Pages

Monday 3 October 2011

လိပ်ပြာသန့်ခြင်း

ဟဲလို”
“ဟဲလို မေမေလား။
ဖေဖေကောပါလား”
“ပါပါ့ ပါပါ့။

ဖေကြီး သားမေးနေတယ်လေ”

“ဟင်း ဟင်း သားအသံကို နားထောင်နေတာ။ ပြော ဖေဖေ နားထောင်နေတယ်”

“ဖေဖေရော မေမေရော နေကောင်းကြရဲ့လား”

“နေကောင်းပါတယ် သားရဲ့။ သားကော နေကောင်းရဲ့လား။ အလုပ်အကိုင် အဆင်ပြေရဲ့လား။ လကုန်ခါနီး ရက်တွေမှ သားဆီက ဖုန်းကို မျှော်တာ။ အခုလဆန်းဆယ်ရက်ပဲ ရှိသေးတယ်။ သားဆီက ဖုန်းဆိုလို့ မေမေ စိတ်ပူလိုက်တာ။ ဘာကိစ္စ အရေးပေါ် ရှိနေသလဲ”

“ဟုတ်တယ် မေမေ။ ဆက်နေကျ လကုန်ရက်မှ ဆက်မလို့ပါပဲ။ ဒါပေမယ့် ဒီကနေ့ Holiday ဆိုတော့ Internet Cafe မှာထိုင်ရင်း Online က ဇာတ်လမ်းလေး တစ်ခု ကြည့်မိတာ အိမ်ကို သတိရသွား လို့ပါ”

“သြော် သားရယ်။ အိမ်နဲ့ ခွဲနေဖူးတာလည်း အကြိမ်ကြိမ်။ ကြီးတောင့် ကြီးမား အိမ်လွမ်းတဲ့ (Home Sick) ဖြစ်နေသေးလား။ ဘာထူးဆန်းတဲ့ ပြကွက်တွေ တွေ့လို့လဲ”

“မေမေရော၊ ဖေဖေရော နားထောင်နေ တယ်နော်။ သားပြောပြမယ်။ Scene မှာ အိမ်ရှေ့ ပန်းခြံကိုပြတယ်။ ပန်းခြံထဲမှာ လူငယ်တစ်ယောက် ကုလားထိုင် တစ်လုံးနဲ့ စာဖတ်နေတယ်။ လူကြီး တစ်ယောက်က ပန်းခြံထဲ လမ်းလျှောက် နေတယ်။ လူကြီးလည်း လူငယ် အနားကို ရောက်ရော ငှက်ကလေး တစ်ကောင်က အဲဒီအနားကို လာနားတယ်။ လူကြီးက “သား အဲဒါ ဘာငှက်လဲ”လို့ မေးတယ်။ လူငယ်က “စာကလေး”လို့ ပြန်ဖြေတယ်။ လူကြီးက ဒုတိယအကြိမ် “ဘာငှက်လဲ”လို့ ထပ်မေးတော့ “စာကလေးပါ လို့ဆိုနေ” လို့ဖြေပြီး စာကိုပဲ ပြန်ဖတ်နေတယ်။ လူကြီးက နောက်တစ်ကြိမ် “သား ဘာငှက်”လို့ ထပ်မေးပြန်တော့ “စာကလေးတောင် မသိတော့ဘူးလား ဖေဖေရဲ့”လို့ စိတ်မရှည်တဲ့ပုံနဲ့ ပြန်ပြောတော့ လူကြီးက ဘာမှမပြောဘဲ အိမ်ထဲ ၀င်သွားရော။ ပြန်ထွက်လာတော့ လက်ထဲမှာ Diary စာအုပ်ဟောင်းလေး တစ်အုပ် ပါလာတယ်။ ပြီးတော့ စာရွက်တွေကို လှန်ပြီး လူငယ်ရဲ့ရှေ့မှာ ထိုးလိုက်ပြတယ်။ အဲဒီ Diary ထဲမှာ ရေးထားတာက ဒီနေ့ငါ့သား သုံးနှစ်ပြည့်တဲ့ နေ့ပေါ့။ ငါတို့ သားအဖ အိမ်ရှေ့ပန်းခြံထဲ လမ်းလျှောက်နေတုန်း ငှက်ကလေး လာနားတော့ သားက “အဲဒါ ဘာငှက်လဲ”တဲ့။ သားက သုံးနှစ်ပဲ ရှိသေးတာ ငှက်နာမည်တွေ ဘယ်လို သိဦးမှာလဲ။ ငှက်က“စာကလေး”လေ။ သားမှတ်မိအောင် နှစ်ဆယ့်တစ်ခါ တိတိ ပြောရတယ်။ သားကို ငှက်နာမည် နှစ်ဆယ့်တစ်ခါ ပြောရလို့ စိတ်မပျက်ပါဘူး။ ငှက်ကလေးနာမည် သူသိသွားလို့၊ မှတ်မိသွားလို့ ပျော်လိုက်ရတာ” တဲ့။

