Pages

Thursday 29 September 2011

လေထဲက အခိုက်အတန့်ကို သီကျူးဖို့ ဒဏ္ဍာရီရောင် တယောသံကို စိုက်ပျိုးဖို့

စက္ကူကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲလိုက်၏။ ပြီးတော့ ထုလုံးရှည် ဆလင်ဒါ ခွက်ထဲသို့ ထိုးကြိတ် ထည့်လိုက်သည်။ ခဏလေးပါပဲ။ ပ၀ါစတွေ ဘာတွေပင် မအုပ်။ ဝေါခနဲ လက်ခုပ်သံတွေ သောသောညံ၏။ တပည့်ကျော်က တီးချက်“သော့”လိုက်သဖြင့် ဘင်သံ ဒုံးချမ်းချမ်းက ပိုမိုသွက်လက် မြိုင်ဆိုင်လာသည်။ လမ်းခွဆုံမို့ ကွမ်းတစ်ယာညက် သာသာတွင် ၀ိုင်းပတ်လည်မှာ လူတံတိုင်း ခတ်ပြီးသား ဖြစ်သွားပြီ။

“လက်ခုပ်သံလေး ချီးမြှင့်လိုက်ပါဦး ခင်ဗျာ”

မျက်လှည့် ဆရာက အ၀တ်စ တစ်စကို လက်ဆုပ်ထဲ ထိုးထည့်နေရင်း မြှူဆွယ် ဖိတ်ခေါ်လိုက်သဖြင့် ဖြောင်းဖြောင်း ထသွားသော သြဘာသံ နောက်ဝယ် လူစုလူဝေး ပိုမို သိပ်သည်း ထူထပ် လာတော့သည်။

”ဖိနပ်တွေ ဖင်ခု မထိုင်နဲ့၊ ဆံပင်တွေ ဖားလျား မချကြနဲ့။ တစ်စုံတစ်ခု ဖြစ်ရင် တာဝန် မယူနိုင်ပါဘူး”

သတိပေးသလို ခြိမ်းခြောက်သလိုလို ဟန့်လုံးကြောင့် သူ့ကိုယ်ကြည့်၊ ကိုယ့် သူကြည့်နှင့် အနေပြင် ကုန်ကြ ပြန်သည်။ ပလတ်စတစ် မြေခင်း အနီစပေါ်မှာ သံကွင်းတွေ၊ နှစ်ဆစ်ချိုး သုံးဆစ်ချိုး သံချောင်းတွေ၊ သုံးချောင်း ထောက်ထောင်ထားသော လှံရှည် အစည်းလိုက်လည်း မြင်ရ၏။ မြွေပခြုပ်တွေ၊ ငှက်လှောင် အိမ်တွေကိုတော့ မြေပြောင်ပြောင်မှာ သည်အတိုင်း ချထားသည်။

လက်ယာဘက် ခေါက်စားပွဲပေါ်တွင် မီးခိုး တလူလူ အလင်းတိုင်၊ အမွှေးတိုင်တွေ    မိုးမွှန်နေသည့် အုန်းငှက်ပျော ကန်တော့ပွဲ တစ်ပွဲ တင်ထားသည်။ စားပွဲခင်း အဖြူနှင့်။ လက်ဝဲဘက် ခုံမှာတော့ လေးထောင့် အံစာတုံး သဏ္ဌာန် အံဝှက်ပါ မှော် သေတ္တာ၊ အရိုးခေါင်းနှစ်လုံး၊ ဖဲထုပ်၊ ချိုကားကား ပြောင် ခေါင်းခွံ၊ ရောင်စုံရွဲလုံးတွေ၊ နံချပ်ကူ၊ စားပွဲတင်နာရီ၊ ဘူမာရင်း လက်နက်တစ်ခု အပြင် ဖန်ဒိုး၊ ကျောက်ဒိုး ရောင်စုံ စသဖြင့် တိုလီမုတ်စတွေ ပွရှုပ်လို့နေသေး၏။

ထန်းခေါက်ဖာကြီး တစ်လုံး၊ ထင်းရှူးသေတ္တာ (လက်ဆွဲကွင်း လွန်ကြိုးတပ်) အချို့ကတော့ ဘင်တီးတဲ့ ကောင်လေးနားမှာ အစီအရီ။
“ယော၊ ဆော၊ ဂန့်ဂေါ၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက် လုံး၊ မောက်ပြား၊ ဆယ့်နှစ် ကြိုး၊ ကြိုးလေးဆယ်”

အရပ်သား နားရှုပ်အောင် မှော်ဆန်ဆန်၊ မန္တရား ဆန်ဆန် ဝေါဟာရတွေ သမားဂုဏ်ပြ ရေရွတ်ရင်း မာန်ချီ သွင်းနေသော မျက်လှည့်ဆရာက အကျိုင်းအရိုင်း ဖြောင့်သလို လူကောင်လည်း ထွားသည်။ မျက်လုံးစူးစူး အသံအောင်အောင်နှင့် ချက် ကျလက်ကျ ပြောဆိုလှုပ်ရှား နေသည်မှာ အနက်ရောင် အင်္ကျီဘောင်းဘီတွေနှင့်သာ မဟုတ်လျှင် ဒါ့ထက်ရုပ်ရေး ထွက်မည့် သဏ္ဌာန်ရှိသည်။    

