Pages

Monday 26 September 2011

မုသား၏ အခွင့်အရေး

ဝေမာတို့ ဘော်ဒါနှင့် နေ့အထူး သင်တန်းက မြန်မာစာ ဆရာမကြီး ဒေါ်ထွေးထွေးထွန်း တည်ထောင်ထားခြင်း ဖြစ်လေသည်။ ဝေမာတို့ မြစ်ကမ်းဘေးက မြို့အလတ် ကလေး တွင်တော့ ဆရာမကြီး သင်တန်းက တော်တော် နာမည်ကောင်း ရသည်။ မြစ်ရိုး အထက်ပညာ အောက်အကြေ အရပ်ဒေသ တွေကို မပြောနှင့်။ အနောက်ဘက် တောင်ရိုးဒေသက တိုင်းရင်းသား တွေပါ လာရောက် အပ်နှံ ကြ၍ လူမျိုးစုံ တွေ့ရသည်။ တချို့ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ဆက်တိုက် တက်ကြသည်မို့ ဆရာမကြီး သင်တန်းက သွေးသားရင်းချာ တွေလို စုစုစည်းစည်း ဖြစ်နေ ကြသည်။ ဝေမာ့လို ဂိုက်တာဝန် ယူထား ရသည့် ဆရာမ မဟုတ်၊ ၀န်ထမ်း မဟုတ်၊ ဘွဲ့ရ ကောင်မလေး တစ်ယောက် အဖို့လည်း ဆရာမကြီး သင်တန်းက မှီခို နားနေရာ ဖြစ်လေသည်။ “မမ ဝေမာ သမီး စာတွေ ကျက်ပြီးပြီ။ မမ ဝေမာ အပြင်ထွက်ရင် သမီးဖို့ အချဉ်ပေါင်းနဲ့ အာလူးကြော် ၀ယ်ခဲ့ပါ” ဖြူသဉ္စာထွန်းက မြို့ထဲက ရွှေဆိုင် ပိုင်ရှင် သမီး။ စာကျက်ချင်စိတ် ရှိသည့် ကလေး တစ်ယောက်။ သည်နှစ် ကိုးတန်း ဖြေရမည်။ ဝေမာ့ကိုလည်း အစ်မလို တွယ်တာသူ ဖြစ်သည်။
“တစ်နေ့ကပဲ မေမေ လာတုန်းက အချဉ်ပေါင်း တွေရော အာလူးကြော် တွေရော မြင်လိုက် ပါတယ်။ ထမနဲတွေ တွေ့လို့တောင် ညကျရင် ကောက်ညှင်းတွေ တွန်းမစားကြနဲ့ လို့ ဆရာမကြီးက သတိပေးသေးတယ် မဟုတ်လား” “ဟုတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဝေစားလိုက်တာ ကုန်သွားလို့” သဉ္စာက သည်လို ကောင်မလေး ဖြစ်သည်။ သူ့အစားအသောက်ရော အ၀တ်အစားရော ဘာကိုမှ မက်မောခြင်း မရှိ။ သဉ္စာ၏ မေမေကလည်း သဉ္စာ့သဘောအတိုင်း ဘာပေးပေး၊ ဘာဖြုန်းဖြုန်း ဘာကိုမှ ပိတ်ပင် တားဆီးခြင်း မရှိတာကို ဝေမာသိသည်။ သူတောင်းဆိုသည်က သူ့သမီးကို စာတော်ရမည်ဆိုသည့် တစ်ချက်တည်း ဖြစ်သည်။ သဉ္စာ စာမေးပွဲတိုင်း အမှတ် ကောင်းကောင်းနှင့် အောင်နေလျှင် ပြုံးပြုံးပြုံးပြုံးနှင့် ပျော်နေတတ်သည့် အမေမျိုး ဖြစ်သည်။ သည်လို ပြည့်စုံကောင်းမွန် ကြွယ်ဝ ချမ်းသာ၊ ဘယ်လိုမျိုးနှင့် မဆို အကောင်းတွေချည်း စုနေသည့် မြို့ပေါ်က ရွှေဆိုင် ပိုင်ရှင် သမီး တစ်ယောက်က ဟိုး အနောက်ဘက် တောင်ရိုးဒေ သကလာသည့် တောင်သူ သမီး နန်းခမ်းနွယ်ကို အမြဲတမ်း အရှုံး ပေးနေရ ပါသည်မှာ မဖြစ်နိုင်သော်လည်း တကယ်ဖြစ်နေသည့် ကိစ္စ တစ်ရပ်အဖြစ် ဆရာမကြီး ကျူရှင်မှာ ပြောစရာ ဆိုစရာ ဖြစ်နေသည်ကို ဝေမာ သတိ ပြုမိနေတာ ကြာခဲ့ပြီ။