“သြော်...ဒါနဲ့ ဖေကြီးကို သတိရသွား တယ် ဆိုပါတော့”
“............”
“ဟဲလို၊ ဟဲလို၊ ဟဲလို ဖုန်းလိုင်း ကျသွားပြီလား ဖေကြီး”

“မကျပါဘူးကွာ”

“ဟဲလို၊ ဟဲလို”
“................”

လူရဲ့စိတ်ဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ကမ္ဘာ ပတ်နိုင်သတဲ့။ ကုဋေပေါင်း များစွာသော အတွေးတွေ တွေးနိုင်သတဲ့။ ကျွန်တော့် စိတ်တွေလည်း အတိတ်ကို တရိပ်ရိပ် ပြေးနေလိုက်တာ မေမေ့အသံကို ဖုန်းထဲက ကြားနေပေမယ့် ဘာမှပြန်မဖြေနိုင်တော့ဘူး။ မူလတန်းပြ ပညာရေး ၀န်ထမ်းတွေ ဖြစ် ကြတဲ့ ကျွန်တော့ ဖေဖေနဲ့မေမေက ကျွန်တော့်ကို ကွန်ပျူတာ ပညာရှင်ကြီး ဖြစ်စေချင်ခဲ့တာ။ ကျွန်တော် အဋ္ဌမတန်း စာမေးပွဲဖြေအပြီး နွေရာသီ အားလပ်ရက်မှာ ကွန်ပျူတာအခြေခံ သင်တန်းကို တက်ခိုင်းတယ်။ ကွန်ပျူတာကို ကိုင်လိုက်ရတော့ ကျွန်တော် ပျော်လိုက်တာ။ ပြောမပြတတ်အောင် ပါပဲ။

ကျွန်တော်ဆယ်တန်းမှာ ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲကို ဗဟို အဆင့်ထိ ယှဉ်ပြိုင်ခွင့် ရခဲ့ တယ်။ အားလပ်ချိန်တွေမှာ ကွန်ပျူတာနဲ့ပတ် သက်တဲ့ သင်တန်းတွေကိုလည်း တက်နိုင်ဖို့ ဖေဖေ၊ မေမေတို့က စီစဉ် ပေးခဲ့တယ်။ ရှိလို့ မဟုတ်ပေမယ့် သိဖို့အတွက် မဖြစ်မနေ လုပ်ပေးခဲ့မှန်း ကျွန်တော် သိပေမယ့် ကျွန်တော် ကံသိပ်ကောင်းခဲ့တယ် လို့ပဲ ခံစားခဲ့ရပါတယ်။ ကျွန်တော် ကွန်ပျူတာ တက္ကသိုလ်တက်ခွင့်ရတော့ ကျွန်တော့်အတွက် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး ၀ယ်ပေးကြပြန် တယ်။ ကျွန်တော့်ရင်ထဲ လေးလေးနက်နက် မရှိပေမယ့် “ကျေးဇူးတင်လိုက်တာ”ဆိုတဲ့ စကားက ကျွန်တော့်ဖေဖေ၊ မေမေတို့ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေစေခဲ့ပါတယ်။

