Pages

Monday 26 September 2011

အိုက်တင်နံပါတ် တစ်ဆယ့်ရှစ်

“သေချာတာမှ ဟိုဘက် ဘူတာတောင် လွန်သေး၊ တစ်ရပ်ကွက်လုံး သိတဲ့ဟာ၊ ညည်းသာ မသိတာ”ဟူသော အမေ့စကား အဆုံးမှာ စန်းမူရာ တစ်ယောက် ကြက်ကို လည်လိမ်သလို ငိုင်ဆင်း ကျသွားသည်မှာ တုတ်တုတ်မှ မလှုပ်။
အနီနှင့် အမေတို့ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ဘာဆက် ပြောကြမလဲ စကား စီနေ ကြချိန်မှာပင် တောင့်ခနဲ၊ ဆတ်ခနဲ ဖြစ်သွားသော စန်းမူရာ၏ ကိုယ်ခန္ဓာမှာ လျင်မြန်သော အဟုန်ဖြင့် ဘယ်ဘက်သို့ ဗိုင်းခနဲ ပစ်လဲကျသွားတော့သည်။

“အောင်မလေး” ဆိုသော အနီတို့ သားအမိ အသံမှာ ယိမ်းတိုက် ထားသလို စီစီရီရီ ထွက်လာကာ အမေက မကြည့်ရဲသလို သူ့မျက်နှာသူ လက်ဝါးဖြင့် အုပ်လျက်။ အနီကတော့ ကိုယ့်ခေါင်းကိုကိုယ် ယောင်ကာ ဖိအုပ်မိရင်း စန်းမူရာတော့ သွားပြီဟု ဘုရားတ တွေးမိသည်။ ကြမ်းပြင်မှာ သစ်သား ခင်းထား၍သာ တော်သေး၏။ သမံ တလင်းသာ ဆိုက စန်းမူရာတို့ ပွဲချင်းပြီးပြီ ထင်သည်။ ဒါတောင် သူ ပစ်အကျမှာ အုန်းခနဲ အသံက ပစ္စည်းတစ်ခု ပေါက်ခွဲသံလို ပြင်းလှသည်။

ဒီ့နောက်မှာတော့ အမေရော အနီရော စန်းမူရာနား ပြေးကပ်ကာ ခြေမ ချိုးကြ၊ နှာနှပ်ကြ လုပ်ကြရလေတော့သတည်း။  မရိုးနိုင်အောင် နှိပ်စက် လှပါလား စန်းမူရာလို့သာ အနီ တွေးမိလိုက်တော့သည်။

၂။
“သူမှသူ အစစ်ပါအေ” ဆိုသော အမေ့ စကားသံသည် အနီ့ရင်ဘတ် တစ်ခုလုံးကို ဒိန်းခနဲ ဆောင့်တက်စေကာ နားထင် သွေးကြောများကို တဒုတ်ဒုတ် မြည်စေ၏။ မျက်နှာ တစ်ခုလုံးမှာလည်း ခံရခက် ဒေါသများဖြင့် တငွေ့ငွေ့ တရှိန်းရှိန်း။ သွေးတက်သည် ဆိုသည်မှာ ဒီလို ခံစားမှုမျိုးဟု နားလည် လိုက်မိသည်။ သွေးမတက် ခံနိုင်ရိုးလား။ အနီ ခုလေးပင် ဈေးက ပြန်လာသည်မို့ အဆင်းအတက် လှေကားက ပျို့အန်ချင်စရာ အပုံကြီးကို မြင်ခဲ့ပြီးပြီ။ အဆင်းအတက် လုပ်သည့် တခြားသော အခန်းက လူများကလည်း တအော့အော့ တအေ့အေ့နှင့် ရေရွတ် မြည်တမ်းသံတွေလည်း ကြားနေရပြီမို့ အနီ အံကြိတ်ကာ-
“စန်းမူရာ” ဟု အော်မိလျက်သား။

“ရှန်”
ဆိုသော အသံက ထူးတာ မြန်သလို ရှေ့မှောက် ရောက်တာလည်း မြန်၏။ မည်းပြာသော အသားအရေက ဘယ်အချိန်ကတည်းက ထလိမ်း ထားမှန်း မသိသော မိတ်ကပ် များဖြင့် လူက ပြောင်ချောချော ပြာတာတာ။ မရှိသော မျက်ခုံးမွေးကိုကျ ဆွဲရ ကောင်းမှန်း မသိသေးတာလား၊ မဆွဲရသေးတာလား မသိဘဲ အရှိအရှိ အတိုင်း ဖြစ် နေသည်မို့ စပယ်ယာတွေ အော်သလို- “တစ်ယောက်လို၊ တစ်ယောက်လို”

လို့ မအော်ဘဲ- “တစ်ခုလို တစ်ခုလို”ဟူ၍သာ စိတ်ပေါက်စွာ ထအော်ပစ်ဖို့ပဲ ကောင်းတော့ သည်။ သူ့မျက်လုံးများကတော့ အသက်ကလေးနှင့် မလိုက်အောင်ပင် သူလုပ်ခဲ့သမျှ အပြုအမူတိုင်းကို အသက်သာ အသေခံမည်၊ မျက်လုံးကတော့ သဲလွန်စ မရစေရဟု အဓိဋ္ဌာန်ထားသည့် ပမာ မျက်ဝန်း သေများဖြင့်။    

