Pages

Tuesday 27 September 2011

ရွာ့ ဧကရီ ဒေါ်ထွေးကြည်

နံနက် စောစောစီးစီး ကျွန်တော့်အိမ် ခြံဝကို အငှားယာဉ် တစ်စီး ဆိုက်လာသည်။
ကျွန်တော် မသိ၊ မမှတ်မိသည့် အသက် ခြောက်ဆယ်ကျော် အရွယ် ခရီးသည် အမျိုးသမီးကြီး တစ်ယောက် အငှား ယာဉ်ပေါ်က ဆင်းသည်။ ခရီး ဆောင်အိတ်တွေ၊ ၀န်စည်စလွယ် တွေနှင့် အတူ အသက် နှစ်ဆယ်ကျော် အရွယ် အမျိုးသမီးငယ် တစ်ယောက်လည်း ကားပေါ်က ဆင်းသည်။ ကျွန်တော့်အိမ်ကို လာသည့် ဧည့်သည်တွေ ဆိုတာကတော့ သေချာသည်။

“သင်္ဘောသား ဦးမောင်စိုးတို့ အိမ်လား”

ကျွန်တော်က ဟုတ်မှန်ကြောင်း ပြောပြီး ခြံတံခါး ဖွင့်ပေးလိုက်သည်။ ကျွန်တော့်အိမ်ကို လာကြသည့် ဘုရားဖူး ဧည့်သည် ဆေးကု ဧည့်သည်တွေသည် ကျွန်တော့်ဘက်က ဆွေမျိုးတော်သည့် ဧည့်သည်နှင့် ကျွန်တော့် ဇနီးဘက်က တော်သည့် ဧည့်သည်နှစ်မျိုး ရှိသည်။ ဒါပေမယ့် ခက်တာက ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က မောင်နှမ တော်နေပြန်တော့ သူ့ဧည့်သည် ကိုယ့်ဧည့်သည် ခွဲရ ခက်နေသည်။

“မောင်စိုး မဟုတ်လား။ ကြည့်နေလိုက်တာ ငါ့ကို မမှတ်မိဘူးလား”

“မမှတ်မိလို့ သေချာအောင် ကြည့်နေတာ”

“မကျည်းတောရွာက ဒေါ်ထွေးကြည်လေ”

“သြော်... မထွေးကြည်ပါလား”

မကျည်းတောရွာက ဒေါ်ထွေးကြည် ဆိုတာ သိသွားတော့ ခရီးဆောင် အိတ်တွေနှင့် ၀န်စည် စလွယ်တွေကို ကူသယ်ရင်း အိမ်ထဲသွင်း ကြိုဆို လိုက်ရတော့သည်။ မကျည်းတောရွာက ဒေါ်ထွေးကြည်သည် ကျွန်တော့် ဧည့်သည်လည်း မဟုတ်၊ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်၏ ဧည့်သည်လည်း မဟုတ်။ သို့သော် ကျွန်တော်နှင့် ဘယ်လို ပတ်သက်နေတယ် ဆိုတာကို နောက်မှ ပြောပြပါမည်။

“မျက်စိတစ်ဖက်က ရေတိမ်လို့ပြောတာပဲကွယ်။ တဖြည်းဖြည်း မှုန်လာတယ်။ မနာမကိုက်ရင်တော့ ဒီအတိုင်း ထားမလို့ဘဲ၊ ကိုက်လို့ မနေ နိုင်တာနဲ့ လာခဲ့ရတယ်”

မျက်စိကို ခွဲစိတ်ကုသခံ ရန်လာသည့် ဆေးကုဧည့်သည် ဖြစ်သည်။ ဆေးကုဧည့် သည်ပဲဖြစ်ဖြစ်၊ ဘုရားဖူး ဧည့်သည်ပဲ ဖြစ်ဖြစ် ကိုယ့်အိမ်မှာ တည်းခိုဖို့ လာသည့် မကျည်း တောရွာက ဧည့်သည်ကို ဧည့်ဝတ် ကျေပွန်စွာ လက်ခံစောင့် ရှောက်ရမည် ဖြစ်သည်။ မကျည်းတော ရွာသည်ပင် ကျွန်တော့် ရွာမဟုတ်၊ ကျွန်တော့် ဦးလေးဆေးဆရာ (ဓာတ်၊ ဗိန္ဓော၊ ပယောဂ အထူးကုသမားတော်) ရဟန်း လူထွက် အခြေချ နေထိုင်သည့် ရွာဖြစ်သည်။ ဒါသည်ပင် ဒေါ်ထွေးကြည်နှင့် ကျွန်တော် ပတ်သက်ရသည့် အကြောင်း ဖြစ်သည်။ ဒီအကြောင်း အကျယ်ကို နောက်မှ ပြောပါမည်။ ကျွန်တော်က ကိန္နရီ ချောင်းရွာသား ဖြစ်သည်။

