Pages

Wednesday 21 September 2011

ဘ၀အိုအေစစ်

သည်ခြံလေးထဲမှာ ပေါက်ပြား၊ ဓားရှည်၊ မျိုးစေ့တွေကို အဖော်ပြုကာ နေလာခဲ့တာ ကြာပြီ။ ရာသီအလိုက်  စားပင်၊ သီးပင်တွေ စိုက်ကာ သူ့တစ်ဝမ်း တစ်ခါးစာကို ဖြေရှင်းခဲ့ သည်မှာလည်း ပေါ့ထောက်(အဘိုး) ဆုံးပြီး ကတည်းက ဖြစ်သည်။
ယခုမူ ပေါ့ထောက် စိုက်ခဲ့သော သစ်တော် ပင်ကြီးများပင်လျှင် သက်တမ်းရှည်ကြာ အိုစာကြပြီမို့ သီးအားကျ၍ နေကြပြီ။သည်အတွက်တော့ သူက သိပ်မပူလှပါ။ တစ်ကိုယ်ရေ တစ်ကာယ သမား ဖြစ်သူ သူ့အတွက်က ရာသီစာ သီးနှံလေး များမှရသော ၀င်ငွေဖြင့်ပင် လုံလောက်နေခဲ့ပြီပဲ။သစ်တော် ပေါ်ချိန် ရောက်လျှင်တော့ ပုတ်ပြတ် ၀ယ်ယူလက်ထဲ တစ်ခြံလုံး အပ်လိုက်ရုံသာ။ သူတို့ ကိုယ်တိုင်လာ၍ ခူးသွားကြလိမ့်မည်လေ။

ထိုသို့ ငွေကြေး တစ်လုံးတစ်ခဲ ရသော အချိန်များတွင်တော့ ဆရာတော် ဘုရားကြီးကို ဆွမ်းလေးဘာလေး ပို့နိုင်ခဲ့သည်။ကျန်အချိန်များတွင်မူ သူပင် ဖြစ်သလို ချက်ပြုတ် စားသောက် နေထိုင်ခဲ့ရသည်ပင်။ သူ့ခြံက မြို့ဈေးနှင့် အလှမ်း ဝေးသည်မို့ ခြံထွက် သီးနှံများ သွားရောက် ရောင်းချပြီး အပြန်တွင် အသား၊ ငါး၊ ဆန်၊ ဆီ၊ ဆား ကအစ လိုအပ်မည် ထင်သမျှ တိုလီမုတ်စများကို သယ်နိုင်သလောက် ၀ယ်ပြန်ရသည်။ နောက်တစ်ကြိမ် ဈေးကို ရောက်ဖို့ ဆိုသည်က တစ်လ ကြာဦးမလား။ သုံးပတ် ကြာဦးမလား ဆိုသည် ကို သူလည်း အတိအကျ သိနိုင်သည်မဟုတ်။ ထိုကြား ကာလတွေမှာတော့ သူ့ခြံရယ်၊ သူ့အပင်တွေရယ်၊ သူ့ တဲလေးရယ်ကသာလျှင် သူ့ ဘ၀၊ သူ့ကမ္ဘာ ဖြစ်၍နေတော့သည်။

သူ့အတွက်တော့ ထင်းက မရှားပါ။ သစ်တော်ကိုင်း ခြောက်များကို ထင်းလုပ်၍ မီးမွှေး လိုက်ရုံသာ။ ထို့နောက် ဆန်နို့ဆီဘူး နှစ်လုံးခန့်ကို ရေဆေး၍ မီးဖိုပေါ် တင်ထားလိုက်ကာ ဟင်းချက်ဖို့ ပြင်သည်။ အသားခြောက်လေး နည်းနည်း ကျန်သေးသည်။ ခရမ်းချဉ်သီးလေးဖြင့် ချက်မည်။ မုန်ညင်းဟင်းရည် တစ်အိုး တည်မည်။ တော်ပြီပေါ့။ ခရမ်းချဉ်သီးတို့၊ မုန်ညင်းတို့က သူ့ခြံထဲမှာ ခူးဆွတ်လိုက် ရုံသာ။ ညစာ၊ မနက်စာကို တစ်ခါတည်း ရောချက်လိုက် ရုံဖြင့် နောက်တစ်ကြိမ် အလုပ် မရှုပ်တော့။

