Pages

Monday 3 October 2011

ပုရဲ့ အမြင် ပု ရဲ့ အတွေး

သူကလေးကို ကျွန်မက ချစ်စနိုးနှင့် ပုကလေးဟု ခေါ်သည်။ ကျွန်မ ၁၂ နှစ်အရွယ် ကျခါမှ မေမေက အဲသည် ညီမ ငယ်ကလေးကို မွေးလိုက်လေတော့ ကျွန်မမှာ အရုပ်ကလေး တစ်ခု ကောက်ရသလို ထားစရာ မရှိအောင် ပြိုးပြိုးပျာပျာ ခြေမကိုင်မိ လက်မကိုင်မိ။

ဆွေမျိုးတွေကရော အိမ်နီးချင်းတွေကပါ မေမေ ကံကောင်းသည်ဟု ပြောစမှတ် ပြုစရာဖြစ်ရလောက်အောင်ပင် အလိုအလျောက် အချိန်ပိုင်း နာနီ တာဝန်ကို ကျွန်မက လိုလားစွာ ယူပစ်လိုက်ရုံမက အတော်လည်း အကဲပိုသည်။

ညညတိုင် ပုကလေး အဲ့ခနဲ လှုပ်သည်နှင့် ကျွန်မက ငေါက်ခနဲ ထထိုင်မိတတ်တာ။ ကလေးသိပ်သည့် ခုတင် ကလေးကို မေမေတို့က သူတို့၏ အိပ်ခန်းထဲမှာ နှစ်ယောက် အိပ်ခုတင်နှင့် တွဲချိတ် ဆက်သွယ်ထားသည်။ အဲသည် ခုတင်သည် ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ၏ ခုတင် ဖြစ်ခဲ့ဖူးသည်။ ပုကလေး မွေးတော့မည် ဆိုတော့မှ သူ့ခုတင် အဖြစ် ပြင်ဆင် မွမ်းမံ ခဲ့ကြရလေသည်။ ထိုစဉ်က ခုတင်ကလေးသည် ဖုန်အလိမ်းလိမ်းနှင့် ပတ္တာတွေလည်း သံချေး ကိုက်နေပေါ့။ ကျွန်မနှင့် ဖေဖေက ဒိုင်ခံသုတ်သင် သန့်ရှင်း ကြရသည်။ မေမေက ပုကလေး ကိုယ်ဝန်ကြီး တကားကားနှင့်ဟာကိုး။

ကျွန်မကတော့ ငါးထပ်သား နံရံကပ်လျက် ကာရံထားသော အခန်းကလေးမှာ သီးသန့် အိပ် စက်လာတာ ၅ နှစ် သမီးကတည်းကပါ။ အသား ကျပြီးသား။ ခုဆို ပုကလေးပင်လျှင် ၇ နှစ်အရွယ် ရောက်လာခဲ့လျက် အဝေးသင် တက္ကသိုလ် ကျောင်းသူကြီး ကျွန်မသည် ခုတင နံဘေး၌ စာကြည့်စားပွဲနှင့် အကျဖြစ်နေပါပြီ။  ပုကလေးကလည်း သူ့မူလတန်း သင်ခန်း စာတွေကို လေ့ကျင့်ဖို့ ရေးမှတ်ဖို့ တစ်နေရာ ယူထားပြီပေါ့။ ပုကလေး လောကထဲ ရောက်လာတုန်းက ကျွန်မအတွက် အရုပ် ကလေးပုကို မြတ်နိုးချစ် ခင်မဆုံး နိုင်လိုက်သည်မှာ သည်နေ့ထက်တိုင် ပါပဲ။ ကလေးအတန်ငယ် လူးလွန့်ရင်း ငိုညိုညို လုပ်သည်နှင့် ကျွန်မက မေမေတို့ အခန်းဘက်သို့ ကူးလာပါပြီ။

“မေမေ ပုကလေး ချိုချို ဆာနေပြီ သမီး နို့မှုန့် ဖျော်လိုက်ရတော့မလား”

မေမေက အသက် ၄၀ ကျခါမှ ပုကလေးကို မွေးလေသည်။ အသက်ကြီးလာလို့လားမသိ နို့လှိုင်လှိုင် မထွက်သောကြောင့် နို့မှုန့်ကူရသည်။ ပုကလေးကလည်း နို့ဘူး ကုန်သည်နှင့် တွန်းဖယ် လွှင့်ပစ်ကာ ၀ါးခနဲ အော်ငိုလေ့ရှိ၏။ ကျွန်မတို့က နောက်တစ်ဘူး အရံသင့် ဖျော်ထားရလေသည်။ သူ အဲသလို အော်ငိုတာကိုပဲ ကျွန်မက နားဝင်ချို နှစ်လိုကာ စက္ကန့် ၃၀ လောက် တစ်မိနစ်လောက်ပဲ ဖြစ်ပါစေ အချိန် ဆွဲထားမိတတ်လေ၏။

“သူ့ကိုမစနဲ့လေ၊ တော်ကြာ ဒေါသကြီး တတ်လာမှာ စိုးရတယ်”ဟု မေမေက စိတ်ပူသည်။

တစ်ဖက်ကလည်း
“ပုကလေးကို နို့ဘူး ထဖျော်ရတာနဲ့ပဲ သမီး အိပ်ရေး ပျက်ကုန်ပြီ”