“ချောက်ချီးချောက် ချက် မျက်လှည့်လေး အယောင်ပြပြီး ဆေးရောင်း စားတဲ့အထဲမှာ ယောပြန်-ကျော်ဗလ မပါဘူး”

သည်ယုန်မြင်လို့ သည် ချုံထွင်တာနေမှာဟု စိတ်ထဲ ကကျိတ်အထင်သေးနေသော ပရိသတ်တွေ နည်းနည်းတွန့်သွား၏။
“လက်လှည့်၊ မျက် လှည့်၊ ပဉ္စလက်၊ အဋ္ဌလက် တဲ့။ အဲဒီလို အဋ္ဌာရဿတန်း ၀င်မြန်မာ့ရိုးရာ ပညာတစ်ရပ် ကို မတိမ်ကောရအောင် ထိန်းသိမ်းတဲ့ အနေနဲ့ အကျိုးဆောင် နေတာပါ”

ပြောပြောဆိုဆို မျက်လှည့်ဆရာက ခြောက်မူးလုံး သံချောင်း တစ်ချောင်းကို လည်မျိုမှာ ထောက်ပြီး ကွေးပြဖို့ လုပ်နေသည်။ ယင်းအခိုက်မှာပင် မျက်လှည့်ဝိုင်း၏ စက်ဝိုင်းပြတ် တစ်နေရာ၌ ရုတ်ပွရုတ်ပွ ဖြစ်ကာ အခြေ ပျက်သွား၏။ ဘေးဖယ်၊ ဘေးဖယ်ဆိုသော အာဏာသံနှင့် အတူ လူကြားထဲကနေ နောက်ထပ် ပရိသတ်တစ်ဦး ပေါ်ထွက်လာခြင်းပင် ဖြစ် သည်။
ဦးစက္က။ ဦးစက္ကနဲ့ သူ့ တပည့်တွေ။

အားလုံး၏ အာရုံ သက်ရောက်မှုက မျက်လှည့်ဆရာ ထံမှသည် လူသစ်ထံသို့ အလျင်အမြန် ကူးပြောင်းသွား ပုံရ၏။ ၀န်ရှင်တော်မင်း ကြွချီလာသလိုမျိုး တပည့်တပန်းတွေ ခြံရံပြီး ရောက်လာသည့် ဦးစက္ကကတော့ ယောပြန် ကျော်ဗလဆိုသူကို စူးစူးစိုက် စိုက်ကြီး တူရူပြုနေတော့ သည်။

“ဒုံးချမ်း ဒုံးချမ်း”
လောဆော်လိုက်သော ဘင်သံက စိတ်ပျံ့သွားသော ပရိသတ်အာရုံကို ပြန်လည် ဆွဲဆောင်ဖို့ တမင် အရှိန်မြှင့် လိုက်သလိုရှိ၏။ ခုနေအခါမှာ ပြကွက်က ဖဲထုပ်ဆီ ရောက်သွားပြန်တော့၏။ ဆရာသမားက ငါး ဆယ့်နှစ်ချပ် စုံညီ ပါဝင်သော ဖဲထုပ်ကို လက်ထဲမှာ ဘာဂျာ ဆွဲသလိုမျိုး ဆန့်လိုက်စုလိုက် သွက်သွက်ကြီး ဆွဲပြနေ၏။ ဘယ်ဖဲ တစ်ချပ်တလေမှ ထွက်မကျအောင် ပြုစားနိုင် သည့်ကျွမ်းကျင်မှု အပေါ် လူတွေ ရင်သပ်ရှုမော ဖြစ်နေကြ တော့သည်။

ဒါတင်မဟုတ် ဖဲထုပ်ကို လေထဲမှာ လှလှပပ ကုလားဖန် ထိုးပြလိုက်သေး၏။ သို့သော် သူ့မျက်လုံးတွေ ကတော့ ခုမှရောက်လာသော မာကျယ်ကျယ် ပုဂ်္ဂိုလ်ရဲ့ မျက်နှာသို့ အကြိမ်ကြိမ်ဖြန့်ကြက် အကဲခတ် ဖိုးကပ်စ်  လုပ်နေမှန်း သိသာလွန်းလှ သည်။

အံ့သြဘနန်း ပြကွက်တစ်ကွက် အဆုံးသတ်လေတိုင်း ၀ိုင်းထဲသို့ ငွေစက္ကူတွေ ထိုးဆင်းလာကြသည်။ သို့သော် အများစုက ဖြတ်သွား ဖြတ်လာ သူလိုကိုယ်လိုတွေ မို့ ငါးဆယ်တန်၊ တစ်ရာတန် နုပ်နုပ်ဖွဲဖွဲလေးချည်း ဖြစ်နေတော့သည်။