ဆရာတော်ကျောင်းမှ ကပ္ပိယကြီးကတော့ သတိ ပေးဖူးသည်။ “ထမင်းအေး၊ ဟင်းအေးတွေ မစားနဲ့တော့” တဲ့။ “အသက်က ကြီးလာပြီ ဆိုတော့ ၀မ်းမီးပါစကတွေက အားမကောင်းတော့လို့ အစာ မကြေရင် ကျန်းမာရေး ထိခိုက်လာလိမ့်မယ်”တဲ့။ “အဲဒီ အခါ ဘယ်သူက လာပြီး ပြုစု စောင့်ရှောက်ပေးမှာလဲ” တဲ့။ မှန်တော့ မှန်သည်။ သူသာ အိပ်ရာထဲမှ မထနိုင်သော လူမမာ တစ်ယောက် ဖြစ် သွားလျှင် ဘယ်လိုလုပ်မလဲ။သည်ကဲ့သို့ အတွေးမျိုးကို ဟိုစဉ်က ယောင်၍ပင် သူမတွေးမိ။ တွေးစရာလိုသည် ဟုလည်း မထင်ခဲ့။ ပေါ့ထောက်နှင့်သူ နှစ်ယောက် ရှိခဲ့သည်လေ။ သူ့ကို မည်သည့် အရွယ်ကတည်းက ပေါ့ ထောက်က မွေးခဲ့သည်ကို သူ မသိ။ သူ့မှာ ပေါ့(အဖေ)နှင့် မယ့်(အမေ) မရှိဘူးလား။ ပေါ့ထောက်မှာ ကောမယ့် ထောက်(အဘွား) မရှိဘူးလား။ သူ မသိ။ သူ ဘာမှ မသိပါ။ ပေါ့ထောက်ကလည်း တစ်ခါမှ ပြောမပြ ခဲ့ပါ။ သူကလည်း မမေးရဲ ခဲ့ပါ။ သူ စားချင်တာ။ လို ချင်တာလေးတွေ ၀ယ်ပေးတတ်သော်လည်း ပေါ့ ထောက်က သူ့ကို မျက်နှာသာတော့ သိပ်မပေး။ လူမှန်း သိတတ်စကတည်းက စိုက်ပျိုးရေးကို ပေါ့ထောက်နှင့် အတူ ၀ိုင်းကူ လုပ်ရသည်။ ယခုမူ သည်ကျေးဇူးကြောင့်ပင် သူ့ တစ်ဝမ်းတစ်ခါး အဆင်ပြေနေခဲ့သည်ပဲလေ။

ပေါ့ထောက် ဆုံးသွား စဉ်ကလည်း ပေါ့ထောက်နှင့် ငယ်သူငယ်ချင်း ဆရာတော် ၏ ကျေးဇူးကြောင့်သာ အလောင်းမြေ ကျလှခဲ့သည်။ ထိုစဉ်ကတည်းက သည်ခြံ လေးထဲတွင် သူ တစ်ယောက် တည်း ကျန်ခဲ့သည်။ သူက ကျောင်းစာလည်း မတတ်၊ အခြား ဘာမှလဲ မတတ်၊ သူ တတ်တာက စိုက်တာ ပျိုး တာပဲ ရှိသည်။ ပေါ့ထောက် အသုဘ ကိစ္စကို လာကူကြ စဉ်ကတော့ အချို့က သူ့ကို အကြံလေး ဘာလေး ပေးကြ သည်။ ခြံကို ရောင်းလိုက်ပြီး မြို့ထဲ ပြောင်းရွှေ့နေထိုင်ရန်။ ဒါတော့ မဖြစ်နိုင်ဟု သူ သိသည်။ သူက ခြံလေးမှာ နေရတာကို နေသားကျ၍ နေပြီ။ လူများများနှင့် ရေရှည် ဆက်ဆံဖို့ရာကိုလည်း သူ စွမ်းဆောင်နိုင်မှာ မဟုတ်။ လူမှုရေးကို သူ မကျွမ်းကျင်။ ပေါ့ထောက် အမွေကိုလည်း သူ မစွန့်ပယ်နိုင်။

ယခုမူ သူက ကျေးငှက်လေးတွေနှင့် အတူထ၊ နေ့ဖို့ ညစာ ထမင်းတစ်အိုးတည်၊ ခြံပေါက်၊ ရေလောင်း၊ ပေါင်းသင်၊ စိုက်ပျိုး၊ ဆရာတော် ကျောင်းက ဆွမ်းစား ခေါင်းလောင်းခေါက်သံ ကြားလျှင် သူလည်း စားပြီးလျှင် တစ်ရေးတစ်မော အိပ်စက်နား၊ နေအေးသွားလျှင် ခြံအလုပ် ပြန်လုပ်၊ နေ၀င်လျှင် အရက်လေး တစ်ပိုင်းမျှ သောက်ပြီး ထမင်းအေးအေးပေါ် ဟင်းအေးအေးလေးတွေ လောင်းချ၊ ပလုတ်ပလောင်း နယ် ဖတ်စားသောက်ပြီးက ဆေးပေါ့လိပ် တစ်လိပ်ဖြင့် ဟိုတွေးသည်တွေး တွေးရုံသာ။

