Pages

Tuesday 27 September 2011

ဂါဝန်နဲ့ သတို့ သမီးအတွက် ဆံပင်ရွေးချယ်မှု

မိန်းမသား တွေရဲ့ဘ၀မှာ တစ်သက် တစ်ခါသာ ယူရတဲ့ မင်္ဂလာပွဲ အတွက် အလှဆုံး ဖြစ်စေဖို့ ဆံပင် အလှ ပြင်ဆင်မှုကလည်း အရေး ပါလှပြန်ပါတယ်။ ဘာပဲပြောပြော ဒီပွဲမှာ အလှဆုံး ဖြစ်ချင်ကြတာ မ,သဘာဝ ဖြစ်သလို ပွဲရှင်ဖြစ်တဲ့ သတို့ သမီးလေးကလည်း တကယ့်ကို အလှဆုံး ဖြစ်နေရမှာပါ။ ကဲ ဘယ်လို လှအောင် လုပ်ကြမလဲ။ ဆံထုံး၊ ဆံပင် အလှ အပြင်အဆင် အတွက် ဘယ်လို ပြင်ဆင်ကြမလဲ။

လေ့လာ ကြည့်ရအောင်နော်။ အခုခေတ်မှာ အတွေ့ များလာတဲ့ ဂါဝန်နဲ့ သတို့သမီးလေးတွေ အတွက် ဆံပင် အပြင်အဆင်ပါ။ မျက်နှာ ပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ အကြမ်းဖျင်း ခွဲကြည့်မယ် ဆိုရင် မျက်နှာဝိုင်း၊ မျက်နှာချွန် (အသည်းပုံ မျက်နှာ) ဘဲဥပုံ မျက်နှာ၊ လေးထောင့် မျက်နှာ၊ မျက်နှာရှည် ဆိုပြီး ၅ မျိုး ထွက်ပါတယ်။

မျက်နှာဝိုင်းလေးတွေ အတွက်
မျက်နှာကို အပြောင်သိမ်းပြီး ဘေးခွဲ ပုံစံလေးနဲ့ လိုက်ဖက်တယ်။ အရှေ့ ကိုလည်း ဆံပင် ခပ်ဝဲ၀ဲလေး ချမယ်။ မျက်နှာဝိုင်းကို သွယ်တယ် ထင်ရအောင် ဆံထုံးကို မြင့်မြင့်လေး ထုံးမယ်။ အလိပ်လိပ် အခွေခွေလေး တွေနဲ့ပေါ့။ ဂါဝန်ပွဲ ဆိုတော့ ဆံပင်ကို မထုံးဖွဲ့ဘဲ ချမယ် ဆိုရင်လည်း ခပ်ရှည်ရှည် ၀ဲဝဲလေး ချရမှာပါ။
မျက်နှာလေးထောင့် ပိုင်ရှင်တွေ အတွက်

သူ့ရဲ့ အားနည်းချက်က မေးရိုးမှာပါ။ မေးရိုးကို ဖုံးဖို့အတွက် ဆံထုံး ထုံးသည့်တိုင်အောင် နားသယ်စပ်က ဆံပင်ကို ချပေးရပါမယ်။အဖြောင့်ဆိုရင် ခပ်ရှည်ရှည် ချပေးရမှာ ဖြစ်ပြီး အခွေခွေ အလိပ်လိပ်တွေနဲ့လည်း အလှ ဆင်နိုင်ပါတယ်။ သတိ ထားရမှာ တစ်ချက်က နဖူးပေါ် ဆံပင်အတိ လုံးဝမချရပါ။ ရှေ့ဆံမြိတ် များများ မချကြရပါဘူး။ ဘေးကို ခပ်ကျကျလေး ခွဲပြီး ဆံထုံး မြင့်မြင့်လေး ထုံးခြင်းဖြင့် လေးထောင့်ကျတဲ့ မျက်နှာကို ဖြေလို့ ရပါတယ်။
မျက်နှာချွန်(အသည်းပုံမျက်နှာ)အတွက်
ဒီမျက်နှာ ပိုင်ရှင်က နားထင်ပိုင်းမှာ ကျယ်ပါတယ်။ သူကျတော့ နားသယ်စပ်က ဆံပင်ကို သိမ်းပေးရမှာပါ။ ပြီးရင်တော့ ကြိုက်တဲ့ ဆံပင် ပုံစံကို ကြိုက်သလို ချိန်းလို့ရပါတယ်။ ဆံထုံး မြင့်မြင့်ကြီးလည်း မဟုတ် အရမ်းလည်း မနိမ့်လွန်းတဲ့ ပုံစံတွေနဲ့ လိုက်ဖက်ပါတယ်။
ဘဲဥပုံ မျက်နှာပိုင်ရှင် အတွက်
ဒီမျက်နှာကတော့ အလှဆုံး မျက်နှာ၊ ကံကောင်းတဲ့ မျက်နှာ ပိုင်ရှင်လေးပဲ။ သူ့ကိုတော့ ဘယ်လိုပုံစံ၊ ဘယ်လို ဆံထုံးနဲ့မဆို အလှဆင် ခြယ်မှုန်းလို့ ရပါတယ်။ ဆံထုံး ပြင်ဆင်ပေးရတဲ့ သူရဲ့ စိတ်ကြိုက်မျက်နှာပိုင်ရှင်ပါ။
ရှည်သော မျက်နှာပိုင်ရှင် အတွက်
Fancy ပုံစံတွေနဲ့ အလိုက်ဖက်ဆုံး မျက်နှာ ပိုင်ရှင်ပါ။ ဆံမြိတ်ကိုလည်း ချဖြစ်အောင် ချပေးရမှာပါ။ ရှည်သော မျက်နှာကို သက်သာစေရန် အတွက်ပါ။ ဆံထုံးကို ခပ်နိမ့်နိမ့် ထုံးပေးရပါမယ်။ အ၀ိုင်း၊ အခွေ၊ အလိပ်တွေနဲ့ ခြယ်သ ရမှာပါ။ စက်ဝိုင်းပုံစံ အပြင်အဆင်နဲ့ ခြယ်သ ရမှာပါ။
အခုခေတ်က ပိရိ သေသပ်တဲ့ ပုံစံကို မကြိုက်ကြတော့ပါဘူး။ ကပိုကရို၊ ဖိုးရိုးဖားရား ပုံစံတွေကိုပဲ ပိုနှစ်သက် လာကြပြီး Fancy ပန်းပွင့် အမွေး အတောင်တွေကို သုံးစွဲ လာကြပါတယ်။ ဂါဝန်နဲ့ သတို့သမီးတွေက အလှဆင်ဖို့ အကောင်းဆုံး သူတွေလို့ မိတ်ကပ် ပြင်ဆင်သူတွေက ဆိုကြပါတယ်။ လှပတင့် တယ် ကျက်သရေ ရှိတဲ့ သတို့သမီးလေးတွေ ဖြစ်ကြပါစေ။



သင်းပပ
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

No comments:

Post a Comment