Pages

Monday 3 October 2011

အမှတ်တရ တစ်သက်စာ

ေ၀၀ါးဝါး မြင်ကွင်းကြားမှာ နှုတ်ခမ်းတို့ အလွန်အမင်း တုန်ရီလာတယ်။ တစ်စုံတစ်ရာ ဆုံးရှုံးမှု အတွက် ကျွန်မ ဘာကို ခံစားနေရတာလဲ။ တုန်ရီရီ နှုတ်ခမ်းပါးကို သွားချွန် ဖြူရှည်ရှည် တစ်ချောင်းနှင့် ကိုက်ဖိထားရင်း ရင်ကို ပေါ့ပါးသွားစေယ့် အရာတို့ကိုသာ တွေးယူချင်မိတယ်။ ဒါပေမယ့်လည်း... “ဏီ”၊ ဟော နားစည်ကို မထိတထိ လာရိုက်ခတ်တဲ့ တိုးညင်းညင်းအသံလှိုင်း လေးတစ်လှိုင်း။ “ဏီ” တဲ့။ ကြားရပြန်ပြီ။ ဒါ မောင်၊ ကျွန်မရဲ့အချစ်ဆုံး မောင့်အသံပဲ။

မျက်ဝန်းတို့ကို ပုတ်ခတ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တယ်။ ကျွန်မ တည်ရှိရာ ထိုင်ခုံ အနီးနားမှာ ဘယ်သူမှ ရှိမနေဘဲ။ ဖြစ်နိုင်မှာပါလေ။ မောင် ကျွန်မဆီ ပြန်လာမှာမှ မဟုတ်တာ။ ကျွန်မကို နာကြည်းတာထက် ပိုမိုတဲ့ မောင်နဲ့ ကျွန်မတို့ရဲ့ အနီးကပ်ဆုံး ပတ်သက်မှုတွေကို ဘာလို့ ပြန်တွေးနေရတာလဲ။

တဆစ်ဆစ် ကိုက်ခဲလာတဲ့ ဦးခေါင်းကို လက်အစုံနဲ့ ခပ်ပြင်းပြင်း ဖိထားရင်း လျှာဖျားမှာ ခါးသက်သက် ဆေးအရသာကို ရရှိချင်လာတယ်။ တစ်ချိန်တစ်ခါက ကျွန်မ ခေါင်းကိုက်ပြီ ဆိုတာနှင့် ဆေးအမြဲ တိုက်တတ်တဲ့ မောင့်ကို သတိရပြန်ပြီဆိုတာထက် ပြောမပြတတ်အောင် တမ်းတမိပြန်ပြီ။ တကယ်တော့ မောင်နဲ့ ကျွန်မဟာ ငယ်သူငယ်ချင်းလည်း မဟုတ်သလို တက္ကသိုလ်မှာ အတူတက်ရတဲ့ ကျောင်းတက်ဖော်တွေလည်း မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလက ပုဂံ ညောင်ဦးမှာ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ မောင်လည်း မေ့မှာ မဟုတ်ပါဘူး။ ၃ ညအိပ် ၅ ရက်ခရီး ရက်အကန့်အသတ်မှာ တွေ့ဆုံပြီး ပြန်တဲ့ရက်မှာ ချစ်သူအဖြစ် မောင့်ကို တရားဝင် အသိအမှတ် ပြုခဲ့တယ်နော်။

၆ ပေနီးပါးရှည်လျားတဲ့ အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် ဆီအမြဲလိမ်းပြီး သပ်ရပ်နေတဲ့ ဆံပင် မျက်ဝန်းညိုညိုနဲ့ မေးစေ့နားမှာ မှဲ့နက်လေး တစ်လုံးပါပြီး ချိုသာသာ ပြောတတ်တဲ့ မောင့်ကို ကျွန်မက စတင်ပြီး ချစ်ခဲ့ရတာပါ။ မောင့်မှာ ကျွန်မအရင် ချစ်သူ မရှိတာတွေ၊ မိဘမျိုးရိုး ကောင်းမွန်ပြီး အကျင့် သိက္ခာနဲ့ ပြည့်စုံနေတာ တွေက ကျွန်မအတွက် ကြည်နူးဖွယ် အနာဂတ် တွေပါပဲ။

ရန်ကုန်ပြန်ရောက်ပြီး နှစ်ဦး သဘောတူ တွေ့ဆုံဖြစ်ကြတဲ့ ရက်တွေမှာ မောင်နှင့်အတူ တစ်ခါတစ်ရံ ပါလာတတ်တဲ့ မောင့်သူငယ်ချင်း “နိုင်”ဟာ ကျွန်မနဲ့ မောင့်အတွက် အနှောင့်အယှက် ဖြစ်လာမယ့် သူဆိုတာ ကျွန်မ ကြိုမသိနိုင်ခဲ့ဘူး။ မောင်နဲ့ ပတ်သက်ပြီး ကျွန်မဘ၀မှာ စိတ်အနှောင့် အယှက် ဖြစ်စေခဲ့တာတွေ ကတော့ မောင့်မွေးနေ့ ရက်က စတင်ခဲ့တော့တာ ပဲနော်။ မွေးနေ့ရက် ရွှေတိဂုံစေတီက ဆင်းပြီး ရှမ်းကန်မှာ ကျွန်မတို့ နေ့လယ်စာ စားရင်း “နိုင့်ကို အမှတ်ရတယ်၊ ခါတိုင်း မွေးနေ့တွေ ဒီကောင် ပါနေကျ”လို့ မောင် ခပ်တိုးတိုး ပြောတယ်။ “တခြား သူတွေရော ဘာလို့ အမှတ် မရတာလဲ” ဆိုတဲ့ ကျွန်မအမေးကို မဖြေဘဲ ငြိမ်နေတဲ့ မောင့်ကိုကြည့်ရင်း ကျွန်မ စိတ်တိုစ ပြုလာရတယ်။ မောင် ထည့်ပေးထားတဲ့ ကဏန်းခွက်ကို စူးစိုက်ကြည့် နေဆဲ “အာ့” မောင့် ဆီမှ အသံကို အကြားမှာ မောင် ငါးအရိုးစူးမှန်း သိလိုက်ရတယ်။ ခဏဆိုတဲ့ သင်္ကေတပြပြီး မောင် ထွက်သွားတယ်။

