Pages

Monday 26 September 2011

မင်္ဂလာပွဲ

“အဲဒီ မင်္ဂလာဆောင် ပွဲကြီးဟာလေ တကယ့်ကို တခမ်းတနားကြီးဟဲ့။ မမလေး ၀တ်ရမယ့် မင်္ဂလာ ၀တ်စုံဆိုတာက အံမယ် ပေါ့ပေါ့မှတ်လို့ ဒီဇိုင်နာ ဘယ်သူဆိုလား၊ အဲဒါနဲ့ ချုပ်ရတာ၊ တကယ့် ချိတ်ထမီ ကျနေရော။ ဒါပေမယ့် ချိတ်ထဘီ မဟုတ်ဘူးဟဲ့၊ ဆီးကွင့်တို့၊ ဖန်ချောင်းတို့၊ ကျောက်ပွင့်လေးတွေနဲ့ ဘယ်လို လုပ်ထား လဲတော့ မသိဘူး။ အင်္ကျီနဲ့ ထိုင်မသိမ်း ထဘီလို ဥစ္စာကလေ တစ်ပုံစံတည်းရယ်၊ လှလိုက်ချက်”

“ဟုတ်လား လှမှာပဲနော်၊ နင့်မမလေးကလည်း သိပ်ချော်တာဆို”

“အို အရုပ်ကလေးကျလို့ ချောလိုက်ချက်၊ မှုန်ဝင်းအိပြီးတော့ နုဖတ်နေတာဟဲ့၊ အစ်ကိုလေးကလည်း ချော့တာပဲ။ အိမ်ကို လာလာနေတုန်းကတည်းက မြင်ဖူးနေတာလေ။ အင်ဂျီနီယာကြီးတဲ့တော့် သိရဲ့လား။ အလုပ်က နိုင်ငံခြားမှာ လုပ်တာတဲ့၊ သူ့အမေ အဖေတွေကလဲ ချောတာပဲ။ ကားကြီးဆိုတာ လက်တောက်နေတာပဲ အကောင်းစားကြီးရယ်။ အစ်ကိုလေးတို့ လာတဲ့ အခါ စီးစီး လာကြတာလေ။

အိမ်ကကားကြီးကလည်း လှတာပါပဲ၊ ဒါပေမယ့် သူတို့ အိမ်က ကားကြီးက ပိုလှနေတာသိလား၊ အန်တီလေးဆိုတာ သူတို့လာကြပြီဆို ဖော်ဖော်ရွေရွေနဲ့ အရမ်း ဂရုစိုက်တာ။ သားမက်လောင်းလည် ဖြစ်တယ်၊ ခမည်းမမက်လောင်းတွေလည်း ဖြစ်ကြတာကိုး။ သူတို့ နေတဲ့ နေရာတော့ ရောက်ဖူးသေးပါဘူး။ သူတို့ လာတဲ့ အခါ ကားနားပြေးကပ်ပြီး သူတို့ ယူလာတဲ့ လက်ဆောင်ခြင်းတွေ ဘာတွေပြေးသယ် ကူရတာတို့လောက်ပဲ ရှိတာ။ အံမယ် လက်ဆောင်ခြင်း ဆိုလို့ ပေါ့ပေါ့ မမှတ်နဲ့ ခြင်းကို ရွှေရောင်နဲ့ ပတ်ထားတဲ့ ဥစ္စာ အထဲမှာလည်း အစုံပါတယ်။ တချို့ မုန့်ပုံးဆိုတာ ငါးသောင်းလောက် ရှိတာတဲ့။ အန်တီ လေးက ပြောပြတယ်လေ။ သူတို့ ပြန်သွားတဲ့ အခါ ခြင်းထဲက ဥစ္စာတွေ ထုတ်ကြည့်ရင်း ပြောပြတာ အဲသလို”

“ဟင် အဲလိုလည်း ရှိလား”

“ရှိတာပေါ့ ပိုက်ဆံ များများ မရှိရင် လက်ဆောင် မပေးရဘူး ဆိုရင်တော့ ငါတို့ တစ်သက် လက်ဆောင်လည်း ပေးကိန်း မရှိဘူး။ ရကိန်းလည်း မရှိဘူး”

