Pages

Tuesday 27 September 2011

လမ်းသစ်တစ်ခု

“ပြန်လာကြပြီဟေ့”
“လာကြပြီဟေ့” အော်သံတွေနဲ့ အတူ ဖုန်တွေ ထောင်းလမောင်း ထအောင် ပြေးသွားကြတဲ့ လူအုပ်ကြောင့် ကျုပ်လည်း ခြံဝကို စွေ့ခနဲ ရောက်သွား တော့တာပါပဲ။ တပေါင်းလဆန်း ရောက်ပြီဆိုတော့  နှစ်စဉ် ပြန်လာနေကျ အတိုင်း သူတို့လေးတွေ ပြန်လာကြပြီပေါ့။ ပြီးတော့ ထုံးစံအတိုင်း တပေါင်း လပြည့်ပြီ ဆိုတာနဲ့ သူတို့လေးတွေ ပြန်သွားကြဦး မှာပေါ့လေ။

“ဘွားလေး ကျွန်မတို့ ညနေမှ လာခဲ့မယ်နော်”

“အေး အေး အဘွား စောင့်နေမယ်နော်”

အတွေးနယ်ချဲ့ နေတဲ့ ကျုပ်လည်း မြေးမလေး နှုတ်ဆက်သံ ကြားမှပဲ သတိ ပြန်ဝင် လာတော့တယ်။ ကြည့်ပါဦး ဖြူ၊ နီ၊ ၀ါ၊ ပြာ ရောင်စုံမလေးတွေ ရှစ်ယောက် တိတိပါပဲ။ စကတ်၊ ဂါဝန်၊ ဘောင်းဘီဒူးဖုံး၊ အင်္ကျီရောင်စုံ၊ နှုတ်ခမ်းနီ ပါးနီနဲ့ သူတို့လေးတွေကတော့ မင်းသမီးတွေလို ပြင်ဆင် လာကြတာပဲ။ ဒါပေသိ တောမှာမွေး၊ တောမှာ ကြီးလာတဲ့ သူတို့လေးတွေ အဖို့ လူနဲ့ အ၀တ်အစား အပြင်အဆင်က ဆန့်ကျင်ပြီး သပ်သပ်စီ ကွဲထွက် သွားတယ် ဆိုတာကို
မသိရှာကြပဲ။ ဆင်တိုင်းယဉ် ၀တ်တိုင်း တင့်မယ်ထင်တဲ့ သူတို့လေးတွေက ကျုပ်တို့ ရွာသူတွေလည်းဖြစ် ကျုပ်မြေးမလေး သုံးယောက်လည်း ပါနေတာမို့ ကျုပ် အတွေးထဲမှာ သက်သက် ညှာညှာလေးပဲ တွေးလိုက်တယ်။ သနားစရာ ကောင်းလိုက်ပါဘိတော်။

“ဘွားလေး ကြိုက်တဲ့ ရွှေပုဇွန်ကိတ်”

“ဘွားလေးအတွက် ပါတိတ်ထဘီ”

“ကျွန်မကတော့ အချိုရည်ဘူးနဲ့ အင်္ကျီစ”

ပစ္စည်းလေးတွေ ရှေ့မှာချပြီး လက်အုပ်ချီ ကန်တော့နေတဲ့ ကျုပ်မြေးမ ၀မ်းကွဲလေးတွေကြောင့် ပီတိမျက်ရည် ၀ဲရတာ ဒီနှစ်နဲ့ဆို ၃ နှစ် ရှိသွားပြီလေ။ ကျုပ်လည်း ကောင်းမယ် ထင်တဲ့ဆု မှန်သမျှ အကုန်ပေး ပစ်လိုက်တာပဲ။ သူတို့က လည်း ထုံးစံအတိုင်း “ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ”ပေါ့လေ။ ကျုပ်ကလည်း တကယ့်ကို ပြည့်စေချင်တာပါပဲတော်။ ကျုပ်က ဒီရွာမှာ မွေးပြီး စိန်စိန်၊ မမစိန်၊ အရီးစိန်၊ ဘွားလေးစိန်လို့ အခေါ်ခံရတဲ့ အထိ အသက်က ကြီးသွား ပေသိ အခုချိန်ထိ မပြောင်းလဲ ဘဲ တည်ရှိနေတာက အပျို ကြီးဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ လူက သာ အိုသွားတာ ကျုပ် ဂုဏ်ပုဒ်က အခုထိ ပျိုတုန်းတော့။ အပျိုကြီး ဆိုပေသိ အထီးကျန် အပျိုကြီးတော့ မဟုတ်ပေါင်။ တူ၊ တူမ ၀မ်းကွဲတွေ၊ မြေး ၀မ်းကွဲတွေနဲ့ပါ။ ဒီမြေးမ ၀မ်းကွဲလေး သုံးယောက်ကိုသာ တစ်နှစ်မှာ လ၀က်လောက်ပဲ တွေ့ခွင့်ရလို့ ရင်မချိဘူးလေ။ ဒါကြောင့် “မိဘ ဆွေမျိုးများနဲ့ မကွဲမကွာ ကျန်းမာ ချမ်းသာစွာ နေထိုင်နိုင်ပါစေ”ဆိုတဲ့ ကျုပ် ပေးလိုက်တဲ့ ဆုကို မြန်မြန်ပြည့် စေချင်တော့တာပါပဲ။