“ထူးချွန် ပထမဆု ရရှိ သူ မနန်းခမ်းနွယ် ဆုယူရန် ကြွပါရှင်” လက်ခုပ်သံတွေ ဆူညံသွားသည့် ပညာရည် ချွန်ဆုပေးပွဲမှာ နန်းခမ်းနွယ် အတွက် တီးပေးသည့် သဉ္စာ့ မေမေ ဒေါ်ကေခိုင်ကျော် လက်ခုပ်သံက အကျယ်လောင်ဆုံး ဖြစ်သော်လည်း “ထူးချွန် ဒုတိယဆု ရရှိသူ မဖြူသဉ္စာ ထွန်း ဆုယူရန် ကြွပါရှင်” ဆိုတော့ ဒေါ်ကေခိုင်ကျော် လက်ခုပ်သံ အားလျော့သွား ခဲ့တာ ဝေမာ အသိပါ။

“အဲဒီ နန်းခမ်းနွယ်ဆိုတဲ့ ကလေးမလေးက သိပ်တော်တာပဲ ဝေမာရယ်။ မမခိုင်ဖြင့် သူ့ကို အားရလိုက်တာ။ ပညာဆိုလည်း ပထမ၊ ဘော်လီ ဘောလည်းတော်၊ ပင်ပေါင် မှာလည်းတော်၊ ကြက်တောင် ရိုက်တော့လည်းတော်။ ဟိုး တောင်ကြားထဲက တိုင်းရင်းသား ရွာကလေးက လာလို့သာပဲ။ မြို့ပေါ်က ကလေး တွေ သူ့ကို မယှဉ်နိုင်ဘူးနော်”

“သဉ္စာလည်း တော်တာ ပါပဲ မမခိုင်ရဲ့။ အမြဲတမ်း တော့ပ်တန်းထဲမှာ ပါတယ်။ ဆရာမကြီး အားရလို့ ချီးမွမ်းတဲ့ အထဲမှာ ပါတယ်။ စာလည်းတော် လိမ္မာတဲ့ကလေး ထဲမှာပါတယ်။ ပြောရဆိုရ မခက်ဘူး။ မခိုင် မွေးရကျိုး နပ်ပါတယ်”

ဒေါ်ကေခိုင်ကျော်က တဟင်းဟင်း ကိုယ်ကို လှုပ်၍ ရယ်သည်။ လည်ပင်းမှ စိန်လည်တုံနှင့် နားကစိန်နား ကပ် တဖျတ်ဖျတ် လက်သွား သည်ကို ဝေမာငေးကြည့်နေ မိသည်။ သြော် ဒေါ်ကေခိုင် ကျော်တို့ ကုသိုလ်ကံကောင်း လိုက်ကြတာနော်။ ချမ်းက လည်းချမ်းသာ၊ တစ်ဦးတည်း သောသမီးလေးကလည်း လိမ္မာ၊ ရှေးဘ၀က ဘာတွေလှူခဲ့ဖူး တယ်မသိဘူးနော်ဟု ဝေမာ စဉ်းစားနေစဉ် ဒေါ်ကေခိုင် ကျော်က...