မေမေက ကျွန်မကို သနားပြန်လေသည်။ မေမေက ကျွန်မအတွက် ပုကလေးကို မွေးဖွား ပေးတာပါဟု ကျွန်မ ခံစား ယုံကြည်ထားသည့် အကြောင်း မေမေသိအောင် ကျွန်မက မပြောပြ တတ်နိုင်ပါ။
“သမီးက ပုကလေးကို လုပ်ပေးချင်နေတာ”

ကြာတော့ မေမေနှင့် ကျွန်မသည် အမေနှင့် သမီးတို့၏ ချစ်ခင် အားထားမှု သံယောဇဉ်ကွန် ရက်မှ ကျော်လွန်ကာ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် မိတ်ဆွေများပမာ ရင်းနှီးလာသည်။ ပုကလေး၏ အသက်ကလေး နေ့ရက် ရှည်ကြာလာသည်နှင့် အမျှ ဖွံ့ဖြိုးကြီးထွား နိုးကြား ရှင်သန် လာမှုတွေ အကြောင်းကို သားအမိနှစ်ယောက် စိတ်ဝင် တစား ကြည့်ရှု လေ့လာကြ၊ တတွတ်တွတ် ဆွေး နွေးကြနှင့်။

“သမီးတို့ အဖေဟာ မေမေ့လောက် သမီးတို့ အပေါ်မှာ အာရုံ မရောက်ပါဘူး၊ ပုကလေးကို ရမှ သမီးနဲ့ ဆွေးနွေးရင်း ကလေးတစ်ယောက် ရတာကို မေမေ ပျော်ရမှန်း သိလာတယ်”

ဆယ်ကျော်သက်အရွယ် ကျွန်မသည် အပျို သဘာဝ ဆန့်ကျင်ဘက်လိင်တွေ အပေါ် စိတ်ဝင် တစားနှင့် ထွေလာကေလာ စိတ်ကစားရမည့် အစား မိခင်စိတ်တွေ နိုးကြွနေတာ ဖြစ်မှာပါပဲဟု ကျွန်မ၏ အတန်းပိုင် ဆရာမက မှတ်ချက်ချသည်။ ကျွန်မကတော့ ကိုယ့်အခြေအနေကို မဆန်းစစ် တတ်ပါ။ ပုကလေး၏ အချိန်ပိုင်း နာနီအဖြစ် တာဝန် ယူနေတာဟာ ကျွန်မလည်း ပျော်၊ မေမေလည်း သက်သာ၊ ပုကလေးလည်း အချိန်ပြည့် ဂရုစိုက် ခံရတာမို့ အားလုံး ကောင်းကြဖို့ပဲ မဟုတ်လား။

ပုကလေး သွားပေါက်ချင် နေပြီဟု မေမေက ပြောသည်။ သူ့သွားဖုံးတွေ ယားပြီး မေမေ့ချိုချို ကိုခဲသည်။ မေမေ မခံစားနိုင်ဘဲ အားခနဲ အော်လျှင် ပုကလေးက ခဲထားသည်ကို လွှတ်ပြီး ရယ် နေတတ်လေသည်။
“ညီမလေးက မေမေ့ချိုချို အထွက် နည်းတာ အားမရလို့ ဒေါပွတယ် ထင်တယ်”ဟု ကျွန်မက ထင်မြင်ချက် ပေးသည့်အခါ မေမေက လက်မခံပါ။

“ဟုတ်ပါဘူးနော်၊ သူ့သွားဖုံး ယားနေတယ် လို့ မေမေက သမီးကို စောစောကပဲ ပြောပြသေး တာကော”

မေမေက ကျွန်မကို ခေတ္တ တွေဝေငေးစိုက် ကြည့်နေသည်။ သူမ မွေးထားခဲ့သော သမီးကြီး ကျွန်မက သူမ မွေးလိုက်ပြန်သော သမီးငယ် ပုကလေးကို အပိုင် သိမ်းယူ ထားလိုက်သည် အတွက် အံ့သြသလို ၀မ်းသာသလို ခံစားနေရ သည်ထင်ရဲ့။

“အရင် ၁၂ နှစ်တုန်းက သမီးကို မေမေ မွေးတုန်းကလေ သမီးဟာ ပုကလေးလိုပဲ ပုပုကစ်ကစ်ကလေးပဲ သိလား”
မေမေက ကျွန်မကို တစိမ့်စိမ့် ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
“ဟုတ်လို့လား မေမေရယ် သမီးက အရပ် ရှည်ရှည် ကလန်ကလားနဲ့ ဥစ္စာကြီးကို”

“ကြီးလာမှ အရိုးအဆစ်တွေ ရှည်လာတာလေ၊ ခုလို လသားအရွယ် ကလေးတုန်းက တကယ့်ကို ပုကစ်ကစ်ကလေးပဲ၊ သမီးရဲ့ ဗိုက် ကလေးကလေ ဖားဂုံညင်း ကလေးရဲ့ ဗိုက်လိုပဲ ဘေးဘက်ကို အိုင့်ပြီး ကားထွက်နေတာ ပုကလေးရဲ့ ဗိုက်လိုပါပဲ”

မေမေ့ စိတ်ထဲမှာ ကျွန်မနှင့် ပုကလေးသည် အတော် တူနေပုံရသည်။ မေမေ့ အပြောကြောင့်ပင် လားမသိ ကျွန်မ ငယ်ငယ်တုန်းက ပုကလေးလိုပဲ ပုကစ်ကစ်ကလေး ဖြစ်မှာပါပဲဟု ယုံကြည်လာသည်။ အေးလေ သူ့ဝမ်းမှ ကျွတ်လွတ်လာသည့် ကလေးတွေ ဆိုတော့လည်း သူအသိဆုံး ဖြစ်မှာ ပါပဲ။

