Pages

Friday 23 September 2011

အကြွေးဆပ်တဲ့ လမင်းလေး

လပြည့်ညမို့ ၀ိုင်းစက်နေသော လမင်းကြီး၏ အလင်းသည် မြေပြင်ပေါ်ဝယ် အစွမ်းကုန် သာလျက် ရှိနေသည်။ ပတ်ဝန်းကျင်က လေညင်း လေပြည်နု ကလေး ကလည်း စိတ်ကို ကြည်နူးပေစွ။ မောဟ ကဲခဲ့သော အတ္တ စိတ်များကို ဖြေလျှော့လိုက် ချိန်တွင် လမင်းကလေး တစ်စင်း အပေါ်တွင် အမှားများလွန်း ပေစွ။ လမင်းကြီး အောက်မှ အပြစ်ကင်းစင်သော လမင်းကလေးကို ကြည့်ရင်း...။

“ပညာအမွေပဲ လက်ဖွဲ့နိုင်မယ်။ ကျန်တာတော့ ပစ္စည်းအမွေမမျှော်နဲ့တော့” ဘ၀ခရီးကို စတင်လျှောက်ချိန်တွင် အမေ၏ စကားကို ကြားယောင်ရင်း ပါရမီဖက်၏ လက်ကလေးကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်သည်။ ဘ၀ မာရသွန် တာထွက်ခရီး အစပေပဲ။ “ခင်လေးဘာပစ္စည်းမှ မမက်မောဘူး။ စိတ်ထဲမှာလည်း ဘယ်လိုမှ မခံစားရ ပါဘူး”

သည်စကားတွေကို ပါးစပ်နှင့်ရင်တို့ ထပ်တူပြု ပြောခြင်းသာ ဖြစ်ပါစေဟု ဆုတောင်းရုံကတစ်ပါး ဘာ မျှမတတ်နိုင်တော့။ ပါရမီ ဖက်နှင့်အတူ ဘ၀ခရီးကို ကြမ်းတမ်းစွာပင် စတင်ဖြတ် ခဲ့ရသည်။ ခင်လေး ဘက်ကလည်း မိခင်က မုဆိုးမ။ သားသမီး ငါးယောက်မှာ အိမ်ထောင်မကျသူ ဟူ၍ မောင်တစ်ယောက်သာ ရှိသည်။ သမီးလေးယောက် အနက် ခင်လေးက တတိယ မြောက်သမီး။ မဖြစ်ညစ်ကျယ် ကွမ်းယာဆိုင် ကလေးနှင့် ၀မ်းရေး ကျောင်းရသည်မို့ အိမ်ထောင် ကျပြီးသည့်နောက်ပိုင်း ယောက္ခမ၏ ၀ိုင်းထဲမှာပင် အိမ်ကလေး ခွဲဆောက်ကာ ခရီးအစကို လျှောက်ခဲ့ရပြီ။ မူလတန်းပြ ကျောင်းဆရာ ကလေး၏ လစာသည် လင်မယား နှစ်ယောက်အဖို့ မပို လျှံသည့်တိုင် လောက်ငှခဲ့ပါသည်။

