Pages

Monday 3 October 2011

မရှိလို့ မဖြစ်ဘူး

နံနက် မိုးလင်းလင်းချင်း ပထမဦးဆုံး တွေးမိသော အတွေးမှာ အိမ်မှာ အမေ မရှိဘူးဟု တွေးမိသည်။
ထို့ကြောင့် ငါဒီနေ့ ဈေးသွား ရဦးမှာပါလားဟု တစ်ဆက်တည်း အတွေး ၀င်လာသည်။ မနေ့က အထိ ဈေးသွားဖို့၊ မသွားဖို့ စဉ်းစား မနေရပေ။ သည်နေ့တော့ အမေ မရှိတာနဲ့ ဈေးသွားဖို့ စဉ်းစားရပြန်သည်။ အိမ်မှာ အမေရှိသည့် အချိန်တွေ တုန်းကတော့ အမေသာလျှင် မိန်းမကောင်း ပီသစွာ ဈေးသို့ ပြေးရတတ်သည်။

ဈေးဝယ်ခြင်း အနုပညာ ဆိုသည်မှာလည်း (အထူးသဖြင့် ဟင်းချက်စရာ) မိန်းမကောင်းတို့သာ အထူး တတ်အပ်သော ပညာဟု ထင်မိသည်။ အိမ်ထောင်ရှင်မကောင်း ပီသသော မိန်းမတို့ သာလျှင် သည်နေ့ ဘာဟင်းချက်မလဲ၊ လင်သားက ဘာကြိုက်တတ်သလဲ၊ သားက ဘာသား ရှောင်တတ်သလဲ၊ သမီးကတော့ ဘာလေး စားချင်တတ်သလဲ ဆိုတာ စိတ်နှလုံးဖြင့် အတပ်သိကာ စီမံခန့်ခွဲ တတ်လေသည်။ မီးဖိုချောင်မှာပင် စိတ်ရှည်လက်ရှည် ချက်ပြုတ် ကျွေးမွေးရသဖြင့် ထိုပညာမှာ ဇနီးကောင်း၊ မိခင်ကောင်း မိန်းမတို့မှာ သာလျှင် ရှိတတ်သည်။

သည်နေ့တော့ ဈေးကို စက်ဘီးဖြင့် နေ့စဉ်ပြေးကာ အိမ်မှာ ထာဝစဉ် ချက်ပြုတ် ကျွေးမွေးနေသော အမေလည်း အိမ်မှာ မရှိပေ။ ကျွန်တော့်အောက်က ညီမ တစ်ယောက်က ဘီအီးဒီ ဘွဲ့ဖြင့် ကျောက်ပန်းတောင်းမှာ အလယ်တန်းပြ ဆရာမ ရာထူး ရသောကြောင့် ကျောင်းအဖွင့်မှာ သူ့ကို ကျောက်ပန်းတောင်းကို ပို့ရသည်။ ဟိုမှာ သူ့ကို တစ်ယောက်တည်း အစိမ်းသက်သက် ထားခဲ့ရသည့် အခါ စိတ်မချသဖြင့် အမေ နေခဲ့ရမှာလားဟု မေးသောအခါ သူက ရပါတယ်ဟု ဆိုကာ နှင်လိုက်သည်။

