Pages

Tuesday 27 September 2011

ပင်စည်နှင့် သူ၏ ကိုင်းလက် ရွက်ရှင်များ

မနေ့ညက အိမ်မှာ ဖြစ်ပျက် သွားသော အဖြစ် အပျက်သည် ကျွန်မ၏ အိပ်စက်ခြင်း များကို ယူငင် လုယက် သွားသည်မှာ အမှန်ပင်။
ထစ်ခနဲဆို စကားနောက် တရားပါ နှုတ်ထွက်လွယ်သော ကျွန်မ၏ ချို့ယွင်းချက်သည် ယခုတော့ ကျွန်မစိတ်ကို နောင်တတွေနှင့် အတူ နှိပ်စက်ကလူ ပြုနေချေပြီ။ ကျွန်မ စရိုက်က မည်သည့်ကိစ္စ မဆို စိတ်ဓာတ် ထက်ထက်သန်သန်၊ အားမာန်ပါပါ ပြုမူတတ်ပြီး ထိုစိတ်ဓာတ် အားမာန်ကို ရိုက်ချိုးသည် (သို့မဟုတ်) မထီလေးစား ပြက်ရယ် ပြုသည်ဟု ယူဆလျှင် မဆုတ်မဆိုင်း လက်တုံ့ ပြန်တတ်ခြင်းပင်။

ထိုသို့ တုံ့ပြန်မှု မြန်ဆန်ခြင်းကြောင့်လည်း ယခုလို မထွေးနိုင်၊ မအန်နိုင် ကိစ္စမျိုးနှင့် ကြုံတွေ့ ရင်ဆိုင်ရခြင်းပဲ ဖြစ်မည်။ “ဒေါ်ချိုချိုခိုင်က စိတ်ဆတ်ပေမယ့် စိတ်ရင်း စေတနာ ကောင်းပါတယ်”ဟု ပတ်ဝန်းကျင်က မကြာခဏ မှတ်ချက် ချသလို ကျွန်မ စိတ်ဆတ်သူ၊ စိတ်မြန်သူ တစ်ယောက် ဖြစ်နေပြီလား။ ကျွန်မနှင့်မှ သည်လို ကိစ္စမျိုး တည့်တည့် တိုးရတယ်လို့။ တကယ်တော့ ကျွန်မ ဧရာဝတီတိုင်း ဒေသကြီးမှ ဤမြို့ကလေးသို့ ရောက်ရှိတာ ၀န်ထမ်းသော ကာလသည် နှစ်နှစ်ပင် မပြည့်သေး။

ရောက်စက အိမ်ကြီး တစ်ဆောင်မှာ တစ်ယောက်တည်း အထီးကျန် ဆန်ဆန် ဖြစ်နေခြင်းက ကျောင်းသားတွေ အိမ်ခေါ် စာသင်သည့် အစီအစဉ်ကို စမိခြင်း ဖြစ်သည်။ ငှားရမ်းထားသည့် အိမ်က တိုက်ခံနှစ်ထပ် အိမ်ကြီးဆိုတော့ ညရေးညတာ အဖော်အလှော် ကိစ္စလည်း ဖြေရှင်းပြီးသားဖြစ်၊ စာမလိုက်နိုင်သည့် ကလေးတွေကိုလည်း စာသင်ပေးပြီး သားဖြစ်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အစီအစဉ်ကို ကျောင်းသား မိဘတွေလည်း သဘောကျ လက်ခံကြသည်။

မနှစ်က လူများသော်လည်း သည်နှစ်တော့ နှစ်စမို့ လူသိပ် မရှိသေး။ မနှစ်က ဆယ်တန်း ကျထားသူ အိအိမွန်နှင့် ထားထားမြင့်တို့ မိန်းကလေး နှစ်ယောက်၊ နယ်မှ တက်လာသော ညီအစ်ကို ၀မ်းကွဲ တော်စပ်သူ ညီဇော်၊ အောင်မျိုး၊ ဖိုးတွတ်တို့ သုံးယောက် အတွဲနှင့် မြို့ထဲဘက်မှ တကူးတက လာသူ ကိုကို ဦးပါမှ ခြောက်ယောက်တည်းပင်။

လူများတုန်းက ဘာပြဿနာမှ မပေါ်။ ယခု လူနည်းသည့် ကာလမှာမှ ပြဿနာက ဂြိုဟ်ထောင်ပြီး ထွက်လာသည်။ ညရှစ်နာရီ ထိုးလျှင် အပေါ်ထပ် တက်ပြီး ကျွန်မ ဘုရားဝတ် ပြုနေကျ။ ထိုညက ကလေးတွေကို လေ့ကျင့်ခန်း ပေးထားပြီး အပေါ် ထပ်သို့ ဘုရားဝတ် ပြုဖို့ တက်ခဲ့သည်။ မိနစ် အစိတ်ခန့်ပင် ကြာမည်ထင်သည်။ ဘုရားခန်းက ထွက်လာတော့ အပြင် မှာ ရပ်နေသော လူရိပ် တစ်ခုက ညီဇော်။

“ဆရာမ ကျွန်တော် အိမ်ပြန်ချင်တယ်”

“ဘာကိစ္စ ပြန်ရမှာလဲ။ နင်တို့အဒေါ် လာမှာထားတယ် မဟုတ်လား။ ဘာအကြောင်းပဲ ရှိရှိ ပြန်မလွှတ်ပါနဲ့ ဆိုတာ၊ ဒီအချိန်ကြီး ဘာကိစ္စ အိမ်ပြန် ချင်တာလဲ”