မှတ်မှတ်ရရ ဘ၀အစ သည် ၁၂.၆.၁၉၈၆.... နေ့။ မိမိ၏မိဘများကိုလည်း မာနစိတ်နှင့်အတူ လက်ဖြန့် မခံခဲ့။ မပြည့်စုံသော ယောက္ခ မဘက်ကိုလည်း အားမကိုး ဘဲ ဘ၀ကိုဖြတ်သန်းရင်း သမီးကြီး မဆုဝေတိုးကို မွေးဖွားခဲ့သည်။ သားဦး ယောက်ျားလေး ရူးနေသော မိမိအဖို့ သမီးကြီးကို မကျေ မနပ်မဖြစ်ခဲ့ပါ။
မိမိ၏လစာ၊ ဇနီးသည်၏ ကုန်စုံဆိုင်ကလေးဖြင့် မိ သားစုသုံးယောက် ဘ၀သည် ပူပင်သောက မရှိခဲ့ပါ။ သမီးကြီး မွေးပြီး မရှေးမနှောင်းမှာ ပင် ဒုတိယသမီးလတ် မချမ်း မြေ့ဖြိုးကို ရလာခဲ့ပြန်သည်။ သားသမီးနီးလွန်းလှသည်။ သမီးကြီး နို့မပြတ်ခင်မှာပင် ဒုတိယ သမီးကို ရလာခဲ့သည်။ သည့်နောက်မှာတော့ ဘ၀က မာရသွန်သမား မိမိ အဖို့ သက်လုံ ကျလာခဲ့သည်။ ကျန်းမာရေး ဖောက်လာသော ဇနီးသည်နှင့်အတူ အကြွေးနှင့် လုံးချာလိုက်ကာ အိမ်ဆိုင် ကလေးပြုတ်သွားခဲ့ချေပြီ။ ယောက်ဖ အငယ်ဆုံးကလည်း အိမ်ထောင်ကျသွားသော်လည်း အလုပ်မရှိသည်မို့ ယောင်၍ ပင် ယောက္ခမဆီက အပူ မကပ်သာတော့။ နာသုံးနာ ဘ၀နှင့်ဖြတ်လာခဲ့ရသော ခရီးလမ်းသည် ပန်းခင်းလမ်း မဟုတ်တာတော့ သေချာပါသည်။
သည်လိုနှင့် နှစ်ဆယ် ရာစုမကုန်မီကာလလေး၌ လမင်းလေးတစ်စင်း ဘ၀ တွင် ထွန်းလင်းလာခဲ့သည်။

၂၇.၄.၁၉၉၆... နေ့။
သောကြာနေ့၊ လ ကလေးက ထိန်ထိန်သာနေ သည်။
ယခင်က သမီးနှစ်ယောက် ရပြီးပြီမို့ သားရူး အပြင်းအထန် ရူးနေသော အချိန်။ဲ.ဗ.ွှ လစာ ရခဲ့ပေ မယ့် ဘ၀အမောမဖြေသာခဲ့ ပါ။
“သုံးလှည့် တစ်လှည့်တော့ ရှိကောင်းပါရဲ့”ဟူ သော အတွေးဖြင့် သား ကလေး၏ပုံရိပ်ကိုသာ မြင် ယောင်နေမိသည်။
နေ့စေ့လစေ့ ဗိုက်နာသည့်အချိန်ကစ၍ စိတ်ကူးဖဲ ရိုက်ကာ ဒေါင်းနေခဲ့သည်။ ခင်မင်ရင်းနှီးသူများက “ဒီ တစ်ခါ သား သေချာတယ် ဆရာ”ဆိုလျှင် သဘောကျခဲ့ ၏။ ညဆယ့်တစ်နာရီ လောက်က စ၍ အချက်ပြ လာသည်မို့ သားဖွားဆရာမကို ခေါ်ရင်း မီးနေခန်း အတွင်းမှာ ဇနီးသည် တစ်ယောက် ဖွားရန်ပြင်ဆင်နေသည်။ ယောက္ခမကြီး အပါအ၀င် သူ့အစ်မများက သူတို့သမီး သူတို့ညီမ အပေါ် စိုးရိမ်ပူပင် နေကြရှာသည်။ အားလုံး ပျာယာ ခတ်နေကြသည်။ ဗျာ များနေကြသည်။

မိမိကတော့ မီးနေခန်း အပြင်ဘက်မှာ ထိုင်ရမလို၊ ထရမလိုဖြစ်ရင်း စိတ်တို့ သည် ဆောက်တည်ရာမရခဲ့။
ည တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီအထိ မီးမဖွားနိုင်သေး။ အိမ်အပြင်ဘက်တွင် သာနေသော လရောင်ကြောင့် လရောင်၏အောက်ဝယ် ဆေး လိပ်ဖွာလိုက်၊ လမ်းလျှောက် လိုက်၊ ပုတီးစိပ်လိုက်၊ ဟိုစာအုပ်၊ သည်စာအုပ် ကောက်ဖတ်လိုက်ဖြင့် စိတ်အလျဉ်သည် တစ်နေရာ တည်းတွင် ရပ်တန့်ခြင်းငှာ မစွမ်းသာခဲ့။
“အူဝဲ... အူဝဲ...”