“သမီးက ပုကလေးလိုပဲ ကြမ်းထော် ကလေးလား“

ကျွန်မသဘောအရ ဆိုလျှင် ပုကလေးသည် ကြမ်းတမ်းသည်။ နို့ဘူး ကုန်သည်နှင့် တွန်းကန် လွှင့်ပစ်တာဟာ  ကြမ်းတမ်းတာပဲ မဟုတ်လား။

“သူက သန်တယ်လေ၊ သူ့ဆန္ဒကို မေမေတို့ သိနိုင်ဖို့ သူ တတ်သလောက် မှတ်သလောက် ပြသတာပေါ့ သမီးရဲ့“
“သမီး ငယ်ငယ်တုန်းက ပုကလေးလောက် မသန်ဘူးလား”

“ဟင့်အင်း သမီးက ညှက်တယ်၊ ချောင်းဆိုး ရင်ကျပ်ကလည်း ရှိတယ်လေ”

“အခုတော့ သမီးက ရင်မကျပ်တော့ဘူး နော်”

“ကြီးလာတော့ ပျောက်သွားလို့ တော်သေးတာပေါ့”

“ပုကလေးကတော့ လုံးဝ အဖျားအနာ မရှိဘူးနော်၊ အသားလည်း တော်တော်လုပ်တယ်”

“ကလေးတွေ အသား လုပ်တာကိုတောင် သမီးက သိနေပါကောလား”

မေမေသည် ကျွန်မအပြောကို သဘောကျ ရယ်မောသည်။  တချို့ကလေးတွေသည် နေ့စဉ် ၀မ်းမသွားဘဲ သုံးလေးရက်မှ တစ်ခါ ၀မ်းသွားတတ်ကာ ၀မ်းထွက်ဖို့ အရေး တအင်းအင်းညှစ်ကာ နေလျက် ထွက်လာပြန်တော့လည်း ၀မ်းက ပျော့ပျော့ပျောင်းပျောင်း ၀ါဝင်းလျက်သာ ရှိတာကို အသား လုပ်သည်ဟု မေမေတို့ ပြောလေ့ရှိသည်။ အဲသလို နားစွန် နားဖျား ကြားဖူးနားဝ ရှိသည်အတွက် ကျွန်မက မှတ်သားထားသည်။ ပုကလေး အသားဖြူကလေး ရဲလာအောင် ၀မ်းညှစ်နေသော အခါမှာ အသား လုပ်သည်ဟု ကျွန်မက ပြောလိုက်ခြင်း ဖြစ်လေသည်။

ပုကလေးဆယ်လ အရွယ်မှာ မေမေက နို့ဖြတ်လိုက်သည်။
“မထွက်တဲ့ နို့ကို သူကလည်း စိတ်မရှည်ဘူး မဟုတ်လား၊ နို့မှုန့်တို့၊ နွားနို့တို့၊ ပြီးတော့ဖြည့်စွက် စာတွေနဲ့ အဆင်ပြေနေသားပါပဲ”

နို့မစို့တော့သော ပုကလေးကို ကျွန်မ၏ အိပ်ရာသို့ ရွှေ့သောအခါ ပုကလေးသည် မေမေ့ရင်ခွင်အစား ကျွန်မ၏ရင်ခွင်ထဲသို့ ပြောင်းရလေ သည်ဟု စိတ်ခံစားချက် ရှိပုံမရပါ။  ကျွန်မကတော့ ပုကလေးကို အတူ သိပ်ရတာ ပျော်သည်။ ပူအိုက်သော ရာသီတွင် သူ့ကို ချွေးသုတ်ပေး၊ ယပ်ခတ်ပေး၊ အေးချမ်းသည့် ရာသီကျပြန် တော့ စောင်ခြုံပေး၊ ရင်ဘတ်ကလေးကို တဘက်နှင့်လွှမ်းပေး၊ ကျွန်မငါးနှစ် သမီးမှာ အိပ်ရာ ခွဲသိပ်ပြီးကတည်းက သူတို့ နှစ်ယောက်သာ တစ်အိပ်ရာယူ နိုင်ခဲ့သည့် မေမေနှင့် ဖေဖေကလည်း ပုကလေး ရောက်လာသည့် အတွက် ကျဉ်းကျပ် သွားခဲ့ကြရာမှ ခုတော့ အေးဆေး လွတ်လပ်ကြပြီဟု နှစ်သက် ကျေနပ်နေကြလေမလား မသိ။

ယင်းသို့လျှင် ပုကလေး၏ အချိန်ပိုင်း နာနီ လုပ်လာခဲ့သည်မှာ ပုကလေး သွားပေါက်၊ လမ်းလျှောက်၊ စကားပြော အဆင့်ဆင့် ကြီးပြင်း လာခဲ့တော့သည်။ ကျွန်မကလည်း ဆယ်တန်းအောင်ပြီးနောက် အမှတ် မကောင်းသည့် အတူတူ အဝေးသင် တက္ကသိုလ်သာ တက်တာမို့ ပုကလေးအတွက် အချိန်ပို ပေးနိုင်လေသည်။