ညီဇော်က သူ့ဝသီ အတိုင်း မေးတာမဖြေဘဲ ပြောချင်တာပဲ ဆက်ပြောနေသည်။
“ဆရာမ ကျွန်တော် အိမ်ပြန်ပါရစေ”

“သြော် ဒီကလေးဟာ ပြောလေ ကဲလေပါလား။ မပြန်ရဘူး။ သွား သွား သင်ခန်းစာတွေ ပြီးအောင်လုပ်၊ ငါ အခု ဆင်းခဲ့မယ်”

ကျွန်မ စကားပင် မဆုံးသေး၊ ညီဇော် ပြေးဆင်းသွားကာ အောက်ရောက်တော့ ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေ ထွက်ပေါ်လာသည်။ ကျွန်မ လိုက်ဆင်းသွားတော့ သူက သူ့ စက်ဘီးကို ထုတ်ကာ ဒုန်းစိုင်း သွားချေပြီ။
“ဟဲ့ ဟဲ့ ဘာသံတွေလဲ။ ဘာဖြစ်တာလဲ”

“ညီဇော်၊ ညီဇော် နံရံကို လက်သီးနဲ့ထိုး၊ လှေကားကိုလည်း ခြေထောက်နဲ့ ကန်ပြီး အိမ်ပြန်သွားပြီ ဆရာမ”

“အေးလေ၊ အဲဒါမေး နေတာပေါ့။ သူ ဘယ်သူနဲ့ ဘာဖြစ်သွားတာလဲ။ စောစောက အကောင်းပါ”

မေးတာမဖြေဘဲ အားလုံး ငြိမ်နေကြသည်။
“နင်တို့ ဆယ်တန်းပဲ ရောက်နေကြပြီ။ ဒီလောက် ကလေးမှ ဆရာ မျက်ကွယ် ပြုလို့ မရဘူးလား။ ဘာကိစ္စ ဖြစ်သွားလို့ ညီဇော်က အိမ်ပြန်ခွင့် လာတောင်းရတာလဲ။ မပြန်ရဘူး ပြောထားရက်နဲ့ ဇွတ်တိုး ပြန်သွားသေးရဲ့။ သူကပဲ နံရံလက်သီးနဲ့ ထိုး ဟိုကန်သည်ကျောက်။ ဒါ ဆရာ့ အိမ်၊ ဆရာ့အရိပ်၊ အရိပ်နေနေ အခက်ချိုးချိုး လုပ်လို့ မရဘူး။ ဒီလို လုပ်သွားတာ ဆရာမကို စော်ကားတာ။ စေတနာနဲ့ မတန်တဲ့ကောင်။ ငါ့အိမ်ရိပ် မနင်းစေနဲ့၊ အောင်မျိုးနဲ့ ဖိုးတွတ် နင်တို့အစ်ကို ညီဇော်ကို ပြောလိုက်၊ နောင် ဒီအိမ်ကို စာလုပ်ဖို့ ဘယ်တော့မှ မလာနဲ့လို့။ ကြားတယ်နော်၊ ပြောဖြစ်အောင်ပြော။ နင်တို့ အဒေါ်ကိုလည်း ငါ့ဆီ လွှတ်လိုက်ဦး”

ထိုညက မျက်နှာငယ် ကလေးတွေနှင့် ငြိမ်သက်နေသော သူတို့ ကလေးတွေကို စာဆက် သင်နေရသော်လည်း ညီဇော့် အပြုအမူ အတွက် ရင်ထဲမှာ တနုံ့နုံ့။
“ဆရာမရယ်၊ ကျွန်မ အစ်ကိုနဲ့ မောင်က မွေးတဲ့ ကလေးတွေ စာတတ်ဖို့ တောကနေ လာထားတာပါ။ စာအုပ်စာတမ်းဖိုး အားမနာနဲ့နော်။ ဘယ်လောက်ကုန်ကုန် ဒီကလေးတွေ ဒီနှစ်ဆယ် တန်းအောင်ရင် တော်ပါပြီ”

ညီအစ်ကိုတွေနှင့် ပတ်သက်ပြီး မကြာခဏ ဆက်ဆံ ရလေ့ရှိသူ အဒေါ်ဖြစ်သူ လိုက်လာရင်ဖြင့် သူ့တူ ရိုင်းပျသည့် ကိစ္စကို ပြောပြရပေဦးမည်။ ထိုညက စေတနာကို စော်ကားသည် ဟူသော ခံစားချက်ဖြင့် ကျွန်မ အိပ်မပျော် ပါချေ။

မျှော်သူက ရောက်မလာ။ တကယ်တမ်း ရောက်လာသူမှာ ညီဇော်တို့ အတန်းပိုင် ဒေါ်သီတာမြင့် ဖြစ်နေသည်။ သူက ကျွန်မထက် အသက် ဆယ်နှစ်ခန့် ငယ်ပြီး ကျောင်းမှာတော့ သွက်လက် ထက်မြက်သော ဆရာမ တစ်ယောက် ဖြစ်သည်။
“တီချယ်ချို၊ အိမ်မှာ ညက ညီဇော် ပြဿနာ ရှာလို့ဆို”