“ဒါပေမယ့် သဉ္စာက တစ်ခါမှ နန်းခမ်းနွယ်ကို မနိုင်ခဲ့ဖူးဘူး”

“ရှင်”

ဝေမာ လန့်သွားသည်။ ဒေါ်ကေခိုင်ကျော် ဘာပြောလိုက်တာပါလိမ့်။
“သြော် ဒီလိုပါ ဝေမာရယ်။ မမခိုင်က လောဘကြီး တတ်တဲ့ လူမဟုတ်ပါဘူး။ ဒါပေမယ့် သမီးနဲ့ နန်းခမ်းနွယ် ကို ပညာသင်နှစ်တွေမှာ ချိန် ထိုးကြည့်မိတယ်လေ။ ဒါက မမခိုင်ပြိုင်တဲ့ သဘောတော့ မဟုတ်ဘူးပေါ့ကွယ်။ အလိုလို ယှဉ်ကြည့်မိနေတာ။ သမီးဘ၀ အစစပြည့်စုံတယ် ဆိုတာ ဝေမာ အသိနော်။ သမီးမှာ ဘာမှ လိုလေသေး မရှိဘူး။ နန်းခမ်းနွယ်ကတော့ ဘော်ဒါခတောင် အပြည့် မသွင်းနိုင်လို့ ဆရာမကြီးက မေတ္တာနဲ့ ဖြည့်ပေးရတာ။ အစားအသောက် လာပို့မယ့် လူမရှိဘူး။ ကိုယ့်အ၀တ် ကိုယ်လျှော်ရတာ။ သူ့အိမ်က တစ်ပတ်တစ်ခါ မပြောနဲ့ တစ်လတစ်ခါတောင် လာနိုင် တာမဟုတ်ဘူး။ ဒီလိုက လေးမျိုးကို သဉ္စာက တစ်ခါမှ မနိုင်ဖူးဘူး။ အားကစားမှာလည်း သူပထမဆို သဉ္စာ ဒုတိယ။ ကျောင်းစာမှာ လည်း သူပထမဆို သဉ္စာ ဒုတိယချည်းပဲ။ မမခိုင်စိတ် ထဲမှာ သမီးလေးကို တစ်ခါလောက် နန်းခမ်းနွယ်ကို အနိုင် ရစေချင်တယ်။ နို့ မဟုတ်ရင် ဦးကျိုးသွားမှာ စိုးတယ်။ ငါ့ဘ၀မှာဘယ်တော့ မှ နန်းခမ်းနွယ်ကို မနိုင်ဘူးဆို ပြီးတော့လေ။ မခိုင် ပြောတာ ဟုတ်တယ် မဟုတ်လား ဝေမာရယ်”