မောင့်ပန်းကန်ထဲက ငါးဖတ် တွေကိုကြည့်နေဆဲ မောင် ပြန်ဝင်လာတာကို တွေ့ရတယ်။ ပြီးတော့ ငါးဖတ်တွေကို ပန်းကန်ထဲမှ ဖယ်ထုတ်နေရင်း “နိုင်သာ ပါရင် မောင် ငါးအရိုး စူးမှာမဟုတ်ဘူး” လို့ ဆိုလာတဲ့ မောင့်စကား သံကြောင့် ရင်ထဲမှာ ဆစ်ခနဲ ကျင်သွားရတယ်။ ငါးအရိုးစူးတာ နိုင်မပါ လို့တဲ့။ ကျွန်မပါလာတာ ဘာမှ အသုံးမကျဘူးလို့ မောင် သွယ်ဝိုက်ဆိုလို လိုက်တာပေါ့လေ။ ထွက်ပေါ်လာတဲ့ ဒေါသ တို့ကို တည်ငြိမ်အောင် ထိန်းနေရင်းမှ “အရိုးမစူး ချင်ရင် အဲဒီ နိုင်ဆိုတဲ့ ကောင်ကို ခေါ်လာပေါ့”လို့ ပြောတော့ “ဟာ ဏီကလည်း မောင်က ဏီ့ကို တမင် ကျီစားတာပါ”တဲ့။ “မကျီစားနဲ့၊ ဏီ မကြိုက်ဘူး။ နိုင်နဲ့ဏီ့ကို နှိုင်းနှိုင်းပြီး မပြောပါနဲ့။ ဏီ ကိုယ်တိုင်လည်း ငါးမကြိုက်ဘူး။ ငါးအရိုးလည်း မနွှင်ပေးတတ်ဘူး။ ငါးအရိုး မနွှင်ပေးတတ်လို့ မချစ်ချင်ရင် မချစ်နဲ့တော့”ဟု အလွန် စိတ်တိုပြီး ပြောနေမိတဲ့ စူပုပ်ပုပ်မျက်နှာနှင့် ကျွန်မနှုတ် ခမ်းပါးပါးတို့ကို မောင် စိုက်ကြည့်နေပြီး “တမဏီလေး ကလည်းကွာ၊ ကလေးလေးလိုပဲ သိပ်ချစ်ဖို့ ကောင်းတယ်”လို့ပြောပြီး ဏီ့နှာဖျား လေးကို လိမ်ဆွဲနေရင်း “မောင့်မွေးနေ့ရက်မှာ ပျော်ပျော် နေရအောင်ကွာ”ဆိုတဲ့ မောင့်စကား ကြောင့် နိုင်နှင့် သက်ဆိုင်တဲ့ ကိစ္စရပ်တို့ကို လျစ်လျူရှုလိုက် ရတယ်။

ဒါပေမယ့်လည်း ကျွန်မ လျစ်လျူရှုခဲ့ရတာ အချိန်ဘယ်လောက် ကြာသွားလဲလို့ အတွေးမ၀င်မိ ခင်မှာပဲ နိုင်နှင့်သာ ဆိုင်တဲ့ အကြောင်းရပ်တွေသာ ဖြစ်လာခဲ့ရတယ်။ ကျွန်မနဲ့တွေ့ရတဲ့ အချိန် လေး အတွင်းမှာ ဘာဖြစ်လို့များ နိုင့်အကြောင်း တွေ ပါလာရတာလဲ မောင်ရယ်။ နိုင် မောင့်ကို သည်းခံတာ၊ ဂရုစိုက်တတ်တာ ကျွန်မနဲ့ ဘာဆိုင် လို့ပါလဲ။ ကျွန်မနဲ့ နှိုင်းယှဉ် ပြောဆိုရအောင် နိုင်က မောင့်ရဲ့ ဘာမို့လို့လဲ။ နိုင်ဟာ ကျွန်မရဲ့ပြိုင်ဘက်မှ မဟုတ်တာ။

ကျွန်မသူငယ်ချင်း ဇင်မာရဲ့ မွေးနေ့ပွဲ အသွားမှာ ဇင်မာ့ အစ်ကိုနဲ့ ဆုံတွေ့ခဲ့ရတာ ကိုက...။ ဇင်မာ့အစ်ကိုက မောင်တို့၊ နိုင်တို့နှင့် စတိတ်တုန်းက တစ်ကျောင်းတည်း၊ တစ်ခန်းတည်းက သူငယ်ချင်းတဲ့။ ဇင်မာ့အစ်ကို ပြောလို့ ကြားသိခဲ့ရတဲ့ ကျွန်မနားတောင် ကျွန်မ မုန်းတီးမိတယ် မောင်။ မောင်နဲ့ နိုင်ဟာ စတိတ်ကျောင်းတုန်းက အရမ်းတွဲခဲ့ကြတဲ့ အချစ်ဆုံးတွေတဲ့။ တက္ကသိုလ် တက်တဲ့ အချိန်ထိ မခွဲဘဲ တတွဲတွဲပဲတဲ့။ ဇင်မာ့ အစ်ကိုကို “မိန်းကလေးချင်းလည်း ဒီလိုပဲ အရမ်း တွဲကြတဲ့သူတွေ ရှိတာပါပဲ”လို့ မခံချင်စိတ်နဲ့ ပြောလိုက်တော့ သူတို့နှစ်ယောက်ကို အစ်ကိုတို့ သူငယ်ချင်းတွေ အားလုံးက အချစ်ဆုံးတွေလို့ သိထားကြတာ။ ခုထိလည်း တွဲနေတာတွေ့နေကြတာပဲတဲ့။