ကိုယ့်အလုပ်နှင့် ကိုယ်ထာဝစဉ် ရှုပ်ယှက်ခတ်နေ သော အနီ့အတွက် “ဒီကောင်မလေး ထွားလာတယ်” ဟု ဖျိုးခနဲ ဖျတ်ခနဲ အမြင်ဖြင့် ခဏခဏ တွေးမိခဲ့သော်ငြား အခုလို ရှေ့တည့်တည့် လာရပ် ချိန်မှာတော့ ထွားရုံတင် မဟုတ်၊ ကိုယ်လုံးကိုယ်ပေါက် မခေသူ အဖြစ်ပါ အသိ အမှတ်ပြု ဖြစ်သွားတော့သည်။

သူ ၀တ်ထားသည်က အနီ အပျိုဘ၀က ၀တ်သော စကတ်ထဘီတွေ၊ ကိုယ့်ဆိုက်နှင့်က ဘယ်လိုမှ စွပ် မရတော့၍ စွန့်ကြဲ ထားသော်လည်း အရောင်အဆင်းက အလတ်ကြီးရယ်မို့ သင်းကိုယ် ပေါ်မှာ အတော်လေးကို ပုံကျ ပန်းကျ ရှိနေတော့သည်။ သြော်- မဲပြာပြာ စန်းမူရာ၊ ညည်း အခုကိစ္စကို ဘယ်လို ရှင်းမည်လဲ။

“စန်းမူရာ၊ ဟိုလှေကား ထစ်ကဟာက နင့်လက်ချက်ဆို”

“ရှန် ဘာကိုပြောတာလဲ အန်တီလေး”

“အံမလေး အနီရယ်၊ စန်းမူရာကိုများ ညည်းမို့ ဝေ့ကာဝိုက်ကာ လုပ်နေသေးတယ်၊ မိမူရာ ညည်းအဆင်း အတက် လှေကားထောင့်မှာ အီးပါထားတယ် မဟုတ်လား၊ ငါတို့ကို အမှန်အတိုင်း ၀န်ခံစမ်း၊ ညည်းအေ အပျိုလေး အရွယ်လေး ဖြစ်ပြီး တကယ် အထိန်းအသိမ်း မရှိ၊ ဟင်း ငါနော်”

“အာ မပါပါဘူး ဘွားဘွားရယ်၊ ပေါက်ပေါက်ရှာရှာ၊ သမီးဖြင့် မြင်တောင် မမြင်ပါဘူး”

သေစမ်း၊ သေလိုက်စမ်း စန်းမူရာ။ အဆင်း အတက် လူတိုင်း မြင်နေသည့် ကိစ္စ။ ပြီးတော့ သူလည်း ခုန လေးတင် အမှိုက်သွန်လိုက် ပြန်တက်လိုက် လုပ်နေသည့်ဟာ မမြင်ဘူး ဆိုခြင်းမှာ တရားခံ ဗြောင်ညာပြီဆိုတာ  သေချာသထက် သေချာလို့ သွားခဲ့ပြီ။

အမေကတော့ သည်းခံ နိုင်စွမ်းအား ကုန်သွားသလို စန်းမူရာ၏ ဘူးခံသံ စကား အဆုံးမှာ မျက်လုံး တ၀ဲဝဲဖြင့် ကောက်ပေါက်စရာ ပစ္စည်း ရှာနေ၏။ ဒီလောက် တည့်မတ်နေသော ပစ်ကွင်းကြီးထဲမှာ အမေသာ တစ်ခုခုနှင့် ကောက်ပေါက်လိုက်လို့က ဒီကလေးမ အထိ နာတော့မည်။

အနီမှာ အမှုကို ပြီးဆုံးအောင် မစစ်ဖြစ်တော့ဘဲ စန်းမူရာကိုသာ စိတ်ပျက် လက်ပျက်ဖြင့် “သွား သွား” ဟူ သော အမူအရာ လုပ်ပြလိုက် ရတော့သည်။ သူကလည်း မြန်လိုက်သမှ လှစ်ခနဲ နေအောင် ခပ်သွက်သွက် ထွက်သွားလိုက် ပုံများ တစ်ချိုးတည်း ဖြစ်တော့၏။

“ဒီကောင်မလေးကို ပြန်သာ ပို့လိုက်ပါတော့ သမီး ရယ်၊ သူ့ကို မြင်တွေ့နေရတာ အမေ သွေးတက်လွန်းလို့ပါ”