လောကကို စတင် နှုတ်ဆက်လိုက်သော အသံ။
“ဟော... ဖွားပြီ”

မီးနေခန်းအတွင်းမှ အသံများကြောင့် မီးသေနေပြီ ဖြစ်သော ဆေးလိပ်ကို ယောင်ယမ်းဖွားရင်း စိတ် လှုပ်ရှားနေမိသည်။
“ဘာလေးလဲဟင်”

မိမိအမေးကို “ထုံးစံ အတိုင်းသမီးလေးပဲ”ဟူသော အဖြေကြောင့် ကြက်နာကြီး လည်လိမ်ချိုးသကဲ့သို့ ဖြစ် သွားသည်။
နာရီကိုကြည့်တော့3:27:50 AM.
လူက ပင်ပန်းစိတ်တွင် စိတ်ပျက်အားလျော့ခြင်းနှင့် အတူ “ဟင်... ဟုတ်လား” ဟုသာအဖြေပေးရင်း ငိုသံ ပေး၍နှုတ်ဆက်နေသော သမီးလေးကိုပင် မကြည့် တော့ဘဲ အိပ်ပစ်လိုက်သည်။

“အူဝဲ... အူဝဲ”
မီးနေခန်းဆီက နို့ဆာ လောင်၍ထင့်။ အသံပြာပြာ စူးစူးရှရှကလေးကြောင့် အိပ် ရာက ဖျတ်ခနဲနိုးလာသည်။
ညက အိပ်ရေးပျက် ထားသောကြောင့် မျက်လုံးတို့က ကျိန်းစပ်နေသည်။ နေရောင်ကို မကြည့်နိုင်။
နာရီကိုကြည့်တော့8:30 AM.
လူက သမီးငယ်လေး၏ ငိုသံကလေးကို နားထောင်ရင်း အတွေးနယ်ချဲ့မိသည်။
အသံသာ ကြားနေရ သော်လည်း မျက်နှာကလေး ကို ခုထက်တိုင် မကြည့်ရ သေး။ ယခင် သမီးနှစ် ယောက်တုန်းကများ မီးနေ ခန်းထဲဆီက ကိစ္စများပြီး၍ ၀င်ခွင့်ရပြီဆိုသည်နှင့် တစ်ပြိုင်နက် တန်းဝင်ရင်း နနွင်းနံ့ မီးနေနံ့ အကြား သမီးလေး များ၏ မျက်နှာကိုကြည့်ရင်း ရင်တွင်း စမ်းရေစီးခဲ့သည်။ ပီတိဖြာဝေခဲ့သည်။ အနမ်းမိုး စွေခဲ့သည်။

အခု သမီးလေးကျ တော့...
မိမိ မျှော်လင့်ထားသော ယောက်ျားလေး မဟုတ်တာ နှင့် ယောင်၍ပင် မီးနေခန်း တွင်း ၀င်မကြည့်ဘဲ စိတ် ဓာတ်ကျကျနှင့် အိပ်ပစ်ခဲ့ သည်။ အိပ်ရာကနိုးမှ သေချာ ပြန်တွေးမိသည်။

“ငါ မတရားတာပဲ။ ကံ စီမံရာပေါ့။ သမီးလေးမှာ ဘာအပြစ်ရှိပါသလဲ”ဟူသော မေးခွန်းများကို ပြန်လည် ထုတ်မိသည်။
အဖြေက ရှင်းသည်။ မိမိ မတရားခဲ့ပါ။ “အူဝဲ”တဲ့။ အို... သမီးရဲ့ငိုသံလေးက ဂီတ သံစဉ်လှလှနှင့် တေးတစ်ပုဒ် အလား နားထဲသို့ ချိုမြိန်လာသည်။ ဂီတသံစဉ် သစ်တစ်ခုလိုပင်။ မျက်နှာ မြန်မြန်သစ်ရင်း မီးနေခန်းသို့ ၀င်သည်။