“အဲသလိုတော့ မပြောပါနဲ့ဟယ်။ နင်မြို့က အပြန် ၀ယ်လာပေးတဲ့ အင်္ကျီစလေးနဲ့ နှုတ်ခမ်းနီဘူးလေးကလည်း ကောင်းနေတာပါပဲ၊ နင်ဟိုကို ပြန်တဲ့ အခါကျတော့လည်း ငါက သနပ်ခါးရယ်၊ ယပ်တောင် လှလှလေးရယ် ထည့်ပေးမှာ သိလား၊ ရန်ကုန်က ပူတယ်ဆို။ ငါပွဲဈေးက ၀ယ်တားတဲ့ ယပ်တောင်လေး ထည့်ပေးလိုက်မယ် သိလား။ လှတယ်ဟ ငါးရာပေးရတယ်”

“ရန်ကုန်အိမ်မှာ မပူပါဘူးဟယ်။ ငါနေတဲ့ အိမ်မှာ အဲယားကောင်းကြီး ရှိတယ်၊ အဲယားကောင်း ဆိုတာလေ အေးစက်လေ၊ သိရဲ့လား။ အခန်းတိုင်း ရှိတာ။ ခြံကြီးကလည်း ကျယ်ပါတယ်။ သစ်ပင်တွေလည်း ရှိပါတယ်။ အံမယ် ခြံထဲမှာ လူက လုပ်ယူထားတဲ့ ရေတံခွန်ငယ်လေးတို့၊ အဲဒီ ရေတံခွန်က နေပြီး ရှိနေတဲ့ ရေကန်ငယ်လေးမှာ ကြာပန်းတွေတောင် ရှိတယ်။ ကြာပန်းက အစစ်နော်၊ ခရမ်းရောင်တို့ ပန်းရောင်တို့တောင်ရှိသေး အစုံမှ အစုံ။ မြက်ခင်းကြီးလည်း ရှိသေးတယ်။ ငါတို့ဆီက စားကျက် မြက်ခင်းမျိုး မဟုတ်ဘူးနော်။ သေချာစိုက် ထားရတဲ့မြက်ခင်းမျိုး။ မြက်ရိတ်စက်နဲ့ ရိတ်ရတယ်လေ။ နုပြီး အိနေတာပဲ ခင်ထားရဲ့။ အဲဒီပေါ်မှာများ လှဲအိပ်လိုက်ရင် ကော်ဇောကြီးပေါ် လှဲလိုက်ရတာ ကျနေရော”

“မြက်တောင်စိုက်ပြီး အဲဒီမြက်ကို စက်နဲ့ပြန်ရိတ်တယ် ဟုတ်လား”

“အေး အဲသလိုပဲ လုပ်ကြတာပဲလေ။ ချမ်းသာတဲ့ အိမ်တွေဆိုရင် အဲသလို လုပ်တဲ့ မြက်ခင်းတွေ ရှိတဲ့ဟာ တွေချည်း တူနေကြတယ် ခင်ထားရဲ့”

“မိဥ နင်ပြောတဲ့ ဥစ္စာက ပျောက်နေပြီဟဲ့ မင်္ဂလာပွဲ ကြီးလေ”

“အို ငါကိုယ်တိုင်လိုက် မကြည့်ရပါဘူးဟယ်၊ ဒီဗီဒီ ချပ်ထဲက ဥစ္စာတွေပဲ ကြည့်ရတာပါ။ ဟိုမှာ မင်္ဂလာဆောင်တာတွေကို အချပ်ထဲ ထည့် ထားတာဟဲ့ အဲသလို။ ငါတို့ ရုံထဲမှာ ခွေကြည့်သလိုပေါ့ဟယ်။ အချပ် ခွေတွေလေ။ အဲသလိုဟာ ကြည့်ရတာပါ၊ ငါက အိမ်ဖော်ပဲ၊ ဟိုပွဲကြီးထဲ အထိတော့ ဘယ်လိုက် ကြည့်နိုင်ပါမလဲ။ အို စည်လိုက်တာမှ ၀က်ဝက်ကွဲပဲ။ ဟိုတယ်ကြီးမှာ ဆောင်တာလေ။ မမလေးတို့က ဟိုတယ်ကြီးကို ပိုင်တာ မဟုတ်လား။ ဟိုတယ်မှာ ဆောင်တာ၊ အဲသလို”