“ပို့မယ် အမေရေ...ပို့မယ်၊ ဒီလကုန်ထိတော့ နည်းနည်း သည်းခံလိုက်ဦး၊ လကုန် ရက်ကျမှ မမွှေးက လာမှာ လေ။ သူနဲ့ပြန်ထည့်လိုက်မှ ဖြစ်မှာဆိုတော့ ခဏလေး သည်းခံ လိုက်ပါဦး။ ဒါနဲ့ ဟိုကိစ္စကို အမေက သူလို့ ဘာလို့ အတပ် ပြောနေရတာလဲ”

“တပ်အပ်ကြီး ပြောဆို တပ်အပ်ကြီး သေချာနေလို့ ပေါ့ အေ... အမေက ဘုရား ရေချမ်းစွန့်ရင်း သင်း တိုက်ခေါင်းထဲ ၀င်လာတာ မြင်တယ်။ တံခါးခေါက်မှာစိုး လို့တောင် တံခါးကြိုပြီး သွားဖွင့်ပေးထားတာ။ ပြီးတော့ မြေးလေးကို ပုခက်တစ်ချက် လွှဲပေးတယ်။ မြေးလေး ပါးစပ်မှာ နို့နည်းနည်း အန်ထားလို့ ရေခဲသေတ္တာပေါ်က တစ်ရှူးတောင် ယူသုတ်ပေး လိုက်သေးတယ်။ ပြီးတော့ ကျုပ်  ဘုရား ရှိခိုးဖို့ ထိုင်တုန်း တံခါးသံ လှစ်ခနဲ ဖွင့်သံကြားတော့ စိတ်ထဲ သူပဲထင်လို့ ငဲ့တောင် ကြည့်လိုက်သေးတယ်”

“သမီး အိမ်သာထဲမှာ  ရှိနေတဲ့ အချိန်ပေါ့”

“ဟုတ်ပ... ဟုတ်ပ၊ အမေ ဘုရား ရှိခိုးနေတုန်း မြေးလေး အဲ့ အဲ့လုပ်နေတာနဲ့ ထပြီး ပုခက် လွှဲရသေးတယ်၊ သင်းကို မမြင်လို့ စိတ်ထဲ ဘယ်ရောက်သွားလဲ တွေးနေသေးတာ။ ဘုရား ရှိခိုးပြီးမှ သင်း တက်လာတာလေ။ အမေက ခုနက မြင်လိုက်ပါတယ် ဆိုတာကို သူက မဟုတ်ဘူးချည်း ငြင်းတာအေ။ အဲဒီထဲက စိတ်ထဲ မသင်္ကာ ဖြစ်နေတာ။ ဟော မကြာပါဘူး၊ လှေကား အဆင်းအတက် အသံတွေ ကြားရတာပဲ။ အမေလည်း မနေနိုင်လို့ သွားကြည့်တော့ အမလေး အော့နှလုံး နာလိုက် တာအေ။ သူ့အကျင့်လည်း သမီး သိနေတာပဲ။ သူ အိမ်သာ ၀င်ချင်နေတဲ့ အချိန် သမီး ၀င်နေလို့ မထိန်းနိုင် မသိမ်းနိုင် လုပ်ထားတာ နေမှာ။ သေ ချာတာက အမေကိုယ်တိုင် ပြန်တင်ထားတဲ့ ရေခဲသေတ္တာ ပေါ်က တစ်ရှူးတွေ မရှိတော့ဘူး။ ချေးပုံကြီးပေါ်က တစ်ရှူးတွေက အိမ်က တစ်ရှူးတွေပဲပေါ့ သမီးရဲ့ ကဲ”

အမေက ပြောရင်းပင် အော့နှလုံး နာဟန်ဖြင့် တံတွေး သွားထွေး လေတော့၏။  ဖြစ်မှ ဖြစ်ရလေ၊ သူ့ အရင် ရေအိမ်ဝင်မိသော အနီပင် အပြစ်မကင်း ဖြစ်နေပါ ပေါ့လား။  စန်းမူရာ တစ်ယောက်ဟာ  အပေါ့အလေး သွားချင်လျှင် အတားအဆီး အထိန်း အသိမ်း မရှိတာ အနီတို့ ခံခဲ့ဖူးပြီ။ တစ်ခါ အနီ့ အမျိုးသား အိမ်သာ ၀င်နေချိန် သူမက အပေါ့သွားချင်သည် ထင့်၊ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကာ ပြောလည်း မပြောရဲဘဲ မီးဖိုခန်းထဲ ပေါက်ချခဲ့ဖူးသည်။ ပြီးတော့လည်း အလွယ်တကူ ပင် ခြေသုတ်ဝတ်ဖြင့် သုတ်လျက် နောက်ဖေးပြတင်း  ပေါက်ဘောင်ပေါ်သို့ တင်လွှား ထားလေ၏။

