Pages

Thursday 22 September 2011

မာယာအသွယ်သွယ် ဆန်းကြည်စွာသူလှည့်စားလို့ 

“တို့ဟူးတို့ကတာ့ ဟေ့။ တကယ်စွံတဲ့ ကောင်ပဲ” လို့ မကွေး ဒီဂရီ ကောလိပ်မှ သူငယ်ချင်းများက အမြဲ ပြောကြတယ်။
ကျွန်တော် နာမည်ပြောင်ကို တို့ဟူးလို့ ခေါ်ကြတယ်။ ပြောကြပေမှာပေါ့။ ကျွန်တော့် ရုပ်ကလည်း အဲဒီ ခေတ်က ရုပ်ရှင် မင်းသားပြေငြိမ်းနဲ့ အတော် တူသတဲ့။ အဲ တချို့ကလည်း ရဲအောင်နဲ့ ချွတ်စွပ်ပဲလို့ ဆိုကြသဗျ။ ပြီးတော့ သူတို့ အားကျမယ် ဆိုလည်း ကျလောက်စရာကိုး။ ကျွန်တော့်ရဲ့ ပရက်တီကယ် အုပ်စု ၄ ယောက်ထဲမှာ ဓာတုဗေဒရဲ့ အချောအလှ သုံးယောက်လည်း ပါသေးတာကိုး။ မချောသုံးယောက် ကိုယ်တစ်ယောက်ပေါ့။ တစ်ယောက်က ရေနံချောင်းသူ မနှင်းဝေတဲ့။ ခန္ဓာကိုယ် သေးသေးသွယ်သွယ် ကလေး။ နှာတံလေးက အဖျားမှာ နည်းနည်းကော့လို့။ ဘိုမရုပ် ကလေးလိုပဲ။ ဖြူဖြူချောချောဗျ။ တစ်ဦးက မြစ်ခြေသူ သီတာမေ။ အညာသူပေမယ့် ဖြူဖြူချောချောပဲ။ ကြည့်လိုက်ရင် မျက်နှာလေးက ရှင်းလို့၊ ၀င်းလို့။ အဲ့နောက် တစ်ယောက်က ကျောက်ထုသူ ဆွေဆွေညွှန့်တဲ့။ သူကလည်း ယောသူပီပီ ပုပု၀၀ ချောချောလှလှ ပေပဲ။ အဲဒီ လှထိပ်ခေါင် ဓာတုကလျာ သုံးယောက်နဲ့ ပရက်တီကယ် တစ်အုပ်စုတည်း တွဲကျတဲ့ ကျွန်တော့်ကို သူတို့ အားကျတာ မဆန်းဘူးပေါ့။ လောက ပရိယာယ်ဆန်း ကြယ်ပုံများ ပြောပါတယ်။

သူတို့တွေက ကျွန်တော့်ကို အဲဒီ သုံးယောက်ထဲက တစ်ယောက်ယောက်နဲ့ ဖြစ်သွားလိမ့်မယ်လို့ ထင်ကြတယ်။ အဲဖြစ်လည်း မဖြစ် စေချင်ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမချောသုံး ယောက်ကို သူတို့ကလည်း အပြိုင် ပိုးနေကြတာကိုး။ ပရက်တီကယ်ချိန်ဆိုရင် ဓာတ်စမ်း ပစ္စည်းထားတဲ့ စားပွဲတွေနား Test tube လေး တွေကိုင်ရင်း NaCl လေး ထည့်လိုက်၊ Ca(OH)2 လေး ယူလိုက်နဲ့ လူချင်း တိုးဝှေ့လို့ တစ်ဖုံ၊ အဝေးကနေ မျက်လုံး နဲ့တစ်သွယ် ပိုးကြပန်းကြ သေးတာကိုးဗျာ။ အဲဒီအထဲ မှာ မြိုင်သား ကိုပေါ်လာက သူရုပ် သူ့ရည်မှ အားမနာ၊ မနှင်းဝေ နုနုထွတ်ထွတ်လေး ကို သူမသိ ငါပိုးလုပ်သဗျ။ မြို့သစ်သား ကိုညွန့်ဝင်းကြီးကလည်း မြစ်ခြေသူ သီတာ မေကို ခြေကန်ပိုး။ ကျောက် ထုသား သန်းအောင်ကလည်း ဆွေဆွေညွန့်ကို ကြိတ်ပိုး ပိုး နေကြတာကိုး။ အသီးသီး အသက အသကပေါ့။

အမှန် ပြောရရင် ကျွန်တော်ကလည်း အဲဒီ သုံးယောက်ကို မကြံစည်ပါဘူး။ တကယ်ပါ။ သူတို့ သုံးဦးထဲက တစ်ယောက်ယောက်ကိုများ ကြိုက်မိခဲ့ရင် ကျန်တဲ့ နှစ်ယောက် လက်လွှတ် ရမှာကိုး။ အဲဒီတော့ သုံးယောက်လုံးကို ချစ်လက်စ မဆုံးပေါ့။ သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ဝေ၊ မေ၊ ဆွေ လုပ်နေ လိုက်တာပေါ့။ ကိုယ့်ခြံထဲက ကြက်ပဲ၊ ဘယ်အချိန်သတ် စားစားပေါ့ မဟုတ်ဘူးလား။ အဲဒီလို မရိုးမသား စိတ်မရှိ လို့လည်း စာမေးပွဲမှာ လေးယောက်သား မျက်နှာချင်း ဆိုင်မိရင် ပြောရဲဆိုရဲ၊ မောင်နှမရင်းတွေ လိုပဲ ရယ်လိုက် မောလိုက်နဲ့။ တခြားဝိုင်းတွေ ကတောင် အားကျနေကြ လောက်အောင်ပဲ။