“ငါမြင်ချင်လိုက်တာဟယ်၊ အဲဒီ အချပ်လေး ငါ့ကို ယူလာပေးပါတော့။ ငါ့အိမ်မှာလည်း အောက်စက်လေးနဲ့ တီဗွီငယ်လေးတော့ ရှိပါတယ်ဟဲ့၊ ပိုက်ဆံစု ၀ယ်ထားတာလေ၊ နင်လည်း နင့်အိမ် အတွက် တီဗွီနဲ့ အောက်စက် ၀ယ်လာပေးတယ်ဆို”

“အေး အဲဒါ စက်ကင်းလို့ ခေါ်တယ်၊ ဈေးသက်သာတယ်။ အဲဒါဝယ်တာ အသစ် မဟုတ်ပါဘူးဟယ်။ တရား ခွေလေး ဘာလေး ဘွားဘွား နားထောင်နိုင်တာပေါ့။ ငတူး အတွက်ကျတော့ ကာတွန်း ကားရယ်၊ ဗမာ စာတန်းထိုး ကိုရီးယား ကားခွေတွေရယ် ၀ယ်လာတယ်။ ကိုရီးယား ခွေက မမရီ အတွက် သိရဲ့လား။ ငါလည်း ဟိုမှာ နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်တော့ လုပ်ဖြစ်မယ်။ ပြီးရင်တော့ ရွာပဲ ပြန်လာမှာလေ။ ပိုက်ဆံ စုနေတာပေါ့ဟာ၊ ငါ့လခ ကလည်း သုံးသောင်းတောင် ရတာ မဟုတ်လား၊ လုပ်ရတာလည်း တစ်နေကုန်ပါပဲဟယ်၊ အားလုံး လျှပ်စစ်နဲ့ လုပ်ရတာတွေ ဆိုပေမယ့် လူက အနား အနေရယ်လို့ သိပ်မရှိဘူးလေ။ ထမင်းချက်လည်း လျှပ်စစ်အိုးနဲ့ ချက်၊ ဟင်းချက်လည်း အဲသလိုပဲ၊ ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ရတာမျိုး သိလား။ ငါ့ကို ဒေါ်မြမြဆိုတဲ့ အဒေါ်ကြီးက ဘာလုပ်လိုက် မိဥရေဆို လုပ်ပေးရတာပေါ့။ ဒေါ်ကြီးမြမြက ထမင်းချက်လေ။

“သြော် ငါလည်း အဲသလို လုပ်ချင်လိုက်တာ ဟယ်... အဟုတ်”

“အဘ နေမကောင်းတဲ့ အချိန်ရွာကို ဒေါ်မိ ရောက်လာခိုက်မှာ အဲဒီအိမ်က သဘောလည်း ကောင်းတယ်၊ လူတွေကလည်း ချမ်းသာတယ်၊ လုပ်ကြည့်ပါလား ဆိုလို့ ငါ ရောက်သွားတာပါဟယ်။ ပိုက်ဆံတော့ စုနေတယ်။ အဘ နေကောင်းလာပြီ ဆိုကတည်းက...အဘကလည်း လစဉ် ပိုက်ဆံ မပို့နဲ့တော့ ဆိုတာနဲ့ မပို့ဖြစ်ဘဲ ဟိုမှာ စုထားတယ်။ နောက်ပြီးတော့ အဘဆီကို ဘဏ်ကနေ ငွေလွှဲပို့တော့မယ် ဆိုရင် အရင်ဆုံး ဖုန်းဆက်ရတယ်လေ။