ပုကလေးအတွက် သနပ်ခါးသွေး စိမ်ပြေနပြေ လိမ်းပေး၊ ပါးကွက်ကွက်ပေး။ ကျွန်မ အတွက်သာ ပျင်းတာ ပုကလေး အတွက်ဆိုလျှင် မငြီးငွေ့နိုင်ပါ။ ကျွန်မနှင့် သေးငယ်သွားပြီ ဖြစ်သော အ၀တ်ကောင်းတွေကို မေမေက ပုကလေးအတွက် ပြန်လည်ဖြတ်တောက် ပြင်ဆင်ကာ ချုပ်ပေးသည့်အခါ တွေမှာလည်း ချုပ်ရိုးဖြုတ်ဖို့၊ ကြယ်သီးတွေ ဖြုတ်ဖို့တပ်ဖို့ တစ်ခါမျှ ကျွန်မ မငြင်းဆန်ခဲ့ပါ။

တစ်ခါတစ်ရံ ပုကလေး ဆိုးတေတတ်သည်။ မိန်းကလေးမို့ အလှအပ မက်မောတာက တော်တော်၊ ဆော့ချင်တာကများများ။ ကျွန်မ၏ ရှားရှားပါးပါး အလှပြင် ပစ္စည်းဘူးကလေးကို အမိအရဖွင့်ကာ နှုတ်ခမ်းနီ ဆိုးရင်း ပါးတွေ၊ နဖူးတွေ၊ လက်တွေပါ နီရဲကုန်သည်။ ပြီးတော့ သူက ညာသေးတာလေ။

“မမ အဲဒီနှုတ်ခမ်းဆိုးဆေးတောင့်ကို ပုကလေးက လှေကားရင်းက တွေ့တာ”

သူ ဆော့ရင်း နှုတ်ခမ်းနီ ဘူးက လှေကားရင်းသို့ ကျသွားသည်ကို သူက အဲသည်က တွေ့သလို ရောချသည်။ ပျက်စီးသွားတာကို အပြစ်ရှိမှန်း သူသိ နေသည်။

“မမမှာ နှုတ်ခမ်းနီဘူးဆိုလို့ ဒီတစ်တောင့်ပဲရှိတာ၊ ပုကလေးက ဘာလို့ ချိုးပစ်ရတာလဲ၊ ခုတော့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားရင် မမ ဆိုးစရာ နှုတ်ခမ်းနီ မရှိတော့ဘူး”

ပုကလေးက တရွှတ်ရွှတ် ကျိတ်ငိုလေသည်။
“ကဲပါ ကဲပါ မငိုပါနဲ့ ကလေးရယ်၊ နောက်ဆို အဲသလို မဆော့ပစ်နဲ့နော်”

ပုကလေး ချစ်ဖို့ ကောင်းတာက ရွယ်တူ ကလေးတွေ တွေ့လျှင် ကစားစရာ အရုပ်ကို ဝေမျှ ကစားချင်သလို မုန့်ပဲ သရေစာဆိုလည်း မျှကျွေးချင်သည်။
“ပုက မုန့်ဆိုအ၀ စားချင်တာ၊ ပု မ၀ခင် မမကို မကျွေးချင်ဘူး၊ အဲဒါဆိုရင် မမ စိတ်ဆိုးလား”

“သူငယ်ချင်းကို ကျကျွေးပြီး မမကိုကျ မကျွေးချင်ဘူး ဆိုတော့ မမ ငိုလိုက်မှာပေါ့”
“မမက လူကြီးဆိုတော့ မုန့်မကြိုက်ပါဘူး”

“ကြိုက်တော့ ကြိုက်တာပေါ့ ပုကလေးရယ်၊ ပုကလေး စားစေချင်လို့ မမက အငတ် နေတာပါ”
ကျွန်မကလည်း ပုကလေးကို စချင်သည်။ ပုကလေး စဉ်းစား တွေဝေနေတာကို ကျွန်မက မသိသလို နေရင်း အသာ အကဲခတ်သည်။ ပုကလေး အားနာ နေတာကို တွေ့မြင်ရတော့ ကျွန်မ သဘောကျမိသည်။ ပုကလေးကို တစ်ကိုယ်ကောင်းဆန် မသွားစေချင်။ ဘယ်လောက်ပဲ ကျွန်မတို့က အလိုလိုက် စေကာမူ ပုကလေးသည် အခြားသော သူငယ်ချင်း အပေါင်းအသင်းတွေကိုတော့ မျှမျှတတ ရှိစေချင်သည်။ ကြင်နာ စေချင်သည်။

ပုကလေးသည် သူမ၏ လက်ထဲမှ ကွတ်ကီး ကို ကျွန်မအား လှမ်းပေးသည်။
“အဲဒီမုန့်ကို မမစားလိုက်တော့၊ ပုကလေး ၀နေပြီ”

ပြောသာပြောနေတာ မျက်စိတွေကတော့ ကြွင်းကျန် နေသေးသော ကွတ်ကီးမုန့်ဆီမှ မခွာတာမို့ ကျွန်မမှာ ရယ်လည်းရယ်ချင် ပုကလေးကိုလည်း သနားကာ သူ့ပါးကလေးကို အသာ ဖိနမ်းရသည်။
“စားလိုက်၊ စားလိုက် ပုကလေး စားရင် မမ ငတ်တာပါပဲ အဲ အဲ မမ ၀တာပါပဲ ပုကလေးရယ်”

ကျွန်မ ကျီစယ်သည်ကို ရိပ်မိကောင်းရိပ်မိ မှာပေမယ့် ပုကလေးက ဣနြေ္ဒမပျက်ပင် ကွတ် ကီးကို ကိုက်ပစ် လိုက်လေတော့သည်။ ကလေး ဆိုတော့ စားချင်တာက အဓိကပေါ့နော်။ ဟန်လုပ် မနေနိုင်သလို နေတတ်မှာလည်း မဟုတ်ပါဘူး။