ဒါပေမယ့် ကျွန်တော်လည်း နှလုံးသားနဲ့ ပုထုဇဉ်ပဲ။ သူတို့ သုံးယောက်ကို စိတ်မ၀င်စားပေမယ့် စိတ်ဝင်စားတဲ့ သူတစ်ယောက်တော့ ရှိ တာပေါ့။ တောင်နားစားပွဲ ၂ လုံးကျော်လောက် အုပ်စုထဲက ကျောက်ပန်းတောင်းသူ “ခင်ဖုန်းမြတ်”ဆိုတာပေါ့။ အသက်ကတော့ ကျွန်တော့် ထက် သုံးလေးနှစ် ပိုကြီးမယ် ထင်တယ်။ ဆယ်တန်းမှာRepeater နှစ်ကြိမ် ထိခဲ့သတဲ့။ ဖြူဖြူဖွေးဖွေး ခပ်ဖိုင့်ဖိုင့်။ ဘဲဥကြီးလိုလို၊ မျှစ်စို့ပေါက်ကြီး လိုလို တစ်လုံးတစ်ခဲ ချစ်စရာကြီး။ စိုးမြတ်သူဇာ လိုလိုပေါ့ဗျာ။ ပရယ်တီကယ် ချိန်ဆို ကျွန်တော့် အကြည့်က သူ့ဆီ ရောက်ရောက် သွားတတ်တယ်။ သူကလည်း တစ်ခါ တစ်ခါ မျက်လုံးကြီးအောက် စိုက်ပြီး ကြည့်လိုက်ရင် “အံမယ်လေးလေး”ရင်တွေ ခုန်လိုက်တာများ မပြောပါနဲ့တော့။ အကြည့်ချင်း ဆုံတိုင်း ကျွန်တော်ကပဲ မျက်နှာ လွှဲရတယ်။ သူကလည်း နည်းနည်း ပါးပါးတော့ ရိပ်မိပုံ ရပါတယ်။ သူ့အကြည့်က တစ်မျိုး။

ဒါပေမယ့် ကျွန်တော်က ရိုးသားတဲ့ မိန်းကလေးတွေ အပေါ်မှာ စိတ်က စသလိုလို၊ နောက်သလိုလို မထိခလုတ် ထိခလုတ် ပြောရဲပေမယ့် သူ့ ကျတော့ စကား ပြောဖို့ဝေးလို့၊ သူတို့ အနားနီးတဲ့ ဓာတ်စမ်းပစ္စည်း စားပွဲနားတောင် မသီရဲဘူး။ အဝေးကနေပဲ အကြည့်တွေ ပို့လွှတ် နေရတယ်။ အကြည့်ချင်းဆုံ ရင်ခုန် အဖြစ်နဲ့ပဲ နှစ်သိမ့်နေရတယ်။

“တို့ဟူး ဒီနေ့ မင်း အလှည့်”

စလေဆောင်မှာ နေတဲ့ ပေါ်လာနဲ့ မောင်လှိုင်မွှေး(ငညို) က ဗိဿနိုးဆောင်မှာ နေတဲ့ ကျွန်တော့်ဆီကို ည ကိုးနာရီ လောက်ဆို ရောက်လာနေကျ။ ညစာကို တစ်ယောက် တစ်လှည့်စီ ကျွေးကြတဲ့ အစီအစဉ် လုပ်ထားတာကိုး။ ကျွန်တော် တို့ခေတ်က အဆောင်ကြေး၊ စားစရိတ် အပါအ၀င်မှ ၁၂၀ ကျပ်ပဲ ပေးရတာ။ ကျောင်း လခက ၃၀၊ အိမ်က တစ်လ ငွေနှစ်ရာ ပို့ရင်လောက်တယ်လို့ ပြောရင် ခုခေတ် မောင်တို့ မယ်တို့ အဖို့ ယုံတမ်း စကား ဖြစ်နေမယ် ထင်တယ်။ မီး ပျက်တယ်ဆိုတာ မကြားဖူးသေး။ ရေမရှိရင် အဆောင်မှူး ကြားအောင် အော်လိုက်။ ဒါပဲ။ အဆောင်နေ ကျောင်းသား ဘ၀ အပြည့်အ၀ ခံစားကြရတာ ကိုး။ လက်ဖက်ရည် တစ်ခွက် မှတစ်ကျပ်။ ဦးလေးထွန်း ထမင်းသုပ် တစ်ကျပ်ခွဲ ဆိုရင် လက်ဖက်သုပ်ပါ ပါလိုက်သေး။

