Pages

Thursday 22 September 2011

နှမ်းတပွင့် ရဲ့ ချစ်ပုံပြင်

စလင်းဘက်ကို ရုံးခန်း စားပွဲပေါ် တင်လိုက် မိချိန်မှာပဲ မျက်စိက စားပွဲပေါ်က ဖိတ်စာကို မြင်လေသည်။
ဘယ်သူများ မင်္ဂလာ ဆောင်မှာပါလိမ့်။ ဖိတ်စာပုံက မြင်လိုက်ရုံနှင့် ရှယ်အနေအထား မဟုတ်မှန်း သိသာနေသည်။ ကြည့်ရတာ ရုံးက ကလေးတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မည် ထင်သည်။ လူကြီးပိုင်းသာ ဆိုရင် ဒီထက် ပိုသားနားမှာ အသေအချာပေ။ နို့ ဒီရက်ပိုင်းမှာလည်း ကိုယ့်နားမှာ ပကျိပကျိ လာလုပ်တတ်သော ညီမတော်တွေ ဆီကလည်း ဘယ်သူ့မင်္ဂလာ သတင်းမှ ကြို မကြားမိခဲ့ပါ။ စိတ်ဝင်စားမှုနှင့် အတူ ဖိတ်စာကို ဖွင့်ဖတ် လိုက်မိတော့သည်။ ဘုရားရေ မြတ်ဇော်လင်းရဲ့ မင်္ဂလာဆောင် ပါလား။ သတို့သမီး...သတို့သမီး ဘယ်သူလဲ။ ကမန်းကတန်း ဖတ်ကြည့်လိုက်ချိန် ချိုချိုအေး(သမာဓိ စတိုး)တဲ့လေ။ ဖြစ်ရလေ ဒါဟာ ကျွန်မတို့ရဲ့ ခိုင်နဲ့များ ဘယ်နေရာမှာ ယှဉ်လို့ ရနိုင်တဲ့ အမျိုးသမီးပါလိမ့်။ သတို့သမီးရဲ့ မိဘများ အလုပ် အကိုင်ကို ကြည့်လိုက် တော့ နတ္ထိ။

သတို့သမီး အလုပ်အကိုင်ကို ကြည့်လိုက် ပြန်တော့ ပညာ အရည်အချင်း ထည့်ရမည့် နေရာမှာ စတိုးဆိုင် နာမည်ကို ထည့်ထားက တည်းက သိပ်ဟန်ပုံ မရဆိုတာ တွေးလိုက် မိပြန်သည်။ သတို့သမီးတို့ နေထိုင်ရာ လိပ်စာသည်လည်း ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ပေမို့ စတိုးဆိုင် ဆိုသည့် နာမ် စားဟာလည်း ပိုင်ရှင် မဟုတ်ဘဲ ဒီစတိုးဆိုင်မှာ လုပ်သည့် ၀န်ထမ်း အနေအထားသာ ဖြစ်ဖို့ များပါသည်။ ခိုင်ရေ ကျုပ်တော့ ရှင့်ဘက်က ပင်းတယ် ပဲပြောပြော၊ အကောင်းဘက်က မြင်ကြည့်လို့ မရပါလားကွယ်။

ဒီသတင်းကို ခိုင် ဘယ်လိုများ သိနိုင်ပါ့မလဲ။ အနားမှာရှိရင် ပြေးလို့သာ ပြောချင်ပါရဲ့ ခိုင်ရယ်။ “ညည်းက တော်ရုံယောက်ျားနဲ့ မလိုက်ပါဘူး ခိုင်ရယ်၊ ယောက်ျားကောင်းကောင်း ရှာယူနော်”လို့ ပြောတိုင်း ဟက်ဟက်ပက်ပက် ရယ်တတ်သည့် ကျွန်မရဲ့ချစ်လှစွာသော ညီမလေး တစ်ယောက်ကတော့ ရေခြား မြေခြားမှာ ကြိုးစား ပမ်းစား အလုပ်တွေ လုပ်ရင်း ချစ်သူကို လွမ်းနေလေ မည်လား။ တစ်ခါတလေ တော့လည်း လောကကြီးက အဖိုးတန် မိန်းကလေးတွေ အတွက် တရား မျှတမှု မရှိလို့ ခံစားမိ သည်။ ကျွန်မ အဆိုကို ဘယ်သူများ ထောက်ခံမည့် သူရှိမလဲ။ ကျွန်မ ခိုင့်ကို လွမ်းနေမိတော့သည်။

ကျွန်မကား ကုမ္ပဏီရှေ့ မှာ ရပ်လိုက် မိချိန်မှာပဲ အလွန် လှပသော မြင်ကွင်း တစ်ခုကို မြင်သည်။ အင်္ကျီလက်ပြတ် ပန်းရောင် ပျော့ပျော့အိအိ လေးနှင့် လုံချည်က ပန်းရောင် အပွင့်လေးတွေပါသော ချည် သားလုံချည်ဝတ်ထားသည့် အသားဖြူဖြူ ကောင်မလေး တစ်ဦး အဆောက်အအုံရှေ့ မှာ ပန်းအိုးတစ်လုံးကို ပေါင်း သင် မြေဆွ လုပ်နေသည်။ ကျွန်မက အရောင်နုနုလွင် လွင်လေးများဆို အင်မတန် နှစ်သက်သူမို့ ဒီမိန်းကလေး သူနဲ့ လိုက်ဖက်အောင် ၀တ်စား တတ်တာရယ်၊ မိန်းက လေးပီသစွာ ပိပိရိရိ လုပ်နေ တာရယ်ကို ကြည့်ကောင်း နေခိုက် သူမက လှည့်ကြည့်ခဲ့ လေသည်။

အချိန်ပိုင်း စာရင်းကိုင် တစ်ယောက် ရောက်လာမည်လို့ သိထား၍လား၊ ဒါမှ မဟုတ် ပင်ကို ဗီဇကိုက ဖော်ရွေ တတ်သည်လား၊ ဒီတုန်း က မခွဲခြား နိုင်ခင်မှာဘဲ သူမက ကျွန်မကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ် ကြိုခဲ့တော့တာပင်။ တစ်ယောက်နဲ့ တစ်ယောက် စကားမပြော ဖြစ်ပေမယ့် မှတ်မှတ်သားသား ရှိသွား တာတော့ အမှန်ပဲဖြစ်သည်။ ဧည့်ကြို ဌာနမှာMD ရုံးခန်း ကို မေးပြီး ကျွန်မMD နဲ့ စကား ပြောနေချိန်မှာတော့ တစ်ပတ်မှာ နှစ်ရက် အချိန်ပိုင်း လုပ်ပေးရမည့် ဒီကုမ္ပဏီကို ယဉ်ပါးအောင် MD က တစ်ရုံးလုံးနဲ့ ကျွန်မကို မိတ်ဆက်ပေးဖို့၊ လိုက်ပြပေးဖို့ အတွက် တစ်ယောက်ကို ခေါ်ပြီး တာဝန်ပေး ခဲ့လေတော့သည်။