“မိသီတာ နင် တော်တော် လူပါး ၀ပါလား”

အိမ်ပေါ်ကို ၀ုန်းဒိုင်းကြဲ ပြီးတက်လာတဲ့ ထွန်းမြင့် စကားကြောင့် ကျုပ်လည်း ရုတ်တရက် လန့်သွားမိတယ်။
“ကျွန်မ ဘာလူပါး ၀လို့လဲ”

“နင်မသိလို့ ငါ့ကို ပြန်မေး နေတာလား”

တင်းမာလာတဲ့ အခြေအနေကြောင့် ကျုပ်လည်း သူတို့ နှစ်ယောက်ကြားမှာ ၀င်ထိုင် လိုက်ရတော့တာပါပဲ။
“ဖြည်းဖြည်းသက်သာ ပြောပါ ထွန်းမြင့်ရယ်။ ဘာတွေ ဖြစ်လာကြလို့လဲ”

“အရီးစိန် မြေးလေ၊ ကျုပ် ထားပေးတဲ့ အိမ်မှာ မနေဘဲ တခြားအိမ် သွားနေတယ်လေ”

“ဟုတ်လား သီတာ။ ဘယ်လို ဖြစ်လို့တုံး ငါ့မြေးရဲ့”

“ဦးလေးထွန်းမြင့် ထားပေးတဲ့ အိမ်မှာ ကျွန်မ ၃ နှစ် နီးပါး သည်းခံပြီး နေခဲ့ပါတယ် ဘွားလေးရယ်။ အခုမှ ဟိုအိမ်ပြောင်း သွားတာ နှစ်လပဲ ရှိပါသေးတယ်။
“နင် ငါ့ကို မပြောဘဲ ကိုယ့်သဘောနဲ့ ကိုယ် ပြောင်းလို့ ရမလား”

“ဦးလေးကို ကျွန်မ မနှစ်က ပြန်လာပြီး ကတည်းက ပင်ပန်းလွန်းလို့ မနေနိုင် ပါဘူးလို့ ပြောပြီးပြီလေ။ ဦးလေးပဲ ပွဲစားခတွေ ပိုယူထားပြီး ကျွန်မကို ပြန်လာခေါ် မယ်ဆို ညာပြီး ပို့ခဲ့တာ မဟုတ်လား”

“ငါ နောက်ထပ် အိမ်ကောင်းကောင်း မတွေ့သေးလို့ နင့်ကို လာမခေါ်နိုင်တာ”

“တော်ပါ ဦးလေးရယ်၊ ၄၄ ရွာက ကောင်မလေးကို ခေါ်ပြီး တခြား အိမ်ပို့လိုက်တာ ကျွန်မ မသိဘူး မှတ်နေလို့လား”

“ကဲ ကဲ တော်ကြပါ တော့ကွယ်၊ မောင်ထွန်းမြင့်  မင်းပြန်တော့။ သီတာလည်း သူ အဆင်ပြေရာမှာ နေပါစေကွယ်”

“ဟိုကောင်မလေး နှစ်ယောက် ပြန်သွားရင် ငါတို့ အဖွဲ့နဲ့ သွားမှာ မဟုတ်လား”

ကျန်နှစ်ယောက်က ခေါင်းညိတ်ပြမှပဲ မောင်ထွန်း မြင့် ထပြန်သွားလေရဲ့တော်။
“ကျွန်မက ဘယ်သူမှ လိုက်မပို့လည်း သွားတတ်တယ်။ ကျွန်မ အိမ်ရှင်က  ကားဂိတ်ကို လာကြိုမှာ။ အဖေနဲ့ အမေကို ဘုရားဖူး ခေါ်ခဲ့ဆိုလို့ ခေါ်သွားဦးမှာ”

သီတာ့ စကားသံကြောင့်လား မသိပါဘူးတော်။ လှေကားရင်းမှာ မောင်ထွန်းမြင့် ခလုတ် တိုက်သွားလေ ရဲ့။