အင်း မောင်လှိုင်မွှေးကလည်း အရပ်ကသာ ပုပုကွကွ၊ မျက်နှာက သမိန်ပေါသွပ် မျက်နှာ၊ ကြိုက်တော့မိတ္ထိလာ သူ သင်းသင်းနိုင်။ ပူပူလောင် လောင် မကွေးလို ရာသီဥတုမှာ ဂျင်းဘောင်းဘီကို ပုံကျ အောင်ဝတ်ပြီး သင်းသင်းနိုင်ကို ရေဗွက်မရှောင် စာလိုက် ပေးခဲ့သေးတာကော။ သူတို့ မိဘများကလည်း“တက္ကသိုလ် ဆိုသဟာ ပညာလည်းစုံ၊ ကြင်ရာလည်း စုံမှကွ”လို့များ သင်ပေး လိုက်ကြသလား မသိဘူး။ ကောင်းမွန် လက်ဖက် ရည်ဆိုင်မှာ ထိုင်ကြတော့ ပေါ် လာက“တို့ဟူး မင်းအထဲကမြာ တွေအနိပ်တွေချည်းပဲ။ ကျန် တဲ့သူတော့ မင်းကြံချင် ကြံပါကွာ။ ရေနံချောင်း သူလေးတော့ ငါ့အတွက် စောင်မကြည့် ရှုပေးပါ။ နှုတ်၏ စောင်မခြင်း၊ အဲလက်၏ စောင်မခြင်းတော့ မပါဘူးဟေ့”လို့ သွားရည် တမြားမြားနဲ့ ပြောတယ်။

“အေးပါကွ။ ကိုယ့်ခြံထဲက ကြက် အလကား သတ်စား ပါ့မလား။ အောင်မာ သူတို့ကလည်း ငါ့ကို စိတ်မ၀င် စားပါဘူးဗျာ။ နေ့ခင်းက မင်းတို့ ၀ိုင်းလှမ်းကြည့်ပြီး တွတ်ထိုးလိုက်၊ ရယ်လိုက်နဲ့”

“ဟုတ်လား။ ဘာတွေ ပြောကြတာတုံး”

“မသိပါဘူးကွာ စပို့ရှပ် အပြာလေးနဲ့ ဆိုတာတော့ နားစွန်နားဖျား ကြားလိုက် သလားလို့”

“ဟေ”

ကျွန်တော်က ခွေး ၀မ်းသာအောင် လေလည် ပြလိုက်တာပါ။ နေ့ခင်း ပရယ်တီ ကယ်ချိန်တုန်းက ပေါ်လာက ကလန်ကလား သူ့အရပ်နဲ့ မည်းချိတ်ချိတ် သူ့အသားနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ တစ်ထည်တည်းသော စပို့ရှပ် အပြာလေး ၀တ်ထားသကိုး။ သူ့မျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်လာတယ်။

“ထင်တော့ ထင်သားပဲ။ မနှင်းဝေက ငါ့ကြည့်လိုက်၊ ပြီးတော့ ရယ်လိုက်နဲ့ ဆိုတော့ ဧကန္တ ဒီကောင်မတွေ ငါ့အကြောင်း ပြောတာ နေမှာပဲလို့။ ဘာတွေ ပြောနေ ကြတာတုံး။ လုပ်စမ်းပါဟ”

“ဟ ဘာလို့ ပြောရမှာတုံး။ ဒါမျိုးဆိုတာ လက်ဖက်ရည်လေး တစိမ့်စိမ့် သောက်ရင်း နားထောင်ရမှ အရသာ ရှိတာ။ ဒီဝိုင်း မင်းရှင်းမှာလား”

“အေးပါကွာ။ ရှင်းပါ့ မယ် ကျေးဇူးရှင်ကြီးရယ်။ မင်းသိသမျှ တစ်လုံးမကျန် ဖြည်းဖြည်း ပြောကွာ။ အမေရေ အိမ်က နွားမအုပ်ကလေး တော့ ပြုတ်တော့မယ်ဗျို့”
ပေါ်လာက ကျွန်တော့် လုပ်ဇာတ်ကို အဟုတ်မှတ်ပြီး ပါးစပ် အဖြဲသား နာခံနေလေရဲ့။

“အိုး နေနိုင်သူလေး၊ နေနိုင်သူလေးရေ”

ညဆိုရင် မိန်းကလေး ဆောင်မြတ်လေးတို့ စံပယ်တို့ ရှေ့မှာ ဂစ်တာ တီးသူတီး၊ ဘာမှမပါဘဲ သီချင်း ဆိုသူဆို နဲ့။ အဲဒီအထဲ ပခုက္ကူသား ဇော်ဝင်းလတ်က သူ့အသံပြဲ ကြီးနဲ့ ညဆို ရောက်နေပြီ။ ခိုင်ထူး စီးရီးတွေ အကုန်ဆိုပြီး ပြီ။ ဆင်ဖြူကျွန်းသား ကိုသိန်းဝင်းကလည်း ညီတော်မင်းနန် ချွတ်ခန်းကို ဦးစိန် ကတုံးလေနဲ့ အပြတ် ဟစ်နိုင်တယ်။ သူ့အဖွဲ့နဲ့သူ လမ်းပေါ်မှာ ထိုင်လို့။

ကျွန်တော်လည်း ဘယ်နေမှာလဲ။ ခင်ဖုန်းမြတ် နေတဲ့ စံပယ်ဆောင် အရှေ့ဘက် လမ်းပေါ်ကနေ ဂီတနက်သန် သီချင်းတွေနဲ့ အပြတ်ကြူ တော့တာပဲ။ မယ်ဒလင်တီးတဲ့ ဂင့်ဂဲသား ကျော်တင်ဝင်း ကြီးကလည်း ဂီတနက်သန် သီချင်းတွေတော့ အလွန် ရသဗျ။ ကျွန်တော်ကလည်း စံပယ်တို့၊ ပွင့်ဦးတို့၊ သစ္စာ တို့ဆို အပီဟစ်တာ။ မုဒ်တွေ ဘာတွေနဲ့။ ကြိုက်မှာပေါ့ သီချင်းထဲမှာ ခင်ဖုန်း ပါတာကိုး။