တပည့်တစ်ယောက်အား ကြိုးတုပ်၊ ထန်းခေါက် ဖာကြီးထဲထည့်၊ လှံတွေ  အများကြီးနဲ့ ထိုးပြသော ပြကွက် အလွန်တွင် သူ့ထက် ဂမ္ဘာီရဆန်သော တင်ဆက်မှု တွေက ဒီဂရီမြင့်သထက်မြင့် လာ၏။

လူကြီးမင်း ဦးစက္ကကတော့ ခုထိ ၀င်ရောက် စွက်ဖက်မှု တစ်စုံတစ်ရာ မပြုသေး ဘဲ အေးဆေး တည်ငြိမ်စွာ အကဲခတ်ဆဲဖြစ်သည်။ လက်ပိုက်လိုက်၊ ဆေးတံကောက် မည်းမည်းကြီးကို ဖွာလိုက်၊ သူ့တပည့် နှစ်ယောက်နှင့် တီးတိုးပြောလိုက်၊ ဒါလောက်ပဲ ရှိသည်။

စင်စစ် ဦးစက္က ဆိုတာက ဟောသည် ဂေါစရဂါမ်မှာ ဖြင့် သူမပါ ဘယ်ဟာမှ မပြီး ဆိုတာမျိုး ဓနရှိန်စော် အပြင်  အခြား သြဇာ သက်ရောက်မှု၊ လက်ညှိုး ညွှန်ရာ လိုရာဖြစ်မှု စသော တန်ခိုး ဣဒ္ဓိပါဒ်တွေ ကြောင့် တစ်နယ်လုံးက“ရှိန်း” ရသော လူထက်ကြီးဖြစ်သည်ကို နယ်ခံတွေကတော့ လုံးဝ သိနှင့်ပြီးသားပင်။ ပစ္စက္ခ အခင်းအကျင်း မှာတော့ သည်နေရာတွင် ဖြစ်ရိုးဖြစ်စဉ်မှ သွေဖြည်သည့်ထူး ခြားခြင်းရာ တစ်ခုတလေမှ ပေါ်ပေါက်လာခြင်း မရှိသေး။ သို့သော်...

ဦးစက္က အာရုံကျလျက် ရှိသော အရပ်တစ်ပါးက မျက်လှည့်ဆရာ။ ပြီးတော့ အဆိုပါ ယောပြန် ကျော်ဗလ ဆိုသူနဲ့ စေတသိက် စူးရောက်ရာ တူရူ ချက်ဖြစ်သော နယ်ခံဦးစက္က။ အ၀ိညာဏက အသက်မဲ့ နွားရုပ် နှစ်ရုပ်ကို အချင်းချင်း ဝှေ့စေခြင်း၊ လူကို အိပ်မွေ့ချပြီး လေထဲမှာ ပေါလော မျောစေခြင်း စတာတွေကတော့ ပရိသတ်၏ စိတ်လှုပ်ရှားမှု ရေချိန်ကို ခပ်မြင့်မြင့် ဆွဲတင်လိုက်သော ပြကွက်တွေ ဖြစ်သည်။

လက်ခုပ် သြဘာသံ နောက်မှာ လက်ကွင်းမှုတ်သံ တွေတောင် ရောပါလို့ လာကြ ၏။ ပိုက်ဆံတွေ တဖျောဖျော ပစ်ချသဖြင့် စည်းဝိုင်းမှာ ဖွေးဖွေး လှုပ်သွားသည်။ သို့သော် အားလုံးရဲ့စက်ဝန်းမှာ အထင်ကရ ငြိနေသော ဦးစက္က တစ်ယောက်ကတော့ ဘာမှ မထူးခြားသလိုမျိုး နကမ်္ပတိ၊ အလှုပ်အရှား မရှိ ဖြစ်နေဆဲ။ သည်လိုနှင့် အသင့် ယူလာသော လင်းတ တစ်ကောင်ကို ဖျောက်ပြသည့် အခန်း ကဏ္ဍသို့ ရောက်ရှိလို့ လာခဲ့သည်။ သည်တစ်ချီတွင်တော့ ကျော်ဗလ တစ်ယောက် ကောင်းကင်ဆီ မော့ကာ လက်အုပ်ချီလိုက်၏။ ပါးစပ် တလှုပ်လှုပ် နုပ်ပွနုပ်ပွပြု ကာအလွန့်အလွန် လေးနက်သည့် အသွင်မျိုး ဆောင်လို့နေသည်။

နှစ်မိနစ်ခန့် ရွတ်ဖတ် သရဇ္ဈာယ်မြည်တမ်းသည်။ ထို့နောက် ဖျင်နီစလေးဖက် လေးတန် ကာရံထားသော ယာယီ အကန့်ငယ် အတွင်းသို့ လင်းတအား မထည့်မီ ဖနောင့် တစ်ချက်ပေါက်ပြီး ကြိတ်ခြေလိုက်၏။ ဖနောင့် အောက်မှ မီခိုးတွေ အူထွက် လာမှုကြောင့် အာမေဍိတ်ပြု ကြရပြန်သည်။