“ကို စိတ်ညစ်သွားလားဟင်။ ကို သိပ်လိုချင် တောင့်တနေတဲ့ သားလေး မဟုတ်လို့လေ”

ဇနီးသည်က မိမိအား ညှိုးလျစွာကြည့်ရင်း ပြောလာ သည်။ ဇနီးသည်၏ ဘေး နားတွင် အနှီးဖြင့်ထွေးပွေ့ ထားသော နီတာရဲသမီးလေး ကို မချီတတ် ချီတတ်နှင့် ကောက်ချီသည်။ အကြီးမ နှစ်ယောက်ကလည်း သူတို့ ညီမလေးနား အုံလာသည်။
“ငါ့ညီမလေး၊ သူ့ညီမ လေး”ဟု တစ်ယောက်နှင့် တစ်ယောက် အချစ်ပြိုင်နေ ကြသည်။
ဟော... ကြည့်စမ်း၊ စောစောက ငိုနေသလောက် နို့ဝသွားပြီ ထင်သည်။ အပြစ် ကင်းစင်စွာ အိပ်မောကျ နေရှာသော သမီးငယ်လေး၏ ပါးပြင်ကလေးကို ငြင်သာစွာပင် အနမ်းပွင့်ခြွေလိုက်၏။

တစ်ပွင့်...
နှစ်ပွင့်....
သုံးပွင့်...
ဇနီးသည်ရော သမီး ကြီးနှင့် သမီးလတ်တို့ပါ အနမ်းပွင့်ကလေးများ ကူး စက်မိသည်။
ဘ၀ဆိုတာ ဒါပဲလေ။

သမီးငယ်ကလေး အတွက် ညက အပြုအမူကို နောင်တရသလိုလို။ သမီး ငယ်လေးကတော့ လောက ကြီးထဲသို့ အဖြူရောင် ပန်း ပွင့်များနှင့် နှုတ်ဆက်လာခဲ့ သည်။
အပြစ်ကင်းစင်ပါဘိ။
အေးချမ်းပါဘိ။
“ကို သမီးလေးနာမည် ဘယ်လို ပေးရရင် ကောင်းမလဲဟင်။ ကိုက စာရေး ဆရာကြီးဆိုတော့ နာမည် လှလှလေးတွေ ပေးတတ်တယ်လေ”
နာမည်ပေးဖို့ နာမည် ရွေးနေမိသည်မှာ တစ်ညလုံးပင်။ ဆေးလိပ်ပြာများ၊ မီးခိုးတန်းများ၊ အတွေးများကြား တွင် စိတ်ကြိုက်နာမည်ကို ရှာမရနိုင်သေး။
အိမ်ပေါ်ကို ပြန်တက်သည်။ အိပ်မရနိုင်သေး။ ဇနီးသည်၏ ဘေးတွင် အနှီးထွေး၍ ကွေးကွေးကလေး အိပ် ပျော်နေသော သမီးကလေး ၏ မျက်နှာပေါ်သို့ ပြတင်း ပေါက်မှတစ်ဆင့် လရောင် ကလေး ကျနေသည်။

အေးမြသော လရောင် သည် သမီးကလေးကို အေး ချမ်းစွာ အိပ်စက်စေဖို့ ညင် ညင်သာသာကလေး ဖြာကျ နေသကဲ့သို့ပင်။
လရောင်နှင့် သမီး ကလေး လိုက်ဖက်ပနံရပါ ဘိ။ လရောင်မှတစ်ဆင့် သမီးကလေး၊ သမီးကလေး မှတစ်ဆင့် လမင်းကြီးဆီသို့။
ဖျတ်ခနဲ သမီးလေး အတွက် နာမည်လေးကို အမှတ်မထင် ရွေးဖြစ်သွားသည်။
“သော်တာ”
သော်တာ၊ သော်တာ သို့မဟုတ် လမင်းငယ်ဆိုတာ သမီးကလေးရဲ့ နာမည် ကလေးပေါ့