ဝေမာပြောစရာ စကား မရှိဘဲ ပါးစပ်ပိတ် တိတ်ဆိတ် နေခဲ့သည်။ မြို့ကလေး၏ မြို့မျက်နှာဖုံး ရွှေဆိုင်ပိုင်ရှင်။ ပြီးတော့ ဆရာမကြီး နေ့အထူး သင်တန်း၏ စပွန်ဆာ အမြဲတမ်း ပေးသည့် အလှူရှင်။ ဘ၀မှာ လိုတရ ပြည့်စုံနေသည့်သူ ဆိုတော့ သမီးဖြစ်သူကို ဒုတိယနေရာ နှင့် မတင်းတိမ် မကျေနပ် နိုင်သည့်စိတ်တွေက ဒေါ်ကေခိုင်ကျော်၏ စိတ်သန္တာန်မှာ ပေါ်လာမှာ ပဲလေ ဟု ဝေမာ ဖြည့်တွေး ကြည့်ရသည်။ အခါအားလျော်စွာ ဝေမာ့ကို ပေးခဲ့ဖူးသည့် ပါတိတ်ဝမ်း ဆက်တွေ၊ အစားအသောက် တွေ၊ ဝေမာ့အမေကို ၀ယ်ပေး ခဲ့ဖူးသည့် အားဆေးတွေ၊ ဓာတ်စာတွေက ဒေါ်ကေခိုင်ကျော် ဘက်ကို အားသာစေ သည်လား မသိ။ သြော် အမေပဲ ဒီလောက်တော့ ရှိရှာမှာ ပေါ့လေဟု ဝေမာမှတ်ချက် ပေးချင်ပါသည်။ သို့ပေမယ့် လူသား တစ်ယောက်၏ မှန်ကန်မှု အရ တွေးရင်တော့ ဓန ဥစ္စာဆိုတာ လူသား၏အရည် အချင်းနှင့် ဘာမှ ပတ်သက်တာမှ မဟုတ်ဘဲ။ ပင်ကို အရည်အချင်းတွေ၊ ကြိုးစား အားထုတ်မှုတွေ၊ ဇွဲ၊ လုံ့လ၊ ၀ီရိယတွေ လေ့လာ ကျက်မှတ် ဖတ်ရှုမှုတွေ နှင့်သာ ဆိုင်တာ။ ပထမဟာ ပထမပဲ။ ဒုတိယဟာ ဒုတိယပဲဟု ဝေမာ့ အသည်းနှလုံးရော ဦးနှောက်ကရော ပြောနေသည့် စကားတွေကို ဒေါ်ကေခိုင်ကျော် မကြားအောင် ပါးစပ် ကို နာနာ ပိတ်ထား ရသည်။ သည်စကားကို ပြောရုံပြော ခဲ့တာဟု ဝေမာ ထင်ခဲ့ သော်လည်း သည်စကား၏ နောက်မှာ လုပ်ရပ် ပါလာခဲ့ တာကို မကြာမီ အချိန်အတွင်းမှာ ဝေမာ ထိတ်လန့်တကြား သိရှိ လိုက်ရသည်။ ဒါကလည်း လူငယ်တွေ၏ ရိုးသားပွင့် လင်းမှုကြောင့် ဝေမာသိရ ခြင်းဖြစ်သည်။

“မမဝေမာ မြသွေးအခံ ပင်ယံစိမ်း ရွှေလိမ်းပြန်ကြ ဂုဏ်တစ်ပြိုင် ဆိုတာဘာလဲ ဟင်။ ညီမလေးမသိလို့”

တစ်ရက်မှာ သဉ္စာက ဝေမာကို စာလာမေးသည်။ ဒီစာက ဆရာမကြီး သင်တာလည်း ဘာမှ မကြားဖူး။ ဝေမာပင် မသိသည့် စကားလုံး၊ အလွန်လှသည့် နိမိတ် ပုံတွေ၊ ဥပမာတွေ တင်စား ထားသည့် ရှေးကဗျာမို့ ဝေမာ သိသလောက် တတ်သလောက် စဉ်စားကြည့်သည်။“မြသွေးအခံ ပင်ယံစိမ်း ဆိုတော့ အပင် စိမ်းနေတာကို ပြောတာ ဖြစ်မယ်။ အပင်မှာ စိမ်းတာဆိုတော့ အရွက်ပေါ့ သဉ္စာ။ အင်း သိပြီ သိပြီ။ ရွှေလိမ်းတယ် ဆိုတော့ ရွှေက အ၀ါ။ အရွက်ကလေးတွေ စိမ်းရာကနေ ၀ါလာတာ။ ဒါဆိုရင် နွေဦးပေါက်စ သစ်ပင် မှာ အရွက်တွေဝါတာကို ဖွဲ့ တာဖြစ်မယ်။ ဒါကဘယ်လို သဉ္စာ သိလာတာလဲ ဆရာမ ကြီးလည်း သင်တာမကြား ဖူးပါဘူး”

“မသိပါဘူး။ မမဝေမာရယ်။ မေမေက တစ်နေ့က လာရင်းနဲ့ စုတ်ပြတ်နေတဲ့ စာ စီစာကုံး စာအုပ်အဟောင်း တစ်အုပ်ကို ပေးသွားတယ်။ အဲဒီစာအုပ်ထဲက နွေဦးရာသီ ဆိုတဲ့ စာစီစာကုံးကို အလွတ် ကျက်တဲ့။ ဘာမှန်းလည်း မသိဘူး။ နောက်ပြီးကျ မျက်လုံးကြီး ပြူးပြီး ပြောသွားသေးတယ်။ အဲဒီစာစီစာကုံး ငါ့သမီး ကျက်နေတာ ဘယ် သူမှ မသိစေနဲ့တဲ့။ ဘာမှန်းလည်း မသိဘူး”