မထွေးကြည် (ဒေါ်ထွေးကြည်) မျက်စိခွဲစိတ် ကုသမှု ခံယူရန်လာသည် ဆိုသည့်အတွက် ကျွန်တော့် အိမ်မှာ အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်ကြာအောင် နေရ တော့မည်ဖြစ်သည်။ ရပ်အကြောင်း၊ ရွာအကြောင်း ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောကြရတော့မည် ဖြစ်သည်။ မထွေးကြည်နှင့် ကျွန်တော်သည် သက်တူ ရွယ်တူဖြစ်သည်။ ကျွန်တော့် အသက် ခြောက်ဆယ်ကျော်ပြီ ဖြစ်လို့ မထွေးကြည်လည်း ခြောက်ဆယ်ကျော်ပြီ ဖြစ်သည်။ မထွေးကြည်နှင့် ကျွန်တော် မတူသည့် အချက်တွေ အများ ကြီးရှိသည်။ ကျွန်တော်သည် ကိန္နရီ ချောင်းရွာမှာ မွေးပြီး ရန်ကုန်မြို့မှာ ကြီးခဲ့သည်။ ဘ၀မျိုးစုံကို တွေ့ကြုံဖြတ် သန်းခဲ့သည်။ တရားဝင် ဇနီး ဒေါ်ဖြူတုတ်နှင့် တစ်ခါသာ လက်ထပ် ဖူးသော်လည်း ပြည်တွင်းနှင့် ပြည်ပမှာ မိန်းမ မျိုးစုံနှင့် တွေ့ကြုံ ဆက်ဆံဖူးသည်။ မထွေးကြည်ကတော့ ကျွန်တော့်ဦးလေး ဆေးဆရာကြီး နေထိုင်ရာ မကျည်း တောရွာမှာ မွေးပြီး မကျည်း တောရွာမှာပဲ နေထိုင်သည်။ မကျည်းတောရွာမှာပဲ သေမည့် အပျိုကြီး။ အငြိမ်းစား မူလတန်း ကျောင်းအုပ် ဆရာမကြီး ဖြစ်သည်။

မထွေးကြည်၏ ငယ်ဘ၀ကို ကျွန်တော် အပါအ၀င် ဒေသခံ လူငယ် မောင်မယ်တွေ အတုယူ အားကျခဲ့ရသည်။ မထွေးကြည်သည် သာမန် လယ်သမားသမီး ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်လောက်ကပင် ဆယ်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်သွားခဲ့သူ ဖြစ်လို့ ထင်ပေါ်ကျော်ကြား လူကြိုက်သူ များခဲ့သူဖြစ်သည်။ အဲဒီ ခေတ်အခါက ကျွန်တော်တို့ အရပ် ဒေသမှာ ဆယ်နှစ်ကြာ လို့မှ ဆယ်တန်းအောင်သူ တစ်ယောက် မပေါ်ပေါက်နိုင် သည့်ကာလ ဖြစ်သည်။ မကျည်းတော ရွာက မထွေးကြည် ဆယ်တန်းအောင်သွား ပြီဆိုသည့် သတင်းသည် မကျည်း တောရွာမှာ သာမက ကိန်္နရီချောင်း၊ သဖန်းကုန်း၊ ပုန်းညက်ပင်၊ စေတီကွင်း၊ သဲတောကွင်း၊ ကညင်ကုန်း၊ ညောင်ပင်ကွင်း၊ ကြာညိုတော၊ ဆူးပုတ်ကုန်း စသည့် ရွာတွေက ပြည်တော်သာ ခေတ် ၇ တန်းကိုပင် မအောင်နိုင်သူ လူငယ်တွေ ကြားမှာ မထွေးကြည် စူပါစတား ဖြစ်ခဲ့တာကို မှတ်မိ သေးတော့သည်။

အဲဒီတုန်းက ကျွန်တော်က ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ဖြင့် ဘုန်းကြီးကျောင်း ပညာတွေကို သင်ယူနေသူ ဖြစ်လို့ ဒေသခံ လူငယ်တွေလို မခံစားရ၊ ချိုးဖဲ့နှိမ်ချ  အပြောမခံရ၊ ကဲ့ရဲ့ခံရခြင်းမှ လွတ်ကင်း နေခဲ့သည်။ “မကျည်း တောရွာက ထွေးကြည်မ ကတော့ ကျောင်းဆရာမ ဖြစ်ဖို့ သေချာသွားပြီ။ မြို့အုပ်ကတော်၊ ၀န်ထောက်ကတော် ဖြစ်သွားနိုင်တယ်။ နင်တို့ကတော့ ကောက်စိုက်သမ ဘ၀နဲ့ ဒီရွာက ခြေသလုံး ရွှံ့ပေနေတဲ့ ကျောပြောင်ပြောင် အကောင်တွေကိုပဲ လင်လုပ်ကြပေါ့”