တကယ်တော့ အရက်ကို သူ အရင်က မသောက်ဖူးခဲ့။ ပေါ့ထောက် မရှိတော့သည့် အခါမှ ညဘက်၊ ည ဘက် အထီးကျန် ဆန်လွန်းသော ဒဏ်၊ အိပ်မပျော်သော ဒဏ်တို့မှ လွတ်ကင်းလို လွတ်ကင်းငြား စမ်းသောက် ရာမှ သောက်တတ် လာခဲ့ခြင်း ဖြစ်သည်။ သောက်စက ဆိုလျှင် တစ်ပုလင်းလုံးသောက် ပစ်လိုက်သောကြောင့် ယိမ်း ထိုးယိုင်နဲ့ ချာလပတ် ယမ်းနေသော တဲကလေးထဲ အော်ဟစ် လူးလှိမ့်ရင်းက တဝေါ့ဝေါ့ ထိုးအန်ခဲ့ပြီး နောက် သူ ဘာမှ သတိမရ တော့။ သူ နိုးလာသည့် အခါ နေပင် အတော်မြင့်နေလေပြီ။ ကျေးငှက်လေးများ၏ အိပ်တန်းထ အော်သံများကိုပင် မကြားနိုင်တော့လောက်အောင် သူ အိပ်ပျော်ခဲ့သည်။ နိုးလာတော့ သူ့ခေါင်းက ကိုက်ခဲ နေသည်။ ရင်ထဲမှာလည်း ကတုန်ကယင် ဖြစ်နေသကဲ့ သို့ ခံစားရသည်။ အိပ်ရာထဲမှာပင် ငြိမ်သက်စွာ လဲ လျောင်းနေချင်ခဲ့သည်။

ထိုနေ့က သူ ထမင်း ဟင်းပင် ထ၍ ချက်ပြုတ် မစားနိုင်ခဲ့။ ဆွမ်းစား ခေါင်းလောင်းသံကြားမှ ကြိုးစား ထကာ ကပ္ပိယကြီးထံမှ ဆွမ်းကျန်၊ ဟင်းကျန်လေးများ တောင်းယူ စားသောက်ခဲ့ ရသည်။ ကျောင်းမှာ တွေ့ သော လူငယ်တစ်ယောက်က အရက်နာဟု ပြောသည်။ တန်ပြန်ရမည်ဟု ပြောသဖြင့် ညနေဘက်မှာ တစ်ပိုင်း လောက် ထပ်သောက်ဖြစ်သည်။

သည်လိုနှင့်ပင် အရက် သံသရာထဲ သူ ရောက်သွားတော့သည်။ သည်ကတည်း က နေထိုင် မကောင်းလျှင် အဖော် လိုသည်ဆိုခြင်းကို သူ တွေးမိခဲ့သည်။ အရက် သောက်ပြီးတိုင်း “ပေါ့ ထောက်၊ ပေါ့ထောက်” ဟု ရေရွတ် တမ်းတရင်း သူ အိပ်ပျော် သွားတတ်မြဲ။ ဒါကိုပင် သူ ကျေနပ် နေခဲ့သည်။ သို့ သော် နောက်ပိုင်းတော့လည်း ညဥ့်နက်သန်းခေါင်ဆို သူ နိုး နိုးလာတတ်ပြီ။ နိုးပြီးလျှင်လည်း မနက်လင်းသည်ထိ ပြန်အိပ်ပျော်ရန် ကြိုးစား၍ မရတော့။

အိပ်မပျော်သူ အဖို့  ညတာ ပိုရှည်၏ဟူသော စကား အတိုင်း ညတာတွေက သူ့ အတွက် ပိုရှည် လာသယောင်ယောင်။ အိပ်မပျော်လေ တွေးနေမိလေ။ သူ့လို လူအဖို့ တွေး စရာဆိုသည်ကလည်း ဘာ များရှိမည်နည်း။ အထီးကျန် ဆန်မှုကိုသာ တွေးမိသည်။ သူသာ အိပ်ရာမှ မထနိုင် အောင် ဖျားနာနေလျှင် ဘယ် သူသိမလဲ။ သို့ဆိုလျှင် အစာ ငတ်၊ ရေငတ်ဖြင့် သူ သေဆုံး သွားမှာလား။ သူ သေလျှင်ကော ဘယ်သူက သိမှာလဲ။ သုံး၊ လေး၊ ငါးရက် သူ မပေါ်လာမှသာ ကပ္ပိယကြီး လိုက်လာခဲ့ပါက ပုပ်ပွနံ စော်ပြီး ရုပ်ပျက်နေသော အလောင်းကြီးကို တွေ့ရမည် ဆိုလျှင်။ တွေးရင်း သူ မျက်ရည်တွေ ကျလာသည်။ စောင်ကို ခေါင်းမြီးခြုံ၍ အား ပါးတရ သူ အော်ဟစ်ပစ် လိုက်၏။