“ရေမြေ ဆုံးစေတော့ ကွယ်___ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် ရှာတော့မယ်__
စံပယ်ဖြူတုန်းခါမှ___ခင်ဖုန်း သက်ဝေရယ်___ ဘယ် စိတ်လည်လို့ ပေါ်လာပြန်တယ်___”

စသဖြင့်ပေါ့ဗျာ။ အဲ ကျွန်တော်တို့ သီချင်း သံကြားရင် ခင်ဖုန်းမြတ်တို့ ပြတင်းပေါက် ပွင့်လာပြီး မီးလင်းလာတယ်။ လူရိပ် မြင်လိုက်ရတယ် ဆိုရင် ကျွန်တော် အားတက် သွားတယ်။ အသံကို နည်းနည်းမြှင့်ပြီး တင်ဆိုလိုက်တယ်။ ဆွေးဆွေးမြည့် မြည့်ကလေးပေါ့ဗျာ။
“တရွေ့ရွေ့ဝေးပါလို့ ရေမြေအဏ္ဏ၀ါ ကမ္ဘာမြေခြား ကာရယ်___ထွက်ပြေးရှောင်မယ်။ ပြေးရှောင်ဖယ်___ မောင့် အပေါ်ဝယ် မူလွန်းနိုင်အားတယ်___”
အဲဒီလို လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ဘ၀နဲ့ ပညာ သင်နှစ်သာ ကုန်ခါနီးပြီ၊ တစ်ခါမှ မျက်နှာချင်း ဆိုင်ပြီး စကား မပြောရဲခဲ့ဘူး။

သူများတွေကို မြှောက်ပေးလိုက်၊ ညာဝါးစားလိုက်နဲ့ လုပ်ခဲ့ ပေမယ့် ကိုယ်တိုင်ကျတော့ ရည်းစားစကားပြောဖို့ နေနေသာ သာ အဝေးကနေ မျက်လုံးရွဲကြီးနဲ့ ကြည့်လိုက်ရင်ကို ရေငတ် သလိုလို၊ ဆီးသွားချင်သလိုလို ဖြစ်နေတော့တာ။ လောက ပရိယာယ် ဆန်းကြယ် လာပုံကတော့ နောက်ဆုံးနှစ် စာမေးပွဲTheory တွေ ဖြေအပြီး လက်တွေ့ စာမေးပွဲ လုပ်တဲ့နေပေါ့။ Organic Pratical နေ့မှာ ကျွန်တော် မဲကျတဲ့ နံပါတ်နဲ့ ခင်ဖုန်းမြတ် မဲကျတဲ့ နံပါတ်သွားတူတယ်။

အဲဒီတော့ ဓာတ်စမ်းပစ္စည်း Chemical တွေ သုံးရတဲ့ နေရာတွေမှာ သွားသွားပြီး လူချင်းဆုံတယ်။ မထိခလုတ် ထိခလုတ် လက်ချင်းဆုံ၊ အကြည့်ချင်း ဆုံ၊ စကားလေး ဘာလေး ပြောဖို့ အခွင့်အရေး ရတယ်။ Organic က ကျွန်တော် သိပ်ပိုင်တဲ့ ဘာသာ။ တတိယ နှစ်တုန်းကလည်း ဂုဏ်ထူးရတယ်။ ဒီနှစ်လည်း ရမှာပဲ။

အဲ သူကတော့ လက် တွေ့ လုပ်တတ်ပုံမပေါ်ဘူး။ စမ်းတ၀ါးဝါးနဲ့ ပြီးတော့ သူ့အကြည့်တွေက အားကိုး တကြီးနဲ့။ ရေငတ်တုန်း ရေတွင်းထဲ ကျတော့တာပဲ။ “ဘာပြီးရင်ဘာထည့်။ ပြီးရင် ဘယ်လိုလုပ်”ပေါ့။ အဲသလို ပြောတာတောင် သူ့ခမျာ ယောင်တီး ယောင်နနဲ့။ အဲဒီတော့ မျက်ဖြူဆိုက်လေ ဆရာ ကြိုက်လေပေါ့ဗျာ။ “ကဲ ပေးပေး”သူ့လက်ထဲကTest tube ယူ၊ Chemical တွေ ထည့်။ နောက်ဆုံးတော့ ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့လိုက်တယ်။

သူ့မေးခွန်း စာရွက်ကိုယူ၊ ကျောဘက်မှာ Procedure တွေရေး၊ Result တွေ ရေးပေးခဲ့မှကို ကိစ္စပြီး တော့တာ။ ပြီးတော့ အပြင် ဘက်ကော်ရစ်ဒါမှာ ထွက်ပြီး သူ့ကို စောင့်နေတယ်။ သူကတော့ ကျွန်တော် ရေးပေးတဲ့ အဖြေတွေကို ကူးလိုက်၊ အပြင်မှာ ရပ်နေတဲ့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့ မျက်လုံး ကြီးတွေနဲ့ ကြည့်လိုက်ပေါ့။ ရင်တွေ ခုန်လိုက်တာဗျာ။