ထိုတစ်ယောက်မှာ အခုနလေး တင်မှ အပေါက်ဝ မှာ ဆုံခဲ့သော မိန်းကလေး ဖြစ်နေခဲ့တော့၏။ နာမည်က ခိုင်လင်းအောင်တဲ့လေ။ မိန်းကလေး လိုလို ယောက်ျားလေး လိုလိုနဲ့ ရှားရှားပါးပါး နာမည်လေးပါပဲ။ ကျွန်မက ပျော်ပျော်နေတတ်သူ ပီပီ “ညီမရယ် မင်းနာမည်က လူနဲ့ မလိုက်ဘူး၊ လူက ဖြူဖြူ ချောချောလေး၊ နာမည်က ယောက်ျား နာမည်ကြီး” ဟု ဆိုတော့ သူ့ပင်ကိုဟန် အတိုင်း ပြုံးရွှင်စွာနဲ့ “ခိုင်လို့ပဲ ခေါ်လေ မယုရဲ့”ဟု ဆိုသည်။ ကျွန်မ သဘော ကျသွားသည်။ သူ့ကို ခေါ်ရသည့် နာမ်စားကိုရော ကိုယ့်ကို ခေါ်လိုက်သည့် နာမ်စားကိုရော သဘောကျခြင်း ဖြစ်၏။ ကျွန်မနာမည်မှာ မာလာယုဆွေ၊ ကျွန်မ နာမည်ကို ခင်မင်သူတိုင်းက မာလာဟု ခေါက်ရိုးကျိုး ခေါ်ကြမှုကို ကျွန်မတော်တော် ငြီးငွေ့ နေချိန်မှာ ခိုင့်ဆီက “မယု” ဆိုသော နာမ်စားသည် တော်တော် နားထောင်လို့ ကောင်းခဲ့တာ ဖြစ်သည်။ နောက်တော့ ကျွန်မနေရမည့် အခန်းကို ရောက်တော့ အခန်းက Air-Con ခန်း မကျဉ်း မကျယ်လေးမှာ စားပွဲ ကနှစ်လုံး၊ တစ်လုံးက ကျွန်မ အတွက်ဟု သိရကာ ကျန် တစ်လုံးက ခိုင့်စားပွဲဟု ဆိုလိုက်ချိန် ကျွန်မ အခန်းဖော်ဟာ ဒီညီမလေးပဲမို့ အလွန် ကောင်းပါသည်ပေါ့။

ကျွန်မတို့ အလုပ်လုပ်လိုက်၊ စကားပြောလိုက်၊ စားလိုက်သောက် လိုက်နဲ့ အတော် ဟုတ်နေကြ တော့သည်။ တစ်နေ့တည်းမှာပင် ကျွန်မ သဘောပေါက် ခဲ့တာက ခိုင်သည် ဒီကုမ္ပဏီရဲ့Essential ၀န်ထမ်းတစ်ဦး ဆိုတာပဲ ဖြစ်တော့သည်။ လူကြီးများက သူ့ကို လိုအပ်တာ မှန်သမျှ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖုန်းဆက်မေးကြ၊ ခိုင်းကြသည်။ လူငယ်များက ရုံး ကိစ္စရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စရော ရင်ဖွင့်ကြ တိုင်တည်ကြသည်။ ဒါတွေ အားလုံးကို ခိုင်က အလုပ် အကိုင် မပျက်ပါဘဲ၊ စိတ်ညစ် ဟန်တစ်ချက် မပြပါဘဲနှင့် အားလုံးကို ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း ရှိတာမို့ အာဂ မိန်းမပဲဟု ကျွန်မ သဘော ပေါက်ရလေတော့၏။ ကျွန်မက ရောက်ကာစမို့ အသား မကျသေးသမျှ သူ့ကို ထိုင်ကြည့် အကဲခတ် နေတာမို့ အားလုံးကို မြင်သာနေခဲ့သည်။

လာသည့် ကောင်လေး တစ်ယောက် လက်ထဲမှာ ဒေသ ထွက်ပစ္စည်းတွေ ပွေ့လို့ပိုက် လို့ရယ်၊ ပြောနေဆို နေပုံအရ နယ်ဆိုက်ထဲက ပြန်လာသည်မို့ ခိုင်အတွက် လက်ဆောင် များဝယ်ခဲ့ပုံ၊ လက်ဆောင် ပေးတာ ပြဿနာ မရှိသော်လည်း ပြဿနာရှိတာက ငါး ရံ့ခြောက်တွေ “မခိုင် ဒါတွေ ကို ကျွန်တော့်အတွက် မနက် ဖြန် ဖုတ်ခဲ့ပေးနော်။ မကြီး အားကိုးနဲ့ ဒါတွေ ၀ယ်လာတာ” ဟု ဆို၏။ ကျွန်မက ခိုင့်မျက်နှာလေးကို အကဲခတ် လိုက်တော့ အေး-အေးဟု ဆိုကာ တကယ့် အေးအေး ဆေးဆေးပင်။ အမလေး ကျွန်မများ လာခိုင်းလို့ကတော့ လုပ်ပေးပါလိမ့်မည် အားကြီး ကြီး။ မီးဖုတ်ရသည့်ဒုက္ခ၊ ဆီစမ်းရသည့်ဒုက္ခ၊ ဒါတွေကို ဖယ်ရီမရှိပါဘဲ ဘတ်စ်ကားနဲ့ သယ်လာရမည့်ဒုက္ခတွေ မခံ နိုင်သည်မို့ မိတ်ပျက်ပဲ ခံလိုက် တော့မည်။ ဒါတင်မကသေး နောက်တစ်ယောက် လာပြန် သည်။ “မခိုင် ဒါ ကျွန်တော် မနေ့က ရှစ်ထောင်နဲ့ ၀ယ်လာတဲ့ နာရီ၊ ပတ်ကြည့်ပြီးမှ အဆင်မပြေလို့ မခိုင် အဆင် ပြေတဲ့ တစ်ယောက်ယောက်ကို ပြန်ရောင်းပေးပါဗျာ။ ဘယ်သူမှ မ၀ယ်ရင် မခိုင် ၀ယ်ရမှာနော်” ဆိုလည်း သူမ က အေးအေးပါပဲ။