“မိုးချုပ်မှ အိမ်ပြန်မယ် ဖြစ်တာ။ ပေးမပြန်လို့ သောင်းကျန်း သွားပါရော။ သူကပဲ ဟိုထိုးသည်ကန် လုပ်သွားသေးရဲ့။ ဒီလိုရိုင်းတဲ့ ကလေးမျိုး နောက်ဆို အိမ်ရိပ် လာမနင်းနဲ့လို့ ပြောထားတယ်”

“ညီဇော် စိတ်ဆိုးတာ တီချယ်ချို့ကို မဟုတ်ပါဘူး။ သီတာ ဒီအမှုကို စစ်ဆေးပြီး ပါပြီ”

“အလိုတော်၊ သူ စိတ်ဆိုးတာ ကျုပ်ကို မဟုတ်ဘူး တဲ့လား။ ဒါဆို ဘယ်သူ့ကို စိတ်ဆိုးတာလဲ”

“ကိုကိုဦးနဲ့ ဖြစ်ကြတာတဲ့။ ညီဇော်မှာ Text Book မပါလာလို့ အတူကြည့်ရင်း စကားများကြတာတဲ့။ စကား များတော့ ကလေးထုံးစံ တစ်ယောက်ကို တစ်ယောက် နာကျင်အောင် ပြောတော့တာပေါ့။ အဲဒီမှာ ကိုကိုဦးက ညီဇော့်ကို ဟေ့ကောင် ငန်းစောင်းလို့ ခေါ်လိုက်တာတဲ့”

“ငန်းစောင်း၊ ဘာလဲ ငန်းစောင်းဆိုတာ”

“တီချယ်ချိုကလည်း ဟိုဒင်းလေ။ ညီဇော့် လည်ပင်းက၊ လည်ပင်းက”

“ဟယ်”

ဒေါ်သီတာမြင့် ပြောမထွက်သော စကား ကျွန်မ သိလိုက်ပါပြီ။ ညီဇော် လည်ပင်း အနေအထား မမှန်သဖြင့် ခေါင်းမှာ အတော် စောင်းနေသည်။ ခေါင်းစောင်းမှတော့ မျက်စိအကြည့် အနေအထားလည်း မမှန်ပါ။ ညီဇော့် ချို့ယွင်းချက်ကို အားနာသဖြင့် ကျွန်မ သူ့မျက်နှာကို ဘယ်တော့မှ စေ့စေ့မကြည့်။ အခု ရွယ်တူချင်း သူ့ချို့ယွင်းချက်ကို ထုတ်ဖော်ပြီ ဆိုတော့
“သီတာတို့ ဒေသမှာ မြွေတစ်မျိုး ရှိတယ်။ အဲဒီမြွေက သွားရင်တည့်တည့် မသွားဘူး။ ပါးပျဉ်း ထောင်ရင်လည်း တည့်တည့် မထောင်ဘူး။ ဒီမြွေကို ငန်းစောင်းလို့ ခေါ်လေ့ရှိတယ်။ အခု ကိုကိုဦးက ညီဇော့်ကို ဒီလို ထုတ်ဖော်ပြီး ခေါ်လိုက်တာ တစ်ဖက်သားရဲ့ အရှိုက်ကို ထိသွားတာပေါ့။ ဒါကြောင့် အဲဒီညက ဒီကောင် ရှူးရှူး ရှဲရှဲဖြစ်ပြီး ပေါက်ကွဲသွားတာ။ အိမ်ပြန်မယ် ခွင့်တောင်းတော့လည်း တီချယ်ချို မလွှတ်တော့ ပိုဆိုး သွားတာပေါ့”

“မသိဘူးလေဟာ။ သူတို့အောက်မှာ ဖြစ်တဲ့ ပြဿနာကို၊ ဆရာမကို လာတိုင်ပါလား။ ဆုံးမ ပေးမှာပေါ့။ ဖျန်ဖြေ ပေးမှာပေါ့။ အခုတော့ ငါ့ လှေငါထိုး ပဲခူးရောက်ရောက် လုပ်သွားတာ၊ သီတာရေ။ ကိုယ့်စိတ်လည်း မင်းအသိပါ။ ကောင်းတာ လုပ်ပေးရက်နဲ့ အကောင်း မဖြစ်ရင် ကိုယ်က သိပ်သည်းခံတတ်သူ မဟုတ်ဘူး။ ဒါကြောင့် ငါ့ကို စော်ကားသွားတာ၊ အိမ်ရိပ် မနင်းနဲ့လို့ ကလေးတွေနဲ့မှာ လွှတ်လိုက်တာ။ အဲဒီ ညကသာ အကြောင်းစုံ သိရင် ဒီလို စကား ဘယ်ပြောပါ့မလဲ။ ညီဇော် ဘယ်လို ခံစားသွားရမလဲ ဆိုတာ စာနာ နိုင်ပါတယ်”

“ဒီနေ့ ညီဇော် ကျောင်းမတက်ဘူး တီချယ်ချို။ သူက မြို့ထဲက အိမ်တင် ပြန်သွားတာ မဟုတ်ဘူး။ ရွာကို တန်းပြန်သွားတာတဲ့”

“ဒုက္ခပါပဲဟယ်။ ဘယ်လို လုပ်ကြမလဲ။ ကလေးမှာ အလကား နေရင်း စာတွေ နောက်ကျ ကုန်တော့မယ်”