ပုကလေးကို မေမေနှင့် ကျွန်မက နှစ်ဦး သဘောတူညီစွာပင် မူကြို မပို့ကြပါ။  ကျွန်မ အလှည့်တုန်းက ဖြစ်ပုံတွေကဆို မေမေက မူကြိုပို့ရင်း ကျွန်မက ဖျားရင်း။ ကျောင်းတက်လိုက်သည်နှင့် သုံးရက်ပင် မနေဘဲ တငွေ့ငွေ့ကို ဖျားတော့တာ။

ဖေဖေရော မေမေပါ ကျွန်မကို ဆေးခန်းသို့ ပို့ကြရသည်။
“မင်းကိုက အကဲ ပိုတာပါ၊ ကလေး သူ့ဘာသာ အိမ်မှာနေတာ အကောင်းသားနဲ့” ဟုဖေဖေက မေမေ့ကို ငြူစူသည်။
“တော်ကြာ ကြီးလာလို့ သူများ ရွယ်တူတွေ စာတတ်ကြတဲ့ အခါ မေမေတို့ ကျောင်းမထားလို့ သမီးမတတ်တာလို့ သမီးက အပြစ်တင်မှာပေါ့”
ဟု မေမေကလည်း ခွန်းတင်မခံပြန်လည် ချေပသည်။

မေမေက ဆေးကို အမှုန့်ကြိတ်ကာ ကျွန်မကို ပွေ့ချီ ခြေလက်တွေကို ချုပ်နှောင်ထား၊ ဖေဖေက ကျွန်မ၏ နှာခေါင်းကို ပိတ်ပြီး ဆေးတိုက်။  ကလေးတို့ သဘာဝ ကျွန်မသည် ဆေးသောက် ရသည်ကို လုံးဝ မနှစ်မြို့ခဲ့ပါ။ သို့တိုင် ဖျားခါမှ ဖျားစေတော့၊ ကျောင်းမသွားရတာကို ကျေနပ် နေခဲ့ပါသည်။

ကျောင်းသုံးရက်လောက် တက်ရင်း ဖျားရင်းမို့ ကြာတော့ မူကြို ဆရာမကလည်း ကျွန်မ ကျောင်းတက်မှာကို စိုးရိမ်လာသည်။
“သွေးလွန်တုပ်ကွေး ဖြစ်သလား၊ ငှက်ဖျား လားနဲ့ သူဖျားတိုင်း ကျွန်မ ခေါင်းကြီးသွားတာပဲ၊ ကျောင်းမှာ ဖင်ထောင်ကိုက်တဲ့ ငှက်ဖျားခြင်ရော၊ ခြင်ကျားရော မရှိအောင် ကျွန်မ သတိထားဆေး ဖျန်းပါတယ်။ ခြင်ဇကာတောင် အလုံ တပ်ထားတာ”

ဆရာမ ဖြေရှင်းသည်ကို ကျွန်မငယ်စဉ်က နားမလည်တတ်သော်လည်း ကြီးလာသော အခါ မှာတော့ အကြိမ်ကြိမ် ဖျားတတ်သော ကလေး၏ အမေ ဖြစ်ရသည်အတွက် မေမေ့မှာ မျက်နှာပူကာ အနေခက်ခဲ့သည်ဟု ရိပ်စား မိလာ၏။

“အစ်မကြီးရဲ့ကလေးမှာ တီဘီတွေ၊ ဘာတွေ ရှိနေလား စစ်ကြည့်သေးလားဟင်”
ဟု ဆရာမက စိတ်ပူကာ အကြံပေးသည့် နောက်မှာတော့ မေမေက ကျွန်မကို မူကြို မပို့ တော့ပါ။

သည်လောက်တောင် နေမကောင်းဖြစ်ဖြစ် နေတတ်သော ကျွန်မကား ကျောင်းမသွားရသော အခါမှစပြီး အသက် ၅ နှစ်အရွယ် အတန်း ကျောင်းစတက်ရသည် အထိ လုံးဝ မဖျားနာတော့ပါ။

“တချို့ကလေးတွေဟာ အိမ်မှာပဲပျော်တယ်၊ အိမ်ကနေ ခွဲထုတ်ပြီး ကျောင်းသွားရရင် စိတ် မချမ်းသာ ဖြစ်ရော၊ အဲဒီအခါမှာ လွမ်းဖျားလွမ်းနာ ကျတော့တာပေါ့။ အချိန်က ကုစားပေးပါတယ်။ နည်းနည်းပိုပြီး အရွယ် ရလာတဲ့ အလျောက် ကျောင်းနေရမယ် ဆိုတဲ့ ဘ၀ပေး တာဝန်ကိုယူ တတ်လာတယ်၊ စာတတ်ချင်လာသလို ကျောင်းမှာ တွေ့ရတဲ့ သူငယ်ချင်းတွေကိုလည်း ခင်မင် တတ်လာတယ်”

မေမေက သူမ မွေးထားသော သမီးတွေမှာ တူတာတွေချည်း မြင်စေကာမူ လသားကလေးမှ သည် တစ်နှစ်ပြီးတစ်နှစ် အချိန် ပြောင်းလာသည် နှင့်အမျှ ကျွန်မနှင့် ပုကလေးမှာ မတူတာတွေ အများအပြား ရှိနေကြောင်းဖြင့် တရိပ်ရိပ် ထင်ရှား ပြတ်သားလာကြပါတော့၏။