ငါတို့ရွာက မမအိက မြို့ပေါ်မှာ ကျောင်းဆရာမ လုပ်တာဆိုတော့ ကျောင်းကို ဖုန်းလှမ်းဆက် ပြောပြထားနှင့် လိုက်တာပေါ့။ ငွေပို့ လိုက်ရင်လည်း ဆက်ထား လိုက်တာပဲ။ အဘ မြို့တက်ပြီး ဘဏ်မှာ ငွေထုတ်ဖြစ်တာပေါ့ဟယ်။ အခု အိမ်က စုထားတာလေးတွေရယ်၊ ငါ စုထားတာလေးတွေရယ်၊ မမရီ စက်ချုပ်ရင်း စုထားတာလေး တွေရယ်နဲ့ အိမ်တော့ ပြင်ပြီး သွားပြီလေ။ ငါလည်း စက်ချုပ်မယ်လို့ပဲ စိတ်ကူးတယ်။ စက်ဆိုင်လေး ဆောက်နိုင် အောင်ပိုက်ဆံ စုနေတာ။ စက်ဆိုင်လေးရယ်၊ ဘီရိုလေးရယ်၊ အပ်ချုပ်စက်ရယ်၊ မီးပူတိုက်ဖို့ ဥစ္စာတွေရယ်၊ ဘီတင် လိုက်ဖို့ ဥစ္စာတွေရယ်ပေါ့။ အဲဒါတွေ ရနိုင်အောင် ငါ နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်တော့ ပိုက်ဆံ ဆက်စုရဦးမှာပဲ။ မမရီလည်း စုနေတယ်လေ။ အဘ ရဲ့လယ်အလုပ်ကလည်း ရှိသေးတာ ဆိုတော့ စုဆောင်းမိ ကြရင် ငါတော့ ရွာပြန်လာမှာ။ စက်ဆိုတာကလည်း ငါ ချုပ်ဖို့က တစ်လုံး လိုသေးတယ် မဟုတ်လား။ အဲဒါ မမရီ စက်လေးလည်း အကောင်းစားထဲက တစ်လုံးလောက် ထပ်ဝယ်ဖြစ်ချင် သေးတယ်လေ”

“အေးလေ နင်က လိမ္မာတာကိုး”

“ထားပါတော့ဟယ် မင်္ဂလာပွဲ ကိစ္စ ဆက်ပြောပြမယ် သိလား။ သတို့သား၊ သတို့သမီးအရံ ဆိုတာက မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး နှစ်ယောက် ရှိရတာလေ။ အဲဒါ ဆင်တူ ၀တ်စုံနဲ့ သိလား။ ပန်းဗန်းကိုင်၊ လက်စွပ်ဗန်းကိုင်ဆို တာကျတော့လည်း ဆင်တူရယ်။ နင် သဘောပေါက်ရဲ့ လား။ သတို့သား၊ သတို့ သမီးအရံကျတော့ နှစ်စုံတွဲ ပေါ့နော်။ သူတို့ကျတော့ ဆင်တူဝတ်စုံ၊ မင်္ဂလာ ပန်းကုံးဗန်း ကိုင်နဲ့၊ မင်္ဂလာ လက်စွပ်ဗန်း ကိုင်ကျတော့လည်း မိန်း ကလေးနှစ်ယောက်၊ အဲဒါက နောက်ထပ် ဆင်တူဝတ်စုံ။ လှလိုက်ကြတာဟယ်၊ သူတို့ အ၀တ်တွေကလည်းလှ၊ သူတို့ တွေကလည်းလှ။ ရုပ်ရှင် မင်းသား မင်းသမီးတွေ ကျနေတာပဲ။ ပြီးတော့ မင်္ဂလာ သြဘာစာ ဖတ်တဲ့သူနဲ့ မင်္ဂလာ တေးတွေဆိုတဲ့ အဆိုတော် တွေနဲ့။ ပြီးတော့ သတို့သား သတို့သမီးတို့ လျှောက်လာ ကြရော။ လှလိုက်တာများ ဟယ်၊ သြော်... ပန်းကြဲတဲ့ မိန်းကလေး ဆိုတာ ရှိသေး တယ်။ သူက ၀တ်စုံတစ်မျိုး လေးနဲ့ဟဲ့။ ပုံစံလေးတွေက ချုပ်ထားတာ မတူဘူးပေါ့ ဟယ် အဲသလို...”