အနီတို့မှာတော့ မကြုံစဖူး ထူးထူးခြားခြား အဲ့ခနဲ ထွက်လာသော အနံ့ဆိုးကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် ခံစားကြရင်း နောက်ဆုံးမှာ အမျိုးသားက သူ အိမ်သာ ၀င်နေချိန် အပြင်က ကြားရသောအသံ ကို ပုံဖော်ပေးကာ တစ်စုံတစ်ခုဖြင့် တရှဲရှဲ သုတ်နေသံ၊ ပြတင်းပေါက်က အ၀တ်စ၊ အားလုံးကို ဆက်စပ် စဉ်းစား ရင်း သူ ဘာလုပ်ခဲ့သလဲ ဆိုတာ အဖြေရှာလို့ ရသွားခြင်း ဖြစ်သည်။ အားလုံးရင်ဘတ် စည်တီးဖြစ်ကာ ရွံတတ်သော အမေမှာ သူ့ပစ္စည်း မှန်သမျှ နှင့် သူ စားဖို့ သောက်ဖို့ကို စန်းမူရာကို မကိုင်ခိုင်းတော့ သည်မှာ အခု အချိန်ထိပင်။

အနီတို့ တစ်အိမ်သားလုံးကတော့ စန်းမူရာကြောင့် စိတ်ဒုက္ခ ရောက်ကြရတိုင်း အေးသန်းကို သတိရတတ် ကြလေသည်။ တကယ်တမ်း အနီရော အမေပါ အိမ်အကူ ဆိုသည်ကို သက်သာရာ သက်သာ ကြောင်းအတွက် ရှာဖွေခေါ် ယူခဲ့ကြသူများ မဟုတ်။ တစ်သက်လုံး ကိုယ့်ဝန် ကိုယ်ထမ်း ခဲ့သူများသာ ဖြစ်သည်။ အခု သားလေး မွေးဖွားချိန်မှသာ အမေ ကိုယ်တိုင်လည်း ကျန်း မာရေး ချူချာ၊ အနီ ကိုယ်တိုင်လည်း ရုံးအလုပ်၊ အိမ်အလုပ်၊ အမေ့ အလုပ်များနှင့် မနိုင်ရင် ကန်ဖြစ်လွန်း၍သာ အကူတွေ အကက်တွေ တမ်းတ ခဲ့ကြခြင်း ဖြစ်သည်။

အနီ ကိုယ်ဝန် အရင့်အမာ အချိန်မှာပင် ထိုအရေးများကို ကြိုတင် တွက်ဆကာ အိမ်ကို အေးသန်း ရောက်လာ ခဲ့ခြင်းဖြစ်သည်။ လာပို့သော မိတ်ဆွေက နဂိုကတည်းက စကားကုန် ပြောပြီးသား၊ အေးသန်းမှာ အရင်အိမ်မှာ တုန်းက အိမ်ရှင်များ လက်စွပ် ပျောက်ဖူးသော ရာဇ၀င် ရှိသူ ဖြစ်၏။ သို့သော်လည်း လိုအပ်နေသော အချိန်မို့ အနီတို့ အိအဂျိဂျနှင့် ကြေးများနေ ချိန်မရှိ။ အနီ ကိုယ်တိုင်လည်း မေတ္တာတရား၏ အသွားအပြန်ကို ယုံကြည်ကာ ကိစ္စ မရှိဘူး ဟုဆိုပြီး အေးသန်းကို လက်ခံ ခဲ့သည်မှာ မှတ်မှတ်ရရ။

ရောက်ရောက်ချင်းမှာ  လည်း “ဟင်းချက်တတ်တယ်” ဆိုသော သူမ စကား ကို ယုံကြည်ကာ ပုစွန်နှင့် အာလူးအိုးကို သူမ လက်ထဲ အပ်ဖြစ်ခဲ့သည်။ အတော်လေး ကြာမှ ၀င်ကြည့်တော့ အိုးနားကပ်ကာ မွှေနေလိုက် သည်မှာ ပုစွန်ရော၊ အာလူး ရော အစအန ရှာမရဘဲ အလုံးအခဲကြီး အဖြစ် ပျစ်နှစ် နေတော့သည်။

အနီမှာ မြင်ရသော မြင်ကွင်းအတွက် ရယ်လိုက်ရ သည်မှာ အူတွေတောင် နာ၏။ အနီ ရယ်နေတာကို အံ့သြတကြီး ကြည့်နေရင်းက  အေးသန်းလေးမှာ မျက်ရည်တွေ ကျခဲ့သည်ကို မှတ်မိနေသည်။
အနီက သူ့မျက်ရည် မြင်မှ လန့်ဖျပ်ပြီး-
“ဟဲ့ ဘာဖြစ်တာလဲ သမီး”
ဟုဆိုရာ အရင်အိမ်မှာ သာဆို ဒါမျိုးဖြစ်က အသေ အရိုက်ခံရပြီဟု ပြန်ဖြေချိန် အနီ့ရင်ထဲ ခံစားမှုက နင့်ခနဲ၊ အေးသန်းနှင့် အနီမှာ ရောက် စကတည်းက မေတ္တာတရားက ထိုသို့ နွှယ်ခဲ့ခြင်း ဖြစ်သည်။ အေးသန်း နေသွားစဉ် တစ်လျှောက် အေးသန်းဆိုတာ နာမည်ရင်း ခေါ်ခန်းကို မရောက်ခဲ့ရ။ အနီမှ အစ တစ်အိမ်လုံး သူ့ကို သမီးဟုသာ နာမ်စားသုံး ခေါ်ဖြစ်ခဲ့ပြီး အေးသန်း ကိုယ်တိုင်ကလည်း အနီ့ကိုဆို တီတီ တီတီနှင့် အချစ် ထူးခဲ့တာ ဖြစ်၏။