၂။
သည်နေ့မနက်မှ ကျေးငှက်လေးများ၏ အသံက ပိုချိုနေသယောင် သူ ထင်နေ မိသည်။ နေလုံးကြီးကို မမြင် ရသေးသော်လည်း အမှောင်လွင့်စ အရုဏ်ဦး၏ အလင်း ဖျော့ကပင် သူ့ကို အားအင် သစ်တွေ ပေးလိုက်သလိုလို။ သူက အမှောင်ကြောက်သူ။ ထုံးစံအတိုင်း ထမင်းတစ်အိုး၊ ဟင်းတစ်အိုး တည်မည်ဟု ပြင်ခါမှ သူ့မှာ ဆန်မကျန်တော့မှန်း သိရတော့သည်။ မနေ့က သူ ဘာကြောင့် သတိ မထားခဲ့မိတာလဲ။ သူ့ အာရုံတွေ ထွေပြားလာတတ် ပြီ။ ခုမှတော့ မတတ်နိုင်။ မြို့ထဲ ထွက်ရန်သာ ရှိတော့၏။ မြို့ဈေးကို ရောက်မှ တစ်ခုခု ၀ယ်စားတော့မည်ဟု ဆုံးဖြတ်ပြီး ပဲသီးတောင့်များကို ခူးဆွတ်ကာ သူ ထွက် လာခဲ့သည်။ အစာမရှိ၍ လည်းကောင်း၊ အိပ်ရေးမ၀၍ လည်းကောင်း သူ့ရင်တွေ တုန်နေပြီး သူ့ပလိုင်းကလည်း အခါတိုင်းထက် ပို၍ လေးလံနေသယောင်။ သူ့ ခရီးကလည်း ပို၍ ဝေးနေသယောင် သူ ထင်နေခဲ့သည်။

ဈေးရောက်တော့လည်း ခါတိုင်းထက် နေမြင့်ပြီ။ ဟိုနား မရောင်းရ၊ သည်နား မရောင်းရဖြင့် ခဏ၊ ခဏ နေရာပြောင်းခိုင်း နေခြင်းကြောင့်လည်း ဈေးဦးက မပေါက်နိုင်သေး။ သူက ဆာလှပြီ။ ပိုက်ဆံကလည်း တစ်ပြားမှ မရှိ။ ရှိသမျှက ဈေးကောက်ကို ပေး၍ ကုန်ပြီ။ သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်လာ၏။ နားထင်နားရင်း တွေ ကိုက်ခဲလာ၏။ တစ် ချက်၊ တစ်ချက် သူ့မျက်လုံး တွေ ပြာခနဲ ဖြစ်ဖြစ်သွား၏။ ပြီးတော့ လူတွေ ရုတ်ရုတ်သဲ သဲ ဖြစ်သွားသည်ကိုသာ နောက်ဆုံး မြင်လိုက်ရပြီး သူ ဘာမှ မသိတော့ချေ။

သူ သတိရတော့ စားသောက်ဆိုင် တစ်ဆိုင်ထဲ ရောက်လို့ နေသည်။ သူ့ ဘေးမှာ လူရွယ်သုံးဦးလည်း ရှိသည်။
“အဘ၊ သတိရလာပြီလား။ အားနည်းပြီး မူးလဲ သွားတာပါ။ အဘ ဘယ်မှာ နေသလဲ။ ကျွန်တော်တို့ လိုက်ပို့ပေးပါ့မယ်။ ဘာမှ အားမငယ်နဲ့နော်”

သူတို့ထဲမှ လူရည် အလည်ဆုံးဟု ယူဆရသော လူရွယ်က ဖေးဖေးမမ ပြုလျက်မှ ပြောသည်။
“အဘက စိန်တောင် ကျောင်းတိုက် ဟိုဘက်က သစ်တော်ခြံထဲမှာ နေတာပါ။ အဘ ပြန်နိုင်ပါတယ်။ ခါ တိုင်းလည်း ပြန်နေကျပဲ လေ။ အင်း... ဒါပေမဲ့”

သူ့ မျက်လုံးမျာက သူ့ ဘေးတွင် ချထားသော ပဲသီး ပလိုင်းလေးဆီ အကြည့် ရောက်သွားကာ သူ့နှုတ်ဖျား မှစကားများ ဆွံ့အကုန်သည်။ လူရွယ်က ချက်ချင်းသဘော ပေါက်သွားဟန် တူသည်။
“ဟေ့- အဘဖို့ တိုဟူး နွေးတစ်ပွဲ လုပ်ပါဟေ့။ အဘလည်း ဘာမှ မရောင်းရသေးတော့ ၀ယ်စရာ၊ ခြမ်းစရာ ပိုက်ဆံရှိမှာ မဟုတ်ဘူး။ ဒီတော့ ဟောဒီ ပဲသီးတွေ ကျွန်တော်တို့ အကုန် ယူလိုက်မယ်။ ရော့ အဘ၊ နည်းတယ် များတယ် သဘော မထားနဲ့၊ ငွေငါးရာ လက်ခံပါနော် အဘ”