နောက် မိန်းကလေး တချို့ ၀င်လာပြန် သည်။ မျက်နှာစိမ်း ကျွန်မ ရှိနေသည့်အ တွက် စကားတွေက တိုးတိုး၊ တိုးတိုးနှင့်။ သို့သော် အခန်းက ကျဉ်းသမို့ မကြားချင် ကြားနေလျက်သား ဖြစ်၏။ ရုံးပိုင်းဆိုင်ရာ မပြေ လည်မှုများကို ရင်ဖွင့်ကြခြင်း ဖြစ်သည်။ ခိုင်က အစွန်း မထွက်သော စကားများနှင့် သမာသမတ် ကျကျလေးတွေ ပြန်နှစ်သိမ့်နေပုံက ကျွန်မ မလေးစားဘဲ မနေနိုင်။ စကားကို လက်လွတ်စပယ် မပြောတတ်သည့် အကျင့်ဟာ ဘယ်လောက်များ နှစ်သက် စရာကောင်းလိုက်လဲ။ ကျွန်မ ချစ်သောခိုင်က ဒီလို မိန်းကလေး မျိုးဖြစ်လေသည်။ သူ့ကို ထိုင်ကြည့် နေခဲ့ရင်း လူရှင်းချိန်မှာတော့ မှန်းရ ခက်နေသော ခိုင့် အသက်ကို အားမနာနိုင်ဘဲ ကျွန်မ ဖွင့်မေးဖြစ်ခဲ့သည်။ ခိုင်က ဟက်ဟက်ပက်ပက် ရယ်ကာ“မယု မှန်းကြည့်လေ” ဆိုတော့ “နှစ်ဆယ့်ငါး” ဟု ကျွန်မကလည်း ထင်သည့် အတိုင်း ဖြေဖြစ်သည်။

ခိုင်က သဘောကျသွားသည့်ဟန် ဖြင့် “သုံးဆယ်ရှိပြီ မယုရဲ့” ဟု ဆိုလေသော အခါ ကျွန်မမှာ ခိုင့်ရဲ့အရွယ်တင်မှု အတွက် အံ့သြမဆုံး။ ခိုင်ဟာ ကျွန်မနဲ့ ငါးနှစ်သာ ကွာသည်ပဲ။ ဒါ ပေမယ့် ဘယ်လိုမှ ယုံစရာ မရှိပါ။ ကျွန်မက အိမ်ထောင် သည်ဖြစ်နေတာရယ် ခိုင်က အပျို ဖြစ်နေတာ ရယ်လည်း ပါလိမ့်မည် ထင်ပါရဲ့။ ခိုင့်ပုံစံ ဟာ ဘယ်လိုကြည့်ကြည့် နှစ်ဆယ့်ငါး အထက်ဆိုတာ ထင်စရာကို မရှိတာပါ။ ဒါ ကြောင့် ရုံးက လူငယ်အပေါင်းက မကြီး မကြီး လုပ်နေကြတာ ဖြစ်မှာဟု ကျွန်မသဘော ပေါက်ခဲ့ရသည်။

ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီဌာနမှာ ခိုင့်လို အဖော်မွန် တစ်ယောက် ရှိနေခြင်း အတွက် သိပ်ကို နေပျော်သွားခဲ့ပါ သည်။ ခင်မင်တာ ကြာလာလေ ခိုင့်ရဲ့သဘောထား ဖြူစင်မှုတွေကို သိလေဖြစ်ကာ ညီမ ရင်းချာနှယ် ဖြစ်ခဲ့ကြတော့ သည်။ ဒီတော့လည်း မိန်းမ သားတို့ထုံးစံအတိုင်း စပ်စု လေသတည်းပေါ့။ တခြား အကြောင်းတော့ မဟုတ်ပါ။ ခိုင့်အချစ်ရေးကို စပ်စုခြင်းဖြစ် သည်။ ကျွန်မ ဘယ်လိုပဲ မေးမေး “မရှိပါဘူး မယုရယ်၊ တကယ် မရှိတာပါ”ဆိုတော့ ကျွန်မမှာ အံ့သြကုန်နိုင်ဖွယ် ပင်ဖြစ်လို့ရယ်။ ရုပ်ရည်ရော၊ ပညာ အရည်အချင်းရော ပြောစရာ မလိုအောင် ပြည့်စုံသည့် မိန်းကလေး တစ်ယောက်က အချစ်မရှိ၊ အချစ်မသိ ဖြစ်နေတာ နည်းနည်းတော့ ဆန်းနေသလားလို့၊ နောက်ပြီး ကျွန်မက ကျွန်မရဲ့ခိုင်ကို စိတ်ပူခြင်းမှာ အရွယ်တော် တစ်ဆိတ် ဟိုင်းကျမှ သူများ အိမ်ထောင်တွေ ဘာတွေနဲ့ မှားမှာလည်း စိုးရိမ်ကာ မျက်စိထဲ အဆင်ပြေသော ကျွန်မနဲ့ ခင်ခင်မင်မင် ရှိတဲ့ သက်လတ်ပိုင်း ယောက်ျား မှန်သမျှကို ခိုင်နဲ့စပ်ကြည့်ဖို့ စိတ်ကူးမိခဲ့တော့သည်။

အမြဲတမ်း မယုံသင်္ကာ မေးမိ တာကလည်း “ကျောင်းတက် တုန်းကရော နည်းနည်းပါး ပါး အီစီကလီလေးတောင် မရှိဘူးလား ခိုင်ရယ်” ဆိုတာ ပင်။ ကျွန်မ ဒီလိုမေးတိုင်း ခိုင်က မျက်လုံးလေးရှုံ့ကာ “ကြိုက်လို့မှ မရတာ မယုရဲ့။ ခိုင့်ကို ကြိုက်တဲ့ လူတွေတော့ ရှိချင် ရှိမှာပေါ့။ ခိုင်က အဲဒါ မျိုးတွေ သိပ်သတိ မထားတတ် ဘူး”ဟုဆိုလေသည်။ ယုံသည်။ ကျွန်မ ခိုင့်စကားကို အကင်းမဲ့ ယုံသည်။ ခင်မင်မှု ကြာလာလေ ခိုင့်မှာဘာကြောင့် ချစ်သူ မရှိသေးလဲဆိုတာ သိလာလေ ဖြစ်တော့သည်။ခိုင့်ထံတွင် မိန်းကလေး အများစုမှာ သဘာဝက ပေးသော အသိဖြင့် ရှိတတ်ကြ မြဲဖြစ်သည့် ကြာတွေ၊ ဗျာတွေ မရှိခြင်း၊ မလုပ်တတ် ခြင်းဟာ တော်တော်ဆိုးတဲ့ ကိစ္စပေပဲ။ ဆန့်ကျင်ဘက် ယောက်ျား မှန်သမျှကို သူမ အစ်ကိုတွေ၊ မောင်တွေလို ရိုးရိုးသားသား ဆက်ဆံနေခြင်း သည် သူမကို အပျိုကြီး စာရင်း ၀င်စေတော့မည် ထင်ပါရဲ့။