“မြင်ချင်လိုက်တာ ဟယ်”

“အံမယ်... သူတို့ပုံစံ လေးတွေကို ပလိုဂျက်တားနဲ့ အပြင်ခန်းဘက်မှာလည်း မမလေးနဲ့ အစ်ကိုလေးတို့ရဲ့ ပုံလေးတွေကို ပြနေတာ သိရဲ့လား။ အဲဒါတွေလည်း အချပ်ထဲမှာ ရိုက်ထည့်ထားတာ”

“ပလို့ဂျက်တား...၊ အဲဒါ ဘာလဲဟင်”

“ပလိုဂျက်တားပါ မိထားရယ်၊ မမလေးက ပြောပြလို့ မှတ်ထားတာ နည်း နည်းတော့ အသံလွဲမယ် ထင်တယ်။ ငါက အင်္ဂလိပ်လိုမှ သိပ်မပြောတတ်တာ ဥစ္စာ၊ ရုပ်ရှင်ပြစက် အသေးစားတဲ့ ဟဲ့ အဲသလို”

ဟင်းရည်အိုးအောက် မီးနည်းနည်း ထပ်ထည့်နိုင်ဖို့ ထင်းချောင်းစကို ထပ်ဖြည့်ထည့်ရင်း မိဥ ပြောသမျှကို ငေး၍ မိထား နားထောင် သည်။
“အခုလည်း ဒေါ်လေး သြက မမစံပု မင်္ဂလာပွဲကို လာပါလို့ စာရေးလာလို့ အဲဒီ စာပြပြီး ဒီကို ခွင့်တစ်ပတ်နဲ့ ပြန်လာရတာလေ။ မမလေးနဲ့ အစ်ကိုလေးတို့ကတော့ ဟားနီးမွန်းဆိုလား ခရီးသွားနေ ကြတာ ပြန်မလာသေးဘူး။ ချမ်းသာတဲ့ လူတွေက လက်ထပ်ပြီးရင်လည်း ပိုက်ဆံရှိတော့ ဟားနီးမွန်း ထွက်ကြရတယ်လေ။ အံမယ် ဟားနီးမွန်းတောင်မှ ဆွီဇာလန် ဆိုလား အဲဒီကို သွားတာ။ နိုင်ငံခြားထိ ဟားနီးမွန်း ကြတာ။ ပြန်လာရင် ငါ့ကို ဓာတ်ပုံပြ မယ်တဲ့။ အဲ... အချပ်ခွေလည်း ပြမှာတဲ့ သိလား”

မိဥ ပြောသမျှ မိထား ခေါင်းညိတ် နားထောင်နေရင်း ဟားနီးမွန်း ဆိုတာ ဘာပါလိမ့်ဟု တွေးနေသည်။ သိပ်တော့ နားမလည်ချင်။
ဟင်းရည်အိုးမှ မျှစ်ချဉ် ရနံ့ကဖြင့် မွှေးနေပြီ။

