှာ စိုးသောကြောင့် ဖြစ်လေသည်။

ဒီကမ္ဘာကြီး တစ်ခုလုံးတွင် နွယ်တစ်ယောက်သာ သိသော လျှို့ဝှက်ချက် ကလေးမှာ သမီးသည် မောင့်ရင်သွေး ဖြစ်သည် ဆိုတာပဲဖြစ်၏။       

No comments:

Post a Comment