ပတ်ဝန်းကျင် ရွာတွေက ကွမ်းတောင်ကိုင် အပါအ၀င် အပျိုတွေကို မိဘတွေက ရွဲ့ပြောကြသည့် စကားဖြစ်သည်။ မိမိတို့ တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် ပညာ သင်ပေးပါလျက် ကိုယ့်သမီးတွေက မထွေးကြည်လို အဖြစ် မစွံသည့် အခါ အားမလို အားမရဖြစ်ပြီး ပြောကြတာ ဖြစ်သည်။ “မိထွေးကြည်က မစ်ထ ရက်ကူလေးရှင်း အောင်သွားပြီ ဆိုတော့ ဒီအရပ်ဒေသက ဆေးတံကိုက်ပြီး နွားနောက်က လိုက်နေတဲ့ ကာလသား တွေကို စိတ်ကူးထဲတောင် ထည့်မှာ မဟုတ်တော့ဘူး။ ယူနီဗာစီတီ ကောလိပ် ကျောင်းသားတွေထဲက ကြိုက်တဲ့သူကို ယူလို့ရပြီ”

ကာလသား ခေါင်းဆောင် ထွန်းမောင်၏ မိဘတွေ အပါအ၀င် ပတ်ဝန်းကျင် ဒေသက လူပျိုတွေရဲ့ မိဘတွေက ပြောကြတာ ဖြစ်သည်။ မိမိတို့ သားတွေကို ကျောင်းထား ပေးနိုင်ပါလျက် သားတွေက ၇ တန်းကိုတောင် မအောင်နိုင်လို့ ကျောင်းကထွက်ပြီး လယ်ထွန် နေကြတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ပြောကြတာ ဖြစ်သည်။

အဲဒီ စကားတွေနှင့် ရပ်ရွာက ချီးကျူး ဂုဏ်ပြုကြတာ တွေဟာ မထွေးကြည်ရဲ့ အနာဂတ်ဘ၀ကို အကြီးအကျယ် ထိခိုက် ပြောင်းလဲစေခဲ့ သည်ဆိုတာ နောင်နှစ်ပေါင်း ငါးဆယ်ခန့် ကြာမှ သိလာကြသည်။ ကျွန်တော်တောင် အခုမှ သိတော့သည်။ မထွေးကြည် မြို့ကို သွားပြီး ဆယ်တန်း အောင်စာရင်း ကြည့်ဖို့ သွားကတည်းက ရွာဦးကျောင်း ဆရာတော် အပါအ၀င် ရပ်ရွာက နားစွင့် နေခဲ့ကြသည်။ ဆယ်တန်း အောင်စာရင်း ထွက်တာကို ကြည့်ဖို့ မထွေးကြည်ကို နွားလှည်းဖြင့် တင်ခေါ်ပြီး မိုင်သုံးဆယ် အဝေးမှာ ရှိသည့် မြို့ကို သွားခဲ့ကြသည်။

မထွေးကြည် ဆယ်တန်း စာမေးပွဲ အောင်သည်ဆိုသည့် သတင်းကို နွားလှည်းဖြင့် ပြန်ပို့ပါက ကြာနေမည် ဖြစ်လို့ ဘိုင်စကယ်စီး အမြန် ဆက်သား တစ်ယောက်ကို လွှတ်ပြီး ရွာကို အကြောင်းကြား အသိ ပေးခဲ့သည်။ အဲဒီမှာ ရွာဦးကျောင်း ဆရာတော်က အုန်းမောင်းခေါက်ပြီး အရေးပေါ် လူစုသည်။ ကျောင်းဒကာကြီးတွေ ကျောင်းကို ပြေးသွားခဲ့ရသည်။

“ဒီကိစ္စကို ပေါ့သေးသေး လုပ်လို့ မရဘူး။ ထွေးကြည်မ အပြန်ကို ရွာက ထိုက်ထိုက်တန်တန် ဂုဏ်ပြု ကြိုဆိုကြရမယ်။ ငါကိုယ်တိုင် ဦးဆောင်ပြီး ရွာထိပ်က ကြိုမယ်”

ဆရာတော် ကိုယ်တိုင် ရွာထိပ်က ကြိုမယ်ဆိုတော့ မြို့က ပြန်လာသည့် မထွေးကြည်တို့ လှည်း ရွာကို ရောက်မလာမီ ကြိုဆိုရေး အတွက် ကမန်းကတန်း ပြင်ဆင်ကြရ တော့သည်။ ဆရာတော် အတွက် လှည်းတစ်စီးနှင့် မထွေးကြည်ကို လွှဲပြောင်း တင်ဆောင်ယူမည့် အထူး လှည်းကိုလည်း ပြင်ဆင်ကြရ တော့သည်။