မဏ္ဍပ်ထိပ် အနီးရှိ မာလကာပင်မြင့်မှာ ချိတ်ထားသော လော်စပီကာကြီးဆီမှ သီချင်းသံတွေက မြိုင်နေပြီ။ ရောင်စုံ စက္ကူနှင့် ရောင်စုံ ဘောလုံးတွေ ချိတ်ထားရာ တာလပတ်မိုး မင်္ဂလာမဏ္ဍပ် ထဲမှာလည်း ရွာထဲက လူတွေ စပါးခွံခင်းထားသည့် အထက်မှာ ဖျာတွေ ထပ်ခင်းထားလျက် စားပွဲဝိုင်းတွေ ချထားရာ နေရာတွေမှာ လူပြည့်သလောက် ရှိနေပြီ။ စားပွဲဝိုင်း ပုထက်မှာ ချဉ်ရည်ဟင်း၊ ငါးခြောက်နိုင်နိုင်၊ ငရုတ်သီးနိုင်နိုင်၊ ဆီနိုင်နိုင်ဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကြော်ထားတာ အနေတော်ဖြင့် ရှိနေပါသည့် ဘာလချောင် စပ်စပ်ရွရွမွမွ လေး။ ကြက်သားဟင်း၊ ငါးဟင်း၊ ငါးပိကြော်နှင့် တို့စရာ၊ သခွား သုပ်တို့ဖြင့် ဟင်းပန်းကန် မောက်မောက်၊ ထမင်း ပန်းကန် မောက်မောက်ဖြင့် ရှိနေသည်။ လူတွေကလည်း မြိန်မြိန်ရှက်ရှက် ဟန်ပန် မပါ စကား ပြောလိုက်ရယ် မောလိုက်၊ သတို့သား မောင်ကျော်နှင့် သတို့သမီး မိစံပု တို့ကို နောက်လိုက်နှင့် ရှိနေ ကြသည်မှာ တစည်းတလုံး ဆန်သည်။ တစ်အိုးတည်း တစ်အိမ်တည်း ဆန်သည်။ ချိတ်ထဘီ၊ ရင်စေ့လက်ရှည် အ၀ါရောင် ဆင်တူလေးနှင့် သတို့သမီးသည် ဆံထုံးလေး ပုံ့ပုံ့ထုံးကာ ခြံထွက် နှင်းဆီဝါတွေ ပန်ထားသည်။ သတို့ သားကျတော့လည်း ဆိတ်ခွံ ပုဆိုးကွက်စိပ်၊ အဖြူရောင် ရှပ်လက်ရှည်ထက်မှာ တိုက်ပုံ နဲ့သာရောင်ဖြင့် ရှိနေ၏။ သတို့သမီးမျက်နှာထက်မှာ သနပ်ခါး တင်ထားလျက် ပေါင်ဒါလေး ဖို့ထားသည်။ နှုတ်ခမ်းနီ ပြေပြေလေး ဆိုးထားသည်။ အိမ်မှာ သတို့ သမီး၏ အစ်မက သနပ်ခါး သွေးပေး၊ လူးပေးနှင့် ရှိနေခဲ့ တာကို သတို့သမီးခမျာ ကိုယ့် ဘာသာ ယူလူးလို့နေခဲ့တာ တွေကိုလည်း ရယ်စရာလုပ် ၍ ပြောကြဆိုကြနှင့် မဏ္ဍပ်ထောင့်မှ အပျို တစ်သိုက်နှင့် သတို့သမီးအစ်မ မစံကျော့တို့ ၀ိုင်းမှာ စကားသံ ရယ်သံ စည်နေသည်။ တွံတေးသိန်း တန်သီချင်းတွေကတော့ တစ် ပုဒ်ပြီးတစ်ပုဒ် မြိုင်နေသည်။

မနက်က မင်္ဂလာ ဆွမ်းကပ်သည်။ ရွာကျောင်းထိုင် ဆရာတော်ကြီးကိုပင့်ကာ သံဃာကုန် မင်္ဂလာဆွမ်းဆက် ကပ်ခဲ့ပြီးပြီ။
ဆရာတော်ကြီးနှင့် သံဃာတော်များကို ရွာမှ ဖိုးတုတ်က သူ့ဟိုင်းလတ်ကား လေးဖြင့် ပင့်လာသည်။ ဖိုးတုတ်၏ ကားက ရွာနှင့်မြို့ကို လိုင်းဆွဲနေသည့်ကား။ ဤ တစ်နေ့တော့ မိစံပု မင်္ဂလာပွဲရှိတာမို့ လိုင်းခရီးစဉ် ဖျက်သည်။

