Pages

Tuesday 27 September 2011

မတိမ်ကော မပပျောက်တဲ့ Jewellery Idea

ခန္ဓာကိုယ်တစ်ခုလုံး အတွက် စောင့်ရှောက် ထိန်းသိမ်းမှု Hair Care, Skin Care, Body Care တွေကို မတူညီတဲ့ အစိတ်အပိုင်းတွေနဲ့ တင်ပြ နေခဲ့ပါတယ်။
ဘယ်အချိန်မဆို စိတ်ဝင်စားတဲ့ သူတွေ အမြဲရှိနေတဲ့ ခေါင်းစဉ်တွေ ဖြစ်ပေမယ့် ဖတ်ရတာ ရိုးအီသွားမှာ စိုးတဲ့အတွက် အပြောင်းအလဲလေးတွေ လုပ်ကြည့်ဖို့ သူငယ်ချင်းတွေက အကြံပေးတယ်။ ဒါပေမယ့် ခန္ဓာကိုယ် အလှအပ ရေးရာ ၀န်းကျင်ထဲကတော့ ပြေးမလွတ်တဲ့ အကြောင်း အရာတွေပါပဲ။ လောကမှာ ဣတ္ထိယတွေ ရှိနေသမျှ၊ တစ်ကိုယ်ရေ လှပ ကျန်းမမှုကို ဂရုစိုက် နေသူတွေ ရှိနေသမျှ ဒီအကြောင်း အရာတွေက ဘယ်တော့မှ မတိမ်ကော သွားဘူးတဲ့လေ။

အမျိုးသမီး အရွယ်မရွေး စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ထုတ်နုတ် လေ့လာ ကြည့်လိုက်တော့ ခေတ်အဆက်ဆက် အကြိုက် တူလာကြတဲ့ ခေါင်းစဉ် တစ်ခုကို သွားတွေ့ပါတယ်။ ဒါက တစ်နည်းအားဖြင့် ခန္ဓာကိုယ် အလှအပပိုင်း ဆိုင်ရာလို့ ပြောရမလားပဲ။ တကယ်လည်း လိုအပ်တဲ့ အထဲမှာပါတဲ့ လက်ဝတ် ရတနာ အလှဆင်ယင်မှုပါ။

မိမိရဲ့ ပင်ကို အလှကို ပိုပြီးပေါ်လွင် ထင်ရှား သွားစေနိုင်သလို ချို့ယွင်းချက်တွေကိုလည်း သူ့ရဲ့အရှိန်အ၀ါနဲ့ ဖုံးဖိ စေနိုင်တယ်။ အခုဆိုရင်
ခေတ်မီ စက်ကိရိယာတွေ၊ နည်းပညာတွေရဲ့ အစွမ်းနဲ့ ထူးခြားလှပတဲ့ ဒီဇိုင်းတွေကို မြန်မာပြည်မှာပါ ရရှိနေပါပြီ။ အရွယ်စုံ အတွက် သူ့နေရာနဲ့သူ၊ သူ့ဖက်ရှင်နဲ့ သူ ၀တ်ဆင်လို့ ရမယ့် ဒီဇိုင်းလေးတွေနဲ့ အကြံပြု ပေးချင်ပါတယ်။ အခု တင်ဆက်ပေး လိုက်တဲ့ ဒီဇိုင်းတွေက ဒီကတော့ မဟုတ်ဘူးနော်။ ကမ္ဘာမှာ အလှဆုံးလို့ သတ်မှတ် ခံထားရတဲ့ ပြင်သစ် နိုင်ငံက မမတွေအကြိုက် ဒီဇိုင်းတွေပါ။ မြန်မာပြည်ကလည်း ခေတ်မီနေပြီ ဆိုတော့ တချို့တချို့သော ဒီဇိုင်းတွေကို ဒီမှာ ရနေပြီ။ မရှိသေးတဲ့ ဒီဇိုင်း ဆိုရင်လည်း ခေတ်မီတဲ့ စက်ကိရိယာ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဖန်တီးလို့ ရနေပါပြီ။