အနောက်နိုင်ငံမှာလို သူတို့ နှစ်ယောက်က အချင်းချင်း ချစ်နေကြတာတဲ့။ ပိုမို ဆိုးဝါးလိုက်တဲ့ စကား ခါးခါးများ။ ကျွန်မနဲ့အတူ နားထောင်နေတဲ့ ဇင်မာ့ မျက်နှာကို ကျွန်မ ဘယ်လို ကြည့်ရမလဲ။ ဟုတ်မှာပါ။ ဒါကြောင့်ပဲ မောင် ကျွန်မနဲ့ ဆုံတွေ့ချိန်တွေ မှာ နိုင့်အကြောင်းတွေ တတွတ်တွတ် ပြောတတ် တာကိုး။ သူတို့ မပြတ်သေးဘူး ထင်ပါတယ်လို့ ရေရွတ်ရင်း ဇင်မာ့ရှေ့မှာ ဟန်ဆောင် ထိန်းထား ပေမယ့် မျက်ရည်ပူတို့က ပါးပြင်ပေါ်မှာ နေရာ ယူကုန်ကြတယ် “အခု မဟုတ်လောက်တော့ ပါဘူး ထင်ပါတယ်ဟာ။ ငါသိသလောက် နင့်လူက နင့်ကို အရမ်းချစ်တာပါ”ဆိုတဲ့ ဇင်မာ့ စကားသံ အကြားမှာ ခေတ္တခဏ ကျေနပ်သွားမိ သလိုလိုပါပဲ။

မောင်နှင့် နောက်ပိုင်း ဆုံတွေ့ချိန်တွေမှာ ကျွန်မ တွေငြိမ်နေတတ်တာကို မောင် သိမြင်တယ်နော်။ ကျွန်မ စိတ်ကောက်နေတယ် ထင်ပြီး အတင်းလိုက်ချော့ နေတဲ့မောင့်ကို ဘယ်လို စိတ် ပြေပစ် ရမလဲဟင်။ “တမဏီလေးကို သိပ်ချစ်တာပဲ” ဆိုတဲ့ မောင့်စကားသံနှင့် ထွေးပွေ့မှုအောက် မှာ တသိမ့်သိမ့် ရှိုက်ငိုနေမိတယ် မောင်။ အိမ်နဲ့ ပြဿနာဖြစ်တယ်လို့ ထင်သွားတဲ့ မောင့်ကို ကျွန်မ ဘာတစ်ခုမျှ ဖြေရှင်းပြ မနေတော့ ပါဘူး။ “မောင် ဏီ့ကို သိပ်ချစ်လား” ဆိုတဲ့ စကားတစ်ခွန်းကို လေးလေးနက်နက် ကျွန်မ မေးခဲ့တယ်နော်။ “သိပ် ချစ်တာပေါ့” ဆိုပြီး ဖိကပ်လာတဲ့ နှုတ်ခမ်းချိုချို ထဲက လေသံ တိုးတိုးလေးဟာ ကျွန်မ ရင်ထဲကို ကျေနပ်မှု တစ်ဝက်လောက်သာ ဖြည့်စွမ်းဝင် ရောက်နိုင်တော့တယ် မောင်။

ပြတင်းတံခါးကို ဖွင့်လို့ တိုးဝင်လာတဲ့ လေအေးနုတွေကို ညတိုင်း ပွေ့ဖက်ရှူရှိုက် နေမိတယ်။ အုန်းလက်ပေါ်က တစ်ဆင့် ဖြာကျနေတဲ့ လရိပ် အောက်မှာ အေးချမ်းမှု အပြည့်နဲ့ တည်ရှိနေချင် လိုက်တာ မောင်။ ကျွန်မ သတ္တိ အရမ်းရှိချင်ပြီ မောင်။ ခုချိန်မှာ ကျွန်မလေ လုံးဝ သတ္တိမရှိ သေးဘူး။ မောင်နဲ့ နိုင်တို့ရဲ့ကိစ္စကို အပြတ်ဖြတ်သင့်ဖို့ လိုပြီနော်။ မောင်နဲ့ဆုံရင် ပြောမယ်လို့ အားယူခဲ့ တဲ့စကားတို့က တကယ်တမ်း ဆုံတွေ့ရချိန်တို့မှာ ဘယ်ဆီကို လွင့်မျောနေကြမှန်းမသိ။ တံတားဖြူ မှတ်တိုင်မှ အင်းလျားကန်ဘောင် အတက် လှေကားထစ်များမှာ မောင်နှင့်အတူ တည်ရှိနေတုန်း ကျွန်မ မမြင်တွေ့ချင်ဆုံး သူက ကျွန်မတို့ ရှေ့သို့ ရောက်ရှိလာတယ်။

“နိုင် နေကောင်းသွားပြီလား” ဆိုတဲ့ မောင့်အသံကြားရ အပြီးမှာ “အင်း၊ ကောင်းသွား ပါပြီ”တဲ့။ စကားပြောရင်း ပြုံးပြနေတဲ့ နိုင့်ကို ကျွန်မ မဲ့ပြနေမိလား မသိ။ အို... ဒီနေ့မှ နိုင့်ကို အနီးကပ် သေချာ ကြည့်မိတော့ နိုင် သိပ်ကိုချော မောလွန်းပါလား။ ပြေပြစ်တဲ့ မျက်နှာကျ၊ မျက်ခုံးပြားပြား အောက်က စိုလက်လက်မျက်ဝန်း၊ ချွန်သွယ်သွယ် နှာတံ၊ နှင်းဆီနီလို ရဲနေသော ခပ်ဖူးဖူး နှုတ်ခမ်းနှင့် အသားဖြူဖြူ၊ အရပ်မြင့်မြင့်...။ ကျွန်မ အသိစိတ်ထဲမှာ နိုင် ကျွန်မထက် ပိုချောတယ်လို့ တပ်အပ် သိလိုက်တယ်။ ချစ်ခြင်းမှာ ရုပ်ချောတာ အဓိက ကျပါဝင်လို့လား...။ ဒီလို ပြောရအောင် နှိုင်းယှဉ်ရအောင် မိန်းကလေးချင်းမှ မဟုတ်တာပဲ။ သူက ယောက်ျားပဲ။ နိုင့်မျက်နှာ ကိုကြည့်ရင်းနှင့်ပင် ရွံရှာ မုန်းတီးစိတ်တို့ ပိုမိုလာ ဆဲ...

“ဏီ၊ နိုင်က Fuji House မှာ ကော်ဖီသွား သောက်ရအောင်တဲ့”

“ဟာ မသောက်ချင်ပါဘူး” လို့ ကျွန်မ ချက် ချင်းငြင်းတာပေါ့။ ဒါကို သူက...
“လိုက်ခဲ့ပါဗျာ။ နိုင် ဒကာ ခံချင်လို့ပါ။ ကော်ဖီ မသောက်ချင်လည်း ဟိုကျတော့ အအေးပဲ ဖြစ်ဖြစ်...”