အိမ်မှာ ကိုယ်ပိုင် ကွန်ပျူတာ တစ်လုံး ရှိပြီ ဆိုတော့ ဖေဖေကလည်း ကျောင်းဆရာပီပီ ခေတ်ကို အမီလိုက်ချင်သေးတာပေါ့။
“ဖေဖေ့ကို ကွန်ပျူတာကိုင်တာလေး သင်ပေးပါလား သား”

“လွယ်ပါတယ် ဖေဖေရာ။ ဒီမှာ သားပြမယ်”

“နေဦး၊ နေဦး။ ဖေဖေ စာရွက်နဲ့ ဘောလ်ပင် ယူလိုက်ဦးမယ်”

“ဘာလုပ်ဖို့လဲ ဖေဖေရဲ့။ ကွန်ပျူတာ သင်ရတာ သိပ်လွယ်တာ။ ဖေဖေ အင်္ဂလိပ်စာတတ်တယ် မဟုတ်လား။ ဒီလို ကလစ်လိုက်ရင် စာတွေ ထွက်လာလိမ့်မယ်။ သူ့ညွှန်ကြားချက် အတိုင်း လိုက်ပြီး ကလစ်ရုံပါပဲ”

ကျွန်တော် ပြောတာကို ဖေဖေ နားမထောင်ဘဲ စာရွက်နဲ့ ဘောလ်ပင်ကို သွားရှာယူခဲ့ပြီး...
“ကဲ ပြတော့။ နံပါတ်တစ် ကလစ်။ နံပါတ်နှစ် ကလစ်။ နံပါတ်သုံး၊ နံပါတ်လေး၊ နံပါတ်ငါး”

“ဖေဖေရယ် ဒီလောက်ကြီး မှတ်စရာ မလိုပါဘူး။ ဟောဒီလို ကလစ် ကလစ် ပြီးတော့ ထွက်လာတဲ့ စာကိုဖတ်။ ဖေဖေ လိုချင်တာကိုဆွဲ။ ဟောဒီလို ကလစ် ကလစ်။ ကဲ... ဖေဖေ လုပ်ကြည့်။ သားအိပ်ချင်ပြီ။ ညွှန်ကြားချက် အတိုင်း လိုချင်တာသာ ဆွဲကလစ်လိုက်။ မပျက်တတ်ပါ ဘူး ဖေဖေရဲ့”

ဖေဖေ ဘာမှမပြောဘဲ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်တယ်။ ကျွန်တော် စိတ်မရှည် မှန်း သိလို့ ထင်တယ်။ သူ့ဟာသူ ကွန်ပျူတာ ရှေ့မှာ တစ်ယောက်တည်း ထိုင်ပြီး ကလစ် နေ လေရဲ့။ ကျွန်တော် အိပ်မောကျလောက်ချိန်မှာ ကျွန်တော့်ခြေထောက်ကို လှုပ်ပြီး...
“သား သား ထကြည့်ပေးပါဦး။ ဖေဖေ ပြန်မပိတ်တတ်တော့ဘူး”

အိပ်ချင်မူးတူးနဲ့ ထကြည့်ရလို့ ကျွန်တော် နည်းနည်းတော့ ကျွဲမြီးတိုသွားတာ အမှန်။ ဒါကြောင့် ကျွန်တော့်နှုတ်က ဒီစကားတွေ အလိုလို ထွက်ကျလာခဲ့တယ်။
“ဖေဖေရယ် ကွန်ပျူတာ သင်ချင်ရင် နေ့လယ်နေ့ခင်း သားအားတဲ့ အချိန်မှာ သင်ပါလား။ အခုသား တအား အိပ်ချင်နေပြီ။ ဖေဖေလည်း သွားအိပ်တော့ သား ပိတ်လိုက်ပါ့မယ်”