ခရမ်းဆွဲနဲ့ စိန်၊ ရွှေတွေကို အချိုးကျ ပေါင်းစပ်ထားတာ။ ပုံစံမျိုးစုံ သွေးထားတဲ့ Crystal ကျောက်တွေရဲ့ အလှက ခေတ်မီ သွားစေတယ်။

မခက်ပါဘူးနော်။ သူတို့ဆီက Fancy ဒီဇိုင်းတွေနဲ့ ပွဲနေပွဲထိုင် ဒီဇိုင်းတွေကို ကြည့်ရအောင်။ ရွှေရယ်၊ စိန်ရယ်၊ ဆေးမှုတ် အရောင်တင်လို့ ရတဲ့ သတ္တု တစ်မျိုးနဲ့ ပြုလုပ်ထားတယ်။ သေချာတာကတော့ ဆယ်ကျော်သက် အကြိုက်ပဲ။ နားကပ်နဲ့ လက်စွပ် ၀မ်းဆက်ကလည်း ထူးခြားတယ်။ ဒီရတနာ ဒီဇိုင်းလေးတွေကတော့ အမြဲတမ်းပဲ ၀တ်ဝတ်၊ ထသွား ထလာပဲ ၀တ်ဝတ် အဆင်ပြေတဲ့ ဒီဇိုင်းတွေပါ။ ပြီးတော့ ဂျင်းဘောင်းဘီ၊ စကတ်၊ ဂါဝန်စတဲ့ လွတ်လပ်ပေါ့ပါးတဲ့ Free Style အ၀တ်အစားတွေနဲ့လည်း လိုက်ဖက်တယ်။ လူငယ်တွေ အတွက် ပိုပြီး သင့်တော်တယ်။ အသက်ကြီးတဲ့ ဂုဏ်သရေရှိ အမျိုးသမီးတွေ အတွက်ရော ပွဲနေပွဲထိုင် သွားမယ့် သူတွေ အတွက်ပါ ကျက်သရေရှိတဲ့ ဒီဇိုင်းလေးတွေကို ပြချင်တယ်။

စိန်၊ ကျောက်စိမ်း၊ ရွှေတွင်းဝါ ကျောက်တွေနဲ့ အလှ ဆင်ထားတာ။ လော့ကတ်သီး အလှကို ဦးစားပေးထားတယ်။
အရောင်နဲ့ ပုလဲကတော့ အ၀တ်အစား အရောင် နည်းနည်း ရွေးလိမ့်မယ်။ ပိုပြီး ထင်ပေါ်စေတယ်။ မင်္ဂလာပွဲ၊ ဧည့်ခံပွဲ၊ Dinner, ဘယ်ပွဲပဲသွားသွား ချစ်စရာ ကောင်းပြီး တင့်တယ်စေတဲ့ ဒီဇိုင်းလေးတွေပေါ့။ မိမိနဲ့ လိုက်ဖက်တာကိုသာ ရွေးချယ်တတ်မယ် ဆိုရင် တန်ဖိုး အနဂ္ဃကြီးမားဖို့က အဓိက မဟုတ်ပါဘူးကွယ်။ ပွဲလယ်တင့်ပြီး ပေါ်လွင် ထင်ရှားတဲ့ အလှ ပိုင်ရှင်တွေ ဖြစ်ကြပါစေ။
ပုလဲကို ကံကောင်းပြီး မျက်နှာပွင့်တဲ့ အဆောင်အဖြစ် လူကြိုက်များတယ်။ ပွဲလယ်တင့်တဲ့ ရတနာပစ္စည်း ဆိုလည်း မမှားဘူးလေ။ ပုံစံ ဆန်းဆန်းလေးတွေနဲ့ လော့ကတ်သီး လက်စွပ်တွေကလည်း လိုချင်စရာပါ။ စိန်ဆိုတာကတော့ အမျိုးသမီးတိုင်း အကြိုက်လေ။

သင်းပပ
(Teen မဂ္ဂဇင်း၊ စင်တင်ဘာလ ၂၀၁၀)

No comments:

Post a Comment