“ရပါတယ်၊ ဒကာလည်း မခံပါနဲ့၊ ကျွန်မ ဘာမှမသောက်ချင်ဘူး”
ပျက်ယွင်းသွားတဲ့ မျက်နှာကို ထိန်းရင်း “ဒါဆို နိုင် သွားတော့မယ်”လို့ နှုတ်ဆက်ထွက်ခွာ သွားတဲ့နိုင့်ကို ခပ်တည်တည်ပဲ ကြည့်နေမိတယ်။ နိုင့်မျက်ဝန်းထဲမှာ ၀မ်းနည်းရိပ် ရှိ၊ မရှိကို မရမက ရှာဖွေရင်း တွေ့ရှိလိုက်တဲ့ ကျွန်မကို မောင်က “ဏီ၊ သိပ်ရိုင်းတာပဲ”တဲ့။ ဒါ ကျွန်မ မကြားချင် ဆုံးစကားပဲ။

“နိုင်နဲ့ ပတ်သက်လာရင် မောင် တော်တော် နာတတ်တယ်နော်”

“မင်း ဘာတွေ ပြောနေတာလဲ”

“ဏီ့ကိုများ မင်းတဲ့၊ သိပ်ချစ်ကြတဲ့ မခွဲအတူ အချစ်ဆုံး နှစ်ယောက်ကို ကျွန်မက ခွဲပစ် သလိုများ ဖြစ်သွားလား မောင်”

“ဘာ၊ ဘာပြောလိုက်တယ်”

“မောင်ကြားတဲ့ အတိုင်းပေါ့” လို့ပြောရင်း ကျောပိုးအိတ်ကို လက်ကကိုင်ကာ ထရပ်လိုက်တယ်။ မောင်က ကျွန်မလက်ကို ဆွဲထားရင်း “ဏီရယ်၊ မောင်နဲ့နိုင်က ဟိုးတုန်းကတည်းက အချစ်ဆုံး သူငယ်ချင်းတွေပဲ”

“အချစ်ဆုံး သူငယ်ချင်းတွေပဲလား၊ အချင်းချင်း ချစ်နေကြတဲ့သူတွေ မဟုတ်ဘူးလား”

“ဟာ၊ ဏီ သက်သက်ကြီး အထင်လွဲနေ တာကို၊ ဟုတ်မှ မဟုတ်ဘဲကွာ”

“မောင်တို့စတိတ်ကျောင်းက လူတွေ မောင်တို့နှစ်ယောက် အကြောင်း ပြောကြတာ နားမဆံ့ဘူး၊ သိလား”

“ဏီပြောသလို အရင်ကတည်းက မခွဲအတူ ဆိုတာ မှန်ပါတယ်ကွာ။ တစ်ဦးတည်းသောသား ဖြစ်တဲ့နိုင်က မောင့်ကို သူ့အစ်ကို အရင်းလို ချစ်တာပါ။ မောင်ကလည်း ကိုယ့်ညီလေးလို ချစ်ပြီး ဂရုစိုက်တာ ပါကွာ။ ဒါကို ယုံပါ ဏီရယ်”

“မောင့်ဘက်ကတော့ ဟုတ်ချင်ဟုတ်မယ်၊ နိုင့်ဘက်ကတော့ လုံးဝ မရိုးသားဘူး။ ဏီ့ကို သူ မကျေနပ်တာ ဏီသိတယ်။ မောင့်ကိုကြည့်တဲ့ သူ့အကြည့်တွေ ဏီမကြိုက်ဘူး။ မောင် ဏီနဲ့ ပြတ်နိုင်လား၊ သူနဲ့ ပြတ်မလား၊ ဒီနှစ်ခုထဲက တစ်ခု အပြတ်ပြော”

“ကျွတ်၊ ဏီကလည်းကွာ၊ ဏီ့ကို ဘယ် ပြတ်နိုင်မလဲ။ တမဏီလေးက မောင့်ရဲ့အချစ်ဆုံး လေးပဲ” မောင့်ရဲ့ စကား မဆုံးမီမှာပင် မောင့် ရင်ခွင်ထဲကို ကျွန်မ ရောက်ရှိသွားတော့တယ်။

နိုင်နဲ့ ပတ်သက်တဲ့ ဒီကိစ္စရပ်တွေကို ဗြောင် ဖွင့်ရှင်းလိုက်ရတာကြောင့် စိတ်ထဲမှာ ပေါ့ပါး သွားရတယ်။ မောင်နှင့် နှစ်ဦးဆုံတိုင်း မောင့် စကားတွေထဲမှာ နိုင့်အကြောင်း မပါဝင်တော့ တာ၊ ကျွန်မက စတင်ပြီး နိုင့်အကြောင်းတွေ အစ မဖော်တာကြောင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ တွေနှင့်သာ ထာဝရ အတိပြီးတော့မယ်လို့ ကျွန်မ ယုံကြည်လာမိတယ်။ ကျွန်မကို လက်ထပ်ချင်ပြီ ဏီရယ်လို့ ဇွတ်ပူဆာတတ်တဲ့ မောင့်ကို ဒီနှစ် ကျောင်းပြီးရင်လို့ ကြည်နူးစိတ်နဲ့ ဖြေသိမ့်ပြောခဲ့ ရတယ်။ ကျောင်းပြီးရင် စင်ကာပူမှ မောင့်အစ်ကိုတွေဆီ မောင်သွားလိုက်ပြီး အလုပ်လုပ်မယ့် အကြောင်း၊ စင်ကာပူမသွားခင် ဏီနဲ့ လက်ထပ် ထားပြီး ဟိုမှာ အခြေကျရင် ဏီ့ကို လှမ်းခေါ်မယ့် အကြောင်း၊ ကလေးတွေရရင် အထိ တွေးတော ထားတဲ့ မောင့်စီမံကိန်း များကို နားထောင်ရင်း မောင် ကျွန်မကို သိပ်ချစ်မှန်း သိရလေ ကျွန်မ ကြည်နူး ၀မ်းသာရသလို ဘာကြောင့်မှန်း မသိ တစ်ခုခုကို ကြောက်လန့်လို့ နေမိတယ် မောင်။ ပျော်ရွှင်ကြည်နူးမှုတွေ မောင့်ကြောင့်ရရှိခဲ့သလို ၀မ်းနည်း ကြေကွဲမှုများကို မောင့်ကြောင့် မရှိခဲ့ ပါဘဲ ကျွန်မကြောင့်သာလျှင် ကျွန်မဘာသာ ဖန်တီးမိလျက်သား ဖြစ်ခဲ့ရ တယ်နော်။