သဉ္စာက လူငယ်ပီပီ ပွင့်လင်း ရိုးသားစွာ ပြောချလိုက်သည့် စကားတွေထဲမှာ ဝေမာ့ အတွက် လုံလောက်သော အဖြေက ပါဝင်သွားပြီမို့ ဒိန်းခနဲ ရင်ထဲမှာ တုန်ပြီး ခေါင်းနားပန်း ကြီးသွား မိသည်။ လူငယ်တွေ၏ ရိုးသားမှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် လူကြီးတစ်ယောက်၏ ကောက်ကျစ် လိမ်လည်မှု မုသားကိုပါ အထင်းသားမြင် လိုက်ရ၍ ဝေမာ တုန်လှုပ် ချောက်ချားပြီး ကြောက်ရွံ့ ထိတ်လန့် သွားသည်။ သဉ္စာက ပြောပြီး အနားက ထွက်သွားပေမယ့် ဝေမာမောဟိုက် ကျန်နေခဲ့သည်။ ပြီးခဲ့သည့် အပတ်က ဆရာများ အစည်းအဝေးမှ ဆရာမကြီး မိန့်ခွန်းကို ပြန်လည် သတိရနေမိသည်။

“ကျောင်းစာသင်နှစ် ပြီး တော့မယ်ဆိုတော့ ထုံးစံအ တိုင်း ကျွန်မတို့ စကားရည် လုပွဲတွေ၊ ကျပန်းစကားပြော ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ကြမယ်။ စာစီစာကုံးပြိုင် ပွဲမှာ ကိုးတန်း၊ ဆယ်တန်းအ တွက် ခေါင်းစဉ်ကို ကျွန်မနှင့် ဘာသာရပ်ဆိုင်ရာ ဆရာတွေ ပဲ ထုတ်မယ်။ စာမေးပွဲခန်းထဲ ကျမှ အိတ်ဖွင့်မယ်”
ဝေမာတို့လို ဂိုက်တွေပင် မသိသည့် ခေါင်းစဉ်ကို ဒေါ်ကေခိုင်ကျော် တစ်နည်းနည်းနှင့် သိအောင် နည်း လမ်းစုံသုံး၍ ရယူသွားလေ သလား။ ရယူသွားပြီးသည့် နောက် ပထမဆိုသည့် နေရာကို ရဖို့ရာ ဟိုးယခင်က စာစီစာကုံး စာအုပ်ထဲက စာစီစာကုံးကို သူ့သမီးကို ကူးချခိုင်း တာလား။ ကူးချသည့်စာမူ နှင့် ဆုရအောင် မုသာဝါဒ သုံးပြီး ကြိုးစားတာလား။ ဝေမာ့ ခေါင်းထဲမှာ အတွေးတွေ ၀ဲလည်နေသည်။ ရင်တွေတ ထိတ်ထိတ်ခုန် နေသည်။ ဝေမာသည် မတရားမှုကြီးကို ထုတ်ဖော်လိုက်ရမှာလား။ ထုတ်ဖော်လိုက်ရင် ဘာသာရပ်ပြ ဆရာမက ကြားထဲမှာ ကန့်လန့်ခံ နေသည်။ အို ဝေမာ ဘာလုပ်ရမှာလဲ။