တစ်ရွာလုံး ပျော်နေကြသည်ပါပဲ။ မင်္ဂလာ လက်ဖွဲ့ ထုပ်တွေကလည်း တတ်နိုင်ရာရာ ပါလာကြသည်။ တချို့ ကျတော့လည်း စာအိတ်ထဲ ပိုက်ဆံထည့်ကာ မင်္ဂလာ မောင်နှံရှေ့ရှိ ငွေဖလားကြီးထဲ မင်္ဂလာ လက်ဖွဲ့ငွေကို ထည့်ကြသည်။ နှစ်ဖက်မိဘ ဆိုတာကလည်း တပျော်ပျော်၊ လိုအပ်တာ မဟာရအောင် လိုက်၍ကြည့်ကြ။ ထမင်း ဖြည့်ပါဟဲ့၊ ဟင်းဖြည့်ပါဟဲ့ နှင့် လှမ်းပြောလိုက်ကြ။ ဟင်းချိုင့် လက်ဆွဲကြီး ဆွဲထားပါသည့် လူငယ်၊ အပျို ရွယ်တို့ကလည်း ထမင်း လိုက်ပွဲ၊ ဟင်း လိုက်ပွဲဖြည့် နေကြရင်း လက်မလည်နိုင်။ စားကြသည်ကလည်း အား ပါးတရ။ ပြောကြသည်က လည်း တပျော်ပျော်။

သတို့သမီး၊ သတို့သား ကို လာစမ်းပါဦး ဒီကို ဟု လှမ်းအော်ခေါ်သူ နောက်သူ ကလည်း ရှိနှင့်။ မင်္ဂလာ မဏ္ဍပ်သည် ဟန်ပန်မထည် ဘဲ အားလုံး ကြည်စင်ပျော် ရွှင်နေကြခြင်းဖြင့် ပြည့်ဝနေ သည်။ ဟင်းလိုက်ပွဲ ကြွေရည်သုတ် လက်ဆွဲချိုင့်လုံးကြီးကို ကိုင်လျက် ဟင်းခပ်ဇွန်းကြီး ချိုင့်ထဲ ထောင်နှစ်ထားရင်း အလုပ်များနေသည့်အထဲမှာ မိဥလည်း ပါသည်။ အမေ ဘက်ကတော်သည့် အမေ့ ညီမ တစ်ဝမ်းကွဲ၏သမီး မိစံပု ဆိုတာက မိဥထက် တစ်နှစ် ကျော်လောက်ကြီးသည်။ မိစံပု လက်ထပ်တာမို့ မိဥကို လည်း ဟေ့ ဘယ်တော့လဲ ဆိုသည့် နောက်နေသံ ချစ် စနိုးလေးတွေကိုလည်း မိဥ ဤနေ့မှာ အတော်လေး လက်ခံ ရင်ဆိုင်နေရရင်း ရယ်မော ခြင်းဖြင့် တုံ့ပြန်နေရသည်က ပျော်စရာ တစ်မျိုးပင် ဖြစ်နေ သေးသည်။

“ဟယ်... ခုမှသတိရတယ်၊ နင့်မမလေး မင်္ဂလာ ဆောင်တဲ့ ဟိုတယ်ကြီးက အရမ်းကြီးကျယ်မှာ၊ သူတို့က ဆွီဇာလန်ကြီးကိုတောင် ဟား နီးမွန်းကြတာ၊ ဒီတော့ သူတို့ ဘာကျွေးကြလဲဟင်၊ မင်္ဂလာ ပွဲမှာလေ”

ဝင်လာသူ၊ သတို့သမီး သတို့သားကို နှုတ်ဆက်သွား ကြ ပြန်ကြသူ၊ ထမင်းဝိုင်းမှာ အားပါးတရ စားသောက်နေ ကြသူ၊ မဏ္ဍပ်နောက်ဘက်မှာ ကလေးအုပ် အတွက် ထမင်းပွဲ ပြင်ထားပေးကာ စားပွဲဝိုင်းတွေမှာ ကလေးတွေ အုပ်စု အုပ်စု၊ ဟင်းဖတ်လု ထမင်းပွဲ ထည့်နှင့် ဝေစည်နေကြလေ သမျှကို ကြည့်နေရာမှ သတိ ရသလို ကောက်ကာငင်ကာ မေးလာသည်က မိထားပါ။ မိထားလက်ထဲမှာ ဆီနိုင်နိုင်ဖြင့် ကြက်သားဟင်းလိုက်ပွဲ ကြွေရည်သုတ် ဟင်းလိုက်ပွဲ ချိုင့်ကြီး ရှိနေသည်။