ကောင်းမွန် လက်ဖက် ရည်ဆိုင်မှာ မျက်နှာချင်း ဆိုင်ထိုင်ပြီး လက်ဖက်ရည်ကို ငုံ့သောက် နေသည့်တိုင် တစ်ဦးနဲ့ တစ်ဦး စကား မဆိုသေး။ ကျွန်တော်ကလည်း ရင်တွေ ခုန်နေလို့ ဘယ်က စပြောရမှန်း မသိ။ကျေးဇူးတင်တဲ့ အနေနဲ့ မခင်ဖုန်းမြတ်က တိုက်တာပါ။ ကျွန်တော့် အတွက်တော့ တွေ့ဆုံ၊ နှုတ် ဆက်ပွဲလို့ ဆိုရမလိုပဲ။ ကမ္ဘာ ပျက်ခါနီးမှ ယောင်တီး ယောင်န လူလာ ဖြစ်ရသလိုပေါ့။ ထိုင်သာနေရတယ် ရင် တဒိတ်ဒိတ်နဲ့။ ပြောရ ကောင်းနိုးနိုး၊ ချီတုံချတုံ ဖြစ်နေတယ်။ သူ့မျက်နှာလေးကို ငေးနေမိတယ်။ ဒါကို သိနေလို့လား မသိ။ ထုံးစံအတိုင်း မျက်လုံးကို အောက်စိုက်ပြီး လှန်ကြည့်တယ်။ ကျွန်တော် ရဲဆေးတင်လိုက်တယ်။ အခွင့်အရေးဆိုတာ နှစ်ခါ မလာဘူး မဟုတ်လား။

“မခင်ဖုန်းမြတ်၊ ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်။ ကျွန်တော် ခင်ဗျားကို နှစ်စကတည်းက ဟို ဟို စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် မပြောရဲလို့”

“ရှင်”

“ဟုတ်ပါတယ်၊ ခုမှ အခွင့်ကောင်းယူပြီးပြောတယ် မထင်ပါနဲ့။ ချစ်နေတာ ကြာပါပြီ။ အဲဒါ မခင်ဖုန်းမြတ် အနေနဲ့ ကျွန်တော့် အပေါ် ဘယ်လို သဘောထားသလဲ သိပါရစေ”

“ကျွန်မ ရိပ်မိပါတယ်။ ဒါပေမယ့် နောက်ကျ မနေဘူးလား။ မနက်ဖြန် ဆိုရင်ပဲ ကျွန်မတို့ ပြန်ကြရတော့မှာလေ။ ကျွန်မ မတုံ့ပြန်ပါရ စေနဲ့တော့။ ဒါပေမယ့် သူငယ်ချင်း ကောင်းတွေ မိတ်ဆွေကောင်းတွေ အနေနဲ့တော့ ကျွန်မတို့ အမြဲ ခင်သွားမှာပါ။ ပခုက္ကူနဲ့ ကျောက်ပန်းတောင်း ဆိုတာ အနီးလေးပါ။ ရောက်ရင်ဝင်ပါ”

“မခင်ဖုန်းမြတ်ကို တကယ် ရင်ထဲက ချစ်တာပါ။ ဒါကြောင့်လည်း မပြောရဲဘူး။ ညည အဆောင်ရှေ့လမ်းပေါ်မှာ သီချင်းဆိုတာ ကျွန်တော်ပါပဲ။ စံပယ်တို့၊ သစ္စာတို့၊ ပွင့်ဦးတို့ ဆိုတာလေ”

“ဟုတ်လား။ ကျွန်မလည်း ကိုစောငြိမ်း သီချင်းတွေ အရမ်းကြိုက်တာ”

“မဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက မခင်ဖုန်းမြတ်ကို ချစ်လို့ မပြောရဲ ပေမယ့် အဲဒီ သီချင်းတွေနဲ့ ရင်ဖွင့်ခဲ့တာ ပြောတာပါ။ အဲဒါ မခင်ဖုန်းမြတ် အနေနဲ့ ကျွန်တော့်ကို ပြန်ချစ်နိုင် မချစ်နိုင်”

သူမ ခေါင်းကုတ်လိုက်တယ်။
“ခက်ပါတယ်။ ရှင့် အမေးကို ကျွန်မ မဖြေပါရ စေနဲ့။ နှစ်စကသာ ဒီစကားမျိုး ဆိုလာရင် ကျွန်မ အဖြေက တစ်မျိုးပေါ့။ အခုမှ ဖြေရရင် ရှင်ရော၊ ကျွန်မရော စိတ်ဆင်းရဲ စရာတွေ ဖြစ်မှာပါ။ ကျောင်းပြီးလို့ ကျောက်ပန်းတောင်း ဘက်ကို ရောက်ရင် ဒါမှ မဟုတ် တမင်ပဲလာလာ အိမ်ကို ၀င်ခဲ့ပါ။ ကျွန်မတို့ ကံ မကုန်ရင် ပြန်ဆုံကြရမှာပါ”

“ဒါဆို ကျွန်တော့်ကို မမုန်းဘူးပေါ့နော်။ ၀မ်းသာ လိုက်တာ”
ချစ်သလား၊ မုန်းသလား မပြောပါဘူး ဆိုတာတောင် ကြံဖန်ပြီး ကိုယ့်ဘက်ကိုယ်ယက် ပြောနေမိ တယ်။ သူမကတော့ ခေါင်း ကြီးငုံ့လို့။