ဆရာတော် လိုက်ပါမည့် လှည်းပေါ်မှာ ကော်ဇော ခင်းရသည့် အပြင် ယာယီ ပေါင်းမိုးပါ လုပ်ကြရသည်။ မြို့က နံနက်စောစော ထွက်လာသည့် မထွေးကြည်တို့ လှည်းသည် မကျည်းတော ရွာကို ညနေ ၄ နာရီ မထိုးမီ ရောက်လာနိုင်သည်။ ဆရာတော်ကို နေမပူအောင် လှည်းပေါ်မှာ အမိုး တင်ရသည်။ မြို့ကလာသည့် လှည်း ကြမ်းပေါ်က မထွေးကြည်ကို လွှဲပြောင်း လက်ခံယူမည့် အထူး လှည်းကိုမူ ကော်ဇော ခင်းသော်လည်း အမိုး ဖွင့်ထား ရမည်ဟု ဆရာတော်က မိန့်သည်။ လှည်းဘေးက လက် ရန်းတိုင်တွေမှာ ပန်းစက္ကူ ရောင်စုံတွေနှင့် အရွက်လှ၊ အပွင့်လှပန်းရောင်စုံတွေ ချိတ် ဆွဲဆင်မြန်းထားရမည်။ မထွေးကြည် ဆောင်းဖို့ ငွေရိုးတပ် ပုသိမ်ထီး တစ်လက် အသင့် တင်ထားရန် ဆရာတော်က မိန့်သည်။

လှည်းဆွဲကြမည့် နွားထီးကြီး လေးကောင်ကိုလည်း ကကြိုး တန်ဆာတွေ ဆင်ပြီးမှ လှည်းထမ်းပိုးမှာ တပ်စေသည်။ နွားကြီးလေးကောင် ကလည်း အရေးကြီး ပုဂ္ဂိုလ်ကို ကြိုဆိုမည့် အထူး တာဝန်ကို ထမ်းဆောင်ရ တော့မည် ဆိုပြီး နတ်မြင်းပျံတွေလို မြူးကြွနေကြသည်။ အခုမှ တစ်ခု ကိုသတိရဟန် တူသည့် ဒကာတစ်ယောက်က လျှောက်သည်။

“အိုးစည် ဒိုးပတ်လို သလား ဘုရာ့”

“လိုတာပေါ့ဟ။ ဟို ကောင်တွေ ထွန်းမောင်၊ အောင်ဘု၊ လွန်းရွှေတို့ ဘယ်ရောက် နေကြလဲ။ နာရီကိုလည်း ကြည့်ဦး”

ဒီတော့မှ ကျောင်းဒကာ ကြီးတွေမှာ ခေါင်းပေါင်းကြီးတွေ၊ တိုက်ပုံ အင်္ကျီတွေ တကားကားဖြင့် အိုးစည်၊ ဒိုးပတ် သမားတွေကို ပြေးခေါ်ကြရသည်။ ထွန်းမောင်က အိုးစည် ဒိုးပတ်သမား၊ အောင်ဘုက လင်းကွင်း၊ လွန်းရွှေက နှဲသမား ဖြစ်သည်။ တစ်ကောင်မှ ၇ တန်းတောင် မအောင်ကြလို့ ရှက်ပြီး ဒီပွဲကို ရှောင်ဖယ်ဖယ် လုပ်နေကြသည်။ အိုးစည် ဒိုးပတ် တွေကတော့ တစ်ဝိုင်းစာ၊ ဆက်လိုက် ဘုန်းကြီးကျောင်းမှာပင် ရှိနေသည်။ တီးမည့်မှုတ်မည့်သူတွေကိုပဲ ရွာထဲက ပြေးခေါ် ကြရသည်။ ညနေ ၃ နာရီ ထိုးပြီးဖြစ်သည်။ မထွေးကြည်တို့ လှည်း ညောင်ပင်ကွင် ရွာလောက် ရောက်ကြရော့မည်။ အရေး ကြီးပုဂ်္ဂိုလ် ကြိုဆိုရေး အဖွဲ့ဝင်တွေနှင့် လှည်းယဉ်နှစ်စီး အသင့် ဖြစ်သော်လည်း ဆရာတော်၏ ဒူလာသွေးဝမ်း မကြာခဏ သွားနေလို့ ကုဋီ မကြာခဏ ၀င်နေရသဖြင့် စောင့်နေကြရသည်။ ရွာထိပ်က ကြိုဆိုရေး တိုင်ပင် မကိုက်ဖြစ်မှာ စိုးရိမ်နေသည့် ခေါင်းပေါင်းဝတ် ကျောင်းဒကာကြီး တွေက ကျောင်းက တိုင်ကပ် နာရီကြီးကို ကြည့်လိုက်၊ ဆရာတော် ၀င်နေသည့် ကုဋီကို ကြည့်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေကြသည်။