ကျွန်မနှင့် ကွာခြားလှစွာပင် ပုကလေးသည် အသက်မှ နှစ်နှစ် မပြည့်မီကတည်းက ကျောင်း လွယ်အိတ် လွယ်ချင်နေခဲ့ပြီ။ ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်သည်။ ရေးတာသာ ၀လုံးမှ မတက်တာ၊ ပါးစပ်က အော်ဆိုနေတာကတော့ သင်ရိုးညွှန်းတန်းကုန်လောက်ရဲ့။

အိမ်နီးချင်း ကလေးတစ်ယောက် နေ့စဉ် စာအံသည်ကို ကြားရာမှ လိုက်ဆိုရင်း အလွတ် ရနေသည်။ သူတို့အိမ်သို့ ညီအစ်မ နှစ်ယောက်သွားလည်ရင်း သူငယ်တန်း ဖတ်စာကို ပုကလေး တွေ့ဖူးသွားရာမှ လက်မှ မချတော့ဘဲ တတွတ်တွတ် ပူဆာငိုယို နေတော့တာကြောင့် စာအုပ် အဟောင်း တစ်အုပ် ရှာဝယ်ပေးရလေရာ လက်မှမချတော့။ သည်တွင်နှင့် မပြီးဘဲ သူ့ကို အဖန် တလဲလဲ ဖတ်ပြကြရသည်။ မေမေလည်း ဖတ်ပြရသလို ရုံးမှ ပြန်လာသော ဖေဖေပင်လျှင် မကြာခဏ အလှည့် ကျလေသည်။

ကျောင်းနေချင်လှသော ပုကလေးကို ၄ နှစ် ကျော်လာပြီးနောက် မေမေ့ သူငယ်ချင်း မူလတန်း ပြကျောင်း ဆရာမက ကျောင်းပျော်ခေါ်သွားသည်။ အတန်း ကျောင်းချိန်မှာ နေ့တစ်ဝက် ဖြစ်ပြီး နံနက် ၇ နာရီမှ နေ့ခင်း ၁၂ နာရီ။ တစ်ရက် နှစ်ရက်မျှလောက်သာ လိုက်ချင်မည် ထင်ကြသော်လည်း ပုကလေးကား နံနက် ၆ နာရီဆို အိပ်ရာမှ ငုတ်တုတ်ထထိုင်ကာ ကျောင်းသွားမယ် ကြေညာလေတော့၏။

ဆရာမသည်လည်း ကလေး တတန်းတန်း ခေါ်သွားဖို့ရာ နေ့စဉ် တာဝန်တော့ ဘယ်ဖြစ်လိုပါ့ မလဲ။ အသက်မပြည့်သေးဘဲ ကျောင်းလာသော ကလေးကို ကျောင်းအုပ်ကြီးက ရိုက်တတ်သည်ဟု တစ်စုတစ်ဝေးတည်း ပုကလေးကို လိမ်ညာ ကြရသည်။ လူကောင်ကြီးပြီး မျက်နှာထားတင်းသော ကျောင်းအုပ်ကြီးခမျာမှာ ကျွန်မတို့က သူ့နာမည်ကို အလွဲသုံးစား လုပ်ထား ကြောင်း ဘယ်သိရှာပါ့မလဲ။ ပုကလေး နားလည်လာပြီး အမှန်တရားကို သိမသွားမချင်းတော့ ကျောင်းအုပ်ကြီးအား မျက်ကွယ်မှ ကျွန်မတို့ သားအမိ သည် မျက်နှာ ပူနေရပါဦးမည်။

ကျွန်မသည်လည်း ပုကလေး နည်းတူ မြင်ရုံကြားရုံနှင့် ဆိုကတတ်ခဲ့ပါ သည်။ မိဘတွေ မျက်စိပသာဒ၊ နားပသာဒဖြစ်ကြသည်အတွက် ကျွန်မ လည်း ပျော်ရွှင် ကျေနပ်ခဲ့တာပါ။ သို့တစေ ဧည့်သည်တွေလာလျှင်၊ သို့မဟုတ် အိမ်လည်သွားလျှင်ဖြစ်စေ မေမေတို့က ကျွန်မကို သမီးရေ ဘာဘာဘလက်ရှိ (ဒါမှမဟုတ် ယုန်ကလေးက နားရွက်ထောင် ပညာရှိဟန်ဆောင်)ဆိုပြီး အမူ အရာ လုပ်ပြလိုက်ပါဦးကွယ်ဟု ပွဲထုတ်ချင်သည်။ ကျွန်မကတော့ မေမေတို့ ဘာခိုင်းခိုင်း လုံးဝမလုပ်၊ သူတို့နားမလည်တာက ကျွန်မက အရှက်ကြီး တာလေ။ ပုကလေးကတော့ ခိုင်းဖို့တောင် မလိုဘဲ လက်ညှိုးကလေး နှစ်ချောင်းကို နားရွက်နောက်မှာ ထောင်တဲ့ပြီး တေးသံ အရင်ပေးကာ ဧည့်သည်တွေက လည်ဆန့်နားစွင့် နေတော့မှ လှုပ်တုပ်လှုပ်တုပ် အမူအရာအပြည့်နှင့် ခန်းဆီးကြားမှ ထွက်လာတတ်တာ။