သို့သော် နောက်တစ်နေ့ နံနက်မှာပင် ဖုန်းဖြင့် လှမ်းဆက်ပြီး မနေချင် ဘူးဟု တညည်းညည်းဖြင့် ငိုကြီးချက်မ တိုင်တောလေသည်။ ကျွန်တော် တို့မိသားစုမှာ ကြားကြားချင်း စိတ်ထိခိုက်သွားကာ သူ့ကိုချော့မော့ ဖျောင်းဖျ ရသည်။ မိန်းကလေး တစ်ယောက်အနေနှင့် ကျောင်းဆရာမလေး အဖြစ် ဂုဏ်တင့်တယ်သလို၊ သည်အလုပ် ဆိုတာကလည်း ကျောင်းပြီးပြီးချင်း အလွယ်တကူ ရသဖြင့် တန်ဖိုး ထားစေချင်ကြောင်း အားပေးရသည်။ ပြီးတော့ သူတစ်ယောက်သာလျှင် ကံကောင်းသဖြင့် မြို့ပေါ်ကျောင်း ရောက်ရသည်။ အိမ်ကို ပြန်လာချင်လျှင် ကျောက်ပန်းတောင်း မြို့နှင့် ပျော်ဘွယ်မြို့ ဘယ်လောက်မှ ဝေးတာ မဟုတ်ဘဲ အလွယ်တကူ ပြန်လာလို့ ဖြစ်သည်ဆိုတာကိုပါ နှစ်သိမ့် ဖျောင်းဖျ ပေးရသည်။

သို့သော် ဘယ်လိုပင် ချော့မော့ ဖျောင်းဖျပါစေ၊ သူကတော့ မနေချင်ဘူး၊ ပြန်လာမှာချည်း ငိုယိုကာ တောင်းဆိုလေသည်။ ဟိုမှာ သူ့ကို တစ်ယောက်တည်း ထားခဲ့သဖြင့် သူစိမ်းတွေ အလယ်မှာ အားငယ်ကာ အိမ်လွမ်းစိတ်ဖြင့် တစ်စုံတစ်ခု စိုးရိမ်ကြောက်လန့် နေရှာလိမ့်မည်။ ကျွန်တော့် ညီမက အိမ်မှာလည်း အနေအေးသဖြင့် သူစိမ်း အလယ်မှာ သူတစ်ယောက်တည်း ယောင်ချာချာ မနေတတ်၊ မထိုင်တတ် ဖြစ်ပုံရသည်။ ထို့နေ့တစ်နေ့ တည်းမှာပင် မနက်တစ်ခါ၊ ညနေတစ်ခါ ဖုန်းဖြင့် ငိုယို တိုင်တောလေသည်။ ပြန်လာမှာဟုလည်း တတွတ်တွတ် ရွတ်နေသဖြင့် ဇွတ်တရွတ် လုပ်တော့ မည့်ပုံပေါ်သည်။

ကျွန်တော်တို့မှာလည်း စိတ်မကောင်း ဖြစ်ရသဖြင့် တစ်စုံတစ်ခု စီစဉ် ရတော့မည်မို့ အမြန် တိုင်ပင်ရသည်။ နောက်ဆုံးတော့ သူ့ကို သည်အလုပ်ကနေ မထွက်စေချင်သဖြင့် မိသားစု အဖော် တစ်ယောက်ပါလျှင် သူစိတ်ပျော်တန် ကောင်းရဲ့ဟု တွေးကာ အမေ့ကို သူနှင့်အတူ နေရန် ကျောက်ပန်းတောင်းကို လွှတ်လိုက်ရသည်။

အမေသည် သူ့သမီး ကျောင်းဆရာ မဖြစ်ရေး သူမနေချင်သော သူစိမ်းတွေရဲ့ မြို့မှာ အောင့်အည်းသည်းခံ နေလိုက်ပါသော်လည်း နောက်ပိုင်းကို စိတ်မချသဖြင့် တငင်ငင် ဖြစ်နေမိသည်။ သည်မှာက ဈေးဆိုင်က နှစ်ဆိုင် ရှိသည်။ ရပ်ကွက်ထဲက ဆိုင်တစ်ဆိုင်ရယ်၊ အဝေးပြေး ကားလမ်းမဘေးက ဆိုင် တစ်ဆိုင်ရယ်။ သည်ဆိုင်နှစ်ဆိုင်နှင့် အိမ်မှာ ထမင်း၊ ဟင်း ဘယ်သူ ချက်ကျွေးမှာလဲ။ အမေ သွားပြီဆိုလျှင် ကျွန်တော်တို့မှာ သားအဖငါးယောက်သာ ကျန်တော့သည်။ ကျွန်တော့်ညီ အငယ်ဆုံးက ရှစ်တန်းကျောင်းသား ဆိုတော့ သူက ကျောင်းတက်ရသည်။ သည်တော့ ဟိုဆိုင်မှာက လူနှစ်ယောက်၊ သည်ဘက်ဆိုင်မှာ လူနှစ်ယောက်သာ ရှိသည်။ အငယ်ဆုံး ညီမကလည်း တက္ကသိုလ် ကျောင်းတွေ ဖွင့်ပြီမို့ ကျောင်းသွားရတော့သည်။ ကျွန်တော်တို့ လေးယောက်မှာ ဆိုင်တာဝန်၊ အိမ်တာဝန်များကို လုပ်နိုင်ပါ့ မလားဟု အမေသည် စိတ်မချ ဖြစ်နေသည်။