သမီးကြီးနှစ်ယောက် အလယ်တန်းအဆင့်မှာ လောက်တော့ ပညာရေး ကုန် ကျစရိတ်သည် မထောင်းသာ လှသော်လည်း အထက်တန်း အဆင့်ကို တက်လာပြီ ဆိုသည်နှင့် မနိုင်မနင်း ဖြစ်လာ ခဲ့သည်။ အကြီးမက န၀မ တန်း၊ အလတ်မက အဋ္ဌမ တန်း၊ သမီးငယ်လေးက စတုတ္ထတန်း ကျောင်းသူ ကလေးဖြစ်သည်။

ဘ၀ကို ခါးသည်းစွာ ဖြတ်ကျော်နေရင်း အကြီးမက ဆယ်တန်း၊ အလတ်မ န၀မတန်းသို့ ရောက်သောအခါ ပညာသင်စရိတ်က မြင့်မား လာခဲ့ပြီ။ သမီးအကြီးမနှင့် အလတ်မတို့၏ ကျောင်းစရိတ်၊ ဘော်ဒါစရိတ်တို့ တစ်လလျှင် သိန်းဂဏန်း ကပ်လာသည့် အခါ ၀င်ငွေနှင့် ထွက်ငွေသည် မမျှတတော့။ လစာလေးဖြင့် ကျားကန် မထားနိုင်တော့။

“အို... ငါ့သမီးတွေကို ပညာအမွေတော့ အကောင်း ဆုံးဖြစ်အောင် လုပ်ပေးရမှာ ပဲ။ အရိပ်မတွေ့ခင်တော့ နေပူထဲ လျှောက်ရဦးမှာပေါ့”
အိမ်ကမိန်းမလည်း မနေသာတော့ပြီ။ ရွာက ထန်းလျက်၊ သနပ်ခါး၊ ပဲဆီ၊ နှမ်းဆီလေးများ ၀ယ်ကာ ရန်ကုန်သို့ တက်သည်။ ရန်ကုန်တွင် သူ့ဦးလေးအရင်းခေါက် ခေါက်ရှိသည်မို့ ထိုအိမ်တွင် တည်းခိုကာ ပါလာသောကုန် များကို ရောင်းသည်။ ကုန်ပစ္စည်းကုန် အကြွေးရအောင် စောင့်တောင်းရင်း ပိုက်ဆံ ပေါ်လာပါက ရန်ကုန်က ငါးခြောက်ငါးခြမ်း၊ အ၀တ် အထည်၊ ငါးသလောက်များ လေးငါးပိဿာ ပေါင်း၍ ရွာတွင်ပြန်ရောင်းရင်း အိမ်ကို ကပ်သည်ဟူ၍ မရှိတတ်တော့။

အိမ်တွင် မိမိရော သမီး ငယ်လေး ဖြစ်သလိုစားရ သည်။ မနက်စောစော ချက် ပြုတ်၊ ကျောင်းသွား။ နေ့ လယ်စာကို ထမင်းထုပ်သွား သည်။ ညစာကိုတော့ ကျောင်းမှအပြန် ကမန်း ကတန်းချက်ရသည်။ ပင်ပန်း ဆင်းရဲလိုက်သည့်ဖြစ်ခြင်း။ ဟင်းကိုလည်း ငါးရက်တစ် ဈေးနေ့တွင် အသားငါးရ သော်လည်း ဘတ်ဂျက်က ခွင့်မပြု၍ ကန်စွန်းရွက်နှင့် နှစ်ပါးသွားခဲ့ရသော အနပ် ပေါင်းလည်း များခဲ့ချေပြီ။ လစာထုတ်ရက်ကလေးတစ် ရက်မျှလောက်သာ အသား ဟင်းတစ်ခွက် အနိုင်နိုင်ချက် ခဲ့ရသည်။ သဟာတောင် အစိတ်သားလောက်ကို မျက်စိမှိတ်ကာ ၀ယ်ခဲ့ရသည်။ အစိတ်သားဟု ပြောရသော် လည်း နှစ်ဆယ်သားပင် မပြည့်တတ်။ ၀င်ငွေထွက်ငွေ မမျှသော အိမ်ထောင် တစ်ခု၏ ဖြတ်သန်းမှုသည် ရက်စွဲ ကြာလာသည်နှင့် အမျှ အနုတ် ပြလာသည်။ အကြွေးဝိုင်း လာသည်။