အိမ်ရှေ့ ပက်လက် ကုလားထိုင်မှာ ထိုင်ရင်း အဆုံး အစမဲ့တဲ့ ကောင်းကင်ကို မော့ကြည့်မိတယ်။ ဆန်းသစ်စ လလေး ဘေးမှာ ၀န်းရံနေတဲ့ ကြယ်လေးတွေကို ကြည့်ပြီး ကျုပ် ရင်ထဲ အေးမြသွားတယ်။ ဒါပေသိ အေးမြမှုက ခဏပါပဲ။ ညနေက ကျုပ် မြေးမလေးတွေနဲ့ ပြောခဲ့တဲ့ စကားကို ပြန်ကြားပြီး ရင်တွေ ပူလာ ရတယ်လေ။

“ဘွားလေးရယ် ကျွန်မကို ဦးလေးထွန်းမြင့် ပို့ပေးတဲ့ အိမ်က အိမ်သား ၁၂ ယောက် ရှိတယ်။ မနက် ၄ နာရီ ထပြီး ညသန်းခေါင်မှ အိပ်ရတာ။ တစ်နေလုံး ချက်ပြုတ်၊ လျှော် ဖွပ်နဲ့ နားကို မနားရဘူး။ တောထဲဆင်း၊ နေပူစပ်ခါးမှာ လုပ်ရတာနဲ့ စာရင် တော်ပါသေးရဲ့လို့ တွေးပြီး နေနေရတာ။ မနှစ်က ပြန်လာကတည်းက မနေနိုင်လို့ ဦးလေးထွန်းမြင့်ကို အိမ်ပြောင်းပေးဖို့ ပြောတာ ပြောင်းမပေးဘူးလေ။ ကုန်ခဲ့တဲ့ နှစ်လကမှ ကျွန်မ နေရတဲ့ အိမ်ဘေးက အဒေါ်ကြီး ပြောပြမှ ကျွန်မလည်း ဇာတ်ရည် လည်တော့တယ်”

“ဘယ်လိုများ ဇာတ်ရည် လည်သွား ရတာလဲ ငါ့မြေးရဲ့”

“ဦးလေးထွန်းမြင့်က လူတစ်ယောက်ကို ပို့ပေးရင် ၁ နှစ်အတွက် ပွဲခ ၅ သောင်း ရတယ်လေ။ ကျွန်မ နေတဲ့အိမ်က လူများပြီး ပင်ပန်းလို့ သူ က ပွဲခ ၁ သိန်း ရတယ်လေ”

“ဗုဒ္ဓေါ၊ ထွန်းမြင့်ယူတဲ့ ပွဲခ များလှချည်လားအေ”

“ရန်ကုန်က ပွဲစားတွေနဲ့ စာရင် နည်းတာ ဘွားလေးရဲ့။ ရန်ကုန်က ပွဲစားတွေက အိမ်ဖော် တစ်ယောက်ကို ၃ လပဲ အာမခံပြီး ပွဲခ တစ်လစာ ၃၀၀၀၀ ယူတာတဲ့။ ၃ လ ပြည့်ရင် နောက်တစ်အိမ်ထပ် ပို့၊ ပွဲခ ၃ သောင်းထပ် ယူပေါ့ ဘွားလေးရယ်။ ကျွန်မ ကတော့ အဲဒီ ပွဲစားတွေနဲ့ မဆက်မိပါဘူး။ ဘေးအိမ်က အဒေါ်ကြီးက သူ့ညီမအိမ်ကို ပို့ပးတာ။ မိသားစု ၅ ယောက်ပဲ ရှိတယ်။ သဘောလည်းကောင်း မိသားစုလို ဆက်ဆံ တော့ ကျွန်မ ကံကောင်းသွား တာပေါ့ ဘွားလေးရဲ့”

ကဲ စဉ်းစား ကြည့်စမ်းပါဦး။ အရပ်ကတို့ရေ။ ကျုပ်တို့ ရွာသူလေးတွေခမျာ ထွန်းမြင့်လူလည် လုပ်သမျှ ခံရ နေရတာပါလား။ သူယူတဲ့ ပွဲခက တစ်ယောက် ၅ သောင်းထားဦး။ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ သာယာစု၊ ကြို့ဇလုပ်၊ ကြောင်ရေ၊ နောင်ဘို ရွာတွေက အပျိုပေါက်တွေကို သူ ရန်ကုန် ပို့ပေးတာ အယောက် ၂၀ ကျော်ရောပေါ့။ သင်း ၀င်ငွေဘယ်လောက် ရှိမလဲဆိုတာ တွက်ကြည့်လိုက်ဦး။ ဒါကြောင့်လည်း ကားလမ်း ဘေးမှာ ကုန်စုံဆိုင်ကြီး ဟည်းထနေအောင် တည်နိုင်တာကိုး။