လင်းတကို ဖျောက်ပြီး ချိန်တွင်တော့ ကျော်ဗလ စကား အနည်းငယ်ပြော၏။
“ရွှေပွဲလာ ပရိသတ်များ  ခင်ဗျာ။ အားလုံးမြင်တဲ့ အတိုင်း သက်ရှိ သတ္တ၀ါ တစ်ကောင်ကို အမွေးစ မကျန်အောင် ဖျောက်တဲ့ ကိစ္စကဖြင့် ပြီးခဲ့ပါပြီ။

“ဒါပေမဲ့ ပြန်ရောက်အောင် ဘယ်လို လုပ်မလဲ ဆိုတာတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး။ ပြန်မရလည်း ဆုံးပေါ့ဗျာ။ မသကာ ခွေးသေကောင်ပုပ် ကျတတ်တဲ့ လယ်ကွင်း တစ်နေရာရာ လျှောက်ရှာပြီး အသစ်တစ် ကောင် ထပ်ဖမ်းရုံပါပဲ။

“လောလောဆယ်မှာတော့ ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေ သီချင်းကို အပီ အပြင်ဟဲပြမယ့် ဟဲဗီးရော့ခ် အဆိုတော် သာလိကာမလေး ရဲ့စတိတ်ရှိုးနဲ့...”
နောက်ထပ် နုပ်နုပ်ဖွဲဖွဲ အာကရံပါကရံ ပြကွက်နှစ်ခု သုံးခုလာ၏။ တစ်ချိန်တွင်တော့ မျက် လှည့်ဆရာက စတီးသွား လက်လက် ဓားမြှောင်သုံး ချောင်းကို မြှောက်ကာ လက်နှင့် ကစားလိုက်၊ ခြေဖျားဖြင့် ခတ်လိုက် ပညာ ဆန်းပြနေ၏။ အသည်းတယားယား ရင်တဖိုဖို ဖြစ်နေကြသဖြင့် အသက် ရှူဖို့တောင် မေ့နေတော့မလို။

ထိုစဉ် ၀ိုင်းထဲသို့ ၀ှီးခနဲ တစ်စုံတစ်ရာ ပစ်ကျလာ၏။ စောစောက လင်းတ။ လည်ပင်းမှာ ပိတ်နီစလေး ချည်နှောင် ပေးလိုက်သော အဖျောက်ခံ လင်းတပင်ဖြစ်သည်။ ရွှေပွဲလာတို့၏ အုတ် အော်သောင်းတင်း လက်ခုပ်သံက သောသော ညံသွားရ ပြန်၏။

သွေ့ခြောက်လာဟန် ရှိသော မျည်လှည့် ဆရာ၏ မျက်လုံးတွေက ကိုယ်ပိုင် ယုံကြည်မှု ပြင်းထန်ခြင်း သင်္ကေတ အဖြစ် ပိုမို စူးလက်လို့ လာသည်။

“မြန်မာ့ပဉ္စလက် ပညာရဲ့ လျှို့ဝှက် နက်နဲမှုကတော့ တစ်နံတစ်လျား မဆုံးနိုင်ပါဘူး။

“တချို့ အနောက်တိုင်းမှာ မီးရထားစင်းလုံး၊ လေယာဉ်စင်းလုံး ဖျောက်ကြတာတို့၊ ရေတံခွန်ထဲမျှော ခုန်ချ တာတွေကိုမှ အံ့ချီးဘနန်း အထင်တော်ကြီးကြပါတယ်။

“အဲဒီ ဒေးဗစ်ကော့ပါး ဖီးတင် မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ မိရိုးဖလာအမွေ အနှစ်မြန်မာ့ ပညာရပ်တွေမှာ လည်းပဲ...”

“ဟိတ် ဟိတ်၊ ဒီမယ်”

မျက်လှည့်ဆရာ၏ ကိုယ်ရည်သွေး တီးလုံးအား ကန့်လန့်ဖြတ်နင်းချိုးပစ်လိုက် သော အနှောင့်အယှက်တစ်ခု။ ထိုတစ်ခုက ပရိသတ်ထဲမှ ထွက်လာသည်။ အခြား မဟုတ် ဦးစက္ကပဲဖြစ်သည်။

သဟောက်သဟန် လေ သံကြောင့် ယောပြန်ကျော် ဗလမျက်နှာက ပထမတော့ ရဲတက်သွားရာမှ ညိုမည်းကာ အလိုမကျဟန်သို့ သိသိသာသာ အသွင်ပြောင်းသွားသည်။

သို့သော် အတွေ့အကြုံလည်း ရင့်ကျက်၊ အများနှင့် လုပ်စားရသည့် သဘော သဘာဝကိုလည်း နောကျေ နေရကား ချက်ချင်းပင် အပြုံးတု တစ်ခုကို မျက်နှာသို့ အချိန်မီ တင်လိုက်၏။