မိမိက ပီတိကိုစား၍ အားရှိနေစေကာမူ မိသားစု ကလေးကတော့ ထိုပီတိကို မစားနိုင်ခဲ့ပါ။ ဖြေဖြူတစ်ချောင်း၏ ရိုးသားမှုကို အစွန်း အထင်းမခံခဲ့သော မိမိဘ၀ သည် ခယောင်းလမ်းမြေ အမာတွင် ခြေအသားမာတို့ တက်လာခဲ့သည်။ သမီး လေးက ပညာရေးမှာလည်း အတန်းစဉ် ပထမစွဲခဲ့သည်။ အိမ်တွင် အငယ်ဆိုသော် လည်း အငယ်အခွင့်အရေးကို မခံစားခဲ့ရပါ။

မှတ်မှတ်ရရ ကျောင်း ပညာရည်ချွန် ဆုပေးပွဲနေ့တွင် သမီးလေး ပထမဆုရသည်။ ၀မ်းသာအားရမိခဲ့၏။ ထိုဆု ပေးပွဲနေ့က သမီးလေး မြန် မာ့ေ<ကးကြော်သံ သီချင်းဖြင့် တစ်ပင်တိုင် ကပြခဲ့သည်။ ငါတို့ ဆရာသမီးဟူသော အသိဖြင့် လည်းကောင်း၊ စာရော အကရောထူးချွန်သည့် ငါတို့ တပည့်မလေးဟူသော စိတ် ဖြင့်လည်းကောင်း၊ ငါတို့တူမလေး၊ ညီမလေး ဟူသော အမျိုးဂုဏ်တို့ဖြင့်လည်း ကောင်း ၀ိုင်းဝန်းဆုချကြရာ တစ်သောင်းနှစ်ထောင်ရခဲ့ သည်။ မိမိတစ်လစာထက်ပင် ပိုနေသေးတော့သည်။ ညနေ သားအဖနှစ်ယောက် အိမ်ပြန်ရောက်တော့ ညစာ ထမင်းစားအပြီး လသာ အောက်တွင် စကားပြောကြ သည်။

“အပါး...”
သမီးလေးက ခေါ်လာ သည်။ မည်သည့် အကြောင်း ကြောင့်လဲ မသိ။ မိမိကို သမီး အားလုံးက အပါး၊ ပါးပါး၊ အပါးကြီး ဟုသာ ခေါ်ကြ သည်။
ထိုသို့ခေါ်ရန် မိမိကလည်း သင်မပေး။ အဖေဟု မည်သူကမျှ မခေါ်ကြ။ မိမိကလည်း ထိုအခေါ်ကလေး မည်သည့်အချိန်ကစ၍ အမြစ် တွယ်လိုက်မှန်းပင် မသိ။ မိမိကို အပါးဟု ခေါ်သော်လည်း သူတို့ အမေကိုတော့ အမိုးဟု မခေါ်ကြ။ ကြာလာတော့ ထိုအခေါ်အဝေါ်ကလေးကိုပင် သာယာခုံမင် ချိုမြိန်ခဲ့ရ၏။
“သမီးလေး ဆုရတဲ့ ပိုက်ဆံတွေ သမီး လုပ်ချင်တာ လုပ်ပေါ့။ သမီးလေး အ၀တ် အစားဝယ်ချင်ဝယ်”
ဒီလိုဆိုတော့ သမီးလေး ခေါင်းခါသည်။