“သူ့ဝမ်းကွဲညီ အောင်မျိုးကိုတော့ ရွာအထိ လိုက်ခိုင်း ထားပါတယ်။ တီချယ်ချို သိပ်လည်း စိတ်ပူ မနေပါနဲ့။ အနာသိရင် ဆေးရှိရမှာပေါ့”
ထိုညက ညီဇော့်အပေါ် စာနာစိတ်ဖြင့် ကျွန်မ အိပ်မပျော်ပါပေ။

ကျွန်မ အချိန် ဘိုင်အို သင်ရန် အတန်းထဲ ၀င်တော့ လစ်ဟာနေသော ညီဇော့်ခုံ နေရာက ဆီးကြို နေလေသည်။ အတန်းသား တွေမှာလည်း ထိုကိစ္စကို သိပြီးဖြစ်လို့ ငြိမ်ငြိမ်သက်သက် တိတ်ဆိတ်ဆိတ်၊ ပြဿနာ အရင်းအမြစ် ကိုကိုဦးကတော့ ကျွန်မနှင့် မျက်နှာချင်း မဆိုင် ခေါင်းကို တွင်တွင် ငုံ့ထား၏။

“မင်းတို့အားလုံး ဆယ်တန်း ကျောင်းသားတွေ၊ ကျောင်းသူတွေ ဖြစ်နေကြပြီ။ ဆယ်တန်းဆိုတာ ဒီကျောင်းမှာ အကြီးဆုံးပေါ့။ အတန်းရော၊ အသက် အရွယ်ရော အစ်ကိုကြီး၊ အစ်မကြီးတွေ အနေနဲ့ ကိုယ့်ထက် အသက် ငယ်တဲ့၊ အတန်းငယ်တဲ့ ကလေးတွေ ရှေ့က စံပြ ဖြစ်နေရမယ်။ ပြောတာဆိုတာ၊ နေတာထိုင်တာ၊ စဉ်းစား တွေးခေါ်တာ အားလုံးပါပဲ။ မင်းတို့ကို ငယ်စဉ်ကတည်းက မင်္ဂလာ တရားတော် သင်ကြားပေးခဲ့တယ်။ မင်္ဂလာ တရားတော်နဲ့ အညီ နေထိုင် တတ်အောင် သွန်သင်ပေးခဲ့တယ်။ ကြီးနိုင် ငယ်ညှဉ်း၊ အားသာတဲ့သူက အားနည်းတဲ့ သူကို တစ်ဖက်စောင်းနင်း အနိုင် ကျင့်တာမျိုး၊ သူတစ်ပါးရဲ့ အားနည်းချက်၊ ချို့ယွင်းချက်ကို နင်းပြီး သရော် လှောင်ပြောင်တာမျိုး၊ ကျောင်းတော်သား တစ်ယောက်အနေနဲ့ အချင်းချင်း စည်းရုံးရေး ပျက်ပြားနိုင်တဲ့၊ သွေးကွဲနိုင်တဲ့ အပြုအမူ အပြောအဆိုမျိုးကို ရှောင်ကြဉ်ရမယ်။ နောက်တစ်ခါ ဒါမျိုး ပြောဆိုသံ ကြားရင် ဆရာမ အနေနဲ့ ခွင့်မလွှတ်ဘူး ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားကြပါ”

ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်မ သူတို့ကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်မှ ဖြစ်မည်။ သို့မဟုတ်ပါက အတန်းထဲမှာ နောက်ထပ် ညီဇော်တွေ ပေါ်ထွက်လာဦး မည်။ ညီဇော့်လိုပင် ထောက်ထား ညှာတာရမည့်သူ တစ်ယောက်ရှိသေးသည်။ မွေးရာပါ ခြေထောက်တစ်ဖက် မသန်ရှာသူ ရည်ရည်မွန်။ ကျွန်မ ကျောင်းကို ရောက်စက လေ့ကျင့်ခန်း စာအုပ်တွေ စားပွဲပေါ်မှာ တစ်ယောက်ချင်းဆီ လာထပ်စေရာမှ ထိုမိန်းကလေးကို သတိပြုမိ သွားခြင်းဖြစ်သည်။ လိမ်ဖယ် နေသော ခြေတစ်ဖက်ဖြင့် တစ်လှမ်းချင်း လှမ်းလာနေသော ကျောင်းသူလေး၊ ကျွန်မ ကပျာကယာပင် သူမ ရှိရာ အပြေးသွားပြီး
“အို ဆောရီး၊ နေရာမှာပဲ နေပါ။ နောက်ဆို မင်းဆီကို ဆရာမပဲ လာခဲ့မယ်”

ယခု ကျွန်မ ရည်ရည်မွန် အတွက်ပါ တစ်ခါတည်း ကာပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မ စကားတွေကို ငြိမ်သက်စွာ နားထောင်နေရသော် လည်း ကိုကိုဦးကတော့ အစာကြေပုံ မပေါ်ပါ။ ဆရာမ မို့ ပြန်မပြောသာဘဲ ငြိမ်နေ ခြင်းဖြစ်မည်။ ညီဇော်ရွာ ဆင်းခါနီး မင်းနဲ့ ငါတွေ့မယ်လို့ ကြိမ်းသွားသတဲ့။ ကိုကို ဦးကလည်း အချိန် မရွေးဘဲ ဟု ပြန်ပြောလိုက်သည်ဆို၏။ သည်လိုဆို အခြေအနေက အေးပါဦးမည်လား။