ထွန်းမြင့်၊ ထွန်းမြင့်။ သင်းက ဒီရွာပေါက်၊ ဒီရွာမှာ ကြီးလာတဲ့ သူပေသိ “တစ်ရွာပေါက် တစ်ယောက်ထွန်း”ပဲ ပြောရမလား မသိဘူး။ ဘယ်ရွာသားမှ မလုပ်နိုင်တဲ့ အလုပ်ကို သင်း လုပ်နိုင်ခဲ့တာပေါ့။ ကြံပွဲစား၊ ပဲပွဲစား၊ စပါးပွဲစား၊ အမှုပွဲစား၊ လူပွဲစား အို တော်... စားလို့ရတာ မှန်သမျှ အကုန် ပွဲစား လုပ်တော့တာ ပါပဲ။ တကယ်ပြောတာ။ ကျုပ်ဖြင့် သူ့ရှေ့မှာဆို လေတောင် မလည်ရဲဘူး။ လေဖမ်းပြီး ပွဲစား လုပ်လိုက်မှာ စိုးလို့။

ကျုပ်တို့ တောသူ တောင်သားတွေဆိုတာ တကယ့် အရိုးခံတွေ။ မြို့ဆိုလို့  လယ်ဝေးလောက်သာ လည်လည်ဝယ်ဝယ် ရောက်ဖူးတာ။ ပျဉ်းမနားတောင် ၃၊ ၄ လနေမှ တစ်ခေါက်ရောက်တာ။ ရန်ကုန်ဆို ဝေးပေါ့။ ကျုပ်တို့ ရွာသူတွေကို အိမ်ဖော် လုပ်ဖို့ဆိုပြီး ရန်ကုန်ကို ပို့ပေးတာ သူပဲ။ စရိတ်ငြိမ်း ၃ သောင်းဆိုတော့ ရွာနီးချုပ် စပ်က အပျိုလေးတွေလည်း လိုက်ကြတာပေါ့။ နေပူစပ် ခါးမှာ မလုပ်ရဘဲ အရိပ်ထဲ မှာလည်း လုပ်ရသေး။ တစ် နှစ်တစ်ခေါက် အိမ်ပြန်လာရင် မိဘကို  ၂ သိန်းကျော် ကန်တော့နိုင်တော့ လိုက်ကြ တာပေါ့။ ဒါပေသိ ထွန်းမြင့်က ကြည့်ပျော်ရှုပျော် ချောတော မောတော အပျိုပေါက် ကလေးတွေကိုမှ ခေါ်တာ။ မည်းပိန်၊ စွေစောင်း၊ အကျည်းတန်မတွေကိုတော့ မခေါ်ပေါင်တော်။ တကတဲ အိမ်ဖော်သွားလုပ်ရမှာများ မင်းသမီး လုပ်မှာ ကျရောပဲ။ ဒါကြောင့်လည်း ကျုပ်တို့ ရွာက အချောအလှ ရှစ် ယောက် ပါသွားကြတာပေါ့။

“ကျွန်တော်က ကျွန်တော်တို့ နယ်သူလေးတွေ  အေးအေးသက်သာနဲ့ အရိပ် ထဲမှာပဲ အလုပ်လုပ်ရ၊ ၀င်ငွေ လည်းကောင်း ၊ မျက်စိပွင့်၊ နားပွင့်ရှိအောင် စေတနာနဲ့ အကျိုးဆောင် ပေးတာဗျ။ အိမ်ရှင်တွေ ပေးတဲ့ မုန့်ဖိုးကလည်း လမ်းစရိတ်လောက် ပဲ ရှိတာပါဗျာ”ဆိုတဲ့ ထွန်းမြင့် အပြောမှာ မျောပြီး ရွာနီး ချုပ်စပ်က မိဘတွေ၊ သမီး ချောတွေကို ထည့်ပေးလိုက် ကြတာ နည်းတာ မှတ်လို့လေ။ ထွန်းမြင့်ကိုလည်း ကျေးဇူးရှင်ကြီး ဆိုပြီး ခြံ ထွက်ယာထွက် ဦးဦးဖျားဖျား လေးတွေကို ပေးစားရတာလည်း မောလို့။ ဟုတ်တော့ ဟုတ်ပါတယ်လေ။ မိုးက ဖျက်၊ ပိုးကဖျက်၊ ဈေးက မကောင်းနဲ့ ကျုပ်တို့ တောင် သူတွေအဖို့ သူ့ကြောင့်သာ ငွေကြေးလေး ပိုပိုလျှံလျှံ ကိုင်ရတာ မဟုတ်လား။ ကျုပ်တို့ တောမှာဆို ၁ လ ၃ သောင်း ဘယ်မှာသွားရှာရ မလဲ လေ။