“ဟုတ်ကဲ့၊ အမိန့်ရှိပါ ခင်ဗျာ”

ခါးကို ကွေးညွတ်ကာ တရိုတသေ တုံ့ပြန် မေးမြန်းပြီးနောက် ကျိုးနွံသောကျွန် အခစား၏ အမူအရာဖြင့် စောင့်ပေးနေလိုက်သည်။
“လူတစ်ယောက်ကို အရှင်လတ်လတ် ဖျောက်ပြရမယ်။ ပြီးတော့ အချိန်မီ နဂို နေအတိုင်း ပြန်ခေါ်ပေးနိုင် မယ်ဆိုရင် ဟောဒီမှာ...”
ဦးစက္က ဆန့်ထုတ်လိုက် သောလက်တွင် ငါးထောင် တန်ငွေစက္ကူ ကျပ်ချွတ်တစ် အုပ်။ ကျပ်ငါးသိန်းတိတိ။
“ဗျာ”

အံ့သြခြင်းနှင့် စူးစမ်း စောကြောခြင်း အဓိပ္ပာယ်နှစ်ရပ် အချိုးညီ ပျော်ဝင်နေသော ထို“ဗျာ”က ကာယကံရှင်သာ သိနိုင်သော စိတ်ခံစားချက်ကြောင့် တုန်ခါလှုပ်ခတ်သလို တော့ရှိသည်။
“ဖျောက်ပြရမှာက ဟောဒီက ငါ့တပည့် မိုးမှောင်။ ပြီးတော့ ဆယ့်ငါးမိနစ် အတွင်း အကောင်းပတိ ပြန်ခေါ်ပေးရမယ်”

တစ်ဖက်သတ် စိန်ခေါ် မှုကြောင့် တစ်ဝိုင်းလုံး၊ ပတ်ဝန်းကျင် တစ်ခုလုံး အသံမဲ့ ဇုန်ဖြစ်ကာ တိခနဲ အငြိမ်။ စိတ်၏ အင်ဒီကေတာ ဖြစ်သောမျက်လုံး အကြည့်တွေသာ အလုပ်လုပ်နိုင်တော့ သည်။ သို့သော် အဲဒါတွေက ဘာသာပြန်လို့ မရနိုင်။

“ဘယ့်နှယ်လဲ၊ အာမခံ တကယ်“ရဲ”မှလုပ် ကိုယ့်လူ”

စဉ်းစား သုံးသပ်နေဆဲ တစ်ဖက်လူသို့ နောက်ထပ် ခနဲ့တဲ့တဲ့ စိန်ခေါ်ချက်တစ်ရပ် က ခပ်ပြင်းပြင်း ရိုက်ချလိုက် ပြန်သည်။ ယောက်ျားနှစ်ဦး၏ အတ္တမာန အချင်းချင်းအား ပြိုင်မှုက အပြင်းအထန်ရုန်း ကြွလို့လာ၏။ လူပုံအလယ် မှာ ပြောင်ပြောင်နွှဲနေကြရ ကား ဘယ်သူမဆို အလျှော့ မပေးတမ်း အရိုးကြေ အရေ ခန်း ထိုးနှက်ကြမည့် အသွင်မျိုး အတိအကျ ဆောင်လာ တော့သည်။

တင်းပြီးသား မျက်နှာ ပြင်နှစ်ပြင်၌ အကဲဖမ်းရခက် သော အရေပြား အဆတ် အတွန့်နှင့် ဖြတ်ပြေးသွား သော အရိပ်လှိုင်းတချို့ လူး လာခတ်သည်။ တစပြင်၏ ဆိတ်ငြိမ် ခြင်းမျိုး ခဏ၀ယ် လွှမ်းမိုးပြီး နောက် ကျော်ဗလမှ အသံ စတင်ထွက်လာသည်။
“ဟုတ်ပါပြီ။ ဒီက ဆရာသမား ပြောသလို...”

“ငါ့နာမည် စက္က”

“ဟုတ်ကဲ့၊ ဦးစက္က ပြောသလို မဟုတ်ဘဲ တခြား အစီအစဉ် ဆိုရင်ကော”

“တခြားအစီအစဉ်”

“ဦးစက္ကရဲ့ တပည့်ကို မဟုတ်ဘဲ ဦးစက္ကရဲ့လက် တစ်ဖက်။ ညာဘက်ဖြစ်ဖြစ်၊ ဘယ်ဘက်ဖြစ်ဖြစ် ကြိုက်ရာ တစ်ခုခုပေါ့လေ။ ကျွန်တော် ဖျောက်ပြချင်ပါတယ်”

“ဘာ”
“ဒီလိုပါ။ ဦးစက္ကရဲ့ လက်တစ်ချောင်းကို တံ တောင်ဆစ်ကနေ ပိုင်းပြီး ဖျောက်ပြပေးမယ့် အစီအစဉ် ပါ။
“ပထမဆုံး တံတောင် ဆစ်နေရာကနေ ဖဲကြိုးနဲ့ စည်းလိုက်မယ်။ ပြီးရင် အဖျားပိုင်းကို ဖျောက်လိုက်မယ်။ ဆယ့်ငါးမိနစ် မဟုတ်ဘူး၊ ဆယ်မိနစ်အတွင်း အဲဒီ လက်ပြန် ရောက်လာအောင် လုပ်ပေးမယ်။ ဘယ်လို နေမလဲ”