ကျွန်မမှာ ခင်မင်မိသော ဒီညီမလေး တစ်ယောက် အတွက် ဘယ်လို လုပ်ပေးရင် ကောင်းမလဲ စဉ်းစားရင်းနှင့် “ခိုင်နော် မစဉ်းစားဘူး၊ မစဉ်း စားဘူးနဲ့ တော်ရုံတော့ မမှန်းနဲ့နော်။ ညည်းအရည်အချင်းက တော်ရုံနဲ့ မတန်ဘူး။ တကယ့် ဂရိတ်မှ စဉ်းစား”ဟု သတိ ပေးဖြစ်မြဲ။ ကျွန်မ စကားကို သဘောကျသွား သော ခိုင်က တစ်ယောက်ယောက် မင်္ဂလာ သတင်းကြား လျှင် “မယုရေ သူယူတာ တကယ့်ဂရိတ်”ဆိုတာမျိုး “မယုရေ သူ့အမျိုးသားက ဂရိတ်တဲ့ဗျာ” စသဖြင့် ကျွန်မ ပါးစပ်က ဂရိတ်က သူ့ပါးစပ်ထဲ နောက်နောက်ပြောင်ပြောင် ပြောစရာကြီးကို ဖြစ်လို့ရယ်။ ဒီလိုနှင့် ကျွန်မနဲ့ခိုင် ခင်မင် ကောင်းဆဲမှာပဲ ကျွန်မရဲ့သားဦး ကိုယ်ဝန် လွယ်ဖြစ်ခဲ့သည်။ သားဦးမို့ ထင်ပါသည်။ လူကို နုံးချည့်သွားအောင် ပညာစွမ်းတွေ ပြတော့၏။

ကိုယ်ဝန်ရှိ စဆို Morning Sick ဖြစ်လေ့ ဖြစ်ထ ရှိသတဲ့။ ကျွန်မမှာတော့ မောနင်းရော၊ အီးဗနင်း ရော၊ နိုက်ရော ဆစ်(ခ်)တွေ က အချိန်ကို စုံလို့။ စာရင်းတွေ အိမ်ယူလုပ်ကာ အလုပ်လုပ် ဖြစ်ခဲ့သောကြောင့် ကျွန်မနှင့် ကုမ္ပဏီလည်း နည်းနည်း အလှမ်း ဝေးသွားတော့သည်။ ပထမပိုင်းတော့ ခိုင့်ခမျာ မအားသည့်ကြားက လာလ တော့ ကြည့်ပါသေးရဲ့။ နောက်တော့ ကျွန်မကိုယ်နှိုက်က တားယူတာရယ်၊ သူမရဲ့ မြားမြောင်လှသော အလုပ်တွေ ရယ်ကြောင့် အလာကျဲသွားသည်။ ဖုန်းနှင့်တော့ စကား အဆက်အသွယ် ရှိဖြစ်ကြသည်။ ကျွန်မအစား ခိုင်က နယ်ဆိုက်ထဲက ရုံးချုပ်ကို ပြန်ရောက်လာသည့် သူမရဲ့ သူငယ်ချင်းဟောင်း ခင်သန့်စင် ဆိုသူလေးနှင့် အဖွဲ့ကျ နေသတဲ့လေ။ ကျွန်မရုံးကို မဖြစ်မနေ ကိစ္စတစ်ခုနှင့် အသွားမှာခင် သန့်စင်ကို မြင်ဖူးသွားခဲ့သည်။

ခိုင့်ကို ယနေ့ထိ ဖွင့်မပြော ဖြစ်ပေမယ့် ခင်သန့်စင်ကို ကျွန်မ မကြိုက်ပါ။ လူတစ်ယောက်ရဲ့မျက်လုံးမှာ အလိုလို သရော်ရော် တော်တော်ရိပ် ပေါက်နေလျှင် ကျွန်မ ခံစား လို့မရ။ ယောက်ျားဆန်တယ်ဟု ပြောပြီး အပြင်ပန်း ယောက်ျား ဆန်ပြလျက် အတွင်းပိုင်းက ယောက်ျားလေးများနှင့် အဖွဲ့ ကျ သာယာတတ်သော မိန်းမမျိုးကို ကျွန်မ နှစ်သက်လို့ မရပါ။ ခင်သန့်စင်က ထိုကဲ့သို့သော မိန်းကလေးမျိုး ဖြစ်သည်။ သို့သော် ခိုင်ကတော့ အားလုံးကို သူ့စိတ်နှင့် နှိုင်းကာ သန့်စင်ရေ၊ သန့်စင်ရေ ဆိုတာချည်းပဲမို့ ကျွန်မ မပြောသာခဲ့ပေ။

ကိုယ်ဝန် အသားကျ လာချိန်မှာ ကျွန်မ ရုံးပြန်တက် ဖြစ်သည်။ ခါတိုင်းလို တစ်ပတ် နှစ်ရက်ပဲပေါ့။ အဲဒီ အချိန် မှာတော့ ခိုင်က အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်သည်။သန့်စင်နှင့် မပြေလည်လှဟု သိရပြီး ဘာကြောင့် မပြေလည်သည် ဆိုတာကိုတော့ ခိုင်ကလည်း မပြောသလို ကျွန်မကလည်း မမေးဖြစ်ပါ။ ခိုင်က ပြတ်ပြီ ဆိုတော့လည်း တကယ် ပြတ်တာပင် Canteen မှာ ခင်သန့်စင် ရှိနေလျှင်ပင် ၀င်မထိုင်တော့ဘဲ လှည့်ထွက် သွားတတ်တဲ့ထိ ပြတ်သားနေတော့၏။ ခင်သန့်စင်ကတော့ ခိုင်အပြုအမူ များကို မြင်လျှင် အသံကျယ် ကျယ်နှင့် ခပ်ဟားဟား လုပ်တတ်သည်။ ဘာတွေဖြစ်မှန်း မသိပေမယ့် ခိုင့်ပုံစံလေးက အရင်လို ပျော်ပျော်ရွှင်ရွှင် မရှိ လှတာတော့ ကျွန်မ စိတ် မကောင်းပါ။