သူ့ခေတ်နှင့်သူ ဆိုတော့လည်း ကျွန်မတို့ လက်ခုပ်လက်ဝါး တီးပြီး အားပေး ကြရပါသည်။ တီဗွီထဲမှာ ပုကလေးတို့ အရွယ် ကလေးမကလေးတွေ တေးဂီတနှင့် ခုန်ပေါက် ကပြဖျော်ဖြေ ကြတာကိုလည်း ကျွန်မတို့ အားပေး ကြသည်။ ငယ်တုန်းဆိုတော့ ချစ်စရာပါ။ ကျွန်မလို ဆယ်ကျော်သက် ဖြစ်လာလျှင်တော့ အန္တရာယ် များမှာပဲနော်။ ပုကလေး ကျောင်းနေသော အခါ ကျွန်မတို့ အလုပ် မပိုလှပါ။ ကျောင်းစိမ်း ဂါဝန်နှင့် အင်္ကျီ အဖြူကို သန့်ရှင်း သစ်လွင်စွာ ပြင်ဆင် ပေးလိုက်ပြီး သူတို့၏ မူလတန်း ကျောင်းဝင်းတံခါး အရောက် ပို့လိုက်ပြီးလျှင်
“ပုကလေးတို့ အတန်းထဲက ကောင်မလေးက နှစ်ယောက် ကောင်လေးက တစ်ယောက် ဆံပင် အူကြောင်ကျား ဆေးဆိုးလို့ ဆရာမက ကတုံးရိတ်ခိုင်း လိုက်တယ်”

“ဒီရပ်ကွက်က မြို့စွန်ဆိုတော့ ရှေးရိုးအတိုင်း မွေးရာပါ ဆံပင်အနက် ကိုပဲ တန်ဖိုး ထားတာလေ၊ နိုင်ငံခြားသားတွေကို မလိုအပ်ဘဲ အတု မခိုးဘူး ပုကလေးရဲ့”

ပုကလေးက အားမကျဘဲ မနေပါ။ သို့သော် ကျွန်မ၏ စကားကိုလည်း နာယူသည်။ ရွှေအိုရောင် ကျစ်ဆံမြီး နှစ်ချောင်းချထားသော ဦးထုပ်ကလေး ဆောင်းရုံနှင့် နှစ်သိမ့် ကျေနပ်နေလေသည်။

“ပုကလေးတို့ အတန်းမှာ တန်းခွဲငါးခု ရှိတယ်။ အေတန်းက ကောင်မလေးကလည်း သမီးလိုပဲ နှစ်တိုင်း ဗိုလ်စွဲနေကျ”

ပုကလေး ပြောသော နှစ်တိုင်း ဆိုသည်မှာ သူငယ်တန်းနှင့် ပထမတန်းပဲ ရှိတာပါ။ သူက ခုမှ ဒုတိယတန်း တက်ကာ ရှိသေးတာကလား။

“ဒီလပတ် စာမေးပွဲတော့ သမီး ပထမရဦးမှာ၊ အမှတ်တွေက ရှယ်ပဲ၊ သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ်၊ တစ်ရာပြည့်ချည်းရယ်”

“အင်္ဂလိပ်တစ်ရာ ပြည့်ဆိုတာ ဟုတ်နိုင်ပါ့မလား ပုကလေးရဲ့”

“ဟုတ်တယ်လေ၊ သမီးက ဘောဖျက်ရင်း ဆရာမ အမှတ်ခြစ်နေတာကို ခိုးကြည့်လိုက်တာ”

“အဲသလိုလား”

မေမေနှင့် ကျွန်မ ရယ်မောကြရလေသည်။  တကယ်တမ်း အောင်စာရင်း ထွက်လာတော့ ပုကလေး၏ အဆင့်က စတုတ္ထ။ သူ တငိုငိုဖြစ်နေသည်ကို သနားလှသော်လည်း သူ အမှတ်ခိုးကြည့် ထားတာကို ကျွန်မတို့က ဘယ်လို ဖော်ထုတ်နိုင်ပါ့မလဲ။ မေမေက သူ့သူငယ်ချင်း ကျောင်းဆရာမကိုပဲ တိုင်တန်း ရင်ဖွင့်ခဲ့လေသည်။

“ခုခေတ်ကလေးတွေက ကြိုးစားကြတော့ အမှတ်ရာပြည့်တွေဟာ လေး၊ ငါး၊ ရှစ်ယောက် အစီအရီပဲဟဲ့၊ သူတို့ရဲ့ လက်ရေး၊ စာလုံးပေါင်းတွေကအစ အမှတ်တိုးပေး လျှော့ပေးရတာလေ”
မေမေ့သူငယ်ချင်းက စဉ်းစားသေးသည်။
“အေတန်းက ကောင်မလေးဆိုတာ ကျောင်းအကျိုးဆောင် အဖွဲ့ထဲက သားသမီးလား”

“ဟုတ်မလားပဲ၊ သူ့အမေက မြို့မစင်တာကတဲ့၊ ပါဂျဲရိုးကြီးနဲ့ ကျောင်း လာလာပို့တာ တွေ့တယ်”

“သြ သြ”

ပုကလေး၏ ပညာရေး အခြေအနေကား ကောင်းမွန် တိုးတက်နေသည်ပဲ ဆိုရပေမည်။ ကျွန်မကလည်း သူ မေးမြန်းလျှင် ခေတ်နှင့် လျော်ညီစွာ ဖြေဆို တတ်အောင် စာဖတ်ရသည်။ အင်မ်အာတီဗွီဖိုးတွေ ဘာတွေ ကြည့်ရသည်။ လူလတ်တန်းစား အဆင့်မရောက်တောင် လက်လုပ်လက်စား အဆင့်ထက်မက သည့်အပြင် ကိုယ်ပိုင်တီဗွီ ရှိနိုင်တတ်က တစ်တပ်တစ်အားပါ။