အဲဒီနေ့က အလွန်အမင်းကို ကြေကွဲဝမ်း နည်းမိတယ် မောင်။ ကျွန်မမွေးနေ့ ဘုရားတက်ပြီး ထုံစံအတိုင်း ရှမ်းကန်မှာ စားကြဖို့ ကြိုတင်ချိန်း ဆိုပြီးသား၊ ကျွန်မအိမ်နဲ့ သိပ်မဝေးတဲ့ ရှမ်းလမ်း ထိပ်မှာ ကားနှင့် လာကြိုမယ့် မောင့်ကိုစောင့်ရင်း အချိန်တွေသာ ကုန်လွန်ခဲ့တယ်။ မောင်တစ်ယောက်ရောက်မလာခဲ့။ နေပူပူထဲမှာ ကျွန်မ ဘယ်နှနာရီကြာအောင် ရပ်စောင့်နေမိတယ် ဆိုတာ ကို ကျွန်မကိုယ်တိုင် မသိနိုင်ခဲ့။ ခြေချောင်းများ ထုံကျင် ညောင်းကိုက်လာပြီး ခေါင်းတစ်ခြမ်း တစစ်စစ်ကိုက်လာမှသာ ရပ်တည်ရာ နေရာအရပ် မှ အမြန်ဆုံး ထွက်ခွာလိုစိတ် ပေါ်လာရတယ်။ ကျွန်မမွေးနေ့ရက် ကိုတောင် မလာနိုင်ရအောင် ကျွန်မထက် အရေးကြီးတဲ့ကိစ္စတွေ ဘာတွေများ ရှိနေသေးလို့လဲ မောင်။ ဏီ့ဟန်းဖုန်းကို ဆက်လည်း ရနိုင်ပါလျက် ဖုန်းလေးတစ်ချက်တောင် မဆက်၊ Massage တစ်ကြောင်းတောင်မှ မပို့နိုင် အောင်ကို မောင် ဘာများဖြစ်နေလဲ၊ ကားမောင်း လာရင်း လမ်းမှာ ကားပျက်လို့လား၊ မတော်တ ဆများ... ဘုရား ဘုရား၊ အတွေးတို့နှင့် ပူလောင်လာရင်း မောင့်ဟန်းဖုန်းကို ဆက်တော့ မရ၊ ဆက်သွယ်မှုဧရိယာ ပြင်ပ သို့မဟုတ် စက်ပိတ်ထား၍ သော်လည်းကောင်းတဲ့။ နဂိုက တည်းကမှ ရင့်ကျက် တည်ငြိမ်မှု အားနည်းတဲ့ ကျွန်မလေ မောင့်ကို စိတ်ဆိုးရင်း၊ စိတ်ပူရင်း ကိုယ့်ဘာသာကိုယ်လည်း ဒေါသထွက်မိတယ်၊

ဝမ်းလည်း နည်းမိတယ် မောင်။ မောင့်အိမ်ကို လိုက်လာတော့လည်း တစ်ယောက်မှ မတွေ့ခဲ့ ရဘဲ ခြံတံခါးဝကနေ လှည့်ပြန်ခဲ့ရတယ် မောင်။ နောက်ဆုံးတော့ ကျွန်မ အိမ်ကိုပဲ ပြန်လာခဲ့တော့ တယ်။ “မောင် ဘာဖြစ်လို့ မလာတာပါကွာ“လို့ အစချီပြီး ဖုန်းဆက် ဖြေရှင်းရင် ကျွန်မ လုံးဝစကား ပြန်မပြောဘဲ နေမယ်ဟု စိတ်ပိုင်းဖြတ်ထားတယ်။ ညအိပ်ရာ ၀င်ခါနီးမှ မဆက်ဘဲ အိမ်ဖုန်းဆီသို့ “ဏီရေ ဖုန်းလာတယ်”လို့ပြောတဲ့ မာမီ့အသံ ကြောင့် ဟမ်းဖုန်းဆက်ရင် မောင့်ဖုန်းမှန်းသိပြီး မကိုင်မှာစိုးလို့ အိမ်ဖုန်းကို ဆက်တာပဲနေမှာဆိုပြီး ဖုန်းပြောကြည့်မှ မောင် မဟုတ်ဘဲ ကျွန်မသူငယ် ချင်း ဇင်မာဖြစ်နေတယ်။ “ဘာဖြစ်လို့လဲ”လို့ ကျွန်မမေးအပြီး “ဒီနေ့ ငါ့အစ်ကိုတောင် နင့်ရဲ့ မောင်နဲ့ တွေ့လာသေးတယ်”လို့ ဇင်မာ ပြောလာ တာကြောင့် သိလိုဇောနှင့် “ဘယ်မှာတွေ့ကြတာ လဲဟင်”လို့ အလျင်စလို မေးလိုက်မိတယ်။

“နိုင့်အိမ်မှာလေ၊ နိုင် ဒီနေ့” အို ကျွန်မ မကြားချင်ဆုံး သူရဲ့အိမ်မှာတဲ့လား။ ဇင်မာ့ စကားကို ဆုံးအောင် နားမထောင်ဘဲ ဖုန်းခွက်ကို ဆောင့်ချမိအောင် စိတ်တွေ လွင့်ထွက်သွားတော့တယ်။ မောင်..၊ ကျွန်မ မွေးနေ့ရက်ကိုတောင် ဖျက်ပြီး နိုင့်အိမ်ကို သွားနေရသတဲ့လားရှင်။ “ဏီရယ် မောင် နိုင်နဲ့ ပြတ်နိုင်ရမှာပေါ့” ဆိုတဲ့ မောင့် စကားတွေ၊ နိုင်နဲ့ မောင့်ကို ကျွန်မဘယ်လိုနည်း နဲ့မှ မယုံကြည်တော့ဘူး။ ကျွန်မကို အယုံသွင်းပြီး မောင်ကတော့ နိုင်နဲ့ ဆက်သွယ်နေတာပဲ။ မွေးနေ့ ရက်မှာတောင် ချန်ထားရက်လေခြင်း၊ လှည့် စားရက်လေခြင်းဆိုတဲ့အသိတို့က ရင်ကို အဆ မတန် နာကျင် ဆူပွက်စေတယ်။ တဆတ်ဆတ် တုန်နေတဲ့ နှုတ်ခမ်းပါးပေါ်ကို ပူနွေးနွေးမျက် ရည်ကြည်တို့က နေရာယူ စီးဆင်းလာကြတယ်။