“အပါး မကွေးကအစ်မ နှစ်ယောက်ကို တစ်ယောက် ငါးထောင်ပေးလိုက်ပါ။ ကျန် တဲ့နှစ်ထောင်ကို အပါးကြီး အတွက် သားရေဖိနပ်ကောင်း ကောင်းတစ်ရံ ၀ယ်ပေးမယ်။ သမီးလေး ကျောင်းမှာ မုန့်ရောင်းပြီး စုထားတာ ရှိတယ်။ သမီးလေး အပါးကို ဖိနပ် ၀ယ်ပေးချင်လို့ ကြီးကြီးတို့ ဆိုင်က မုန့်၊ ဘောပင်၊ စာအုပ် ကလေးတွေ ယူရောင်းတာ”

ကြီးကြီးဆိုသူမှာ သူမ အဒေါ်။ ရွာတွင် စတိုးကုန်စုံ ဆိုင် အထင်ကရနှင့် ပြည့်စုံ သူ။ သမီးကလေး ကျောင်း တွင် ဤသို့လုပ်နေသည်ကို ဤကျောင်းတွင် ဆရာလုပ်နေ သောမိမိ မသိခဲ့ပါ။ သိလျှင် ခွင့်ပြုမည်မဟုတ်ပေ။
ငယ်စဉ်အခါ ပညာရှာ တဲ့။
မိမိဘ၀၏ ခက်ခဲသော ကာလများတွင် ဤသမီး လေးသည် မိမိချွေးစက်များ ကို...။
အို... သမီးလေးရယ်။
ရင်တွင် နင့်ခနဲ။
လရောင်အောင်မှ လမင်းကလေး...။
ပြောင်းပြန်ဆန်သော မြစ်တစ်မြစ်သည် သမီးက လေးဖြစ်နေပါသည်။

အချစ်ဆိုတာ... စိတ် ကူးယဉ်လို့ရပေမယ့် ဘ၀ဆို တာ စိတ်ကူးယဉ်လို့မရ ဘူး...။
မှန်လိုက်လေ။ ဖတ်ဖူး သလား၊ မှတ်ဖူးသလား၊ ကြားဖူးလေသလား မသိ။
စိတ်ကူးယဉ်မရသော ဘ၀အမောကြားတွင် မိမိစိတ် တို့ တစ်ချက် လွတ်သွားခဲ့ သည်။ ညနေ ကျောင်းဆင်း အပြီးတွင် မီးဖိုချောင်ကိစ္စ သည် သမီးလေးနှင့် မျက်နှာ လွှဲရပြီမို့ ထန်းလျက်ပေါင်းခံရည်ဟု ခေါ်နိုင်သော ထန်း လျက်ချွေးများအကြားတွင် မိမိ၏ အတ္တချွေးများကို သိပ်ခဲ့သည်။ မိန်းမကလည်း ဤ တစ်ခေါက် ကုန်အကြွေးများ ကြန့်ကြာနေ၍ တစ်လပင် တိုင်ခဲ့ပြီ။ လစာကလည်း မထုတ်မီကတည်းက ကုန်ခဲ့ ပြီ။ ရီဝေစွာအိမ်ပြန်ချိန်များ တွင် သမီးလေးသည် စာ ကြည့်ရင်းစောင့်ကာ ပြန်လာသည်နှင့် ထမင်းဟင်းကအစ ပြင်ဆင်ပေးသည်။ အဖေက ၀တ္တရားပျက်ပေမယ့် သမီး လေးက မပျက်ခဲ့ပါ။

“အပါး သမီးလေး တစ် ခုပြောချင်တယ်။ ကျောင်းအုပ်ဆရာမကြီးက ပြောတယ်၊ သမီးတို့အဖေကို အရက် မသောက်အောင် ပြောပေးစမ်းပါတဲ့။ ဟုတ်ပါတယ် အပါးရယ်။ ဆရာဆိုတာ တပည့်တွေရဲ့ စံပြ မဟုတ်လား။ အပါးကြီး စာသင် ကောင်းတာ၊ တပည့်တွေ အပေါ် စေတနာထားတာ ဒီ အရက်ကြောင့် ပျက်ရတော့ မှာလား အပါးရယ်”