ဒီလိုနှင့်ပဲ ကျွန်မ မီးဖွားချိန် ရောက်ခဲ့ပြီး ခိုင်နှင့် ထပ်မံ အနေ ဝေးခဲ့ပြန်သည်။ လေးဆယ့်ငါးရက် ကျော်တော့ ကုမ္ပဏီကို ကျွန်မ ပြန်ရောက် လာချိန် ခိုင်က ၀မ်းသာအားရ ဆီးကြို၏။ ခင်သန့်စင် အလုပ်ပြောင်းသွား ပြီဟု သိရသည်မို့ ခိုင့်အစား ၀မ်းတောင် သာဖြစ်သေး သည်။ ခိုင်နှင့် ကျွန်မကတော့ အရင်လို နွေးထွေးစွာ ဆက်လက် ခင်မင်လို့ရယ်ပေါ့။ ဒါပေမယ့် ခိုင့်အပေါ်မှာ ကျွန်မ ဘာကိုမှ မလျှို့ဝှက် ခဲ့သလောက် ခိုင် ကျွန်မကို လျှို့ဝှက်ခဲ့တာကတော့ ဆန်း ကြယ်လွန်းသည်။ သားသား နှင့် ပတ်သက်ပြီး အထူး အဆန်း မှန်သမျှ ခိုင့်ကိုပြန် ပြောပြဖြစ်တာမို့ သားသား အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးခြင်းက အစပြုပြီး ခိုင် လျှို့ဝှက်တာကို သတိ ထားမိခဲ့တာ ဖြစ်သည်။ ဒီကာကွယ် ဆေးက မဖြစ်မနေ ထိုးသင့်ကြောင်း တွေ၊ ကျွန်မတို့ ဇနီးမောင်နှံပါ သားသားနှင့် အတူ လိုက်ထိုး ဖြစ်တာတွေ၊ သတ်မှတ်လ ခြားပြီး သုံးကြိမ် ထိုးရတာ ဖြစ်ပြီး ငါးနှစ်ပြည့်လျှင် တစ်ခါ ဘူစတာ ထိုးရတာတွေ ကျွန်မ ပြောပြခဲ့တော့ ခိုင်စိတ်ဝင် တစား နားထောင်နေခဲ့သား။

တစ်ခါတွေ့တိုင်း ထိုးပြီးပြီ လား၊ ထိုးပြီးပြီလားဟု ကျွန်မ က မေးလွန်းတာမို့ ခိုင်မဖြေ သာ ဖြေသာလေးနှင့် “စမ်းတော့ကြည့်ပြီပြီ။ ရောဂါတော့ မရှိဘူး။ ဒါပေမယ့် ထိုးမယ် ဆိုရင် တစ်နေရာတည်းမှာ ထိုးမှ အဆင်ပြေမှာလေ မယုရဲ့” ဟု ဆိုလာသည်။ ကျွန်မက သူမစကားကို ရုတ်တရက် သဘောမပေါက်ဘဲ “ဆေးခန်းက ဘယ်ဆေးခန်း မဆို ရပါတယ် ခိုင်ရဲ့။ သူတို့က ကတ်လေးပေးတယ်။ အဲဒါကို ဆောင်ထားရုံပဲ”ဟု လူ တတ်ကြီးလုပ်ကာ ဆက်ရှင်း ပြတော့ ခိုင်က မပွင့်တပွင့် နှင့် “ဟိုမှာ အဆင်ပြေမယ် မထင်ဘူး”တဲ့လေ။ ဒီတော့မှ ကျွန်မမှာ သူမရဲ့ဟိုမှာ ဆိုတာကြီးကို အဓိပ္ပာယ် ဖော်ဖို့ သတိရရင်း “ခိုင် ညည်း ဘယ်သွားမလို့ လဲ”လို့ အလန့် တကြား မေးဖြစ်ခဲ့လေတော့ သည်။

ဒီတော့မှ ခိုင်က ဘယ်သူ့ကိုမှ အသိ မပေးသေးသော သူစင်ကာပူ သွားတော့မည့် အကြောင်းကို ရင်ဖွင့်ခဲ့ ခြင်း ဖြစ်သည်။ ကျွန်မ ဘာပြော ရမှန်းတောင် မသိတော့။ ခိုင့်လို မိန်းကလေးမျိုးက ဘယ်ကိုသွားသွား ထူးချွန် ထက်မြက် အဆင်ပြေမယ် ဆိုတာ သိနေသော်ငြား အခု အတိုင်း အဆင်ပြေနေသားနဲ့ လို့ပဲ ရိုးရိုးစင်းစင်း တွေးဖြစ် ခဲ့သည်။ ကျွန်မရဲ့ တားမြစ်ချင်သော စကားတွေ၊ ချောင် ပိတ်မေးသလို ဖြစ်စေသော မေးခွန်းများကို မရှောင်လွှဲသာ တော့တဲ့ အဆုံးမှာ ခိုင်က သူမ လျှို့ဝှက်ထားတာ မှန်သမျှ ဖွင့်ဟချခဲ့၏။ ဖြစ်ရလေ ခိုင် ရယ်။ ကျွန်မသာ မမေးဖြစ်ခဲ့လျှင် သူမ ဘယ်လောက်ထိ များ လျှို့ဝှက် မျိုသိပ်နေမည် လဲမသိပေ။