ဒေါ်ကေခိုင် ကျော်၏ ဝေမာ့အပေါ် ထောက်ပံ့ ပေးကမ်းမှု ကျူရှင်က လိုအပ်ချက်များကို သူ၏ ငွေကြေးနှင့် ဖြည့်ဆည်းပေး နေမှု၊ ဆရာ ဆရာမများအား လုံးအပေါ် ဒေါ်ကေခိုင်ကျော်၏ သိတတ်မှု။ ဒါတွေကြောင့် ဝေမာ နှုတ်ပိတ်ရေငုံ နေလိုက်ရမည်လား။ ဒီလို မုသားသုံးမှု အတွက် တစ်ခါ တလေ သဉ္စာက နန်းခမ်း နွယ်ကို အနိုင်ရရှိပြီး ဒေါ်ကေ ခိုင်ကျော် စိတ်သက်သာ ကျေနပ်မှု ရရှိ ပါစေလား။ ဝေမာ ဘာလုပ်ရမလဲ။ ဝေမာ တွေ ဝေတွန့်ဆုတ် စဉ်းစားရင်း အချိန်တွေ တဖြည်းဖြည်း ကုန်သွားခဲ့သည်။ ဒီရက်တွေ ကြားထဲ ဝေမာ နေမထိထိုင် မသာဖြစ်ရင်း ဆရာမကြီးနှင့် မျက်နှာချင်းဆိုင်ဆုံတော့ အလိုလို မလုံမလဲ ဖြစ်နေ တတ်သည်။ သဉ္စာနှင့် တွေ့တော့ သဉ္စာထပ်ပြီး ဘာမှ မပြောပါစေနှင့်ဟု ဆုတောင်းမိသည်။ နန်းခမ်းနွယ်ကို တွေ့ တော့ သနားကြင်နာ စိတ်က ရင်ထဲ ၀င်လာသည်။

ဘာမျှ မသိဘဲနှင့် မတရား အလုပ်ခံ ရမည့် ကလေးမလေး။လူတွေ၏ ဆန္ဒဆိုတာ တစ်ခုတည်း ရှေ့တန်း တင်မှုကြောင့် မတရားသောဖြစ်ရပ်တွေ၊ အလုအယက် ခံရသော ဖြစ်ရပ်တွေ နေရာတိုင်းမှာ ရှိသလား။ သည်ကိစ္စကို ဖော်ထုတ်လိုက်ရင် ငါ့ကို လူတွေက ချီးမွမ်းကြမှာလား။ အမှန် တရားလိုလား သူဆိုသည့် ချီး ကျူးသံတွေက ၀ါးစားလို့ ရသလား။ ဒေါ်ကေခိုင်ကျော်၏ အမုန်းကိုရော ခံယူဝံ့သလား။ သူ၏ သိတတ်မှုတွေကို မျက်ကွယ်ပြုနိုင်သလား။ ဒေါ်ကေခိုင်ကျော်၏ ဆန္ဒအတိုင်း တစ်ခါတလေတော့ သဉ္စာအနိုင် ရပါစေလား။ အတွေးထဲမှာ တ၀ဲလည်လည် လှည့်ရင်း ဝေမာ တွေဝေ တွန့်ဆုတ် နေခဲ့သည်။ မိမိကိုယ်ကိုလည်း အလွန်မုန်းတီး ရွံရှာမိနေသည်။ ဆရာမကြီးနှင့်ဆုံ တိုင်း မဖွင့်ဟနိုင်ဘဲ နှုတ်ပိတ် နေခဲ့သည့် ကိုယ့်ကိုယ်ကို စက်ဆုပ်စွာဖြင့် အချိန်တွေ ကုန်လာခဲ့သည်။