ဆရာတော် ကုဋီက ထွက်လို့ ကျောင်းဝင်းထဲက နွားလှည်းနှစ်စီး မောင်းထွက်သည့် အချိန်မှာ ညနေ ၄ နာရီ ထိုးခါ နီးပြီ ဖြစ်သည်။ ဆရာတော် လိုက်ပါလာသည့် ကြိုဆိုရေး လှည်းတွေ ရွာကထွက်သည် အထိ ဒိုးပတ် အဖွဲ့က တူရိယာစုံအောင် မတီးနိုင်သေး ဖြစ်နေသည်။ နှဲသမား လွန်းရွှေမှာ နှဲအခင် ပျောက်နေလို့ မမှုတ်ရသေး ဖြစ်နေသည်။ အိမ်က ပြေးထွက် လာခဲ့ရစဉ်က အိတ်ထဲကို ကမန်းကတန်း ထည့်လိုက်တာ အင်္ကျီအိတ်ထဲ မ၀င်ဘဲ လမ်းမှာကျ ကျန်ခဲ့တာ ဖြစ်သည်။ လာခဲ့ရာ လမ်းအတိုင်း ပြန်ရှာတော့မှ လမ်းပေါ်က ပြန်တွေ့ပြီး နှဲမှုတ်နိုင်တော့သည်။

ဆရာတော် ကိုယ်တိုင် လိုက်ပါလာသည့် ကြိုဆိုရေး အဖွဲ့ ရွာထိပ်က လမ်းမကြီးပေါ်ကို ရောက်သွားသည့် အခါ မြို့ကလာသည့် မထွေးကြည်တို့ လှည်းက ရောက်နှင့်နေပြီ ဖြစ်သည်။ အကြိုဆို ခံမည့်သူက စောရောက်နေပြီး ကြိုဆိုကြမည့် သူတွေက နောက်ကျနေသည်။ ဆရာတော် ဒူလာသွေးဝမ်း သွားနေလို့ ကြာသွားတာ ဖြစ်သည်။

“ထွေးကြည်မ ပုသိမ်ထီးဆောင်း၊ ကြိုဆိုရေး လှည်းပေါ်တက်။ ငါ့လှည်းနောက်က လိုက်။ ဟိုကောင်တွေ တီးမှုတ်ပြီး နောက်က လိုက်ခဲ့ကြ”

ဆရာတော်၏ အမိန့်ရ သည်နှင့် လှည်းသုံးစီး ရွာထဲ ၀င်ရန် စတင် ထွက်ခွာကြသည်။ ဆယ်တန်းအောင် မထွေးကြည်ကို ဆရာတော် ကိုယ်တိုင် ကြိုဆိုပြီး လှည်းတန်းကြီး ရွာထဲ ၀င်လာသော အခါ ရွာသူ ရွာသားတွေ အားလုံး ထွက်ကြည့် ကြရသည်။ ဟိုလွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်လောက်က မထွေးကြည် ဆယ်တန်း အောင်ခဲ့လို့ ဆရာတော် ကိုယ်တိုင် ဦးဆောင်ပြီး ရပ်ရွာက ဂုဏ်ပြုခဲ့တာတွေကို ပြန်လည် အမှတ်ရနေသည်။

မထွေးကြည်ကို ကြိုဆိုပြီး နောက်နေ့မှာ ရွာဦး ကျောင်းမှာပြုလုပ်သည့် ရွာ့ဧကရီဘွဲ့ ပေးအပ်ပွဲကလည်း စည်ကားသည်။ မကျည်း တောရွာက ပထမဦးဆုံး ဆယ်တန်း အောင်သည့် မထွေးကြည်ကို ဘာဘွဲ့ပေးရင် ကောင်းမလဲ စဉ်းစားကြသည်။ ရွာ့လုံမေ၊ ရွာ့ကုမ္မာရီ၊ ရွာ့မဒီ၊ ရွာ့ဒေ၀ီ စသည်ဖြင့် ဘွဲ့နာမည်အမျိုးမျိုး စဉ်းစား ခဲ့ကြသည်။ နောက်ဆုံးမှာ ဆရာတော်ပေးသည့် နာမည်ကိုပဲ အတည်ပြုလိုက်ကြ သည်။

“ရွာ့ဇကရာဇ် ဆိုလျှင် ရွာဘုရင်ဘွဲ့၊ ရွာ့ဧကရီ ဆိုလျှင် ရွာဘုရင်မလို့ အဓိပ္ပာယ်ရ မယ်။ ရွာ့ဧကရီ မထွေးကြည်လို့ ပေးလိုက်”
ဆရာတော့် အမိန်ဖြင့် ကိစ္စ ပြီးသွားသည်။ သာမန် မထွေးကြည် မဟုတ်တော့ဘဲ ရွာ့ဧကရီ မထွေးကြည်။ တစ်နည်း ဆိုရသော် ရွာဘုရင်မ မထွေးကြည် ဖြစ်ခဲ့ရသည်။