မနက် မိုးလင်းသည်နှင့် ဖုန်သုတ်ဝတ် တစ်ခုကိုင်ကာ တစ်အိမ်လုံး အနှံ့ ဖုန်သုတ် သန့်ရှင်းရေး လုပ်တာ များ ချိုးခနဲ ချွတ်ခနဲ အသံ မကြားရအောင် ညင်သာတတ် သူဖြစ်ကာ အသန့်အရှင်း ကြိုက်လိုက်တာမှ ကိုယ်က တောင် အောချ ယူရသည့် အဖြစ်။ အေးသန်း အချက်အပြုတ် လက်ရာမှာ ကောင်းလှသည် မဆိုနိုင်သော်လည်း အနီတို့ တစ်အိမ်လုံး သူ့မေတ္တာဖြင့် အရသာ ရှိနေခဲ့ကြတာ ဖြစ်သည်။

အနီတို့မှာ အေးသန်း၏ ကျိုးနွံ အလိုက်သိမှုများကို ခံစားရင်း ပီတိတွေ ဝေနေချိန် အေးသန်းကလည်း အနီတို့ မေတ္တာကို အပြည့်အ၀ ခံလျက် တစ်နေ့တခြား လှသွေးတွေ ကြွယ်ကာ ပြောင်ရောင် လာတော့သည်။ လာသည့် ဧည့်သည်တိုင်းက ဆွေမျိုး လေလား ထင်မှားယူရသည် အထိပင်။ ဒီလို နှစ်ဦးနှစ်ဖက်နေ သားကျနေချိန်မှ အေးသန်းတို့ ရွာမှ အမေ နေမကောင်းဆိုသော သတင်း စကားကြောင့် အေးသန်းမှာ မပြန်ချင်ပြန်ချင် နှင့်ပင် ရွာကို ခဏ ပြန်သွားခဲ့ ခြင်းမှာ အပြီးတိုင် ခွဲဖို့ ဖန်လာ ခဲ့ခြင်းပေပေါ့။

အလှကြီးလှကာ ပြန်လာသော အေးသန်းကို သူ့ရွာမှ ကာလသားများ အကြိုက်ကြီး ကြိုက်ကုန်ကျကာ ထို အခေါက်မှာပင် အေးသန်း ဖူးစာရှင် တွေ့သွားကာ ရန်ကုန်ကို မပြန်နိုင်ဇာတ်ခင်း သွားတော့သည်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်နဲ့သူက ရေစက်က ဒီလောက်ပဲ ပါသည်ကိုး။

အေးသန်းလို ကလေးမျိုးကိုသာ ကြုံခဲ့ဖူးသော အနီတို့ မိသားစုမှာ အေးသန်း နောက် စန်းမူရာ လက်ထက် မှာတော့ သမီးခေါ်ဖို့ နေနေသာသာ စန်းမူရာ ဆိုသော နာမည်ကို ဒေါသဒီဂရီ အတက် အကျမျိုးစုံဖြင့် သံစဉ်ပြောင်းကာ တစ်ယောက်တစ်ပေါက် အော်နေရတော့သည်။

ရောက်ခါစမှာတော့ စန်းမူရာ ဆိုသော နာမည်လေးကို မိဘများ မှည့်တတ်လှချေ ရဲ့ပေါ့။ အံမယ်...သူ့အောက် ညီမလေးများဆို ပန်းသီတာ၊ မန်းကြည်ပြာ ဟုပင် ဆိုခဲ့သေး။ ဟုတ်ကော ဟုတ်ရဲ့ လားမသိ။

အမျိုးသားကတော့- “သူပြောတာများ ယုံလို့ ကွာ”
ဟု ရယ်ချင်သလို ပြောခဲ့ဖူးသည်။

လူကလေးက အခုမှ အမြီးအတောင် ပေါက်စသာ ရှိသော်လည်း ၀ပ်ရှော့မှ သူ သဘောကျနေသော ကောင်လေးကို ခဲလုံးမှာ စာချည်နှောင်ကာ ပစ်ပေးလား ပစ်ပေးရဲ့။ စာပါခဲလုံးက သူ ရည်ရွယ်သော ကောင်လေးထံ မရောက်ဘဲ ပိုင်ရှင်မိန်းမထံ ရောက်တော့ ဒီသတင်းက ကိုယ့်ဆီပြန်ရောက်သည်။ စိတ်ညစ်စရာ ကောင်းလေစွ။