မိမိ နောက်ထပ်စားမည့် ထမင်းလုတ်ကို ကိုင်ရင်း ငိုင်နေမိသည်။ မိမိ အရက်နွံမှာ အရက်ကျွန်ဖြစ်နေတာ ကြာခဲ့ ပါပြီကော။ အရှိုက်ထိသွား ၏။
“တော်စမ်း ပါးစပ်ပိတ်ထား”

ဟုတ်တာပြော နာလိုခံ ခက် အမျက်ထွက် ဆိုသော စကားသည် မှန်နေပေစွ။ အရက်ရှိန်ကြောင့် အမှားအမှန် ခွဲမရတော့။
ဖြန်းခနဲ အသံတစ်ချက် ထွက်သွားသည်ကိုသာ သိ လိုက်သည်။ လူက များသွား သည်မို့ ထမင်းစားပွဲအနီးမှာ ပင် အိပ်ပျော်သွားခဲ့သည်။ တစ်ရေးနိုးချိန်မှာတော့ ပြင်ပ တွင် လက ထိန်ထိန်သာ လျက်။ မိမိကိုယ်ပေါ်တွင် အညာစောင်ပါးတစ်ထည် လွှမ်းခြုံထား၍ မိမိခေါင်း အောက်တွင်လည်း ခေါင်းအုံး ခံပေးထားသည်။ ရင်က ပူနေ သည်။ ဖျတ်ခနဲ သတိရလိုက် မိချိန် အသည်းနှလုံးတို့ ဆတ် ဆတ်ခါတုန်လျက်။ သွေး အေးအေးနှင့် အမူးပြေ၍ စဉ်း စားသောအခါ သမီးလေး အပေါ် မိမိ အမှားကြီးမှားခဲ့ ချေပြီ။

သမီးလေး ဘယ်မှာလဲ။
အဖေ့ချွေးကို ကူသုတ် ပေးတဲ့သမီးလေး။
အငယ်၏အခွင့်အရေး များ ဆုံးရှုံးခဲ့ရသော သမီး လေး။
ကြည့်စမ်း...။
လရောင်အောက်တွင် ပက်လက်ကုလားထိုင်လေးပေါ် ၌ အပြစ်ကင်းစွာ အိပ်မောကျ နေသည်။ လရောင်သည် သမီးလေးမျက်နှာလေးကို ပို ၍တောက်ပစေသည်။ မိမိ မျက်ဝန်းတွင် လရောင်သည်ေ၀၀ါးလျက်။

“မိဘနဲ့ သားသမီးဆိုတာ အစုန်သာရှိတယ်။ အဆန် မရှိဘူး။ သားသမီးက ကြွေးရှင်၊ မိဘဆီ ကြွေးတောင်းရ အောင်လာတာပဲ”
ဤစကားကို ကြားဖူးပါသည်။ မျက်ရည်တို့ ဝေ့၀ဲ လာသည်။ မိမိအတွက်တော့ မှားလေစွ။ အသည်းနှလုံးသည် ဆတ်ဆတ်ခါ နာကျင် လာ၏။ လမင်းကြီးအောက်မှ အပြစ်ကင်းစင်သော လမင်း ကလေးသည် မိမိအပေါ် အကြွေးဆပ်ရန်လာသည့်နှယ်။ အကြွေးဆပ်တဲ့ လမင်းကလေး အတွက် မိမိဘက်ကလည်း ပြန်လည်ပေးဆပ်ရမည့် အကြွေးတွေက မနည်းတော့ ချေပြီ။
ကိုလှိုင်ကြည်ဝင်း
(လမင်းလေးသို့ အမှတ်တရ)

No comments:

Post a Comment