ကျွန်တော် မဆင်မခြင် ပြောလိုက်တဲ့ စကားကို ဖေဖေ ဘယ်လို ခံစားသွားမယ် ဆိုတာ မစဉ်း စားမိခဲ့ဘူးလေ။

“ဟဲလို ဟဲလို”

“ဟဲလို မေမေနဲ့ ဖေဖေ”

“သား နှစ်မိနစ်လောက် Connection ပြတ် သွားတယ်နော်”

“Connection  ပြတ်သွားတာ မဟုတ်ဘူး မေမေ။ မေမေ့ အသံကို သားကြားနေတယ်။ သားရင်ထဲမှာ Feel ဖြစ်နေလို့။ စကားပြော မထွက်တာပါ။ ဖေဖေ့ကိုလည်း တောင်းပန်ချင်တယ်”

“ကဲ ဖေကြီး သား ပြောတာ သေချာနား ထောင်ဦး”

“သြော်... သားအိမ်မှာတုန်းက ဖေဖေ ကွန်ပျူတာ သင်ချင်တာကို စိတ်မရှည်ဘဲ ပြောခဲ့မိတာတွေကို သတိရသွားလို့ပါ။ Online ကပြကွက်က သား Heart ကို ထိသွားတယ်”

တစ်ချိန်လုံး တိတ်တိတ်နေပြီး နားထောင် နေတဲ့ ဖေဖေ့ရဲ့ အေးစက်စက် အသံကို လေးတွဲ့ စွာကြားလိုက်ရတယ်။
“သားပြောမှ ဖေဖေ သတိရတော့တယ်။ ဘာမှ မခံစားပါနဲ့ သားရယ်။ ဒီလိုပဲပေါ့။ လူငယ်တွေက ဖျတ်လတ်တယ်၊ သွက်လက်တယ်၊ စိတ်မြန်လက်မြန် ရှိတယ်လေ။ လူကြီးဖြစ်လာတော့ မှတ်ဥာဏ် နှေးသွားတယ်။ ဒါကို ဖေဖေ နားလည် ပါတယ်။ သားအပြစ် မဟုတ်ပါဘူး။ ဖေဖေတို့ အရွယ်ကကို စိတ်သွားတိုင်း ကိုယ်မပါတော့တာပါ”

“ဘာပဲဖြစ်ဖြစ်လေ။ သားက ဖေဖေ့အပေါ်မှာ အမှတ်မထင် ၀စီကံနဲ့ ပြစ်မှားမိခဲ့ကြောင်း ဒီပြကွက်က ထင်းခနဲ နေအောင် ပြလိုက်တာပဲ။ သားကို ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကား ကြားရမှ သားစိတ် ဖြေဖျောက်နိုင်မှာ ဖေဖေရဲ့”

“ကဲ ကောင်းပါပြီကွာ။ သား အမှတ်မထင် မရည်ရွယ်ဘဲ ပြုခဲ့မိတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ အပြစ်များရှိခဲ့ရင် ဖေဖေတို့ မေမေတို့က ခွင့်လွှတ်ပါတယ်။ ဒီအချိန် ဒီမှာတင် ကျေပါပြီကွာ။ ကဲ စိတ်ချမ်းသာ တော့နော်”

“ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ။ သား တကယ်ပဲ ပျော်သွားပါပြီ။ ထုံးစံ အတိုင်း လကုန်ရင် ဖုန်းဆက်ပါဦးမယ်။ ဘိုင့်ဘိုင်”
ကျွန်တော် အခုမှ လိပ်ပြာ သန့်သွားပါတော့တယ်။
နန့်အေး၊ကန္ဒရ၀တီ၊

 

No comments:

Post a Comment