စာစီစာကုံး ပြိုင်ပွဲနေ့ ရောက်၍ မေးခွန်း ဖတ်ရသည့် အခါ တွေ့ရှိရသည့် နွေဦးရာသီ ဆိုသည့် ခေါင်းစဉ်က ဝေမာ့ကို တစ္ဆေတစ်ကောင် လို ခြောက်လှန့် နေကြသည်။ သွားပြီ နန်းခမ်းနွယ် ကလေးရယ်၊ ဒီတစ်ခါတော့ မင်းရဲ့ သရဖူကို လွှဲအပ် ပေးရတော့မယ်။ ဝေမာတောင် မကြား ဖူးသည့် ကဗျာ၊ ဥပမာ အလင်္ကာ၊ ရူပက အလင်္ကာ၊ နိမိတ်ပုံတွေနှင့် ထုံမွမ်းထား အပ်သည့် လွန်ခဲ့သော နှစ်ပေါင်းများစွာက စာစီစာကုံးကို ဘယ်လို ယှဉ်ရေးနိုင်မှာလဲ။ ကူးချထားသည့် စာတစ်ပုဒ်နှင့် ယှဉ်ပြိုင်တာကိုလည်း ဘယ်သူက သိနိုင် မှာလဲကွယ်ဟု ဝေမာ ရင်ထဲက ပြောနေ မိသည်။ အားကုန် မောပန်းသူ တစ်ယောက်လို ခြေထောက်တွေ လက်တွေ မသယ်နိုင် အောင်ဖြစ်နေမိသည်။

မုသား၏ အခွင့်အရေးဟာ ဒါပါပဲ။ လူတွေအပေါ်မှာ မုသားသုံး အနိုင်ကျင့်ခွင့်ဟာ ဓနဥစ္စာ ကြွယ်ဝသူတွေမှာ လက်ကိုင် တုတ်တစ်ခုလို အသုံးချခွင့် ရသည်ဆိုသည့် အတွေးတွေနှင့် ဝေမာရစ်ခွေ နေခဲ့သည်။    သည်လိုနှင့် ဘက်စုံ ပြိုင်ပွဲ ဆုပေးပွဲစဉ်တွေ ကျင်းပသည့် ကာလသို့ ရောက်ရှိ လာခဲ့သည်။ ဆုတံဆိပ်တွေ ဆုဒိုင်းတွေ ငွေကြေးတွေ စီစဉ်မှုမှာ ဆရာမကြီး၏ ဦး ဆောင် လမ်းညွှန်မှု အောက်တွင် ဝေမာစက်ရုပ် တစ်ရုပ်လို ပါဝင်လှုပ်ရှား နေခဲ့ရသည်။ ဆုပေးပွဲ ကျင်းပနေပြီ။ ပြိုင်ပွဲတွေ အစဉ်အတိုင်း ဆုပေးလာသည်။ ဟော စာစီစာကုံး ပြိုင်ပွဲကို ရောက်လာပြီ။ ပထမ ဖြူသဉ္စာထွန်း ဆိုသည့် ကြေညာသံကို ဝေမာ နားစွင့်နေသည်။

“ယခု ဆက်လက်ပြီး စာစီစာကုံး ပြိုင်ပွဲကို ကြေညာပါမယ်။ န၀တန်း စာစီစာ ကုံးပြိုင်ပွဲ ပထမ နန်းခမ်းနွယ်၊ ဒုတိယ ကျော်ကိုကို ထက်၊ တတိယ အေးမင်းဦး ဆုယူရန် ကြွပါ”

လက်ခုပ်သံတွေ ဆူညံသွားသည့်ကြားက ဝေမာ ကြက်သေသေသွားသည်။ သူ့နားကို သူမယုံနိုင်အောင် ဖြစ်မိသည်။ အလွန်ကောင်း သည့် ရှေးဟောင်း စာစီစာကုံးကို ကူးချ အလွတ်ကျက် ပြီး ဖြေဆိုထားသည့် သဉ္စာ ပထမ ရမည် ထင်သော်လည်း တတိယ အထိတောင် မပါဘဲ ဆုမရခဲ့။ ဝေမာအံ့သြ ထိတ်လန့် နားမလည်သည့် ကြားက မျက်ရည် လည်အောင်ပင် နန်းခမ်းနွယ် အတွက် ၀မ်းသာ အားရ ဖြစ်မိသည်။ ဘာတွေလဲ။ ဘာဖြစ်သွားတာလဲ ဝေမာမသိ။
“မမဝေမာရယ် စိတ်ရှုပ်လိုက်တာ။ မေမေပေးတဲ့ စာအုပ်ထဲက စာစီစာကုံး ကြီးကလည်း ခက်လိုက်တာ။ သဉ္စာလည်း ကြိုးစားကျက်ပြီး ဖြေ ခဲ့တာပါပဲ။ မေမေကတော့ စိတ်ဆိုးမှာသိလား။ သဉ္ဇာတော့ ဘာမှမဖြစ်ပေါင်”