သည်ညနေတော့ ပုကလေးက တစ်မျိုးတစ်ဖုံ သစ်ဆန်း နေပြန်တော့ သည်။ ပုကလေးကိုင်ထားတာက နှစ်လက်မပတ်လည်လောက် ရှိမည့် ပစ်တိုင်းထောင်ရုပ်ကလေး။ ကြမ်းပြင်ပေါ်တွင် ပုကလေးက တင်ပျဉ်ခွေ ထိုင်ပြီး ပစ်တိုင်းထောင်ကလေးကို အကြိမ်ကြိမ် ပစ်လှဲသည်။ အရုပ်ကလေး ကလည်း ပစ်တိုင်းကို ထောင်နေတော့တာ။
“ပုကလေးအတွက် မမ ၀ယ်ပေးထားတာ”

ကျွန်မ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့ ပုကလေး သတိရသဖြင့် ကျွန်မ ကျေနပ် သွားသည်။
“ဘုရားဈေးမှာ တွေ့တာနဲ့ သူ ကြိုက်မှာပဲဆိုပြီး”

ပုကလေးက ကြည်လင်သော အသံကလေးပင် ရွတ်ဆိုနေသည်မှာ အားကစား ဂျာနယ် ဖတ်နေသော ဖေဖေပင်လျှင် ခေါင်းထောင် နားစွင့်နေတော့သည်။

ပစ်တိုင်းထောင်လေးပုတိုတို
မျက်နှာပြုံးချိုချို
ပစ်ချင်သလိုပစ်လို့ချ
ကျရာထောင်လို့ထ
သူ့ဘ၀နဲ့သူ့အမြင်တွေ
အံ့သြလောက်ပါပေ
ခြေတွေလက်တွေ မရှိပါဘဲ
ကိုယ်ထူကိုယ်ထမြဲ
အခက်အခဲ သူရင်ဆိုင်
စိတ်ဓာတ်မယိမ်းမယိုင်
အနိုင်မခံအရှုံးမပေး
အပြေးပြိုင်ချင်သေး
“ဟုတ်ပါရဲ့ ပုကလေးဟာ ခုထိ ပုတိုတို ကလေးပဲနော်“

ပုကလေးသည် သူမ အရပ်ပုသည်ဟု ပြောလျှင် မကြိုက်ပါ။ နောက်တော့ ကြီးလာတော့ အရပ်မြင့်လာမှာပါဟု ချေပတတ်လေသည်။
“ဒီမှာ ကြည့်စမ်း မမ၊ ဘာလို့ ပစ်တိုင်း ပစ်တိုင်း ပြန်ထောင်တာလဲ သိလား”

ပုကလေးက ပစ်ချလိုက်၊ ပစ်တိုင်းထောင် ကလေးက ပြုံးဖြီးဖြီးပြန်ထောင်လိုက်။
“သူက ပစ်တိုင်းထောင်မို့လို့ပေါ့ ပုကလေး ရဲ့”
“ဘာလို့ အဲသလိုဖြစ်တာလဲ သိလား”

“ပုကလေးကလည်း ပစ်တိုင်းထောင်မို့ပါ ဆိုတာ”

ပုကလေးက အောင်နိုင်သူ အသွင်ဖြင့် မြိန့်မြိန့် ကြီးပြုံးလေသည်။
“ဘာလို့ပစ်တိုင်းထောင်သလဲ ဆိုတာ မမ သေချာကြည့်”

ပုကလေးသည် ပစ်တိုင်းထောင်ရုပ်ကလေး ကို ဇောက်ထိုးကိုင်ပြသည်။
“သူ့ကို ဖင်အောက်မှာ ချိုင့်ထားတယ် သိလား မမ၊ သူ့ကိုယ်ထဲမှာလည်း လေးအောင် ရွှံ့လား၊ ဘာလားထည့်ထားတယ်”

“ဟုတ်လား”

ကျွန်မသာမက မေမေရော ဖေဖေပါ ပစ်တိုင်းထောင်ရုပ်ကလေး၏ (ပုကလေး၏ အခေါ်က ဖင်၊ ကျွန်မတို့အခေါ်က အောက်ခြေ) အထိုင်ကို ၀ိုင်းဝန်းကြည့်ကြပါလေပြီ။

“ဟုတ်ပါ့တော်၊ အဲဒါ ပုကလေး ဘယ်လို သိတာလဲ”

ပုကလေးက လက်နှစ်ဖက်ပိုက်ကာ လည်ဆန့်ပြီးခေါင်းကိုမော့၏။
“မမပြောနေကျ အတိုင်းပေါ့၊ ခေတ်ကာလ ကလေးတွေကို လျှော့တွက်လို့ မရဘူးနော်”

ကျွန်မသည် အရင် ၁၀ နှစ်ကျော်က ကလေးအဖြစ် မေမေတို့၏ မျက်နှာကို လှမ်းကြည့် အကဲခတ်ပါသည်။
မေမေကလည်း ဖေဖေ့ဘက်သို့ မေးငေါ့ပါ သည်။
“အေးပါလေ၊ မေမေတို့က အရင်အနှစ်လေး ငါးဆယ်တုန်းက ကလေးတွေ ဆိုတော့လည်း” 
မြနှောင်းညို
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a Comment