“ဘွားလေးရေ သွားပြီ”

“ဘွားလေး ကျန်းမာရေး ဂရုစိုက်နော်”

ကျွက်ကျွက် ညံနေတဲ့ အသံတွေကြားက ဖောက ထွက်လာတဲ့ ကျုပ်မြေးမလေး တွေအသံကြောင့် ကျုပ်လည်း တဘက်လေးကို ဝှေ့ယမ်းပြပြီး ၀င်းပေါက်က ပြေးထွက် ကြည့်မိတယ်။ ဒီနေ့တပေါင်း လပြည့်နေ့ ဆိုတော့ သူတို့ လေးတွေ ပြန်ကြပြီပေါ့။ သူတို့ အပြန်ကို လိုက်ပို့ကြတဲ့ မိဘ ဆွေမျိုးတွေကလည်း မှာတမ်းတွေခြွေ၊ စကားတွေ ဖောင်ဖွဲ့၊ ၀မ်းနည်းဝမ်းသာ မျက်နှာတွေနဲ့ ကားလမ်းအထိ လိုက်ပို့ ကြဦးမှာပေါ့။ ထုံးစံ အတိုင်း ထွန်းမြင့်က ကမ်းပါး နီထိပ်ကစောင့်၊ လယ်ဝေး- ရန်ကုန် ကားလာရင် တက်ကြ။ ကျန်ခဲ့တဲ့ မိသားစုတွေက မျက်ရည်တွေနဲ့ လက်ပြ နှုတ်ဆက်။ သူတို့မြင်ကွင်း ကနေ ကားလေးပျောက် ကွယ်သွားတဲ့ အထိ ကြည့်ပြီး မှ ရွာကို မိုးစုံးစုံး ချုပ်မှ ပြန်လာကြ ဦးမှာပေါ့လေ။ ဟဲ့ ဟဲ့ နေစမ်းပါဦး။ ဟိုကလေး မလေးက ဘယ်သူ့သမီး လေးပါလိမ့်။ နောက်တစ်ယောက် ထပ်ပါသွားပြန်ပြီ ထင်တယ်။ မေးစမ်းကြည့်ဦး မှပါပဲ။

“ဟဲ့ ဟဲ့ အောင်ထွေး လာစမ်း။ဟိုကလေးမလေးက ဘယ်သူ့ သမီးလေးလဲ”

“ရွာနောက်ထိပ်က အရီးစိုး သမီးလေ။ ၁၀ တန်း ၂ ခါ ကျထားတဲ့ ကောင်မလေးပေါ့”

“သြော်...သူလည်း ပါသွားတာကိုး။ ဒါနဲ့ နေစမ်းပါဦး။ နင်က နင့်ဆွေမျိုး မပါဘဲ ဘာလိုက် လုပ်တာလဲ”

“သူတို့၊ ကျုပ်တို့လို နေပူ စပ်ခါးမှာ အလုပ် မလုပ်ရဘဲ အေးအေးသက်သာနဲ့ ပိုက်ဆံတွေ အများကြီး ရမှာကို တွေးပြီးပျော်လို့ လိုက်လာ တာပေါ့ ဘွားလေးစိန်ရာ”

ဟွန်း သင်းက ပျော်တာထက် ကြွားချင် နေတဲ့ကောင်၊ ကျုပ်တို့ရွာက အပျိုတွေ ရန်ကုန်မြို့ကြီးမှာ ဘယ်လို နေရတယ်၊ ဘယ်လို စားရတယ်၊ အကောင်းစား အ၀တ်တွေ ၀တ်လာကြတယ် ဆိုပြီး နွား ကျောင်းရင်း တခြားရွာက လူတွေကို ကြွားနေကျ။ အဲ.. ဒါနဲ့ ဆယ်တန်း ၂ ခါကျထားတဲ့ ကောင်မလေးက ဘာလို့ များလိုက်သွားပါလိမ့်။ ၂ ခါ ကျဆိုတော့ စာကျေရောပေါ့။ ဒီနှစ်ဆို အောင်လောက်ရဲ့နဲ့။  အေးလေ...သူ့အမေ မိစိုးလည်း ပဲရှုံး၊ စပါးရှုံးနဲ့ အကြွေးတင်တယ် ဆိုတော့ သူ့သမီးကို ခိုင်းစားရတော့မှာ ပေါ့လေ။ ရုပ်ကလေး ချောသလို၊ ကိုယ်လုံးကလည်း လုံးကြီး ပေါက်လှလေး။ ဟိုကောင် ထွန်းမြင့်၊ မိသီတာ မလုပ်နိုင်လို့ ထွက်ခဲ့တဲ့ အိမ်ကို ပို့လိုက်ရင် သူ့ခမျာ ပင်ပန်းဦးမှာပဲ။ ဘုရားမလို့ တခြားကောင်းတဲ့ အိမ်လေး  ရောက်ပါစေ။