မထွေးကြည် ယူနီဗာစီတီ ကောလိပ်ကို ဆက်မတက်နိုင်လို့ ကျောက်ဖြူမြို့က ဆရာ အတတ်သင် သိပ္ပံကျောင်းကို တက်ခဲ့သည်။ မူလတန်းပြ ဆရာမလေး ဘ၀ဖြင့် မကျည်းတော ရွာကျောင်းမှာ တာဝန် ကျခဲ့သည်။ မူလ ကျောင်းအုပ ဆရာကြီး အငြိမ်းစား ယူသွားသည့် အခါ မထွေးကြည် မူလတန်း ကျောင်းအုပ် ဖြစ်လာသည်။

မထွေးကြည် အသက် သုံးဆယ် ကျော်လာသည် အထိ ရွာက ဘယ်ကာလသားကမှ ရည်းစားစကား မပြောရဲ၊ စာမပေးရဲ ဖြစ်နေသည်။ ဆယ်တန်းအောင်လို့ ရွာ့ဧကရီ ဘွဲ့ရထားသူ ဖြစ်နေသည့် အပြင် ရွာစာသင်ကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ဖြစ်နေပြန်သည့် အတွက် ရွာက လူပျိုတွေက မထွေးကြည်ကို အထင်ကြီးပြီး မမှန်းရဲ ဖြစ်နေ ကြသည်။အဲဒါဟာ မထွေးကြည် အပျိုကြီး ဖြစ်ရဖို့ ကံကြမ္မာ ဖန်လာတာ ဖြစ်သည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး မထွေးကြည်ဘက်က အများကြီး လျှော့ပေးထားသည်။ ကာလသားခေါင်း ကိုထွန်း မောင်သည် ၇ တန်းတောင် မအောင်သော်လည်း ကိုယ်ပိုင်လယ်ကို လုပ်နေသည့် ကျန်းမာသန်စွမ်းသူဖြစ်သည်။ အသား မည်းတာကတော့ အများနည်းတူ မည်းတာ ဖြစ်သည်။ မကျည်းတောရွာက လူပျို ကာလသားတွေ အားလုံး အသား မည်းကြသည်။ အသားမည်းလည်း ဘာဖြစ်လဲ၊ မထွေးကြည် လက်ခံနိုင်ပါသည်။ ကိုထွန်းမောင် ကိုယ်တိုင်က မထွေးကြည်ကို အထင်ကြီးပြီး သူနဲ့ မတူဘူး၊ မတန်ဘူးလို့ ထင်နေတာက ခက်နေသည်။

ရွာကိုလာပြီး ရွာသူကြီး အိမ်မှာ တည်းခိုသွားသည့် မြို့က မြေတိုင်းစာရေး မောင်လှမြင့်က အစည်းအဝေးမှာ မထွေးကြည်ကို စိတ်ဝင်စား သည့်အကြည့်ဖြင့် မကြာခဏ ကြည့်တာ ခံခဲ့ရလို့ ရင်ခုန်ခဲ့ရသည်။ ဒါပေမယ့် မောင်လှမြင့်က မြို့ကိုသာ ပြန်သွားရော ဘာစကားမှ မပြောခဲ့သည့် အတွက် မထွေးကြည် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ကျန်ရစ်သည်။

မောင်လှမြင့်ဟာ မိမိကို စိတ်ဝင်စား နေတယ် ဆိုတာကို သိသည်။ ယောက်ျားပဲ ဖွင့်ပြောခဲ့ဖို့ ကောင်းသည်။ မပြောရဲလျှင် အောင်သွယ် ဒေါ်ရွှေယုန်က တစ်ဆင့် ပြောလျှင်လည်း မိမိက လက်ခံဖို့ အသင့်ဖြစ်သည်။ အခုတော့ ဘာမှ မပြောခဲ့ဘဲ မြို့ကို ပြန်သွားခဲ့သည်။ သူကြီးသား ကိုအောင်တင်ဟာ တစ်ခုလပ် ဆိုသော်လည်း သားသမီး မရခဲ့သည့် အတွက် လူပျိုလို သဘောထားလို့ ရသည်။ မကျည်း တောရွာက လူလတ်ပိုင်းတွေထဲမှာ ကိုအောင်တင်က အသားလတ်သူ ဖြစ်သည်။ တခြား ယောက်ျားတွေလို အသားမမည်း။ လယ်မထွန်၊ ကိုင်းမထွန်ရလို့ အသားအရေ စိုပြည်နေတာ ဖြစ်နိုင်သည်။ ကိုအောင်တင်ကသာ မိမိကို လက်ထပ် ချင်ပါသည် ဆိုလျှင် သဘော မတူနိုင်စရာ မရှိဟု ထင်သည်။ ကိုအောင်တင် အရက်ကြိုက်တာ၊ ကြက်တိုက်တာတွေကို တဖြည်းဖြည်း ဖျောင်းဖျ ပြုပြင်သွားလို့ ရသည်။