“အို- အဘ ပဲသီးတွေ က အဲသလောက် မတန်ပါ ဘူးကွယ်”

“ကျွန်တော် ကုသိုလ် ပြုတယ်ပဲ သဘောထားပါ အဘ။ ပြီးတော့ အဘကို ကျွန်တော် ကိုယ်တိုင်လိုက်ပို့ ပါဦးမယ်။ ခုတော့ အဘ ဗိုက်ပြည့်အောင် စားလိုက်ပါဦး”

ထိုနေ့က ထိုလူရွယ် သူ့ကို အမှန်တကယ်ပင် လိုက်ပို့ခဲ့ပါသည်။ တက္ကစီ တစ်စီး ကို ဆရာတော်ကျောင်း အထိ ငှားခဲ့ပြီး သူ့ကို ခြံထဲအထိ တယုတယ တွဲခေါ်ကာ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ သူ့ အကြောင်းတွေကို မေးမြန်းပြီး ပြန်သွားခဲ့သည်။ သို့သော် ညနေပိုင်းမှာ ထူးဆန်းစွာ ပြန်လည် ရောက်ရှိလာသည်။ ထမင်းကြော်၊ အသားကင်တို့ အပြင် သူ တစ်ခါမျှ မသောက်ဖူးသော ယိုးဒယား အရက် ပုလင်းပြားလေးလည်း ပါသည်။ စားကြ၊ သောက်ကြ ပြီး သူ့တဲမှာပင် တစ်ည အိပ်သွားခဲ့ကြလေသည်။

၃။
သည့်နောက်တော့ မကြာခဏ ဆိုသလိုပင် လူရွယ်က အပေါင်းအသင်းများနှင့် သူ့ထံသို့ ရောက်ရှိ လာတတ်သည်။ လာတိုင်း လည်း စားစရာ၊ သောက်စ ရာများ ယူလာကာ တပျော်တပါး စားသောက်ပြီး အိပ် စက်ပြီး မနက်မှ ထပြန်ကြ စမြဲ။ တစ်နေ့မှာတော့ လူရွယ်နှင့် အတူ မိန်းကလေး တစ်ဦး ပါလာသည်။ ခြံလုပ်ငန်းကို စိတ်ဝင်စားသော မိတ်ဆွေဟု လူငယ်က မိတ်ဆက်ပေး သည်။ သူ့ဘ၀တစ်လျှောက် လုံးတွင် ဈေးရောင်း၊ ဈေးဝယ် ကိစ္စမှ လွဲ၍ အခြားစကား များကို မိန်းကလေးများနှင့် ပြောဆိုခဲ့ဖူးခြင်း လုံးဝ မရှိခဲ့။ သူ့ကို အရေးတယူ ဆက်ဆံ နသော မိန်းကလေးကြောင့် သူ့စိတ်ထဲတွင် သာယာသလို ဖြစ်လာသည်။ လူရွယ်က ယိုးဒယား အရက် ပုလင်းပြား လေးများ ထုတ်ပြီး စားစရာများ ပြင်ဆင်ဖို့ ပြောလာတော့ သူက မိန်းကလေးကို အားနာစွာ လှမ်းကြည့်သည်။

“ရပါတယ် အဘရဲ့၊ အစ်ကိုကြီးကိုရော အဘကိုပါ ကျွန်မ ယုံကြည်ပြီးသားပါ။ လွတ်လွတ်လပ်လပ် သောက် ကြပါ။ ကျွန်မ ခြံထဲ လျှောက်ကြည့်လိုက်ဦးမယ်”

မိန်းကလေး ထွက်သွားတော့ သူတို့နှစ်ယောက် ပြောရင်းသောက်ရင်းဖြင့် သောက် နေကျထက် ပိုလာသည်မို့ သူက နားဖို့ ကြိုးစားသော် လည်း လူရွယ်ကို အားနာကာ ဆက်သောက်နေရ၏။ သည်နောက်တော့ ပထမဆုံး အကြိမ် အရက်သောက်စဉ်က ကဲ့သို့ပင် ဘာဆိုဘာကိုမှ သူ သတိမရတော့ချေ။