ခိုင်ရဲ့ချစ်သူသည် မြတ် ဇော်လင်းပါလို့ ဆိုလာချိန်မှာ ကျွန်မအတွက် မြတ်ဇော်လင်း ဆိုသောလူကို အတော်စဉ်း စား ယူလိုက်ရတာဖြစ်သည်။ နောက်တော့ နောက်တော့မှ ခိုင်က အနည်းငယ်ရှက်စနိုး ဟန်နှင့် “မယုရယ် ခိုင်တို့ တစ်ရုံးလုံး ပဲခူး ဘုရားဖူးထွက် တုန်းက ခိုင့်ဘေးနားမှာ ထိုင်တဲ့ ကောင်လေးလေ။ မယုက တောင် စကား အရမ်းများတာ ပဲ သောကြာသားလားလို့ မေး လိုက်သေးတယ်လေ”ဟု အစ ဖော်ပေးတော့မှပင် ဟိုက်ခနဲ နေအောင် ကျွန်မ မှတ်မိသွားခြင်း ဖြစ်တော့သည်။ ကောင်းသော မှတ်မိခြင်းတော့မဟုတ်။ မယုံကြည်စွာ နှမြောစွာဖြင့်။ ခိုင်က ကျွန်မစိတ်ကို ကောင်းကောင်း ဖတ်နိုင်သည်။ ကျွန်မကို ကြည့်သော အကြည့်မှာ တောင်းပန်ရိပ်တွေနှင့်။ ကျွန်မ ရုတ်တရက် စကား မပြောနိုင် ပါ။ ခိုင့်ကိုသာ တွေတွေကြီး ကြည့်နေဖြစ်သည်။

ကြာတော့ ခိုင်က မနေတတ်စွာနဲ့ “အချစ်ဆိုတာ မမျှော်လင့်တဲ့ ထောင့်က ပေါ်ချင် ပေါ်လာတာ ပဲ မဟုတ်လား မယုရယ်”ဟု သဲ့သဲ့ဆိုလေသည်။ ဟုတ်တာ ပေါ့။ သူမပြောတာ မှန်သားပဲ။ ကျွန်မစိတ် လျှော့ကာ ခိုင်နေ သာအောင် နောက်နောက်ပြောင် ပြောင်လုပ်လိုက်မှ ခိုင် စိတ် သက်သာရာ ရသွားသည့်ပုံ။ တကယ်ဆို အဲဒီကောင်လေး သည် ဘယ်ရှုထောင့်က ကြည့်ကြည့် ခိုင်နှင့် တန်ကိုမတန် တာပါ။ သူ့ပုံစံက အသားညိုညို မျက်လုံး မျက်ဖန်တောက် တောက် စကားကြွယ်ကြွယ်နဲ့ လူလည်ပုံလေး။ ခိုင့်လို အေးဆေးသော၊ အထက်တန်း ကျသော မိန်းကလေးနှင့် ဘယ်လိုများ ဖူးစာ ဖက်ပါလိမ့်။

လုပ်ငန်းမှာ အရေးပါပုံ ချင်းကလည်း ကွာလိုက်တာ။ သိသာ လွန်းတာက ခိုင်ဘယ်လိုပဲ နုတယ် ပြောပြော ကောင်လေးက အသက် ငယ်လွန်းနေ တာ သိသာ နေခြင်းပါပဲ။ ခိုင်က ကျွန်မကို အယူတော် သွင်း နေသည်။ ကောင်လေးက မမ၊ မမဟု ခေါ်ကာ အရမ်း ကပ်လွန်း၊ အရမ်းအချစ် သည်းလွန်းတာကြောင့် သူမ မရှောင်နိုင်ဟု ၀န်ခံရှာ၏။ ထားပါတော့။ ဒါဆိုလည်း မောင်လေးနှင့် မမ ချစ်သက် တမ်းက ဘယ်လောက်မှ ကြာသေးတာ မဟုတ်။ ခိုင်က ဘာကိစ္စ နိုင်ငံခြားထွက် ချင်ရတာတုံးဟု မေးလိုက် ပြန်တော့ ခိုင်က မျက်လုံး အ၀ိုင်းသားနှင့် ကြည့်ကာ မျက်ရည်တွေ တွေတွေ ကျပါ လေတော့သည်။

ကျွန်မ အလွန့်အလွန့် အားတုံ့အားနာတွေ ဖြစ်ပြီး ခိုင့်ကို ဘယ်လို ချော့ရမှန်းပင် မသိတော့။ ခိုင်က မျက်ရည်တွေကြားကပဲ သူ့အချစ်ဇာတ်လမ်းကို ဆက် ရှင်းပြသည်။ မြတ်ဇော်လင်း နှင့် သူမ ချစ်ခြင်းမှာ ခင်သန့်စင် ၀င်နှောက်ခဲ့ပါသတဲ့။ မြတ်ဇော်လင်းကို အဘွားကြီးကို ကြိုက်ရမလားဟု ကွယ်ရာ တစ်မျိုး၊ ပေါ်တင်တစ်မျိုး နှိပ်ကွပ်ကာ မြတ်ဇော်လင်းက သူတို့ အချစ်ရေး ပတ်ဝန်းကျင် သိမှာပင် စိုးကာ မကြေညာ ရဲအောင် လုပ်ခဲ့တာမို့ ခိုင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကာ ခင်သန့်စင်နှင့် အခင်အမင် ပျက်သည် အထိဖြစ်ခဲ့သည် ဆိုပဲ။ ကျွန်မ မရှင်းပါ။ ပတ်ဝန်းကျင်ကို ဖုံးရမည့် ခိုင်ကတောင် မရှက်ပါဘဲ ဒင်းက ခင်သန့်စင် မွှေတိုင်း နာခံနေရအောင် ခင်သန့်စင်က ဘယ်လောက်တောင် ပိုင်စိုး ထားလို့လဲ။

ကျွန်မ မေးခွန်းက ခိုင့်ကို တည့်တည့်ထိပါ သည်။ “အဲဒါကို ခိုင်လည်း ရင်အနာဆုံးပဲ မယုရယ်။ သူ က ခင်သန့်စင်ကို မလွန်ဆန်နိုင်ဘူး။ ခိုင့်ကိုပေးမယ့် လက် ဆောင်ကို ခင်သန့်စင် ကြိုက်နေရင်တောင် သူ့ကို ပေးလိုက်ရတဲ့ အနေအထား။ သူ့ကို ခင်သန့်စင်က အများကြီး ကယ်ရီ လုပ်ပေးနိုင်တယ်လေ။ ခုလည်း ခင်သန့်စင်တို့ အလုပ်မှာ သူ့ကို တာဝန်ခံ အလုပ်ပေး ထားတာ ဆိုတော့ အားလုံး ခင်သန့်စင် သဘောပေါ့” ကျွန်မ သဘောပေါက် လိုက်ပါပြီ။