မနက်ခင်း လက်ဖက်ရည်၊ နံပြား၊ အီကြာကွေး ၀ယ်ခိုင်းလျှင် ၀ယ်ခိုင်းသော ဆိုင်မှ စားပွဲထိုးလေးများနှင့် နေ့ချင်းညချင်း ခင်မင်ပတ် သက်မှုတွေက ထွေးရော ယှက်တင်။ ရေသန့်ဆိုင်မှ ရေ သန့်ပို့သော အလုပ်သမား လေးများကတော့ စာရင်းထဲ ထည့်မပြောနှင့်၊ မျက်လုံးချင်း စကား ပြောပြီးသား ဖြစ် နေတတ်၏။

အချစ်ရေးမှာသာ ဆရာကြီး ဖြစ်သော်လည်း ကျန်သော နေရာများမှာတော့ စန်း မူရာတစ်ယောက် မစွံချက်ဟာ ကမ်းကုန်တော့သည်။ ညစ်ပတ် လိုက်သည်မှာလည်း သူစားသမျှ၊ သွားသမျှ၊ ထား သမျှ၊ လုပ်သမျှ အကုန်မျက် စိဒေါက်ထောက်ကာ ကြည့်နေရသည့် အဖြစ်။ အဆိုးတကာ့ အဆိုးဆုံးဟာတော့ ခုလို အပေါ့အလေး ကိစ္စများမှာ အထိန်းအသိမ်း မရှိ ထင်သလို လုပ်ခြင်းများပင်။ ဘယ်လို သန္ဓေစိတ်မျိုးနဲ့များ မွေးဖွား လာခဲ့ပါလိမ့် စန်းမူရာရယ်။

“ဖြောင်း ဖြောင်း ဖြောင်း”

အမေ့ လက်ခုပ်သံကြောင့် အနီ့အတွေးများ ဖြတ်ကာ အမေ ဘယ်သူ့ကို လက်ခုပ်တီး ခေါ်နေလဲ ကြည့်ဖြစ် သည်။ အမေက အသံများပင် ထွက်ကာ “မကြည် မကြည်” လုပ်နေတာမို့ တော်ပါသေးရဲ့၊ ဒီချိန် မကြည် ရောက်လာတာ ကံကောင်းလေစွဟု အနီ တွေးမိ သွားတော့သည်။

မကြည်က အနီတို့ ရပ်ကွက်တွင်းမှာ တိုလီမုတ်စ ဘာခိုင်း ခိုင်းရသည့်သူ။ အခု လည်း အမေက မကြည်ကို ပိုက်ဆံပေးကာ လှေကားက ကိစ္စ ရှင်းခိုင်းပေတော့မည်၊ တော်သေးရဲ့။

“ကလင်..ကလင်.. ကလင်”
ဟော- ဖုန်းသံ။ ဧည့်ခန်းက ဆူညံစွာ မြည်နေသော ဖုန်းကို ကောက်ကိုင်လိုက်တော့- “ဟယ်လို” တစ်ခွန်းသာ အနီပြော ခွင့်ရလိုက်သည်။ တစ်ဖက်မှ မမ၀ါတစ် ယောက် ဘယ်လောက်တောင် ဒေါသတွေ ထွက်နေသည် မသိ။ အသံ တုန်တုန်ရီရီ ဖြင့် တရစပ်ကို ပြောချနေ တော့၏။ အနီ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ဟုတ်တာပေါ့ မမ၀ါရယ်၊ ဟုတ်တယ် ဆိုတာချည်းသာ တွင်တွင် ထောက်ခံရင်း လူကတော့ စန်းမူရာထံ သွားကာ နားရင်းသာ နာနာ ပြေးအုပ်ချင် နေမိ၏။ မနက် ခင်းကတည်းက မွှေနေသော စန်းမူရာ၏ မီးဟာ မပြီးနိုင် မစီးနိုင်ပါလားကွယ်ရို့။ မ၀ါကြီးကတော့ စိတ်ဆတ်သူပီပီ သူ့သမီး ဘေဘီ မောင်ကို စန်းမူရာဝါဒမှိုင်း လာတိုက်သွားသည့် ကိစ္စ ဒေါ ကြီးမောကြီး ဖြစ်မဆုံးတော့။ ဘာတဲ့၊ အပျိုဆိုတာ ချစ်မယ့် ကြိုက်မယ့်သူ ရှိရသတဲ့။ သူ့မှာတော့ သွားလေရာ အရပ် လေးမျက်နှာ ချစ်သူ ခင်သူများလွန်းလို့ ခါချနေရ သတဲ့။ အသက်အရွယ်ချင်း တူပြီး ဘေဘီမောင်မှာ ချစ်ခင်သူ မရှိတာ အ၀ လွန်နေ၍။ ချစ်မယ့် ခင်မယ့်သူ ရှိအောင် ၀ိတ်လျှော့လိုက်ဟု အကြံ ပေးသွားသတဲ့။ ဒါမှ ချစ်သူ အမြန်ဆုံး ရမည်ဟုပင် စန်းမူ ရာတို့က ပြောသွားသေးသတဲ့လေ။