အာခေါင်တွေ ခြောက်ကပ် ပူလောင်စွာဖြင့် သူ လန့် နိုးလာသည်။ ရေဆာသည်။ သူ့တဲက မှောင်မည်းတိတ် ဆိတ်လို့။ ရေဘူး ဘယ်မှာ လဲ။ ခေါင်းရင်းကို သူ လှမ်း စမ်းသည်။ မရှိ။ ညာဘက် ဘေးကို လှမ်းစမ်းတော့လည်း မရှိ။ ဘယ်ဘက်ဘေးကို လှမ်းစမ်းတော့၊ ဘုရားရေ...။ အိစက်သော အသား စိုင်နှင့် သူ့လက် အထိ အတွေ့။ ဆတ်ခနဲ သူ ကုန်းထသည်။ မီးခြစ်၊ မီးခြစ်၊ သူဟိုဟိုသည်သည် ရှာနေဆဲ သူ့ခန္ဓာကိုယ်ကို သိုင်းဖက်ကာ အိပ်ရာထဲ လှဲချခံလိုက် ရ၏။ သူ့နှာခေါင်းမှာ အနံ့ တစ်ခုကို ခုမှ သတိထားဖြစ် လိုက်သည်။ ဟုတ်သည်။ မိန်းကလေးဆီက ရသည့် ရနံ့၊ ညနေက ပါလာသော မိန်းကလေးရဲ့ရနံ့၊ ဒါဆိုလျှင် သူ ဆက်တွေးချိန်ပင် မရလောက်အောင် စီးမျော ပျော်ဝင်သွား ခဲ့လေတော့သည်။

၎။
သူ အိပ်ရာက နိုးတော့ နေပင်အတော် မြင့်နေချေပြီ။ ညက အဖြစ်ကို သတိရမိ သည်နှင့် ကမန်းကတန်း လူးလဲထလိုက်သည်။ သူ တစ်ယောက်တည်းသာ။ အခြား သက်ရှိဟူ၍ မရှိ။ အိပ်မက် မက်နေတာလား။ မဟုတ်။ ညက အသေအချာကို ဖြစ်ခဲ့ တာ။ ဟော- ဟိုမှာ ယိုး ဒယား ပုလင်းပြားလေးတွေ၊ စားကြွင်း စားကျန်တွေ။ ကြည့်စမ်း- သူ စားဖို့ ဘီစ ကစ်မုန့် တစ်ထုပ်တောင် ထားခဲ့သေးသည်။ သို့ဆိုလျှင် တကယ့်ကို သေချာခဲ့ပြီပေါ့။

သူ အာခေါင်ခြောက် ကာ ရေဆာလာပြန်သည်။ ခု တစ်ခါ ရေဆာခြင်းကမူ အရက်ကြောင့် ဟုတ်ဟန် မတူ။ ဘာကြောင့်ဖြစ်ဖြစ် ရင်ပူသည်ကတော့ မငြင်း သာ။ သည်နေ့လည်း သူ ဘာမှ မချက်ဖြစ်။ ဆွမ်းစား ချိန် ကပ်္ပိယကြီးဆီရောက် တော့ ဆရာတော်ခေါ်သည် ဆို၍ သူ ဆရာတော်ရှေ့ ရောက်ခဲ့၏။

“ဒကာကြီးဆီက အရက်နံ့ ရသလိုပဲ။ အသက် တွေလည်း ကြီးလှပြီ၊ အရာ ရာကို သတိနဲ့ ဆင်ခြင်ပါ ဒကာကြီး။ အခြွေအရံကင်း လို့  ပူပန်ခြင်း ဖြစ်ရတယ်လို့ ဒကာကြီးက ထင်တယ်။ ဘုန်းကြီးတို့က အခြွေအရံ သည်သာ ပူပန်ခြင်းရဲ့ လက်သည် အစစ်ဆိုတာ သိလို့ လူဝတ်ကြောင်ကို စွန့်ပြီး ရဟန်း ၀တ်ခဲ့တာ။ ဆန္ဒဆိုး နည်းရင် အပူနည်းမယ်။ဆန္ဒ ဆိုးများရင် အပူများမယ်။ ဒါကို သတိချပ်ရမယ်။ သံယောဇဉ်နဲ့ ကင်းကွာအောင် သူတကာတွေက ကြိုးစားနေ ရချိန်မှာ ဒကာကြီးက အထူး ကြိုးစားစရာ မလိုဘဲ ဒီအခွင့် အရေးကြီးကို ရနေရက်နဲ့ ထိရောက်အောင် ဘာလို့ အသုံးမချတာလဲ ဒကာကြီး။ ကဲ ကဲ ပြန်နိုင်ပါပြီ။ ဘုန်း ကြီး ပြောတာတွေကို အေးအေးဆေးဆေး ပြန်စဉ်းစား ကြည့်လိုက်ပါဦး”

ဆရာတော်ကို ၀တ်ပြု ပြီး ပြန်လာခဲ့သောအခါ ခြံထဲမှာ လူရွယ်က ရောက်နေပြီ။ ယိုးဒယား ပုလင်းပြားလေးတွေကို လှမ်းကြည့်ရင်း ဆရာတော့် စကားများ ကြားယောင် လာသည်။ လူရွယ်ကမူ ပုလင်းဖောက်ပြီး ငှဲ့နေပြီ။ အပူ၊ အရက်အပူ၊ မိန်းကလေး ပေးသွားသော အပူ၊ သူ အရက်ခွက်ကို တွေဝေစွာ ကြည့်နေမိသည်။