ရုတ်တရက်ကြီးမို့ ဦးစက္က “တွေ”သွားသည်။ လက်ပတ်နာရီတွေ၊ လက်စွပ်တွေ ဆင်မြန်းထားသော သူ့ ဘယ်ဘက်လက်နှင့် အဖိုးတန် ဒန်းဟီးလ်ဆေးတံကြီး ကိုင်ထားဆဲ ဘယ်ဘက် လက်ကို ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့ လုပ်နေမိမှန်း မသိဘဲ ငုံ့ကြည့်နေပြန်သည်။

“စိတ်ခိုင်မယ်၊ စိတ်နိုင် မယ်၊ ပြတ်သားမယ်ဆိုရင် ပေါ့ ခင်ဗျာ”
မျက်လှည့်ဆရာ ထပ် “ကွန့်”လိုက်သော ထိချက်ပိုင်ပိုင် ထေ့လုံးကြောင့် ဦးစက္က မျက်နှာ ဟင်္သပြဒါးရောင် နီစွေးသွား၏။
“ကောင်းပြီ၊ စိန်လိုက်”

အသံကစူး၏။ ထန်၏။ပြီးတော့ မိုးကြိုးပစ်ချလိုက် သလို ပိန်းပိန်းထ၏။
“ဒါပေမဲ့၊ ပြောတဲ့ အတိုင်း ပြန်မလာရင်တော့..”

“စိတ်ချပါ ဦးစက္က။ ကျွန်တော့်ဘ၀ တစ်ခုလုံး ရက်ရက်ရောရော အပေါင်ထားပြီး မှ အလုပ် လုပ်မှာပါ။

“အကယ်တည့် ပြောတဲ့ အတိုင်း တည်အောင်မလုပ် နိုင်ခဲ့ရင် ကြိုက်သလိုစီရင်ခွင့် အတွက် စာချုပ်ချုပ်ပြီးမှ အပီ လုပ်မှာပါ။

“ယောပြန် ကျော်ဗလ တစ်ယောက် မိမိအသက်အား မိမိဘာသာ အဆုံးစီရင် ဘ၀ ဖြစ်သွားကြောင်း ၀န်ခံချက် စာချုပ် လူကြီးစုံရာနဲ့ လက်မှတ်ထိုးခဲ့မယ် ဆိုရင် ကျေနပ် လောက်ပါရဲ့”

ပဋိညာဉ် ကိစ္စတွေရဲ့ နောက်ပိုင်းတွင် ဦးစက္က၏ လက်ဝဲဘက်လက်မှ ရွှေ ရောင် အိုမီဂါနာရီနှင့်အဆောင် အဖြစ် ဗေဒင်ကိန်းခန်း အတိုင်း တိတိပပစီရင်ထားသော န၀ ရတ်လက်စွပ်အား ချွတ်သိမ်း ပေးပါရန် မျက်လှည့်ဆရာက မေတ္တာရပ်ခံ၏။

ထို့နောက် တံတောင်  ဆစ်နေရာတွင် ဖဲကြိုးအနီ စည်း၍ အမှတ်အသား ပြုသည်။ ခုံပေါ်တွင် တင်ထား သော ဦးစက္က၏ လက်ကို နှစ်ပေခန့် ရှည်သော နှစ်ဖက်ပွင့် ဆလင်ဒါထုလုံး ရှည်ဖြင့်စွပ်၏။ ပြီးတော့ ထိုပေါ်မှာ အ၀တ်နက် တစ်စ ဖုံးသည်။
ကျော်ဗလ မျက်နှာက အလေးအနက် “တည်”ရာမှ ပိုမိုညို့မှိုင်းသွား၏။ တပည့် တစ်ဦးက ကတ်္တီပါအိတ်နီညို ရောင်စွပ်ထားသော ပန်းပွား တပ်မှော်ကြိမ်လုံးကို သူ့ဆရာသို့ တရိုတသေ ကမ်းသည်။ ထိုအခိုက် စားပွဲတင် နာရီအား အတိအကျ အချိန် တိုက်ရန် ကျော်ဗလ မမေ့ မလျော့ ညွှန်ကြားသေး၏။

ကန်တော့ပွဲ၌ အဓိဋ္ဌာန် ဖယောင်းတိုင် သုံးတိုင်ထပ်မံ ပူဇော် ထွန်းညှိသည်။ ရင်ဘတ်မှာ ပ၀ါဖြူတစ်ထည်  စည်းသည်။ ကောင်းကင်သို့ လက်အုပ်ချီကာ တစ်စုံတစ်ရာ ရွတ်ဖတ် ရင့်ကျူးသည်။ ထို့ နောက်ဖနောင့် သုံးချက်တိတိ ပေါက်၏။ တတိယ ဖနောင့်ချက်တွင် မီးတောက်ထွက် သည်။