ကျောင်းပြီးလို့ ကျောင်းဆရာ ၀င်လုပ်တော့ မကွေးဘက် မရောက်ဖြစ်တော့ပါ။ ကျောက်ပန်းတောင်း ဆိုတာလည်း နီးလျက်နဲ့ ဝေးနေတယ်။ အင်း မခင်ဖုန်းမြတ်တောင် အိမ်ထောင်ကျလောက် ရောပါ့။ နှစ်တွေကလည်း ကြာလှပေါ့ကိုး။ ဆွေဆွေညွန့်ကတော့ စစ်ကိုင်း ပညာရေး တက္ကသိုလ်မှာ ကထိက အပျိုကြီးတဲ့။ သီတာမေကတော့ ကျောင်းတုန်းက ချစ်သူ ညွန့်ဝင်းနဲ့ အိမ်ထောင်ကျလို့ အကြီးဆုံး သမီးတောင် ဆယ်တန်း ဖြေနေပြီ တဲ့။ “ဟိုက်” ဒီတော့မှ ငါ့ အသက် မငယ်တော့ပါက လားလို့ သတိထားမိတယ်။

ပေါ်လာကြီးကတော့ ပခုက္ကူ ရောက်ရင် အမြဲဝင်တယ်။ သူကတော့ အခုချိန်ထိ ကြိုက်သူ မရှိလို့ လူပျိုကြီးပဲ ရှိသေးတယ်။
“တို့ဟူးတို့ကတော့ ဟေ၊ ကျောင်းတုန်းက အတိုင်းပဲ။ တစ်စက်မှ မပြောင်းလဲဘူး။ ဒါနဲ့များ အိမ်ထောင် မကျသေးတာ အံ့သြပါရဲ့ ကွာ”

“ဟ မအိုသေးတဲ့သူ အပျိုကလေးနဲ့ တူ ဆိုသလိုပေါ့ ကွ။ ဒို့အနုပညာ သမား ဆိုတာ စိတ်ပျိုတော့ ကိုယ်နု တာပေါ့”

“အေးပါ။ ဒါနဲ့ မင်းကို ကျောင်းတုန်းက တွဲတဲ့ ထားထား လှိုင်တို့၊ သက်သက်စိန်တို့နဲ့ ရလိမ့်မယ် အောက်မေ့တာ”

“ဟာ အဲဒါတွေက အပျော် တွဲတာကွ။ မယူချင်ပါ ဘူး။ အသက်တွေက ကြီးလာတော့ အသားတွေက မည်းလို့။ တစ်ယောက်က ၀၀၊ တစ် ယောက်က ပိန်ပိန်။ စိတ်ပျက် စရာကြီးတွေ။ ဒီထဲ သူတို့က ဆရာမတွေ ဆိုတော့ သြဇာ အာဏာ ပေးလိုက်မယ့် ဖြစ် ခြင်း”

“အေးလေ။ မင်းက လည်း ရတာမလိုလိုတာမရဖြစ် နေတာကိုး။ ငါ့ရေနံချောင်း သူ မနှင်းဝေတော့ အိမ်ထောင် ကျသွားပြီတဲ့။ ငါလည်း ဒီတစ်သက် အိမ်ထောင် မပြု တော့ပါဘူးကွာ။ ဒါနဲ့ မင်း ကျောက်ပန်းတောင်းသူ ခင်ဖုန်းမြတ် အိမ်ထောင် မကျသေး ဘူးတဲ့ကွ။ မုတ်ဆိတ်မြင့် သိန်းနဲ့တွေ့လို့ ပြောလိုက်တာ”

“ဟေ”

သူပြောမှ ကျွန်တော် သတိရတယ်။ ကျောင်းသင်ကြားရေး တစ်ဖက်၊ ၀တ္ထု ရေးတာ တစ်ဖက်နဲ့ ဆိုတော့ အချစ် ရေးကို မေ့နေတာ ကြာပြီ။ ခက်တာက ကျောင်းပြီးလို့ အနှစ် နှစ်ဆယ်၊ နှစ်ဆယ့်ငါး နှစ်ရောက်တာတောင် ကျောက်ပန်းတောင်းကို ဖြတ်သွား ဖြတ်လာပဲ ရောက်တယ်။ တမင် မရောက်ခဲ့ဘူး။ အင်း ကြုံရင်တော့ ဇာတ်လမ်းလေး ဘာလေး ပြန်လုပ်ဦးမှ။ လူပျိုဘ၀နဲ့ မနေမှာ အတူတူ ဆိုရင် အိမ်ထောင်ဖက်ဟာ ခင်ဖုန်းမြတ်က လွဲလို့ တခြား မိန်းကလေး မဖြစ်သင့်ဘူး။ ကန်စွန်းခင်းကလည်း ငြိထားခဲ့သကိုး။

အဲ လူပျိုကြီးဘ၀ ကျွတ်ချိန် တန်လို့ပဲ ထင်ရဲ့။ တွဲဖက် သင်ရိုးဝင်ဘာသာ(ဂီတပညာ) အတွက် မကွေးကို သင်တန်း သွားဖို့ ကျွန်တော့်ကို ရွေးချယ် ခံရတယ်။ တိုင်း၍ရက်သည့် ပက္ကလာပေါ့ဗျာ။ စီမံကိန်း တစ်ခု ရေးဆွဲတယ်။ မကွေး ကပြန်ရင် ကျောက်ပန်းတောင်းဝင် ညအိပ်၊ မခင်ဖုန်းမြတ်ကို တွေ့အောင်ရှာ။ တစ်ညတာ ဝေးတဲ့ ကိန္နရာ မောင်နှံ ဇာတ်လမ်းကို ဖွဲ့နွဲ့ပြော၊ ဇာတ် လမ်းတွေ ဘာတွေ ပြန်ဆက်၊ အိမ်ထောင်တွေကျ၊ သား သမီးတွေ ရအထိပေါ့။
မကွေးအလယ်တန်း ကျောင်းတစ်ကျောင်းမှာ ခုနစ်ရက် သင်တန်းတက် ရတာကို ကြာလွန်း လှချည်ရဲ့လို့ ထင်တယ်။ အဲ သင်တန်း ဆင်းတဲ့နေ့ကျတော့ သင်တန်းဆင်းပွဲ စောင့်မနေတော့ဘူး။ ညနေကားနဲ့ ကျောက်ပန်းတောင်း လစ်တယ်။ တည်းခိုခန်း တစ်ခုမှာ တည်းတယ်။ မနက်လင်းမှ ခင်ဖုန်းမြတ်ကို ရှာပုံ တော်ဖွင့်မယ်။