အနီမှာ ကြားနေသည် ကို ရယ်လည်းရယ်ချင်၊ စိတ်လည်းတိုနှင့် စန်းမူရာ တစ်ယောက်ကတော့ ပျားအုံကို တုတ်နှင့် ထိုးရုံမက တုတ်နှင့် ပါရိုက်ချနေပြီဟု တွေး၏။ မ၀ါက စကားအဆုံး- “နင့်အိမ်ကဟာကို ပြော လိုက်စမ်း၊ သတိ္တရှိ ငါ့အိမ်ဘက်ကို ကူးလာကြည့်စမ်း လို့၊ ဒါပဲ ဒါပဲ”
ဟု ဆိုကာ ဖုန်းကို ဆောင့်ချသွားတော့မှ အနီ တစ်ယောက် ခုနကတည်းက လူးလွန့်နေပြီဖြစ်သော ပု ခက်ထဲက သားငယ်ကို ပြေးပွေ့ ရလေတော့သည်။

အမေနှင့် မကြည်၏ အသံများကတော့ ဖွင့်ထားသော တံခါးမှ နေပြီး တစ်ချက် တစ်ချက် လွင့်လာနေသည်။ နောက်ဖေး မီးဖိုချောင်မှာတော့ ဂျက်စတင်ဘီဘာ၏ သီချင်းကို မြန်မာမှု ပြုကာ သီချင်း တညည်းညည်း လုပ်နေသော စန်းမူရာ၏အသံက မြူးပျပျ။ အဝေးက နားထောင်လျှင်တော့ အင်္ဂလိပ် သီချင်းကို အပီအပြင် ဆိုနေ သည့်အလား ထင်ယောင်မှား။ လုပ်လိုက်ပေတော့ စန်းမူရာ။

၃။
အနီမှာ မြင်လိုက်ရသော မြင်ကွင်းကိုကြည့်ရင်း ပင့်သက်ရှိုက်ဖို သွားရသည်။ စန်းမူရာကို ဈေးလွှတ် လိုက်ပြီးခါမှ နို့ဆီ ကုန်နေတာ သတိရကာ ကိုယ်က နောက်က လိုက်ဝယ်ခြင်းမို့ ဒီမြင်ကွင်းကို ပက်ပင်တိုးခဲ့ခြင်း ဖြစ်၏။ မရွှေချောကတော့ အိမ်က ဘယ်သူမှ လိုက်လာမယ် မထင်၍လား၊ လိုက်လာလည်း ဂရုမစိုက်သည့် သဘောလားတော့ မသိ။ အမှိုက်ကန်ထောင့်မှာ သူ့ အချစ် ဇာတ်လမ်းကို ဆွဲလား ရမ်းလားလုပ်ကာ ရှင်းနေလေသည်။ ဟိုက ဆွဲလားရမ်းလား လုပ်ခြင်းမဟုတ်။ သူကသာ လုပ်နေခြင်း ဖြစ်၏။ ထုလိုက် ရိုက်လိုက် ပြောလိုက် ဆိုလိုက်ဖြင့် တစ်စုံတစ်ခုကို အချေအတင် ရှင်းနေသည့် ပုံပါလား။ နေပါဦး၊ သူ့ဘေးက ကောင်လေး၊ အဲ-ကောင်လေးလည်း မဟုတ်၊ ကောင်ကြီးလည်း မကျသော စကောစက ဒီကောင်ဟာ လမ်းထိပ် က အကြော်ဆိုင်က လူပါလား။

ခက်တော့ ခက်ပြီ။ ဒီအကြော်ဆိုင်က လူသည် လူပျိုမှ မဟုတ်တာကော။ သူ့ ဘေးနားမှာ အမြဲကပ်ပြီး အကြော် ကြော်နေသည့် မိန်းမက ဒီလူ့မိန်းမလေ။ စန်းမူရာတော့ လည်လွန်းသည့်ဘီး ချေးသင့်ပြီလို့ပင် ပြောရတော့မည် ထင်သည်။

အနီမှာ အခြေအနေကို သိချင်စိတ်နှင့်ပင် ခြေလှမ်းကို တမင်နှေးကာ သူတို့ကို အကဲ ခတ်လာချိန် ဟိုလူက စန်းမူရာကို တစ်စုံတစ်ရာ ပြောရင်း ခပ်ကြမ်းကြမ်း တွန်းပစ် ထားခဲ့လျက် နေရာမှ ထွက်သွားတော့သည်။

စန်းမူရာ ယိုင်ခနဲလဲပြို လုမတတ် ဖြစ်သွားချိန် အနီမှာ လန့်မအော်မိအောင် ကိုယ့် ပါးစပ်ကိုယ်ပိတ် ထားရ၏။ ကိုယ့်လက်အောက် ငယ်သားကို တစ်ပါးသူက ဒီလို ရမ်းရမ်းကားကား လုပ်သွားတာ ကျပြန်တော့လည်း စိတ်ထဲ မခံချင်သလို။ အနီမှာ စန်းမူရာကိုပဲ လှမ်းခေါ်ရ မလား၊ “ဟဲ့ ဘာဖြစ်ကြတာ လဲ” ဟုပဲ စပ်စုရမလား တွေဝေနေဆဲ အချိန်မှာပင် စန်းမူရာကတော့ လူနှင့် အသိစိတ် မကပ်သလို ငူငူငိုင်ငိုင်ကြီး ဖြင့် ထိုနေရာမှာ ရပ်မြဲရပ်လျက် အသည်းကွဲ လေဒီ လုပ်ကာ နေတော့သည်။