ညနေ ကျောင်းလွှတ်တော့ အိမ်မှာ ဧည့်သည် ရောက်နေသည်။ ဧည့်သည်က လူစိမ်း၊ မျက်နှာစိမ်း။
“ကျွန်တော် ညီဇော့် အစ်ကို မိုးဇော်ပါ ဆရာမ”

“သြော် ကိုမိုးဇော် ထိုင်ပါ၊ ထိုင်ပါ။ ကျွန်မလည်း ညီဇော့်အိမ်က တစ်ယောက်ယောက်ကို တွေ့ချင်နေတာ။ သူ့အဒေါ်ကို မှာနေတာလည်း ပေါ်မလာတာနဲ့”

“ဟုတ်ကဲ့၊ အဒေါ်က ရွာမှာ နာရေး တစ်ခုရှိလို့ ပြန်နေတာပါ။ အဒေါ် မရှိတုန်း ဖြစ်သွားတယ် ဆိုပါတော့”

“အေးကွယ်၊ ဆရာမ အိမ်မှာ စာသင်တုန်း ဖြစ်ကြတာ ဆိုတော့ ဆရာမမှာလည်း တာဝန်ရှိပါတယ်။ သူတို့ ဖြစ်ကြတဲ့ ကိစ္စ ဂဃနဏ မသိ လိုက်လို့ နောက်တစ်ခါ ငါ့အိမ်ရိပ် မနင်းစေနဲ့လို့တောင် ဒေါသ အလျောက် ပြောမိ သေးတယ်”

“ညီဇော် ရိုင်းသွားရင် ညီဇော့်ကိုယ်စား တောင်းပန် ပါတယ်။ ဒီလို ပြဿနာမျိုး ဘယ်တော့များ ပေါ်လာမလဲလို့ စိုးတထိတ်ထိတ်နဲ့ စောင့်နေခဲ့တာ။ တကယ်ပဲ ဖြစ်လာပါရော”

“ဘာရယ်၊ ကိုမိုးဇော်က ပြဿနာကို စောင့်နေတယ်၊ ဟုတ်လား”

“ဟုတ်ပါတယ် ဆရာမရယ်။ သူနဲ့ ပတ်သက်ပြီး ဒီကိစ္စမျိုးတွေ ခဏခဏ ကြုံနေရတော့ အခုလည်း မိသားစုက ရွာမှာသာ နေတယ်၊ ဘယ်နေ့ ဘာသံကြားရမလဲ နားစွင့် နေရတာ ကျိန်စာမိ နေသလိုပါပဲ။ ဆရာမကို သူ့ရဲ့ ငယ်ဘ၀ အတွေ့အကြုံတွေ ပြောပြမှ ပြည့်စုံမယ် ထင်တယ်။ ကျွန်တော်တို့မိဘ တွေက ရွာမှာ ငါးကန်တွေ တော်တော်များများ ပိုင်လို့ စီးပွားရေး တောင့်တင်းပါတယ်။ ကျွန်တော့်ညီကို ပညာတတ်ပဲ ဖြစ်စေချင်တယ်။ မိရိုးဖလာ အလုပ် လုပ်မယ်ဆို ရင်တောင် သူ ဘွဲ့ရပြီးမှ လုပ်စေချင်တယ်။ ကျွန်တော်တို့ အတွက် ငွေမလိုပါဘူး။ ပညာတတ်ဆိုတဲ့ ဂုဏ်ပဲ လိုပါတယ်။ ဒါကြောင့် မြို့မှာ တကူးတက လာထား ရတာပါ”

“နောက်တစ်ချက်က သူ့ရဲ့အားနည်းချက်ဟာ သူ့ စိတ်ကိုပြန်ပြီး အရောင် ဆိုးနေတာ နှစ်ကြာပါပြီ၊ သူငယ်တန်းကတည်းက ဆိုပါတော့။ ကျောင်းမှာ ဒါနဲ့ပတ်သက်ပြီး ကလေးချင်း ရန်ဖြစ်တာ၊ ခဲတံချွန်နဲ့ ထိုးလာတယ်။ အဲဒီတုန်းက ကလေးဆိုတော့ မိဘချင်း တောင်းပန်ရုံနဲ့ ပြီးသွားတယ်။ နောက် ခြောက်တန်းနှစ်မှာ ခဲတံချွန်ဓားနဲ့ ထိုး လိုက်တာ ချက်ကောင်း မထိလို့ တော်ပါသေးတယ်။ ရှစ်တန်း ရောက်တော့ သူ့လွယ် အိတ်ထဲ ဓားမြှောင်တွေ၊ ဘာတွေ ဆောင်တာ တွေ့ရတော့ ကျွန်တော်တို့ အတော် စိတ်ပူသွားတယ်။ သူက ဒီကိစ္စနဲ့ ပတ်သက်ရင် သည်းမခံနိုင်ဘူး။ မထိနဲ့၊ ထိရင် မီးပွင့် သွားမယ်ဆိုတာမျိုး ဖြစ်နေတော့ ရွာကျောင်းမှာ ဆက်မထားရဲတော့ဘဲ မြို့ကို ပြောင်းထားလိုက်တာပါ။ ပတ်ဝန်းကျင် ပြောင်းပေး လိုက်ရင် ဘယ်လို နေမလဲလို့ပေါ့”