ကျွန်မမွေးနေ့ အပြီး သုံးရက်မြောက်မှာမှ စတင် ဆက်သွယ်လာတဲ့ မောင့်ကို “ခုမှ ဘာ လာလုပ်တာလဲ မောင်၊ ကျွန်မနဲ့ မောင် ပတ်သက် စရာ အကြောင်း ရှိသေးလို့လား” လို့ မေးလိုက်ချင် ပါတယ်မောင်။ ဒါပေမယ့် မောင်နဲ့တွေ့ရင် အရည်ပျော်သွားတတ်တဲ့ ကျွန်မတစ်ယောက် မောင့်ကို အတွေ့မခံတော့ဘဲ ရှောင်နေခဲ့တော့တယ် နော်။ နောက်ဆုံးနှစ် စာမေးပွဲ ဖြေရက်တွေမှာ “ဏီရယ် မောင်ကို စကားပြောခွင့် ပေးပါဦး”လို့ တတွတ်တွတ် လိုက်ပြောတတ်တဲ့ မောင့်စကားသံ ကြားတိုင်း မောင့်အနီးနားက ဝေးရာကို အပြေး ထွက်ခဲ့တယ်။ ကျွန်မ မျက်ဝန်းထဲမှာတော့ ဟား တိုက် လှောင်ရယ်မောနေတဲ့ နိုင့်မျက်နှာကို သာ ရွံရှာစွာ တွေ့မြင်နေရတယ် နိုင်နှင့်မျက်နှာချင်း ဆိုင် ဆုံတွေ့ရင် အရမ်းကို ပေါက်ကွဲမိမှာ သိတာ ကြောင့် နိုင်နှင့်မဆုံတွေ့ပါစေနဲ့တော့လို့သာ ကျွန်မ ဆုတောင်းခဲ့မိတယ်။ ဆုတောင်းတိုင်း လွဲတတ်တဲ့ ကျွန်မရဲ့စာမျက်နှာကို ကျွန်မဘာသာ ပြန်ရှာတွေ့သော နေ့တစ်နေ့။

အဲဒီနေ့က အိမ်က အဘွားကို အာရှတော်ဝင် နှလုံးနှင့် အထွေထွေရောဂါ အထူးကုဆေးခန်းသို့ ကျွန်မ လိုက်ပို့ပေးတဲ့ရက်မှာ ကျွန်မ မဆုံတွေ့ချင် တဲ့ သူနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရ တော့တယ်။ တိုကင်ကိုင်တဲ့ တာဝန်ကျ ဆရာမထံ ကျွန်မတို့ ရောက်ရှိကြောင်း အကြောင်းသွားကြားပြီး လိမ္မော်ရောင် ပလတ်စတစ်ထိုင်ခုံမှ အဖြတ် “တမဏီ”ဆိုတဲ့ နှုတ်ဆက်သံကြောင့် ဖျတ်ခနဲ အကြည့်မှာ နိုင့်မျက်နှာ ဖျော့ဖျော့ကို တွေ့လိုက် ရတယ်။ အဘွားကို ထိုင်ခုံအလွတ်မှာ နေရာချ ပေးပြီး ဆေးခန်း အပြင်ဘက်ကို ကျွန်မ ပြန်ထွက် လာမိတယ်။ ကားတစ်စီးဘေးမှာ မှီရပ်လိုက်ရင်း ဆူပွက်နေပြီ ဖြစ်တဲ့ ဒေါသ တို့ကို ချိုးနှိမ်နေရတယ်။

“တမဏီ”

အို၊ သူဆေးခန်း အပြင်ဘက်ထိ ဘာလို့လိုက်လာရတာလဲ။ ခေါ်ပြန်ပြီ တမဏီတဲ့။
“ဘာလို့ ကျွန်မနာမည် ခေါ်နေရတာလဲ”

“ပြောစရာရှိလို့ပါ၊ တမဏီ ဇွဲဝီရကို အဆက် ဖြတ်ထားတယ်ဆို”

“ဒါ ရှင့် ကိစ္စမဟုတ်ဘူး၊ ဘာလဲ မောင်က ရှင့်ရည်းစားမို့ လိုက်ပူနေ ရတာလား” ဆိုတဲ့ ကျွန်မအပြောကြောင့် ဖြူဖျော့ဖျော့ နိုင်မျက်နှာမှာ သွေးရောင်လွှမ်းသွား တာကို အသေအချာ မြင်လိုက်ရတယ်။
“ဇွဲဝီရမှာ ဘာအပြစ်မှမရှိဘဲ ဘာဖြစ်လို့ အဆက်ဖြတ်ပစ် ရတာလဲဗျာ၊ ဒီကောင် သိပ်ခံစား နေရတယ်”

“ရှင် ပြောသလိုဆို ကျွန်မကပဲ အပြစ် ရှိနေသလို၊ ဒီမှာ ရှင့်ကို မောင်က လာချွဲထား လို့လား၊ ဟွန်း သိပ်ချစ်ကြတဲ့ အချစ်ဆုံးတွေဆိုတော့ တစ်ယောက် ကိုတစ်ယောက် ဖေးဖေးမမ နဲ့ပေါ့”

“ဟာ တမဏီ အထင်လွဲနေတုန်းကိုး၊ ကျွန်တော်တို့ အရမ်းချစ်ပြီး အရမ်း တွဲနေကြတယ်ဆိုတာ ဘော်ဒါညီအစ်ကို ကဏ္ဍပါ။ ကျွန်တော်နဲ့ ပတ်သက်တဲ့ ကိစ္စကြောင့် တမဏီတို့ ပြဿနာ ဖြစ်ခဲ့ရတာ တကယ်ကို စိတ်မကောင်းပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ဒီကောင် အရမ်းခံစားနေရတယ်။ တမဏီ မွေးနေ့ ဘာကြောင့် မလာဖြစ်လဲဆိုတာ ဒီကောင့်ကိုယ်စား ကျွန်တော် ရှင်းပြချင် ပါတယ်”