သြော်...မိသီတာတို့ အမေတွေခေတ်ကဆို ရွာမှာ ၄ တန်းအောင်လို့ လယ်ဝေးက ဆွေမျိုးနီးစပ်တွေ အိမ်မှာနေပြီး ကျောင်းတက်ပါရ စေလို့ ငိုယို ပြောတာတောင် ကျုပ်ညီမတွေ၊ မောင်တွေက မိန်းကလေး ဆိုတာ မိဘနဲ့ ရင်အုပ်မကွာ နေရတာ ဆိုပြီး ၄ တန်းနဲ့ ပညာရေးကို အဆက် ဖြတ်ချပစ်လိုက်တာပဲ။ အခု တော့ ကလေးတွေကို မိဝေးဖဝေး မမြင်ကွယ်ရာမှာ ပို့လွှတ်ကြတာ ခေတ်တွေ ပြောင်းလာလို့လား။ ဒါမှမဟုတ် ဟိုဟာက ပညာရေး၊ ဒါက စီးပွားရေး ဖြစ်နေလို့ လား။ ကျုပ်လည်း မတွေး တတ်တော့ပါဘူးတော်။

ဘာလိုလိုနဲ့ အချိန်တွေ အကုန် မြန်လိုက်တာ။ အခုဆို ကျုပ်မြေးလေးတွေ ရွာကို ၄ နှစ်မြောက် ပြန်လာကြတာ။ ဒီနေ့နဲ့ဆို ၅ ရက် ရှိပြီတော့။ ကျုပ်လည်း ကျုပ်မြေး လေးတွေ ကုသိုလ်ရအောင် သူတို့ လာကန်တော့တဲ့ မုန့်လေး၊ အချိုရည်ဘူးလေးနဲ့ အိမ်က ပဲလေးပါ လင်ပန်းနဲ့ ထည့်ပြီး ရွာဘုန်းကြီးကျောင်း သွားလှူမလို့လေ။  ကျုပ်တို့ ရွာကနေ အိမ်ဖော် သွားလုပ်ကြတဲ့ ကလေးမလေး အားလုံးကို ချီးကျူးမိပါရဲ့။ သူတို့ခမျာ သူစိမ်းအိမ်မှာ ဆိုးမျိုးမျိုးစုံ ခံပြီး မိဘတွေ ကို လုပ်ကျွေးပြုစု နေကြတာလေ။ ပြန်လာရင်လည်း အဆင် မပြေတာတွေ တစ်ခု မပြောဘူး။ မိဘတွေ စိတ်ချမ်းသာအောင် အဆင်ပြေ တာတွေပဲ ပြောကြတယ်လေ။ ကျုပ်မြေး သီတာကိုပဲ ကြည့်။ မနှစ်က ထွန်းမြင့် စကားစလို့သာ သူ ဆင်းရဲ ပင်ပန်းတာ ကျုပ်တို့ သိရတာ။ မဟုတ်လို့ကတော့ တစ်ခွန်းမှ ဟမှာ မဟုတ်ဘူး။ မနှစ်က လိုက်သွားတဲ့ မိစိုး သမီးလေးကိုကြည့်။ ဘယ်လောက် ကံကောင်းလဲ။ အိမ်ရှင်တွေက သဘော ကောင်းလိုက်တာ။

လုပ်အားခ အပြင် မုန့်ဖိုး ၂ သိန်း ပိုထည့်ပြီး ၅ သိန်း တောင် ပေးလိုက်တာတဲ့။ ဒီ သတင်းသာ ဘေးနားက ရွာတွေ ပျံ့သွားရင် ထွန်းမြင့်တို့ ဒီနှစ် လူတွေထပ် တိုးလာပြီး  ပွဲခတွေ ပိုရဦးမှာပေါ့တော်။ သြော်...ကျုပ်နှယ် အတွေး လွန်သွားလိုက်တာ ဘုန်းကြီး ကျောင်းသွားမယ့် လမ်းကိုတောင် ကျော်သွားပြီ။ ပြန် လှည့်ရဦးမယ်။ ဟဲ့ ဟိုရှေ့က  မိစိုးအိမ်မှာ လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ပါလား။ သွားမေး စမ်းကြည့်ဦးမှပါပဲ။