အစ်ကိုဖြစ်သူ ပြောပြသော ညီဇော့် အကြောင်းကတော့ ပင့်သက်ဖြာ ရင်မောစရာတွေချည်းပင်။ သူ့ငယ် ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံ က သူ့စိတ်ကို ဒဏ်ရာ အနာတရ ဖြစ်စေခဲ့ပြီ။ သနားစရာ ကောင်းလှပါဘိ ကလေး လေးရယ်။

“လူဆိုတာကလည်း ခက်သားကလား ဆရာမရယ်။ အားနည်းချက်ကို မသိချင်ယောင် ဆောင်မယ့်သူထက် ဒါကို ဖော်ထုတ်ပြီး မခံချင်အောင် တူးဆွမယ့်သူ ကများနေတယ်။ မြို့ကနေ ဘာအသံများ ကြားရမလဲ၊ ကြားရမလဲနဲ့ အခုတော့ ထင်တာတွေ ဖြစ်လာပြန်ပြီ။ သူနဲ့ ကိုကိုဦးက တွဲလာတာ တစ်နှစ်ပဲ ကျော်ပြီ၊ ကိုကိုဦးက မကြာခဏ သူ့ကို အဲဒီလို ခေါ်လေ့ ရှိသတဲ့။ သူလည်း အရေထူထူနဲ့ သည်းခံပါတယ်တဲ့။ အခု ဟိုမိန်းကလေး နှစ်ယောက်ရှေ့မှာ ခေါ်လိုက်တော့ ပိုဆိုး သွားတာပေါ့”

“ကျွန်မ သူ့အတန်းပိုင် ဆရာမနဲ့ တိုင်ပင်ပါဦးမယ်။ သူ့ကိုတော့ ချော့မော့ ဖျောင်းဖျပြီး ကျောင်းပြန် တက်ခိုင်းပါ။ စာတွေ နောက်ကျကုန်ပြီ။ ဒီနှစ် အရေးကြီးတဲ့ နှစ်ကျမှ ဖြစ်ရတယ်လို့။ ကျွန်မလည်း သူ့အပေါ် စိတ်ဆိုးမိပြီးမှ နောင်တတွေ အခါခါ ရနေတာပါ။ သူ့စိတ် ဒဏ်ရာကို သိပြီးတဲ့ အခါ နောင်ဆိုပိုပြီး သတိထား ဆင်ခြင်နိုင်အောင် ကလေးတွေကို အသိပေး ဆုံးမပေးပါ့မယ်။ အထူးသဖြင့် ကိုကိုဦးကိုပေါ့”

နောက်ပိုင်းတော့ ညီဇော် ကျောင်းပြန်တက်သော်လည်း ကိုကိုဦးနှင့် ခပ်တန်းတန်းပင်။ ကျွန်မမှာတော့ သူ့ အတန်းပိုင် ဒေါ်သီတာမြင့်နှင့် တိုးတိုးတိတ်တိတ် တိုင်ပင်ကာ ညီဇော့် လွယ်အိတ်ထဲ ဓားမြှောင်ပါ မပါ အကဲခတ် စစ်ဆေးရတာ အမော။ လူငယ်တွေ ဆိုတာက သူတို့ စိတ်ထဲက ဘာဖြစ်နေတယ် ဆိုတာ သိပ်ပြီး အကဲရလှတာ မဟုတ်။ ဆရာရှေ့ငြိမ်ကုပ် နေပြီး တစ်နေရာမှာ ချိန်းမထိုးဘူးဟု ပြောနိုင်မလား။

“တီချယ်ချိုရေ၊ အတန်း သားတွေရှေ့မှာ သူတို့ နှစ်ယောက်ကိုတော့ လက်ဆွဲ နှုတ်ဆက် ခိုင်းပြီးပါပြီ။ တကယ် အကျိတ်အခဲ ပြေ မပြေတော့ မသိဘူး။ မတစ်ရာ သားတွေ ထိန်းရတာ မလွယ်ပါလားနော်”

သူတို့ အတန်းပိုင်၏ ညည်းချင်းဖြစ်သည်။ ကျွန်မကတော့ ခပ်ပြတ်ပြတ် ကြေညာထားသည်။ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး မနေနိုင်သူတွေ ကျွန်မအိမ်သို့ စာသင် မလာရ၊ ကျွန်မကစာပဲ သင်ချင်သူ၊ ပြဿနာ မဖြေ ရှင်းချင်သူ။ သည်တော့ ပြဿနာ ဖြစ်ထားသော သူတို့ နှစ်ယောက် အလာခက် နေကြတော့သည်။

စာသင်နှစ်ဝက် ကျိုးသွားပြီ ဖြစ်၍ စာတွေ ခက်လာတာရော၊ ကျက်မှတ်စရာတွေ များလာတာပါ။ အိမ်မှာ လာနေသူတွေ များလာသည်။ ည ပြန်အိပ်သူတွေ ရှိသလို၊ အိမ်မှာပင် ညအိပ် ညနေ နေသူတွေပါ ရှိလာသည်။ စာသင်သံ၊ စာအံသံတွေ သောသော ညံနေသည်။ ဒီနှစ် ဆယ်တန်းအောင်ရမည် ခေါင်းစဉ်အောက်မှာ တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင်။

သည်လိုအိမ်မှာ လူတွေ စည်ကားနေလေ၊ ကျွန်မ သူတို့ နှစ်ယောက်ကို သတိရလေပင်။ တစ်နေ့တော့ ရေပိုက် ပျက်သွားသည်။
“ကိုကိုဦးဆိုရင် ပြင်တတ်တယ်။ ဟိုတစ်ခါ ရေ စက်ပျက်တုန်းက...”