“အို ဒါတွေ ဘာမှမကြားချင်ဘူး။ သွားမယ်”ဆိုတဲ့ ကျွန်မကို...
“ခဏနေပါဦး ဏီ၊ ကျွန်တော် ရှင်းပြတာ နားမထောင်ချင်ဘူး ဆိုရင် ဇွဲဝီရနဲ့တော့ တွေ့သွားလိုက်ပါ။ ဒီကောင် ကျွန်တော့်ကို ဆေးခန်းလိုက်ပို့ ပေးတာ၊ အခုအအေး သွားဝယ်နေတယ်”

သြော် မောင်က သူ့ကို ဆေးခန်းလိုက်ပို့ပေးတဲ့ အထိတောင် ဖြစ်နေတာကိုး။ နာကျင်စိတ်နဲ့ ရပ်တည်နေရာမှ ရုန်းထွက်နေဆဲ “တစ်ခါတည်း တွေ့သွား လိုက်ပါဗျာ၊ ဒီကောင် သိပ်ခံစားနေရတာ တမဏီ မသနားဘူးလား”တဲ့။

“ရှင်ပဲ တစ်သက်လုံး အနားမှာနေပြီး သနားလိုက်၊ ရှင်တို့က အချစ်ဆုံး တွေပဲ၊ ပြီးတော့ ယောက်ျားချင်း...”
“ဟာကွာ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး”

ကျွန်မကို အော်ငေါက်သံနှင့်ပြောလာတဲ့ နိုင့်မျက်နှာကို နာကြည်းပေါက် ကွဲစွာ ခပ်စူးစူးကြည့်ရင်း...
“ဟုတ်ကိုဟုတ်တယ်၊ ရှင် အခြောက်ပဲ၊ မိန်းမ မယူနဲ့၊ ယောက်ျားပဲ ယူ သိလား” တဆတ်ဆတ်တုန်နေတဲ့ လက်နှင့် ကျွန်မလက်မောင်းကို လှမ်းဆွဲပြီး “တမဏီ မင်း မစော်ကားနဲ့”တဲ့။ ကျွန်မ ထိန်းချုပ်နိုင်စွမ်းတွေ အလွန်အမင်း ယိုင်နဲ့ကုန်ပြီနော်။ ဆက်ပြီး...
“ရှင်တို့လို လူမျိုးကို ကျွန်မသိပ်ရွံတယ်၊ ရှင့်လိုလူမျိုးနဲ့ ကျွန်မစကား ပြောရတာ အော့နှလုံးနာတယ်”လို့ မျက်နှာချင်းဆိုင် နိုင့်မျက်နှာပေါ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောမိတယ်။

“နိုင့်ကို မင်းသိပ်စော်ကားတယ်”လို့ မျက်လုံးများ ပြူးကျယ်စွာပြော ဆိုရင်း ပျော့ခွေကျလာတဲ့ သူ့ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ဆေးခန်းထဲ ပြန်ဝင်ခဲ့တယ်။ ကျွန်မ ပြောခဲ့တာ မှန်သလား မှားသလား အဖြေမထွက် ခင်မှာပင် ကျွန်မကိုရပ်ကြည့်နေတဲ့ အေးခဲနေတဲ့ မောင့်မျက်ဝန်းတွေကို ရုတ်တရက် တွေ့လိုက်ရ တာကြောင့် လန့်ပြီး မတ်တတ်ရပ်နေဆဲ ကျွန်မကို ပခုံးချင်းတိုက်ပြီး ဖြတ်ကျော်သွားတဲ့ မောင့်ခြေ လှမ်းတွေက...။ အို ကွန်ကရစ် ကြမ်းခင်းပေါ်မှာ ခုနတုန်းက ပျော့ခွေကျလာတဲ့ နိုင်တစ်ယောက် ပုံလျက်သား လဲနေပြီပဲ။ နိုင့်ကိုပွေ့ချီရင်း အရေး ပေါ်ခန်းထဲ ပြေးဝင်သွားတဲ့ မောင့်နောက်ကို ကျွန်မ ကိုယ်တိုင်လည်း ပြေးလိုက် နေမိပြီဖြစ်တယ်။ တဆတ်ဆတ် တုန်ရီနေတဲ့ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း နိုင် ဘာမှမဖြစ်ပါစေ နဲ့လို့ ကျွန်မဆုတောင်းရင်း မျက်လုံးတို့ကို မှိတ် ထားမိတယ်။ ခုတင်ပေါ်မှာ စက်ကိရိယာတွေနဲ့ စမ်းသပ်ခံနေရတဲ့နိုင့်ကို ကျွန်မ မကြည့်ရဲတော့။

“နိုင်ရေ”ဆိုတဲ့ မောင့်ရဲ့ ယူကျုံးမရ ငိုကြွေးသံ အကြားမှာ ကျွန်မ မျက်လုံးတွေက ဆတ်ခနဲ ပွင့်လာပြီး မောင်၊ နိုင် ဘာဖြစ်သွားပြီလဲ၊ ဘာဖြစ်သွားပြီလဲလို့ ထပ်တလဲလဲ မေးနေမိတယ်။ ငိုရှိုက်နေရင်းနှင့် “ခင်ဗျား ကျေနပ်သွားပြီလား” လို့ နင့်နင့်သီးသီး ပြောလာတဲ့ မောင့်စကားသံ ဗလုံးဗထွေး နောက်ကွယ်မှာ ကျွန်မ သိရှိလိုက်ရ တာက ကျွန်မကိုယ်တိုင် ဘာမှ ပြင်ဆင်ခွင့်မရ အောင်ကို မှားယွင်းခဲ့ပြီလေ။