“အမလေး အေးအေးရေ၊ မိစိမ်းကားကြီးရဲ့။ အမေ တို့ကို ထားခဲ့ပြီလား”

အိမ်ထဲက အော်ဟစ် ငိုလိုက်တဲ့ အသံကြောင့် ကျုပ်လည်း လှူဖွယ် လင်ပန်းကို ယောင်ယမ်း ပစ်ချလိုက်ပြီး လူအုပ်ထဲ တိုးဝင်သွားလိုက် မိတယ်။ ဘုရား ဘုရား မိစိုး သမီးလေး အေးအေးမှ အေးအေး အစစ်ပဲ။ ခုတင်ပေါ်မှာ အသက် ကင်းမဲ့စွာ လဲလျောင်းနေတဲ့ ကောင်မလေး။ ငွေ ၅ သိန်း ပိုက်လာလို့ အပေါင်းအသင်းတွေ အားကျနေတဲ့ ကောင်မလေးလေ။ အဖေ လုပ်တဲ့သူက လက်သီး တင်းတင်းဆုပ်ပြီး သမီးဖြစ်တဲ့ သူကို တွေတွေကြီး ငုံ့စိုက် ကြည့်နေလေရဲ့။ အေးအေးရဲ့ မောင်လေးနဲ့ ညီမလေး နှစ်ယောက်က အေးအေးဘေးက ခုံတန်းလျား ပေါ်မှာ ထိုင်ပြီး ရှိုက်ကြီးတငင် ငိုနေကြ လေရဲ့။ မိစိုးကတော့ တကယ့်ကို ဆောက်တည်ရာမရ မယ်ပဋာ မြေလူး ဖြစ်နေပြီ။

အေးအေးရေ ညည်းလေးကရော တမလွန်က ဘယ်ဘ၀ကိုများ ခရီး ထွက်သွားပြီလဲကွယ်။ အိုတော် ကျုပ်မျက် ရည်တွေကလည်း တားမရ ဆီးမရပါလား။ ကျုပ်လည်း မနေသာတော့ပါဘူး။ ဖားလျား ကျနေတဲ့ မိစိုး ဆံပင်ကို ထုံးဖွဲ့ပေးပြီး ကျုပ် ပခုံးပေါ် တင်လာတဲ့ တဘက်လေးနဲ့ လျော့ရဲနေတဲ့ မိစိုး ထဘီကို တင်းတင်း ချည်ပေးလိုက်တယ်။ ကျုပ် ပါးစပ်က လည်း “ဘယ်လို ဖြစ်ရတာလဲ မိစိုးရယ်” “ဘယ်လို ဖြစ်ရတာလဲ မိစိုးရယ်”ဆိုပြီး တတွတ် တွတ် ရွတ်ဆို နေမိလေရဲ့။

“သမီးရေ..အေးအေး၊  အမေ မရှက်တော့ဘူး သမီးရဲ့။ သမီးလည်း မရှက်နဲ့နော်။ အမေ ရင်ဖွင့် လိုက်တော့မယ်။ အမေ့ကို ခွင့်လွှတ်နော်။ သေပြီးမှ အရှက် ခွဲတယ်လို့ အပြစ် မတင်နဲ့နော်။ ဒါမှ သမီး သူငယ်ချင်းတွေ သမီးလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရမှာပေါ့ သမီးရယ်။ ကျွန်မ သမီးလေး ကိုလေ အိမ်ရှင် ယောက်ျားက စော်ကားလိုက်လို့ ကိုယ်ဝန် ၃ လ ပါလာတယ်တော့”

ကြားလိုက်ရတဲ့ စကားကြောင့် သတင်း မေးသူတွေ အကုန်လုံး ပါးစပ် အဟောင်းသား ပွင့်ပြီး ကျောက်ရုပ်တွေလို ဖြစ်ကုန်ကြလေရဲ့။ ဒီ စကားက ကျုပ်တို့ တစ်ရွာလုံးကို နွေခေါင်ခေါင် မိုးကြိုး ပစ်ခံရတာထက် ပိုဆိုးနေပါ လား။
“ကျွန်မတို့လည်း ရှက်လွန်းလို့ မနေ့က ဟိုဘက်ရွာက လက်သည်ကို ခေါ်ပြီး ကလေး ဖျက်ချလိုက်တယ်။ ညကျ သွေးတွေသွန်၊ အဖျားတွေ တတ်ပြီး အခု မနက်လင်း အားကြီးမှာ အသက်ပါသွား တော့တာပါပဲ။ သမီးရေ အမေ့ကို စိတ်မဆိုးနဲ့ဟဲ့။ အမေ မခံစား နိုင်တော့လို့ပါ သမီးရဲ့ ဟဲ့ ဟဲ့...”