မိန်းကလေးတွေဆီမှ အသံ ထွက်လာသည်။ ဟုတ်ပါရဲ့။ ကိုကိုဦး ရှိရင် ပိုက်တွေ၊ စက်တွေကိစ္စ သိပ်ကို အားကိုးရသည်။ သူ့အဖေက စက်ဆရာမို့ သူက အဖေ့ဆီက ပညာကုန် ရထားဟန် တူသည်။ သူ မရှိတော့ ပိုက်ဆရာပတ် ရှာပေဦးတော့ပေါ့။ ညီဇော့် ၀ါသနာ ကျတော့ တစ်မျိုး။ မနက် မိုးလင်းတာနှင့် တစ်ခြံလုံး ရှင်းအောင် တံမြက်စည်း ပြောင်ပြောင် လှဲထားပြီးပြီ။ ခြံထဲမှာ အမှိုက် တစ်ပင်၊ သစ်ရွက်တစ်ရွက် မရှိစေရ။ ယခုတော့ ခြံထဲအလုပ် ဘယ်သူမှ သတိမရကြ။ သူတို့လေးတွေ၏ ကောင်းကွက် ကလေးတွေက ကျွန်မ၏ တင်းခဲနေသော စိတ်ကို တွန်းဖြို နေသယောင်။ နှစ်ယောက်စလုံး ဉာဏ်ကောင်း ကြသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကြိုးစားလိုက်လျှင် တစ်နှစ်တည်းနှင့် ပါသွားနိုင်သည့် ကလေးတွေ။ ကျွန်မပဲ စိတ်လျှော့ပြီး ကိုယ့်မူ ကိုယ်စည်းကမ်းကို ပြင်ကာ အခေါ် လွှတ်လိုက်ရင် ကောင်းမလား။ ဒါဆိုလျှင် ကျန်သည့် ကလေး အားလုံးကို အကိုင်အတွယ် ခက်သွားပြီ။ သူတို့ အပေါ် ဘယ်တော့မှ သြဇာ တည်မည် မဟုတ်။
တစ်ခုသော တနင်္ဂနွေ၊ အိမ်မှာ စာသင် ကောင်းနေဆဲ မိန်းကလေးတွေ ဘက်မှ စီခနဲ အသံ ထွက်လာသည်။

“ဟောတော့ ကြည့်ကြပါဦး၊ ခြံရှေ့မှာ ညီဇော်ရယ်။ ကိုကိုဦးနဲ့ အတူ စက်ဘီးစီး လာပါလား။ ဆရာမရေ ညီဇော်”

ကျွန်မ လှမ်းကြည့်လိုက်တော့ ဟုတ်ပ။ ကိုကိုဦးက ရှေ့မှ နင်းလာပြီး စက်ဘီးရပ်တော့ ညီဇော်က စက်ဘီး နောက်ကယ်ရီယာ ခုံပေါ်က ခုန်ဆင်းလိုက်သည့် မြင်ကွင်း။ သူတို့နှစ်ယောက် ခြံထဲဝင်လာ ကြပါလား။ ညီဇော့် ပခုံးပေါ် မှာလည်း ဘာကြီးမှန်း မသိ ထမ်းထားသေးသည်။ စောင်းနေသည့် ခေါင်းနားမှာ တစ်ခုခု ထမ်းထားတော့ ရုတ်တရက် ကြည့်လျှင် ခေါင်းနှစ်လုံး လိုလို။ အလို ဘုရားရေ၊ အဲဒါကြီးက အုန်းသီး၊ ငှက်ပျောသီးတွေနှင့် ပြင်ထားသော ကန်တော့ပွဲ တစ်ပွဲပါ လား။

ကလေးတွေ အားလုံး စာသင် နေရာမှ သူတို့ နှစ်ယောက်ဆီ အာရုံ ရောက်လေရာ အပ်ကျသံပင် ကြားလောက်ပေသည်။ ကျွန်မ အံ့သြ မှင်သက်နေဆဲ။
“ကျွန်တော်တို့မှာ ဆရာမ အပေါ် ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ခွင့်လွှတ်ပါ ဆရာမ။ ကျွန်တော်တို့ ဆရာမ အိမ်မှာ စာလာပြန် သင်ပါရစေ။ သူငယ်ချင်းတွေ အားလုံး ဆရာမနဲ့ ပျော်ပျော် ရွှင်ရွှင် စာသင် နေကြချိန်မှာ ကျွန်တော်တို့ အပြင် ကျူရှင်လည်း သွားမတက်ချင်ဘူး။ ဟိုတစ်နေ့က ရေပိုက် ပျက်သွားလို့ ဆရာမ ပိုက်ဆရာ လိုက်ရှာ နေကတည်းက လာချင်နေတာပါ။ ကျွန်တော်ရှိရင် ဒါတွေ ကျွန်တော် လုပ်နေကျ မဟုတ်လား။ ဒီကောင့်ကိုလည်း ကျွန်တော် ပြေလည်အောင် တောင်းပန်ပြီးပါပြီ။ နောက်ဆို ကျွန်တော်တို့ ရန် မဖြစ်တော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် မခံချင်အောင် မပြောတော့ပါဘူး။ လက်ခံပါနော် ဆရာမ”