“အဘ၊ ဒီနေ့ လက်နှေး လှချေလား၊ လုပ်ပါဗျ။ ဒီနေ့ အဘနဲ့ ကျွန်တော် အလုပ် အကြောင်း၊ ဘ၀ အကြောင်းလေး ပြောစရာ ရှိလို့ပါ”

ဘ၀အကြောင်း၊ အလုပ်အကြောင်းတဲ့။ ဆတ် ခနဲ သူ ခေါင်းထောင်သွား သည်။ သူ ခြံလုပ်နေသည်ပဲ။ သူ့ဘ၀ကကော ဘာဆန်း လို့လဲ။ လူရွယ်ကတော့ ဘာ လုပ်သည် မသိ။ သူလည်း တစ်ခါမှ မမေးမိ။ သို့မဟုတ် မိန်းကလေးနှင့် ပတ်သက် သည်လား။ အယောင်ယောင် အမှားမှားဖြင့် ဖန်ခွက်ကို ကောက်မော့မိသည်။ အပူစီး ကြောင်းတစ်ခုက စပြီ။

“ဒီလို အဘရဲ့၊ အဘက အသက်လည်း ကြီးပြီ။ ကျောထောက် နောက်ခံ လည်း မရှိဘူး။ ပြီးတော့ အားစိုက်အင်စိုက် လုပ်ရမယ့် ဟောဒီ ခြံလုပ်ငန်းနဲ့လည်း မသင့်တော်ဘူး။ အေးအေးနေ အေးအေးစား ဆေးပေးမီးယူ တစ်ယောက်နဲ့ အနားယူ သင့်ပြီ အဘရဲ့”

သူက လူရွယ်ကို တအံ့ တသြလှမ်းကြည့်ရင်း နောက် တစ်ခွက် သောက်မိပြန်သည်။
“ဒီလိုလေ အဘရဲ့၊ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ အဘ သွားသွားနေတဲ့ စိန်တောင် ကျောင်းမှာ ရှေးဟောင်းရုပ် ပွားတော်တစ်ဆူ ရှိတာ အဘ သိမှာပါ။ အဲဒါကို ယူပေးနိုင်ရင် အဘ ရှေ့လျှောက် ပင်ပန်းစရာ မလိုတော့ဘူး။  မနေ့ ညက အမျိုးသမီးကလည်း အဘရဲ့ဘ၀ကို စာနာသနား လို့တဲ့။ အဲ- အဘကသာ မြို့ထဲမှာ အိမ်တစ်ဆောင် မီးတပြောင်နဲ့နေနိုင်ရင် သူက အဘဇနီး အဖြစ် ခြေဆုပ်လက် နယ်ပြုစု သွားချင်ပါတယ်တဲ့။ ကဲ- ဘယ်လိုလဲ အဘ”

“ဘုရား၊ ဟုတ်လား။ ဘုရားကို ရောင်းစားတယ် ဆိုတာ နည်းတဲ့ အကုသိုလ်မှ မဟုတ်တာ”

“စဉ်းစားပါဦး အဘရာ၊ ခုဟာကလည်း ဒီဘုရားကို တကယ်ကြည်ညိုတဲ့ သူဌေးကြီး တစ်ယောက်က သူ့အိမ်မှာ ကျကျနန ကိုးကွယ်ချင်လို့ပါ။ ကုသိုလ်တောင် ရပါ သေးတယ် အဘရဲ့။ ခက်လည်း မခက်ပါဘူး။ ခါ တိုင်းလိုပဲ ကျောင်းကို ဆွမ်း သွားကပ်လိုက်ရုံပါပဲ။ ကျန် တာတွေ ကျွန်တော် လုပ်ပါ့ မယ်။ ပြီးရင် အဘ အေးချမ်း သွားပြီ။ မြို့ထဲမှာ ကိုယ်ပိုင် အိမ်နဲ့၊ ရုပ်မြင်သံကြားနဲ့။ နံဘေးမှာ မိန်းကလေးတစ် ယောက်က ပြုစုလို့။ ကဲ- ဘာလိုသေးလဲ အဘရာ”

သူ တွေဝေသွားသည်။ မိန်းကလေး၏ ရနံ့ကိုပင် ချက်ချင်း ရလိုက်သယောင်။ ယောင်ယမ်း၍ နောက်တစ်ခွက် သောက်လိုက်မိပြန်သည်။ သူ့နှုတ်ဖျားကမူ ဘာစကားမှ ထွက်မလာနိုင်ဘဲဖြစ်နေ၏။
“အဘ စဉ်းစားပါဦး။ ကျွန်တော် သန်ဘက်ခါမှ လာခဲ့မယ်”