ဒါပေမယ့် ကိုအောင်တင်က တစ်ခုလပ် ဖြစ်နေသည့် အတွက် မိမိဘက်က ဆွေမျိုးမိဘတွေက သဘော တူမည်မဟုတ်။ ရွာ့ဧကရီ ကျောင်းအုပ် ဆရာမကြီး ဆိုတဲ့ ဂုဏ်ကြောင့် လူပျို စစ်စစ်နှင့်သာ ပေးစားချင်ကြမည် ဖြစ်သည်။ အဲဒီတော့ ကိုအောင်တင်က မိမိကို အတင်း အဓမ္မလှည်းတင်ပြီး ခိုးပြေးမည် ဆိုပါက မိမိက သဘောမတူ ဟန်ဆောင်ပြီး လိုက်ပါသွားလို့ ရသည်။

ကိုအောင်တင် ကိုယ်တိုင်ကလည်း မိမိကို ကြိုက်ပါလျက်နဲ့ ရွာ့ဧကရီ၊ ကျောင်းအုပ်ဆရာမကြီး ဆိုတဲ့ ဂုဏ်ပုဒ် တွေကြောင့် စိတ်တောင်မကူးရဲ ဖြစ်နေသည်။ သူကသာ မိမိကို အဓမ္မ ဆွဲခေါ်ပြီး ခိုးယူ ပေါင်းသင်းမည် ဆိုလျှင် ပထမတော့ သဘောမတူ သယောင် ဟန်ဆောင်ပန်ဆောင် ငိုပြရမည် ဖြစ်သည်။ အမှုဖြစ်လာပြီ ဆိုတော့မှ မိမိဘက်က အမှုကို ရုပ်သိမ်း လိုက်မည်။

“ကျွန်မဘ၀ မထူးတော့ဘူး။ အပျို ပြန်မဖြစ် တော့တဲ့ အတူတူ ကိုအောင်တင်ကိုပဲ ဆက်လက် ပေါင်းသင်းပါတော့မယ်”

အဲဒီလို ငိုယို ပြောဆိုလိုက်လျှင် ကိုအောင်တင်လည်း အမှု မဖြစ်တော့ဘူး၊ ကိုယ်ဖြစ်ချင်တာလည်း ဖြစ်နိုင်သည်ဟု မထွေးကြည် တွေးနေမိသည်။ မိမိ၏ လက်အောက်က အတန်းပြ ဆရာ ရွှေထွန်းခိုင် ကလည်း အရုပ်ဆိုးရသည့် အထဲမှာ မိမိကို ဟုတ်ကဲ့ပါ ဆရာမကြီး၊ ဟုတ်ကဲ့ပါ ဆရာ မကြီးနဲ့ ရိုသေလိုက်တာ ထိုင်ပြီး ရှိခိုးတော့မလို ဖြစ်နေသည်။ ယောက်ျားဖြစ်ပြီး မိန်းမကို ကြောက်သလိုလို လုပ်ပြနေသည့် အတွက် စိတ်ပျက်မိသည်။ ကိုယ်လည်း အပျို၊ သူလည်း လူပျိုပဲ မိမိ လုပ်ပိုင်ခွင့် ရှိသလောက် လုပ်ကြည့်ပေါ့။ မိမိဘက်က တစ်စုံတစ်ခု အဖြေကို သိခွင့်ရ သွားမှာပေါ့။ မိမိဘက်ကလည်း အသက်လေးဆယ် ပြည့်ခါနီးလာလို့ ဘယ်သူ့ကိုမျှ မရနိုင်တော့ဘူး ဆိုရင် ထွန်းရွှေခိုင်လို မည်းပိန်ပိန် အရုပ်ဆိုးဆိုးကိုလည်း စဉ်းစားသင့် စဉ်းစားရမည်ဖြစ် သည်။

မထွေးကြည် လင်မရဘဲ အပျိုကြီး ဖြစ်ခဲ့ရသည့် အကြောင်းက ဆယ်တန်း အောင်ခဲ့တာက စသည်။ ရွာ့ ဧကရီဘွဲ့ ရတာနှင့် ကျောင်းအုပ် ဆရာမကြီး ဖြစ်လာတာတွေဟာ လင်မရဖို့ ဖြစ်လာသည့် အကြောင်းတွေး ဖြစ်တော့သည်။ အခုတော့ အသက် ခြောက်ဆယ်ကျော် မျက်စိ ဝေဒနာသည် အဘွားအို ဘ၀ဖြင့်  ရန်ကုန်မြို့ကို ဆေးဝါး ကုသမှုခံယူရန် ရောက်လာခဲ့ တာဖြစ်သည်။