အံမယ် အိပ်မက်ထဲမှာ ခင်ဖုန်းမြတ်နဲ့ Love Sence တွေ ဘာတွေတောင် ဖွင့်လို့။ နောက်ခံ သီချင်းနဲ့ ဘာနဲ့။
“ဆင်းသွင် ရုပ်ဝါလက္ခဏာ အသွယ်သွယ် ___ ဘယ်ပုံ မမှန်းဆနိုင်ဖွယ် ___ သညာယဉ်ကျေး___ ရွှေသစ္စာ ___ ခင်လေးရယ်___”တဲ့။

မနက်လင်းတော့ မျက်နှာသစ်၊ ရေချိုးပြီး ခင်ဖုန်းမြတ်တို့ တိုက်ရှိရာ ဈေးအနောက်ဘက်ကို ထွက်ခဲ့တယ်။ သြော် မရောက် တာကြာတော့ အဆောက်အအုံတွေက အတော် တိုးတက်လာပါ လား။ အရင်က ခင်ဖုန်းမြတ်တို့ တိုက်နေရာမှာ လေးထပ်လောက် မြင့်တဲ့ ဟိုတယ်တစ်ခု အစားထိုး ၀င်ရောက်နေပြီ။ ဒါနဲ့ ကျွန်တော်လည်း နီးရာ လက်ဖက်ရည်ဆိုင် တစ်ခု ၀င်ထိုင်ပြီး လက်ဖက်ရည်နဲ့ မုန့်မှာပြီးစားရင်း ဘယ်သူ့ကို မေးရရင် ကောင်းမလဲ တွေးနေမိတယ်။ စားပွဲထိုး ကလေးတွေ မေးရင် ကောင်းမလား။ အိုး သူတို့က ကလေးတွေ ရှိသေးတာပဲ။ ပြီးတာ့ ဒီနယ်ခံ ဟုတ်ချင်မှဟုတ်မှာ။ ဖျော်ဆရာ မေးကြည့်ရ မလား။ ချီတုံချတုံ ဖြစ်နေတယ်။ သူလည်း တခြားမြို့က ဆိုရင် ဘယ်သိနိုင်မလဲ။ အဲဆိုင်ပိုင် ရှင်မေးကြည့်ရင် သိနိုင်ကောင်း ရဲ့။

ကောင်တာကို လှမ်းကြည့်လိုက်တော့ အမျိုးသမီး ခပ်၀၀ တစ်ယောက် ထိုင်နေတာ မြင်ရတယ်။ ဘေးတိုက်မြင်ကွင်း မှာ ခုံပေါ်မှာထိုင်နေတဲ့ အမျိုး သမီးက ခပ်ကြီးကြီး၊ မျက်နှာ က မှဲ့နီမှဲ့ခြောက်တွေနဲ့၊ ပါးရေ တချို့တောင် တွန့်လို့။ ခန္ဓာကိုယ်က မော်ဒယ်လ် ပွင့်လောက်နီးပါး ရှိလိမ့်မယ်။ သူ့မေးကြည့်ရင် ကောင်း မလား။ ရေနွေးကြမ်း သောက်ရင်း လှမ်းကြည့်လိုက်တယ်။ အဲဒီတုန်း သူကလည်း ကျွန်တော့်စားပွဲ ရှိရာကို လှမ်း ကြည့်လိုက်တယ်။ ကျွန်တော့် ရင် “ဒိတ်ခနဲ” ခုန်သွားတယ်။ ကျွန်တော် ရေနွေးကြမ်းသွန် သလိုလိုနဲ့ကပျာကယာ မျက်နှာ လွှဲမိတယ်။ ခင်ဖုန်းမြတ်တော့ မဖြစ်နိုင်။ သူ့ အမေ ဒါမှ မဟုတ် သူ့အစ်မတစ်ယောက် ယောက်များလား။ ကောင်တာသွားပြီး မေးမလို့ ပြင်နေတုန်း ကလေးမ တစ်ယောက် ၀င်လာတယ်။

“အန်တီ ကျောင်းသွားချင်ရင် ရပြီ။ သမီး ထိုင်လိုက်မယ်”

သူမက မနိုင်မနင်း သူ့ ခန္ဓာကိုယ်ကြီးကို ခုံပေါ်မှ ဖြည်းဖြည်းဆင်းရင်း ထလိုက်တယ်။ သူ့ကောင်တာ ကုလားထိုင်ကို စောစောက ရောက်လာတဲ့ ကလေးမက ၀င်ထိုင်တယ်။ သူ့အကြည့်က မပြန်ခင် တစ်ချက်ရောက်လာ သေးတယ်။ ဘာကြောင့်မှန်း မသိ။ သူ့ကိုပြန်မကြည့်ရဲ ဘူး။ အဝေးရောက်မှ အိပဲ့ အိပဲ့နဲ့ တလှုပ်လှုပ် ထွက်သွားတဲ့ သူ့ကျောပြင်ကို ငေးနေ မိတယ်။ လက်ဖက်ရည်ဖိုး ရှင်းရင်း ကောင်တာကို ထ သွားပြီး “သမီး ဟိုအရင် တုန်းက ဟို ဟိုတယ်နေရာ က ကိတ်မုန့် ရောင်းတဲ့ ခင်ဖုန်းမြတ်တို့ တိုက်ကို သိလား”လို့ မေးလိုက်တယ်။