လူရွယ်က ခါတိုင်း ကဲ့သို့ ညပင် မအိပ်ဘဲ ပြန် သွားသည်အထိ သူ ဘာ စကားမှ မဆိုမိ။

၅။
ရှုပ်ထွေးနေသော အတွေးတို့ကြောင့် သူ တစ်ညလုံး အိပ်မပျော်ခဲ့။ အရုဏ် ဆွမ်းချိန်အမီ ဆရာတော့် ကျောင်းသို့ သူ ရောက်ခဲ့ သည်။ ဘုရားဆောင်ရှေ့မှာ ၀တ်ပြုဦးချရင်း ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်ကို သူ တ စိမ့်စိမ့် ထိုင်ကြည့်နေမိ၏။

သူ ဘာလုပ်ရမလဲ။ လူရွယ့်ကျေးဇူးတွေ သူ့ အပေါ်မှာရှိနေပြီ။ လူရွယ်သာ မကယ်ခဲ့လျှင် သူ သေ ကောင်း သေသွားနိုင်သည်။ သူ့မျက်လုံးထဲတွင် ယိုးဒယား ပုလင်းပြားလေးများ။ ထို့နောက် စွဲမက်ဖွယ်ရနံ့နှင့် မိန်းကလေး။ သူ ပင်ပန်းလှပြီ။ သည်ခြံထဲက သည်မြေတွေကို သည်ခွန်အားနှင့် တူးဆွကာ စိုက်ပျိုးနိုင်ရန် သူ့မှာ အင်အား ဘယ်နှနှစ်စာ ကျန်ဦးမည်နည်း။

မဟုတ်သေး။ ဆရာတော် ကျေးဇူးတွေလည်း ရှိသည်ပဲ။ သေချာတွေးလျှင် ဆရာတော့်ကျေးဇူးက နှစ် ဆက်။ ပေါ့ထောက်အပေါ် မှာရော သူ့အပေါ်မှာပါ ရှိသည်လေ။ ယိုးဒယား ပုလင်းပြားလေးတွေကကော ဘုရား နှင့် လဲရလောက်အောင် တန်ဖိုးချင်း နှိုင်းယှဉ်နိုင်လို့လား။ နှိုင်းမိတာပင် ငရဲသင့်ရော့ မည်။ တစ်ဖန် သူ့ခွန်အား တွေက ခြံမြေမှာ အားမစိုက် နိုင်တော့သကဲ့သို့ အိမ်ထောင် တစ်စု အပေါ်မှာကော ဘယ်လောက် အားစိုက်နိုင်ဦးမှာ မို့လို့လဲ။

အထီးကျန် ဘ၀ကို သူ ငြီးငွေ့သည်မှာ ကြာပြီ။ သို့ သော် အထီးကျန် ဘ၀တစ်ခုလုံး သူ့မှာ အပူမကြီးခဲ့။ ခုမှ အပူတွေ ကြီးလာရသည်။ သို့တိုင်ပင် သူကိုယ်တိုင်က လူတွေကြားထဲ ၀င်သွားခဲ့ သေးသည်မဟုတ်။ လူတစ်စု လောက်ကသာ သူ့ထံသို့ ရောက်ရှိ လာကြခြင်း ဖြစ်သည်။ တဒင်္ဂ သံယောဇဉ်ပင်လျှင် ဤမျှပူလောင်လျှင် ထာဝရ သံယောဇဉ်၏အပူက မည်မျှ ကြီးမားလိုက်မည်လဲ။

ထိုနေ့တစ်နေ့လုံး ခြံကို သူ မပြန်ဖြစ်။ ဘုရားရှေ့တွင် မလှုပ်မယှက် ထိုင်နေသော သူ့ ကို ဆရာတော်ရော ကပ္ပိယ ကြီးကပါ မည်သည့် အနှောင့်အယှက်မျှ မပေးခဲ့ကြ။ မေးမြန်း စုံစမ်းခြင်းလည်း မပြုခဲ့ ကြ။

နောက်တစ်နေ့ ချိန်းထားသော အချိန်တွင် ခြံထဲ ကို လူရွယ်ရောက်၍လာ သည်။ ပိတ်ထားသော တဲ တံခါးနှင့် လူသူ မဲ့နေသော ခြံကြီးတစ်ခြံက လူရွယ်ကို ပဟေဠိတွေ ပေးလိုက်သဖြင့် လူရွယ်က အလျင်အမြန် ပြန်ထွက်ခွာ သွားတော့သည်။ အကယ်၍သာ ထိုလူရွယ်က ဆရာတော့် ကျောင်းထဲထိ ၀င် ကြည့်ရဲသော သတ္တိရှိမည် ဆိုလျှင်ဖြင့် ဘုရားဆောင်တွင်းမှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွား တော်ရှေ့တွင် ၀င်လေ၊ ထွက် လေကို ရှုမှတ်နေသော ဦးပြည်းစိမ်းစိမ်းနှင့် ရဟန်းသစ် တစ်ပါးကို အသေအချာ တွေ့ရပေလိမ့်မည်။ ခုတော့ အရာအားလုံး လုံခြုံ သွားလေ ပြီ။                
ဝါဆိုကိုဦး၊တောင်ကြီး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

No comments:

Post a Comment