“ကိုင်း ခုအချိန်ကစပြီး ကျွန်တော်တို့ နောင်တော်ကြီး ဦးစက္က ကိုယ်တိုင်ရဲ့သဘောတူ ခွင့်ပြုချက် အရ လုပ်ငန်း စပါတော့မယ်။

“မျက်လှည့်လောက၊ မျက်လှည့် သံသရာ၊ မျက်လှည့် ကမ္ဘာ၊ မျက်လှည့် သမိုင်းမှာ ဘယ်တုံးကမှ မရှိခဲ့ဘူးသေးတဲ့ လူသားရင့်မာကြီး တစ်ဦးရဲ့အရှင်လတ်လတ် ခန္ဓာကိုယ် ကနေ အင်္ဂါ တစ်စိတ်တစ်ပိုင်း တစ်ရပ်ကို ကွက်ပြီးတော့ ဖျောက်ပြမယ့် ထူးထူးဆန်းဆန်း ဂမ္ဘီရပြကွက်ပါ။ အန္တရာယ် ကြီးသလို အမှားလည်း မခံတဲ့ အနေအထားမျိုးပါ”

ထို့နောက် မျက်စိစုံမှိတ် လက်အုပ်ချီကာ တစ်စုံတစ်ရာကို တိုင်တည်ဟန်ဖြင့် ခပ်ကြာကြာ ရွတ်ဖတ်မှု ပြုနေပြန်လေ ၏။
“ဆိုင်ရာတွေ ကူညီညာ ၀ိုင်းလို့ မှိုင်းမတော်မူပါဗျား”

“ဟိုင်း”
ဘင်သံဆော်၏။
ဆရာသမားက ဆေးကြိမ်လုံးအား ထုလုံးရှည် စွပ်ထားသော၊ အ၀တ်နက်အုပ် ထားသော ဦးစက္က၏ လက်ဖျံ လက်မောင်းပေါ်က နေ၍ အရင်းမှသည် အဖျားသို့ ဖြည်းညင်းစွာ ဆွဲသပ်သည်။ ဖြည်းဖြည်း ချင်း ဂရုတစိုက် သုံးချက်တိတိ မန်းမှုတ်ဝေ့ ဆွဲသပ်ချခြင်း ဖြစ်သည်။

ထို့နောက်တွင်တော့ လုံးဝ ဥဿုံ သေချာသော သမာဓိဖြင့် ရှိသမျှသော အရံအတား တွေကို ရဲရဲသွက်သွက်ကြီး ဖယ်လှပ်ပစ်လိုက်၏။
“ဟာ”

ပါးစပ်ပေါက် များစွာမှ အံ့သြဘနန်း အာမေဍိတ်သံတွေ ထွက်လာပြီးနောက် ကာယကံ ရှင် ဦးစက္ကကိုယ်တိုင် သူ့လက် တိုငုံးတိကြီးကို သွေးပျက်စွာ စူးစူးစိုက်စိုက် ငုံ့ကြည့်နေတော့သည်။

“မိဘများ ခင်ဗျာ။ အခုက စပြီး အချိန်ဟာ ကျွန်တော့် အတွက် “အသက်”ဖြစ်သွား ပါပြီ။ ဆယ်မိနစ် အတွင်း ကျွန်တော်တို့ မိတ်ဆွေတော်ကြီးရဲ့လက်ကို မူလအတိုင်းဖြစ် အောင်ပြန်ပြီး စီရင်ပေးရလိမ့် မှာပါ။

“သို့သော် ဒီစက္ကန့်တွေ ကိုတော့ ဘာပဲဖြစ်နေနေ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးဖြတ်သန်း သွားရ တော့မှာပါပဲ။

“အသားလွတ်ကြီး စောင့်ရမယ့် အတူတူ ပြကွက်ဆန်းလေး တစ်ခုပြရင်း အချိန် ဖြုန်းရရင် စောင့်လို့ စောင့်ရမှန်း မသိ၊ ငြီးငွေ့မှုလည်း ပြေပျောက် ဆိုသလို အားလုံး အတွက် အဆင်ပြေကြမယ် ထင်ပါတယ်”

ဆရာကောင်း တပည့် က အလိုက်သိစွာ မြွေပခြုပ် နှစ်လုံးအား ဆွဲယူလာသည်။
“ဒီဘက်က မြွေပွေး၊ ဒီထဲမှာက တောကြီး မြွေဟောက်ပါ။ သူတို့ကို ဖိုက်တင်ပလေး ခိုင်းဖို့ ရှိပါတယ်။ ဒါပေမဲ့ မြေပေါ်မှာ မဟုတ်ဘူး လေထဲမှာ၊ အာကာသ ကောင်းကင်ပြင်မှာပါ”