“ဟင် ဦးက အန်တီနဲ့ သိလို့လား။ အဲဒီနေရာကို သမီးတို့ ဘဘက ရောင်းပြီး ဟိုးမြောက်ဘက် နားလေးမှာ တိုက်ဆောက်ထားတယ်။ ဒီဆိုင်က သမီးတို့ဆိုင်လေ။ အန်တီက အပျိုကြီးလေ၊ ကျောင်းဆရာမ။ သမီးလိုက် ခေါ်ပေးရမလား” သူမက ပြောနေပေမယ့် ကျွန်တော် ကြောင်ပြီးငေးနေမိတယ်။

“ဘုရား...ဘုရား။ ဒါကြီးလား ခင်ဖုန်းမြတ်။ သေပြီ ဆရာရေ”လို့ ရင်ထဲက တလိုက်တယ်။ ပြီးမှ သတိရလို့
“ဟို အဲအဲ မသိပါဘူး။ ခေါ်မပေးနဲ့တော့။ ဟို မိတ်ဆွေတစ်ယောက်က မေးခိုင်းလို့”

ကျွန်တော့် ပါးစပ်က ဘာပြောလို့ ပြောနေမှန်း မသိတော့။ စိတ်ကတော့ တော်တော် ပျက်နေမိတာ အမှန်။ မနက်က အထိ စိတ်ကူးထားတဲ့ အတွေးတွေ လေထဲ ပျောက်သွားတယ်။ တော်ပါသေးရဲ့၊ သူ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ဘူး။

တည်းခိုခန်းမှာ တစ်စက္ကန့်လေးတောင် ဆက်မနေ ချင်တော့ဘူး။ အရင်တုန်းကတော့ ခင်ဖုန်းမြတ်နဲ့ တွေ့ရင် ကျောက်ပန်းတောင်းမှာ နှစ်ရက်လောက်နေ၊ ဇာတ်လမ်းလေး ပြန်ဆက်ပေါ့။ အခုတော့ မီရာ နောက်ဆုံးကားနဲ့ ပခုက္ကူ ကို ပြန်တော့မယ်။ ဒိုးရတော့မယ် အချစ်ရေ နှုတ်ဆက်ခဲ့ ပါတယ်ပေါ့။
အခန်းပြန်ရောက်တော့ အ၀တ်အိတ်ကို ယူပြီး ကောင်တာမှာ ငွေရှင်းတယ်။ မှတ်ပုံ တင်ပြန်ယူတယ်။ မှတ်ပုံတင်က တော်တော်နဲ့ရှာမတွေ့သေး။ အဲဒီတုန်း တံခါး ပေါက်နားမှာ လူတစ်ယောက် လာရပ်နေတာ တွေ့ရတယ်။ သူကလည်း ကျွန်တော့်ကို စိုက်ကြည့်လို့။ မြင်ဖူးသလို လိုပဲ။ အရပ်က ပုပု၀၀။ မျက်နှာကလည်း တင်းတိပ် တွေစွဲလို့။ ခေါင်းကလည်း ထိပ်ပြောင်နေပြီ။ ဘယ်သူ ပါလိမ့်။

“မှတ်ပုံတင် ရပြီ”

ကောင်တာ စာရေးဆီက မှတ်ပုံတင်ကို အင်္ကျီအိတ်ထဲ ထည့်လိုက်တယ်။ သူကလည်း အင်္ကျီ အိတ်ကပ်ထဲ တစ်ခု ထည့်လိုက်တယ်။
“ဟိုက် လက်စသတ်တော့ တံခါးပေါက်မှန်မှာ ပေါ်နေတဲ့ ငါ့ပုံပါလား”

ရှက်ရှက်နဲ့ တည်းခိုခန်းက အတင်းထွက်ပြီး တွေ့ရာ ဒတ်ဆန်းကားပေါ် တက်ခဲ့တယ်။ အံမယ် ကားပေါ်က ကက်ဆက်ကလည်း သစ္စာ သီချင်း ဖွင့်လို့ဗျ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ။
“လောကရဲ့ ပရိယာယ် မာယာ အသွယ်သွယ်___ ဆန်းကြယ်စွာ သူလှည့်စားလို့ ___ဇရာကား ၀ါးမျိုခဲ့ပြီ ကွယ်__”တဲ့။
သာလွန်ကျော်
မကွေး ဒီဂရီကောလိပ်၊ ၁၉၈၄-၈၅ ပညာသင်နှစ်က သူငယ်ချင်းများ အမှတ်တရ။
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

1 comment:

  1. Best eCOGRA Sportsbook Review & Welcome Bonus 2021 - CA
    Looking for an deccasino eCOGRA Sportsbook https://vannienailor4166blog.blogspot.com/ Bonus? At herzamanindir.com/ this eCOGRA Sportsbook review, we're talking about a https://sol.edu.kg/ variety of ECCOGRA sportsbook promotions. poormansguidetocasinogambling.com

    ReplyDelete