ကိုယ်မွေးထားတဲ့ ကြက်ကို ကိုယ်လည်းမစား၊ သူများလည်း ပေးမစားဆိုတဲ့ သဘော။ ခိုင်ပြောမှပဲ သူတို့ နှစ်ယောက်က အခုလုပ်ငန်း တစ်ခုတည်းမှာ အတူတူ ဆိုတာ ကျွန်မ သိရခြင်း ဖြစ်သည်။ “ခိုင် ဘယ်လို လုပ်မယ်စဉ်းစား ထားလဲ”ဟု ကျွန်မမေးတော့ ခိုင်က အကြာကြီး ငြိမ်သက် နေသည်။ ပြီးမှ ၀န်မခံလျှင် မဖြစ်တော့သည့် ပုံဖြင့် “ခိုင် က တစ်ခါမှ မချစ်ခဲ့ဖူးဘူး မယုရယ်။ အခုသူ့ကို ပထမဆုံး ချစ်ဖူးတယ်။ နောက်ဆုံးထိလည်း ချစ်ချင်တယ်။ လက် ထပ်တဲ့ သူကလည်း သူပဲ ဖြစ်ချင်တယ်။ ဒါကြောင့် နိုင်ငံခြားကို စွန့်စားပြီး ထွက်တာ။ နှစ်ယောက်လုံး ကောင်းဖို့ အတွက် အနှောင့်အယှက်တွေ လည်း ဝေးချင်တယ်။ကန့်ကွက်တာလည်း မကြုံချင်ဘူး။ ခိုင်အရင် စွန့်ကြည့်မယ်။ အဆင်ပြေရင် သူလိုက်ခဲ့ပေါ့။ အဆင် ပြေမှာပါ”တဲ့လေ။ ရိုး လိုက်တာ ခိုင်ရယ်။

ဘယ်အရာက ပုံသေကားကျ တွက်လို့ရသလဲ။ ခိုင့်ကောင်လေးရဲ့ အချစ်ကိုရော ခိုင်ဘယ်လောက်ထိ ယုံသလဲ။ ခိုင်ယုံကြည်ရ လောက်အောင်ရော သူ့ဆီက အချစ်ခံ ဖူးရဲ့လား။ တစ်ခါမှ ချစ်သူ မထားဖူးတဲ့ မိန်းမကောင်း၊ မိန်းမတော်လေး တစ်ယောက်ကို ကျွန်မ ဘယ်လို စကားတွေနဲ့ ဆုံးမ ထောက်ပြရမှာ တဲ့လဲ။ ကျွန်မ သက်ပြင်းသာ နာနာချရင်း “ခိုင်တို့ အဆက်အသွယ်တော့ ရှိတယ် မဟုတ်လား” ဟု မေးလိုက်တော့ “သိပ်တော့ မတွေ့ဖြစ်ဘူး။ သူသတိရရင် ဖုန်းဆက်ပါတယ်” တဲ့လေ။ ချစ်သူကို သတိရရင် တွေ့ချင်ရင်တောင် ထုတ်ပြောရဲမည့် သတ္တိရှိပုံ မရသော မိန်းမသား တစ်ဦးက ဟိုက သတိရတာကို ထိုင်စောင့်ရင်း နှစ်ဦးဘ၀ အတွက် ရေခြား မြေခြားကိုတောင် စွန့်စား ထွက်ခွာ သွားတော့မတဲ့။

ကျွန်မ ခိုင့်ကို နှမြောလှရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ပါ။ သိပ်မကြာခင်ကာလ တစ်ခုမှာတော့ ခိုင်က တကယ်ပဲ အလုပ်ထွက်စာ တင်ခဲ့ တော့သည်။ သူမ သွားဖို့လာ ဖို့တွေ အားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ကျွန်မကို ပြောပြသည်။ ရုံးကလူ တွေကတော့ ခိုင့်ရဲ့ အလုပ်ထွက်မှု အတွက် နှမြော တမ်းတစွာနဲ့ အလုပ်မှာ တစ်ခုခု အဆင်မချောတိုင်း ခိုင့်ကို တမ်းတ တတ်ကြလေ သည်။ ကျွန်မ အခန်းထဲမှာတော့ ကျွန်မ တစ်ယောက် တည်းပါ။ ခိုင်ရှိတုန်းကလို မပျော်တော့တာတော့ အသေ အချာပဲ ဖြစ်တော့သည်။

ကျွန်မဂျူတီ အောဖ့်ရက် တစ်နေ့မှာတော့ ခိုင့်ထံမှ ဖုန်းဝင်လာသည်။ သူမ သန်ဘက်ခါ သွားတော့မည်ဟုဆို သည်။ ကျွန်မက တွေ့ချင် ကြောင်းပြောတော့ သူမ ဘယ်လိုမှ မအားကြောင်းတွေ တန်းစီ ရွတ်ပြကာ မြတ်ဇော်လင်းနှင့် ဘုရားမှာတွေ့ဖို့ ပြောထားကြောင်းတွေ ပြောပြနေသည်။ ခိုင်က အလာသား “ခိုင်တို့ တွေဘ၀ရှေ့ရေး အတွက် တိုင်ပင်ပြီး ဘုရားမှာ သစ္စာတိုင် ကြမှာ မယုရဲ့”တဲ့လေ။ ကျွန်မ မပြုံးဘဲ မနေနိုင်။ ဘယ်လောက်ကြာအောင် ခွဲရမယ်မှန်း မသိသော ချစ်သူကို တွေ့ ဖို့ချိန်းတာ ဘုရားမှာတဲ့လေ။ ပြောသေးတာက ဘုရားမှာ သစ္စာ ဆိုဦးမှာတဲ့။ ရိုးသား လွန်းသော ကျွန်မရဲ့ညီမလေး ကံကောင်းပါစေလို့ပဲ ကျွန်မ ဆုတောင်း ဖြစ်ခဲ့ပါတော့သည်။

ရိုးရိုးကုပ်ကုပ် မင်္ဂလာပွဲလေးက အောင်မြင်စွာပြီး သွားခဲ့ပေပြီ။ မြတ်ဇော်လင်းတို့ မင်္ဂလာမောင်မယ်ကို ကျွန်မ ပိုင်ကင်မရာနှင့် တော်တော် များများ မှတ်တမ်းယူဖြစ်သည်။ ကျွန်မ ဘာအတွက် ရည်ရွယ် ရိုက်မိနေမှန်း သိပ်တော့ မသေချာ။ ကျွန်မက မျက်လုံး ကောင်းလှတာ မဟုတ်။ စိတ် ထဲမကြည် ဓာတ်ခံနှင့် သဲမဲ ရိုက်ခဲ့မိသော ဘယ်သူ ဘယ်ဝါတွေမှန်းကို မသိတော့။ အိမ်ပြန်ရောက်မှ ကွန်ပျူတာ နှင့်ဂျွိုင်းကာ စိတ်ကြိုက်ပြန် ကြည့်မိသည်။ ထိုတော့မှပဲ ပုံတွေကို ထင်ထင်ရှားရှား သဲသဲကွဲကွဲ မြင်တော့သည်။ သတို့သမီးက ငယ်တာလေး ကလွဲပြီး အပြင်မှာလည်း လှတယ် မပြောနိုင်သလို၊ ကင်မရာလည်း မစားလှပေ။