မြင်ကွင်းကို ကြည့်ပြီး လည်ချောင်းထဲ ဆို့နင့်နင့်ကြီး ဖြစ်လာသဖြင့် ရုတ်တရက် ဘာစကားမျှ ဆို၍ မထွက်ပါ ချေ။ မျက်စိထဲမှာ စိမ့်တက်လာသော မျက်ရည်တို့ကို အမြန် သိမ်းဆည်းရန် ကြိုးစားရသည်။ ကျွန်မ ကလေးတွေ ရှေ့မှာ ဣနြေ္ဒပျက်လို့ မဖြစ်။ တစ်ခုခုပြောမှ ဖြစ်တော့မည်။

“လက်ခံရမှာပေါ့ကွယ်၊ လက်ခံရမှာပေါ့။ တပည့်ကို မုန်းတဲ့ ဆရာဆိုတာ လောကမှာ ရှိရိုးလား။ ဆရာနဲ့ တပည့်ဆိုတာ ပင်စည်နဲ့ ကိုင်းလက်တွေလို ပေါင်း စပ်ယှဉ် တွဲနေတဲ့ အရာတွေပါ။ အနှစ်အသားရဲ့ ကိုင်းလက်ရွက်ရှင် စည်ပင်မှုမှာ ဆရာ့ရဲ့ ပေးအပ်မှုနဲ့ တပည့်တွေရဲ့ ခံယူမှု အပြန်အလှန် ချိန်သား ကိုက်ဖို့လိုတယ်။ ကိုကိုဦးက ညီဇော့်အပေါ် တောင်းပန်တယ် ဆိုတဲ့ ကိစ္စကိုလည်း ဆရာမအနေနဲ့ ၀မ်းမြောက်စွာ ကြိုဆို လိုက်ပါတယ်။ စာရေး ဆရာ Collen O’Connor က ထိရောက်သော တောင်းပန်ခြင်းသည် အမျက် ဒေါသနှင့် အကျိုးနည်း ဖိနှိပ်မှုများကို ပျောက်ကွယ်စေသည်။ အချင်းချင်း အလေးထား ခြင်းကို ပြသည်။ ယုံကြည် မှုကို တည်ဆောက်ပေးသည်။ နောက်ထပ် နားလည်မှု လွဲခြင်း မရှိအောင် ကူညီပေးသည်။ စိတ်အရင်းအမှန်နဲ့ တောင်းပန်ခြင်းဖြင့် လွယ်လင့်တကူ ခွင့်လွှတ်လို စိတ်ကို ဖြစ်ပေါ်စေ၏လို့ ရေးသား ထားတာ ဖတ်ဖူးပါတယ်”

“တစ်ပြိုင်နက်တည်းမှာပဲ ညီဇော်ရဲ့ ခွင့်လွှတ်နိုင်မှု ကို ဆရာမတို့ အလေးအနက် အသိအမှတ် ပြုကြရမယ်။ လူတစ်ယောက်ဟာ ခန္ဓာကိုယ် တစ်စုံတစ်ရာ ချို့ယွင်းနေတိုင်း အခြားအရာတွေပါ ချို့ယွင်း နိမ့်ပါးသွားတာ မဟုတ်ပါဘူး။ ပင်ကို အရည်အသွေး ဆိုတာ နှလုံးသားနဲ့ စပ်ဆိုင်တဲ့ ကိစ္စပါ။ နှလုံးသား ဖြူစင်နေ သရွေ့၊ ဆုံးဖြတ်ချက်တွေ ကောင်းမွန်နေမယ်။ လုပ်ရပ်တွေ မှန်ကန်နေမယ်။ လောက ကြီးကို မိမိပါးနပ် လိမ္မာ ကျွမ်းကျင်ရာ ရှုထောင့်က နေပြီး အကျိုး ပြုနိုင်တယ် ဆိုရင် လူ ပီပီဖြစ်ပြီပေါ့။ ဆရာမ တပည့်တွေ လူပီသသူများ ဖြစ်ကြပါစေ”

ထိုနေ့က ကိုကိုဦးနှင့် ညီဇော်ပါမက အိမ်မှာ စာလာသင်သည့် ကလေးတွေ အားလုံး ၀ိုင်းကန်တော့ကြသည်မှာ စည်စည်ကားကား ပျော်ပျော် ပါးပါးကြီး ဖြစ်သွားတော့သည်။ သူတို့ သူငယ်ချင်းနှစ်ယောက် ပြန်လည်ပါဝင်လာ သဖြင့် အပျော်တို့ဖြင့် စိုလက် မြူးထူးနေသော ကလေးတို့ အနားမှ ထွက်ခွာလာသည့် ကျွန်မ မျက်ဝန်းထဲမှာတော့ မျက်ရည်များ ပြည့်အိုင်လာ ပြန်သည်။သည်တစ်ခါတော့ ထို မျက်ရည်ကို ထိန်းချုပ်ထားရန် ကျွန်မမှာ စိတ်ကူး မရှိတော့ပါ။

မိချမ်းဝေ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

No comments:

Post a Comment