သြော် ပြောစရာ တစ်ခု ကျန်နေတာ ပြောဖို့ မေ့တော့မလို့၊ ကျွန်တော့်ဦးလေး ဆေးဆရာကြီးမှာ သားလူပျိုကြီး တစ်ယောက် ရှိခဲ့သည်။ အဲဒီ လူပျိုကြီးသည် အတန်း ကျောင်းမနေချင်လို့ ကိုရင် ၀တ်ရာမှ ရဟန်း ဆယ်ဝါလောက် ရခဲ့သည်။ ရဟန်း လူထွက် ဘ၀ဖြင့် ငှက်ဖျားပိုး ဦးနှောက် ထဲဝင်ပြီး ယဉ်ယဉ်လေး ရူးနေသည်။ အကြောင်း မသိလျှင် လူကောင်း ပကတိလို့ ထင်ရလောက်အောင် အပြောကောင်း၊ အဟောကောင်း ဖြစ်သည်။ ၀တ်တာဆင်တာ ကလည်း အသန့်အပြန့် ၀တ်ဆင်သည်။ အဲဒီ လူပျိုကြီး အရူးက ဆရာမ မထွေးကြည်ကို တစ်ဖက်သတ် ပိုးပန်း နေခဲ့သည်။ ပြောမည်ဆိုလျှင် အဲဒီ လူပျို ကြီးသည် ကျွန်တော့်အစ်ကို ၀မ်းကွဲဖြစ်သည်။

“ထွေးကြည်ကသာ ငါ့ သားကြီးကို ယူမယ်ဆိုရင် လယ်တစ်တာနှင့် ရွှေတစ်ဆင်စာ လက်ဖွဲ့မယ်”

ဒါက လူပျိုကြီးရဲ့ အမေ ကျွန်တော့် အဒေါ်က ပြောသည့်စကား ဖြစ်သည်။ ဒီစကားသည် မထွေးကြည်ကို ရင်ခုန်စေခဲ့သည်။ ကျွန်တော့် ဦးလေးနှင့် အဒေါ်တို့ အိမ်ကို အ၀င်အထွက် လုပ်လာသည်အထိ ခရီး ရောက်သွားခဲ့သည်။ ရွာသူရွာသားတွေကလည်း ရိပ်မိသည်။
“ပုံမှန်အတိုင်း ဆိုရင် ထွေးကြည်ဟာ ဒီရွာက လူပျို တစ်ယောက်ယောက်နဲ့ ညားနိုင်တယ်။ ရွာ့ဧကရီ ဖြစ်သွားတော့ လူပျိုကာလသားတွေက ထွေးကြည်ကို မော်မကြည့်ရဲ ဖြစ်သွားတယ်။ ငရုတ်ဆုံ ဖြစ်ချင်တဲ့ ကျောက်တုံးကို ဘုရားရုပ်တု လုပ်ခြင်း ခံလိုက်ရသလို ဖြစ်သွားတယ်”

ဒါက ရွာထဲက နောက်ပြောင် ပြောတတ်သူ ဦးဘပု ပြောတာဖြစ်သည်။ သူပြောတာ ဟုတ်သလိုလို ဖြစ်နေသည်။ ကာယကံရှင် မထွေးကြည်သာ အသိဆုံးဖြစ်မည်။ ကျွန်တော့်အစ်ကို လူပျိုကြီး နေမကောင်း ဖြစ်ပြီး ကျန်းမာရေး အခြေအနေ ဆိုးသည်ထက် ဆိုးလာသည့်အခါ မထွေးကြည် က ဆန်ပြုတ် ပြုတ်ပို့ပြီး အနီးကပ် ပြုစုခဲ့သေးသည်။ ကျန်းမာ ရေး ပြန်ကောင်းလာလျှင် ဆိုသည့် ရည်ရွယ်ချက်ဖြစ်မည်။ လူပျိုကြီးက ထူထူထောင်ထောင် ပြန်ဖြစ်မလာဘဲ ကွယ် လွန်သွားခဲ့သည်။ မထွေးကြည်ကတော့ မတော်လိုက်ရသည့် ယောက္ခမအိမ်ကို အ၀င်အထွက် မပျက်သည့်အတွက် ကျွန်တော်နှင့် ပတ်သက်နေရတာ ဖြစ်ပါသည်။ ရွာ့ဧကရီ ဒေါ်ထွေးကြည် အပျိုကြီး ဖြစ်ခဲ့ရပါသည်။
အဏ္ဏ၀ါစိုးမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၁၀)

No comments:

Post a Comment