မိဥ တစ်ချက်လှမ်း ကြည့်လာရင်းမှ တွေခနဲဖြစ် ၏။ ခုမှ မိဥလည်း ဒါကို စဉ်းစားမိသည်။ ရှေ့ဆီမှ ထမင်းစားပွဲဝိုင်းကြီးမှာ မျှစ် ချဉ်ချဉ်ရည်ဟင်း၊ ကြက် သားဟင်း၊ ငါးဟင်း၊ ငါးမုန့် ခြောက်ကြော်၊ ဘာလချောင်ကြော်၊ ငါးပိကြော်နှင့် တို့စရာ အမယ်စုံ အရွက်စိမ်းနှင့် သခွား သီးစိတ်တို့ဖြင့် ဖွယ်ဖွယ်ရာ ရာရှိလှပါသည့် ထမင်းပွဲကို ငေးကြည့်မိ၏။

စားသူကလည်း ဟန် ကြီးပန်ကြီး မရှိကြ။ ချဉ်ရည် ဟန်းခပ်သောက်သူကသောက်၊ ဆမ်းသူဆမ်း၊ ကြက်သား ဖတ်ကိုက်သူက ကိုက်၊ ငါးပိ ကြော်နှိုက်သူက နှိုက်၊ သခွား သီးမြုပ်သူက မြုပ်၍ ထမင်း လုတ်ကို အရသာ ခံ၍ ၀ါးသူ က၀ါး၊ စကားပြောလိုက် စား လိုက်နှင့် ထမင်းဝိုင်းရှိလူကို စကားဖြင့် ဝေစည်အောင် ထိန်းသူက ထိန်း၊ ပျော်စရာ့ မြင်ကွင်း။ စားနေကြသည်ကလည်း မြိန်စဖွယ့်မြင်ကွင်း။ ဟင်းတွေကလည်း တကယ့် ကို သွားရည်ယိုစဖွယ့်ဟင်း။

“မိဥ ဘာငေးနေတာ လဲ၊ အဲသလောက်ကြီးကျယ်တဲ့ မင်္ဂလာဆောင်ပွဲကြီးမှာ ဘယ်လိုဟာတွေများ ကျွေး လိုက်မလဲဟယ်၊ ငါဖြင့် စား ကြည့်ချင်လိုက်တာ အဟုတ်”

ဧည့်သည်တွေစဲမှ ထမင်းစားကြမည့် သူတွေထဲ မှာ မိဥနှင့် မိထားတို့လည်း ပါသည်။ လောလောဆယ်မှာ ဧည့်ဝတ်ပြုကြဖို့ လိုသည်ကိုး လေ။
ဝမ်းထဲ ဆာသလိုလိုရှိ နေခိုက်ပေမို့ မိထား၏ အမေးသည် ဟိုတယ်ကြီး တစ်ခုရှိ မင်္ဂလာပွဲဆီမှ စားစရာတွေကို အတွေးဖြင့် မှန်းကာ အားကျ သွားရည်သိမ်းချင်သံလေးဖြင့် မေးလာခြင်း။

“မိဥ ပြောပြလေဟယ်၊ ဘာကျွေးသလဲလို့”

မိထား အမေးကို ဖြေရ မည့် မိဥ ကိုယ်တိုင် ခုမှ နှုတ်တွန့် နေရမှန်း နားလည်လာသည်။
“ရေခဲမုန့်နဲ့ အအေး၊ ကော်ဖီ၊ လက်ဖက်ရည်...”
မိဥ၏ ဖြေသံသည် ထမင်းဝိုင်းဆီမှ ရယ်မောပြော ဆိုသံများကြားထဲမှာ တိုးတိမ် တိမ်မျှသာ ပေါ်လာချေ သတည်း။

မျှဝေ ခံစားခြင်း များစွာဖြင့်
           မဟူရာ (လွိုင်ကော်)

No comments:

Post a Comment