တပည့်ထံ လက်ကမ်းလိုက်တော့ သာမန်ဆိုက်ထက် ကြီးသော အပ်ချည်ပြည့် တညင်းလုံး တစ်လုံး ရသည်။
“ဒီချည်မျှင်ရဲ့ထိပ်မှာ ခုလိုမျိုး ဖဲကြိုး လိမ္မော်ရောင်လေး တစ်စ ချည်လွှတ်လိုက် ပါ့မယ်။ အပ်ချည်ရဲ့ထိပ်ဖျား ဘယ်နား ရောက်သွားမလဲ မြင်ရအောင်ပါ။ မျက်စိမှိတ်ရင်း တွတ်တွတ်ရွတ်ပြန်သည်။

“မှိုင်းဆရာ မှိုင်း၊ မ ဆရာ မ”

ဘင်သံ၊ ပလွေသံတွေ ဘ၀ဂ်တိုင် ညံ၏။ ကျော်ဗလ အပ်ချည်မျှင်ကို ကောင်းကင်သို့ စတင်ဆွဲ ထုတ်လွှတ်တင်သည်။ လိမ္မော်ရောင် ဖဲစလေး ဦးဆောင်သော အပ်ချည်မျှင် ဖြူဖြူက အပေါ်ကနေ တစ်စုံ တစ်ယောက် ဆွဲယူသလိုမျိုး ဖြည်းဖြည်းချင်း မြင့်တက်သွားသည်။

ဆယ်ပေ၊ ပေတစ်ရာ၊ ပေနှစ်ရာ။ ပြီးတော့ သာ၍ သာ၍ မြင့်ရာ...။ အပ်ချည် ကုန်ခါနီးတွင် မျက်လှည့် ဆရာက ကျန်သည့် အစွန်း တစ်ဖက်အား သံငုတ် တစ်ခုမှာ ချည်သတ် ထားလိုက်၏။
“ကိုင်း...ဆရာပွေးက ရှေ့က အရင်ပြေးနှင့်ချေ..”

အီတာလျံ ကော်ဇောလို အကွက်ကွက် ထနေသော မြွေပွေးကြီးက အပ်ချည်မျှင် တစ်လျှောက် လူးလွန့်ချိတ် တက်သွားသည်။
“မြွေဟောက်က နောက်က လိုက်စေဗျား”
ပါးပျဉ်းကြီး တစ်တောင်ကျော် ထောင်ထားသော မြွေဟောက်က မြွေပွေးနောက် အလောတကြီး လိုက်တက် သွားပြန်သည်။

ကောင်းကင် မြင်ကွင်း၌ မြွေနှစ်ကောင်၏ ပုံရိပ်သည် ခဏပိုင်းလေး အတွင်းမှာပင် သေးရာမှမှုန်၊ မှုန်ရာမှဝါး၊ ၀ါး ရာမှ ကွယ်ကာ အပ်ချည်မျှင်မှ တစ်ပါး ဘာမှ မမြင်ရတော့ပေ။
အားလုံး အပေါ် မော့ပြီး ဘာမှန်းမသိ မျှော်ကြည့် ကြည့်ကြသည်။ ထိုအချိန်မှာပင် ဗလာ ကောင်းကင်မှ ခွီခွီးရွှီးရွှီး မြွေ နှစ်ကောင် သတ်သံတွေ ထွက်လာ၏။ နောက်တော့ အသံတင် မဟုတ်။ သွေးတွေ၊ မြွေ အရေအခွံ အစုတ်အပြဲတွေ၊ အရိအရွှဲ စိမ်းရွှေရွှေတွေပါ မြေပေါ် ပြုတ်ကျလာတာ မျက်မြင် ဖြစ်လာ၏။

“ဟောဗျာ၊ ဒုက္ခပဲ။ ဒီ အတိုင်း လွှတ်ထားလို့ မဖြစ်ချေဘူး။ ကြာရင် အားလုံးမျိုး ကန်းကုန်မယ့် အပေါက်”

“လာစမ်း”

ကြိတ်လိုက်သော ဖနောင့်မှ မီးတောက်ကြီး တစ်ခု ထတောက်ပြီးနောက် ယောပြန် ကျော်ဗလ ကိုယ် တိုင် အပ်ချည်မျှင် အတိုင်း အလောတကြီး တွယ်တက် သွားတော့သည်။  အေးစက်စက်၊ ငြိမ် သက်သက်၊ ဖြူဖပ်ဖြူရော် မိနစ်တွေ တရိရိ တအိအိ ဆုံးပါးနေ၏။ ပရိသတ်ထုက တော့ ကောင်းကင်ဆီကို မချင့် မရဲ ငေးမျှော်ရင်း စိတ်စောဖို့ ကလွဲပြီး အခြား ဘာတစ်ခုမျှ မစဉ်းစားနိုင်အားပေ။
သို့သော် ထိုဟာသည်ပင် မျက်လှည့် ဆရာအား နောက်ဆုံး တွေ့လိုက်ရသည့် အကြိမ်ဖြစ်ကြောင်း သူတို့ ကိုယ်သူတို့...။  
ဆွန်အဲလူ
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a Comment