ကျုပ် ဒီအသံတွေကို ကြားနိုင်စွမ်း မရှိတော့လို့ လူ အုပ်ထဲကနေ တိုးထွက်လာ မိတယ်။ ကြည့်စမ်း အိမ်ရှင်တွေ ပိုပေးလိုက်တဲ့  ငွေ ၂ သိန်းက အေးအေးနဲ့ သူ့ဗိုက်ထဲက ကလေးရဲ့ အသက် ၂ ချောင်းဖိုးပါလား။ မတန် လိုက်လေခြင်း ကလေးတို့ရယ်။ ညည်းလေးသာ လမ်းသစ်အတိုင်း မသွားဘဲ လမ်း ဟောင်းလေးအတိုင်း ကျုပ်တို့ ရွာမှာပဲ လုပ်ကိုင်စားရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံနိုင်ပါဦးမ လား။ ညည်းလို အဖြစ်ဆိုးနဲ့ ကြုံတဲ့သူတွေ၊ လူမသိ သူ မသိ အဖျက်ဆီး ခံရတဲ့သူတွေ ဘယ်နှယောက်များ ရှိနေပြီ လဲကွယ်။ ဟော ဟိုရှေ့မှာ   ကျုပ် မြေးမလေး ၃ ယောက်  သတင်းကြားလို့ လိုက်လာ ကြတယ်ထင်ပါ့။ ကျုပ် မျက် လုံးမှာ ပြည့်နေတဲ့မျက်ရည် တွေကြောင့် ကျုပ်မြေးမလေး တွေ ပုံရိပ်က ဝေေ၀၀ါးဝါး ဖြစ်နေပြီ။ မဖြစ်ဘူး၊ မဖြစ် ဘူး။ မျက်ရည်တွေ သုတ်ပစ်မှ။ ကျုပ်အမြင်မှာ ကျုပ်မြေး မလေးတွေေ၀၀ါးလို့ မရဘူး။ အိုတော် ကျုပ် မျက်စိ အောက်ကနေ အပျောက်ခံလို့ ကို မဖြစ်တော့ပါဘူး။

“ဘွားလေးရေ၊ ဒီတစ် ခေါက်တော့ ကျုပ်တို့ရွာက အဲဒီ ၃ ယောက်ပဲ လိုက်ဖြစ် တော့တယ်”

ကျုပ်အိမ်ရှေ့က ဖြတ်ပြီး ထွက်သွားကြတဲ့ လူ ၇  ယောက်၊ ၈ ယောက်လောက် အုပ်စုကို ကြည့်လိုက်မိတယ်။ အရင်လို ကျွက်ကျွက်စီစီနဲ့ ဆူညံ မနေကြတော့ပါလား။ လိုက်ပို့ကြတဲ့ မိဘဆွေမျိုး မျက်နှာတွေကလည်း အရင်လို ၀မ်းနည်းဝမ်းသာမှုတွေ မရှိတော့ဘဲ စိုးရိမ်စိတ်တွေ ထင်နေကြပါရော့လား။ သွားမယ့်သူတွေ နားကပ်ပြီး တိုးတိုး ပြောဆိုနေကြသံ တော့ ကြားပါရဲ့။ အေး လေ...သူတို့မိဘတွေလည်း ကြွေးမြီလေး ရှိနေသေးတော့ ဇွတ်မှိတ်ပြီး ပြန်လွှတ်ကြရ ပေမယ့် စိုးရိမ်စိတ်ကတော့ ငယ်ထိပ် တက်နေမှာပဲလေ။ သမီးလေးတို့ရေ။ ညည်း တို့သွားတဲ့ လမ်းသစ်လေးမှာ ဆူးငြောင့်ရန်စွယ်တွေ ကင်းပါစေလို့ အဘွား ဆုတောင်းပါတယ်ကွယ်။

ကျုပ် သိနေပါတယ် လေ။ သူတို့လူစု ရွာအထွက် မြေလမ်းဘေး ရောက်ရင် စကားဆိုလို့ တီးတိုးသံနဲ့ တောင် ပြောကြတော့မှာ မဟုတ်ပါဘူး။ ဘယ်သူမှ မြေလမ်းဘေးကိုလည်း စောင်းငဲ့ကြည့်မယ် မထင်ပါ ဘူး။ မြေလမ်းဘေး ရွာသင်္ချိုင်းက အေးအေးရဲ့အုတ်ဂူလေးက အခုထိ ကောင်း ကောင်း မခြောက်သေးဘူး လေ။     
ငြိမ်းငယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီ ၂၀၁၁)

No comments:

Post a Comment