အချဉ်ပေါင်းထုပ်ကို အေးအေးဆေးဆေး စားပြီး အနားက ပေါ့ပါး ဖျတ်လတ် စွာ ထွက်ခွာသွားသည့် သဉ္ဇာ့ ဆီကလည်း အဖြေမရ။ ဝေမာ စိတ်ရှုပ်နေသည်။ ဝေမာ သိချင်သည့် အဖြေသည် ညနေဘက် ဆရာမကြီးက အ ရေးပေါ် အစည်းအဝေး ခေါ်ပြီး မိန့်ခွန်းပြောတော့မှ သိရလေသည်။
“မြသွေးအခံ ပင်ယံစိမ်း ရွှေလိမ်းပြန်ကြ ဂုဏ်တစ်ပြိုင် သွေယိမ်းဟန်ပြ ပုံအကိုင်ဝယ် လေသိမ်းမခိုင် ကြွေစလု မရီ တစ်ခါ ရီတစ်ခါလျှင် ပလီ ပလာ ညိုမင်းလွင်သို့ပြု” ဆိုတာ ကျွန်မတို့ ခေတ်က ဟိုးရှေးတုန်းက ကဗျာတွေ၊ ကဗျာ့ပန်းကုံးတွေ ကျက်ခဲ့ရတာ၊ သိနေတာ၊ စာစီစာကုံး တွေလည်း ဖတ်ခဲ့ မှတ်ခဲ့ရတာ။ ဒီခေတ်မှာ မသင်ဘူး။ ကျွန်မတို့က ကိုယ်တိုင်ကြိုး စားရေးဖွဲ့တဲ့ ပင်ကို အရည် အချင်းကို လိုချင်တာ။ ရှေးစာ စီစာကုံးကို ဘယ်သူမှ မသိဘူး ဆိုပြီး ကူးချတဲ့ လုပ်ရပ်မျိုးကို လက်မခံဘူး။ ပထမဦး ဆုံးအကြိမ်ဖြစ်လို့ မေးခွန်း ပေါက်ကြားတာ ကိုလည်း ခွင့်လွှတ်လိုက်မယ်။ နောက်ကို ဒီလိုအဖြစ်မျိုး မဖြစ်ပါစေနဲ့”

ဘာသာရပ်ပြ ဆရာမ ခေါင်းငုံ့နေတာ ဝေမာတွေ့သည်။ ဝေမာလည်း ဘာထူးလဲ။ ပူးပေါင်းကြံစည်သူ အဖြစ်နှင့် မလွန်ဆန်နိုင်သော အကြောင်းတရား တွေကြောင့် ရေငုံနှုတ်ပိတ် နေခဲ့တာပဲ မဟုတ်လား။ မည်သူမျှမသိ သော်လည်း နောင်တကြီးစွာ ရမိသည်။ တစ်ခါတော့ သဉ္စာ နန်းခမ်းနွယ်ကို နိုင်ပါစေလေ။ ဘာမှဖြစ်ပါဘူး။ ဒီလို နေနိုင်တာ မုသား၏ အခွင့်အရေး ပဲဟု ဝေမာ မှားယွင်းစွာ ထင်ခဲ့မိသည်။ သို့ပေမယ့် လောကပါလ တရားကြီးက ကူးချပြီး ဆုလိုချင်သည့် သူတွေကို တစ်ခါလေးတောင် အခွင့်အရေး မပေးပါလားဟု ဝေမာ စိတ်ချမ်းသာစွာ တွေးမိ နေပါတော့သည်။
                                             
                                                                                                               ယဉ်ယဉ်နု (မန္တလေး)

No comments:

Post a Comment