“ခင်ဗျား မွေးနေ့ရက်မှာ နိုင် Heart Attack ရလို့ သူ့အိမ်က ဖုန်းဆက်ခေါ်တာနဲ့ ချက်ချင်း သွားရတာ၊ နိုင့်မှာ မွေးရာပါ နှလုံးရောဂါ ရှိတယ်ကွ။ ခင်ဗျားဆီက ဖုန်း Miss call တွေကို နောက် တစ်ရက်ရောက်မှ ကားထဲက တွေ့ပေမယ့် အဲဒီ အချိန်မှာ ကျုပ် ဖုန်းဆက်ပြီး ရှင်းပြတာ ခင်ဗျား မှ လက်မခံဘဲ။ အခုလည်း နိုင့်ကို ဆေးခန်းလိုက် ပို့ရင်း အအေး သွားဝယ်နေတာ ကျုပ်အမှားပဲ။ Lobby ကထွက်လာတော့ ခင်ဗျားတို့ နှစ်ယောက် ကို တွေ့လိုက်ကတည်းက တစ်ခုခုတော့ ဖြစ်ကုန် ပြီဆိုတာ ကြိုတွေးမိခဲ့ပေမယ့် နိုင်အသက် ဆုံးရှုံး ခဲ့ရတဲ့ အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ 2nd attack နဲ့ ဆုံးခဲ့တဲ့ နိုင့်ကို ခင်ဗျား ဘယ်လိုများ နင့်နင့်သီးသီးတွေ၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလိုက်လို့လဲကွာ၊ ခင်ဗျား တော်ပါတယ်၊ လူတစ်ယောက် အသက်ဆုံးရှုံး ရတဲ့ အထိ တစ်ဖက်သတ် အနိုင်ယူ ပြောဆိုတတ်တဲ့ ခင်ဗျားရဲ့ နှုတ်ခမ်းပါးပါးတွေကို ကျုပ်တကယ်ပဲ ချီးကျူး ပါတယ်ကွာ”

အဆုံးစွန် ပေါက်ကွဲဒေါသ တို့နှင့်အတူ ခင်ဗျားနှင့် ကျုပ်တွေပဲ ပြည့်နှက်နေတဲ့ မောင့် စကားသံတို့ တုန်ရီဟိုက်မော သွားတော့မယ့် ဆဲဆဲ “ဏီ သိပ်မှားသွားပြီ မောင်”လို့ တုန်လှုပ်စွာ ပြော လိုက်မိတယ်။
“ဘာ၊ မှားသွားပြီဟုတ်လား။ ဒီအမှားက ပြန်ပြင်လို့ရတဲ့ အမှားလား”

“မောင့်ကို ဏီ သိပ်ချစ်လွန်းလို့၊ သ၀န်တို တတ်လွန်းလို့ အခုလို ဖြစ်သွားရတာပါ၊ မောင့်ကို သိပ်ချစ်လွန်းလို့ ဖြစ်ရတာ ယုံပါ”

“သိပ်ချစ်လွန်းလို့တဲ့၊ ဟုတ်ပါသလား မတမဏီ၊ ဟား..ဟား..ဟား”

အို မရယ်ပါနဲ့ မောင်ရယ်။ နာကျင်ကြေကွဲစွာ လှောင်ရယ်မောနေတဲ့ ခြောက်ကပ်ကပ် အက် ကွဲကွဲ ရယ်သံကြားမှာ ကျွန်မဘယ်လိုမှ မနေတတ် တော့ပါမောင်။
“ဒီမှာ တမဏီ၊ ခင်ဗျားလောက် သဘော ထားသေးသိမ်တဲ့ မိန်းမမျိုးနဲ့ ကျုပ်ဘယ်တော့မှ ထပ်မကြုံပါရစေနဲ့လို့ပဲ ဆုတောင်းနေမယ်”

ရက်စက်လိုက်တာ မောင်ရယ်။ မောင့် စကားလုံးတွေက မောင့်ကို သိပ်နှစ်လိုတဲ့ ကျွန်မ နှလုံးသား တွေကို အပူမီးနီရဲရဲ သံချောင်းချွန်တို့နှင့် ထိုးနှက်တာ ထက်တောင် ခံစားရပါတယ်မောင်။ ကျွန်မ မောင့်ကို ချစ်လွန်းလို့ ဖြစ်သွားရတာ မောင် နားလည် မပေးတော့ဘူး ပေါ့မောင်။
သိပ်ကို သဘောထား သေးသိမ်လွန်းတဲ့ မိန်းမတဲ့။ တုန်ရီလာသော နှုတ်ခမ်းပါးပါးတို့ကို သွားချွန်ဖြူဖြူ ရှည်ရှည်လေးက ပြတ်လုမတတ် ကိုက်ဖဲ့နေမိတယ်။ နှုတ်ခမ်းပေါ်မှာ စေးပျစ်ပျစ် အရာတို့ ထွက်ပေါ်လာကြသလို လိမ့်ဆင်းလာတဲ့ မျက်ရည်ပူတို့ကေ၀၀ါးတဲ့မြင်ကွင်းတို့ကိုသာ တွေ့ရှိစေနိုင်တယ်။ တစ်စုံတစ်ရာ ဆုံးရှုံးမှုတဲ့။

ကျွန်မဆုံးရှုံးတာ တစ်စုံတစ်ရာ ကပါ့မလား မောင်ရယ်။ ကျွန်မလေ ကျွန်မ ဘာကို ခံစားနေရတယ် ဆိုတာကို မသိနိုင်လောက်အောင် ဦးနှောက်ချို့ ယွင်းသွားခဲ့ရင် သိပ်ကို ကောင်းမှာပါပဲရှင်။ ခုတော့ ပုံမှန် ဦးနှောက်နဲ့ ကျွန်မရဲ့နှလုံးခုန်သံတွေ တစ်သက်တာလုံး ပုံမှန်ပြန်ဖြစ်နိုင်မှာ မဟုတ် တော့ပါဘူး။ တမလွန် ဘ၀က နိုင်ရယ် ကျွန်မကို ကျေပါတော့၊ ခွင့်လွှတ်ပါတော့လို့ တောင်းပန်ပါ ရစေ။ မောင့်ကိုတော့ ကျွန်မ ...။
ဒါကိုတော့ မောင်တစ်ယောက် သိရှိသွား ခဲ့လျှင် ရှတ အက်ကွဲသံတို့နှင့် ရယ်မောနေမယ် ဆိုတာ...။
သံဗျင်ဦး

No comments:

Post a Comment