မြတ်ဇော်လင်းကတော့ ပြုံး လို့ရယ်လို့။ ရုံးက လူတော် တော်များများ လာကြသားပဲ။ ဒါတွေကတော့ ကိုယ်မသိသည့် သူစိမ်းတွေ။ ဟင် ဒါ က ခင်သန့်စင် မဟုတ်လား၊ ဟုတ်တာပေါ့၊ ခင်သန့်စင်မှ ခင်သန့်စင်ပါ။ သူ တိုင်ကွယ်ပြီး ဘာလုပ်နေပါလိမ့်။ ကြည့်စမ်း ကောင်းလိုက်တဲ့ ငါ့ရိုက်ချက်၊ ခင်သန့်စင် မျက်ရည်ခိုး သုတ်နေတဲ့ ပုံကို အမိအရ ယူနိုင်ခဲ့တာပဲ။ ကျွန်မ ကလေး ကလားဖြင့် ၀မ်းသာအားရတွေ ဖြစ်ပြီးမှ တစ်စုံတစ်ခုကို သေချာ စဉ်းစားမိသွားသည်။ ကြည့်စမ်းပါဦး၊ မြတ်ဇော်လင်း ဆိုသော ဘာမဟုတ်သည့် ယောက်ျားသားလေး တစ်ဦးအတွက် မျက်ရည်ကျ နေရသော မိန်းကလေး ဘယ် နှယောက် ရှိနိုင်သလဲ။ ကျွန်မ သိတာပင် နှစ်ယောက် ရှိနေပြီ။

ကျွန်မရဲ့ အဖိုးတန် မျိုးမှန် ကလေး ခိုင်ရယ်၊ သူငယ်ချင်းကို အတိုက်အခံ လုပ်ပြီးတောင် သူ့ခွင်ထဲ ဆွဲသွင်းခဲ့တဲ့ ခင်သန့်စင်ရယ်။ ကျွန်မစိတ်ထဲ မသက်မသာတွေဖြစ်ရင်း Online ပေါ်မှာ ခိုင်နဲ့စကား ပြောဖြစ်တဲ့အခါ မြတ်ဇော် လင်းမင်္ဂလာကိစ္စက စပြောရ မလား၊ သတို့သမီးက ဘာပုံ မှမပေါက်ဘဲ ဘာအရာမှ မမြောက်တဲ့ အကြောင်းက စပြောရမလား၊ ခင်သန့်စင် မျက်ရည်ကျတဲ့ အကြောင်းကိုပဲ တခမ်းတနား လုပ်ပြောရ မလား၊ ဒါမှမဟုတ် ဟိုအရင် တုန်းကလို “ခိုင်ရေ ဂရိတ်ကို ပဲရှာနော်”လို့ အားပေးရ မလား။ စိတ်တွေ ရှုပ်ထွေး သွားသည်။ စိတ်လေလေနှင့် ကွန်ပျူတာ ဖန်သားပြင်မှ ဓာတ်ပုံများကို စိုက်ကြည့်နေ မိခိုက် ခုတင်ပေါ်က သားသားက အဲ့ခနဲ အသံပြုတာမို့ ကျွတ်...ကျွတ်အသံပေးရင်း ချော့ဖြစ်သည်။

သြော် ဥသျှစ် တစ်တင်း၊ နှမ်းတစ်တင်းဟု ဆိုနေသော အချိန်မှာ ကျွန်မဟာ သားရှင်ဖြစ် နေခဲ့လို့ တော်ပါသေးရဲ့ဆိုတာလည်း စိတ်အတွေးမှာ ဖျတ်ခနဲ ပေါ် ဖြစ်အောင်ပေါ်လိုက်သေး သည်။ သားသားအရွယ် ရောက်လာချိန်မှာတော့ ဘယ်လောက်ပဲ ဥသျှစ်တစ်တင်း ဖြစ်နေပါစေ။ ကိုယ့်အမေ ဟာလည်း နှမ်းတစ်တင်းထဲက တစ်စေ့သော နှမ်းပဲမို့ မိန်းမသားတွေ အပေါ်မှာ ကိုယ်ချင်းစာတရား ထားတတ်ဖို့ ကိုတော့ ကြပ်ကြပ်သင်ပေး ရမယ်ဆိုတာလည်း စိတ်ကူး ထဲ တစ်ဆက်တည်းပေါ်ပြန် ၏။ ဒါတွေက အတွေးတွေပါ ပဲ။ လောလောဆယ်တော့ ကျွန်မသား သေးသေးလေးက အိပ်ရာပေါ်မှာ အိပ်လျက် သားလေး။

ကျွန်မကတော့ ခိုင့်အတွက် စိတ်မကောင်းခြင်း များစွာနဲ့ ငိုင်တိုင်တိုင်ကြီး ဖြစ်ကာ စိတ်မရွှင်။ ဒီအချိန်မှာ ခိုင်ကတော့ ရွှေရောင် အနာဂတ်ကို စိတ်ကူးယဉ်ရင်း အလုပ်တွေ ကြိုးစား လုပ်နေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် မြတ်ဇော်လင်းနှင့် ခိုင်ဖူးစာ မဆုံခဲ့ခြင်းဟာ ခိုင့်အတွက် ဂရိတ် တစ်ယောက်နှင့် ဖူးစာဖက် ဖြစ်ဖို့ အခွင့်အရေးပေါ့။ ကျွန်မ အတွေးကို ခိုင်များသိ ရင် “မယုကလည်းလေ”လို့ ပြုံးတုံ့တုံ့နဲ့ ရှက်နေဦးမှာ အသေအချာ။ ကျွန်မ ချစ်ခင် ရသော အမျိုးကောင်း သမီးလေး အချစ်ရေးမှာ ကံကောင်း ပါစေလို့ ဆုတောင်းရင်း ကျွန်မ ခိုင့်သတင်းကို နားစွင့် နေမိဦး မှာဖြစ်တော့သည်။


မီမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)

No comments:

Post a Comment