အနီ့မှာတော့ စိတ်ထွေ ထွေဖြင့်ပင် အိမ်ဘက်လှည့် ပြန်လာရင်း နို့ဆီ ၀ယ်ဖို့လည်း စိတ်မရှိတော့။ အိမ်ရောက်သည့် အချိန်မှာတော့ အနီအရင်ဆုံး ဖောက်သည်ချမိသူမှာ အမေသာ ဖြစ်တော့သည်။ အနီ့ထံမှ သတင်းဦး သတင်းထူး ရသွားသူ အမေ ကတော့ ရင်ဘတ်စည်တီး ဖြစ်ကာ-
“ဒုသနသော၊ ဒုသန သော”
ဟု အော်နေတော့၏။

အမေ့ ဒုသနသောကို ဟိုက ဘယ်လို လုပ်နားလည် နိုင်မှာလဲ။ သူ ပြန်လာလျှင် အနီ ဘယ်လို စကားများဖြင့် ဆုံးမ ရမည်လဲ။ ဘာပဲဖြစ်ဖြစ် ဒီလူဟာ အိမ်ထောင်သည်ဖြစ်ကြောင်း၊  ဒီရပ်ကွက်ထဲက လူများအားလုံး သိကြောင်း၊ ဘယ်လောက်ထိ ပတ်သက်ပြီးပြီလဲ၊ ဘယ် ထိပတ်သက်ဦးမှာလဲ ဆိုတာတွေ မေးမြန်းပြီး ရပ်တန်းက ရပ်ဖို့တားကာ စန်းမူရာကို အမြန်ဆုံး ပြန်ပို့ဖို့က လွဲပြီး တခြားနည်းလမ်း မရှိတော့ဟု အနီ ဆုံးဖြတ်လိုက်တော့ သည်။

ဟော- သူ ဈေးကပြန် လာပြီ။
အနီတို့ သားအမိ တစ်ဦး မျက်နှာတစ်ဦး ကြည့်ရင်း စကားလုံးများ စီထားမိကြ တော့၏။

၎။   
ဆရာဝန်က စန်းမူရာကို သေချာ ဆန်းစစ်ကာ အနီနှင့် အမေ့ကို မျက်လုံးတစ်ချက် လှန်ကြည့်သည်။ ထိုအကြည့်ကို အနီ မကြာခဏ မြင်ဖူးလေသည်။ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာ စိတ်ထား မကောင်းသူ၊ ယုတ် ညံ့သူတွေကို ဆုံးမ စကားဆိုသည့် ဇာတ်ကောင်များမှ အနိုင်စီးဖြင့် ကြည့်သော အကြည့်။ မြတ်စွာဘုရား။ အနီတို့ ဘာများ မှားခဲ့ပါလိမ့်။ ဆရာဝန်က ဟန်အပြည့်ဖြင့် ပြောလာသည်။

“အင်း- မိဝေးဖဝေး အလုပ် လာလုပ်တဲ့ သူတွေလေ၊ သက်သက်ညှာညှာလေးတော့ ခိုင်းကြပေါ့ဗျာ။ ကလေးမက အတော် အားနည်းနေတယ်၊ အားလည်း မရှိဘူး။ သူ့ကို နည်းနည်း အနားပေးပြီး အား ရှိအောင် ကျွေးလိုက်ကြပါ။ စိတ်ထိခိုက် လွန်းရင်၊ ဒါမှ မဟုတ် အားနည်းလွန်းရင် ဒီလိုပဲ ရှောခ့်ဖြစ်ပြီး သတိလစ် တတ်ပါတယ်။ တခြား စိုးရိမ်စရာ မရှိပါဘူး”

အမေတော့ မသိ၊ အနီ ကတော့ ဆရာဝန် ထိုစကား ဆိုလိုက်ချိန် ထူထူပူပူကြီး ဖြစ်သွားသည်။ အမေလည်း ဆတ်ခနဲ ဖြစ်သွားကာ ဆရာဝန်ကို တစ်ခုခုပြောမလိုပြုပြီး ခါမှ ဟင်းခနဲ သက်ပြင်းကြီး ချလျက် ဘာမှ အသံထွက် မလာ။ ဆေးခန်းခုတင်ထက် မှာတော့ လောလောဆယ် ချစ်သူကြောင့် အသည်းကွဲ စိတ်ထိခိုက်နေသော၊ ၀မှာစိုးကာ သူ့လခထဲမှ ပိန်ဆေးများ ၀ယ်သောက်ပြီး နားထင် နားရင်းကျအောင်၊ ပိန်အောင် လုပ်ထားသော စန်းမူရာ ကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် အကယ်ဒမီ ယူနေလေတော့ သည်။      
မီမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

No comments:

Post a Comment