ဈေးဆိုင် တစ်ဆိုင်မှာလည်း အနည်းဆုံး လူသုံးယောက် ရှိဖို့ လိုအပ်သည်။ သို့သော် ဒါတွေကို ထည့်မတွက်အား။ အရေးကြီးသည်မှာ ကျွန်တော် တို့ညီမ ကျောင်းဆရာမ ဖြစ်ဖို့သာ အဓိကဖြစ်သည်။ ကျောင်းဆရာမ တစ်ယောက်အဖြစ် လူ့ဘ၀မှာ လူလေးစားကာ သိက္ခာရှိရှိ လုံခြုံစွာ ရပ်တည်နိုင်မည် မဟုတ်လား။ သည်တော့ အမေ့ကို နောက်ပိုင်းအတွက် စိတ်မပူဖို့ရန် အထပ်ထပ် နားချ တိုက်တွန်းကာ ကျောက်ပန်းတောင်းကိုပဲ လိုက်စေရသည်။

“အမေ ဘာမှ စိတ်ပူမနေနဲ့။ ဒီမှာ ကျွန်တော် အကုန် လုပ်တတ်တယ်။ ဈေးဝယ်တတ်တယ်။ အမေ ၀ယ်နေကျ ဈေးဆိုင်တွေကို ကျွန်တော် မှတ်ထားပါတယ်။ ဟိုမှာသာ အမေ မိစုနဲ့ အတူ တူနေပေးလိုက်။ ဒါမှ အမေလည်း နားရမှာ”

ငါမရှိရင် မဖြစ်ပါဘူးဟု အမေ စိတ်တထင့်ထင့် ဖြစ်နေမှာ စိုးသဖြင့် ကျွန်တော်သည် အမေ့ကို ကတိ အထပ်ထပ် ပေးကာ အာမဘန္တေ ခံလိုက်ရသည်။ ကျန်သည့် မိသားစုတွေကလည်း အမေ့ကို မဖြစ်သာလို့သာ ကျောက်ပန်းတောင်းကို လွှတ်လိုက်ရသည်။ အမေတစ်ယောက် အိမ်မှာ လျော့နေလျှင် သူတို့တွေ တစ်ယောက်စာ ပိုပြီး အလုပ် လုပ်ရတော့မည် ဖြစ်ကာ ပိုပင်ပန်းတော့မည်ကို ပါးစပ်က ဖွင့်မပြောပါဘဲ သိနေကြသည်။ ကျွန်တော်ကတော့ အမေ့ မရှိလည်း ဖြစ်ပါတယ်၊ ဘာမှ မလုပ်တတ်စရာ အကြောင်း မရှိဘူးဟု စိတ်ထဲတွင် ကြုံးဝါးကာ အမေ့ကိုပင် ကတိ အထပ်ထပ် ပေးခဲ့ပြီပါပကော။

သည့်အတွက် အိမ်မှာ ဘာပဲဖြစ်နေ ဖြစ်နေ ငါလုပ်ရတော့မှာပဲဟု စိတ်ပိုင်းဖြတ်ကာ ခွန်အား သတ္တိတွေ မွေးယူလိုက်ရသည်။ အမေ မရှိတော့ အမေ့ကိုယ်စား ကျွန်တော်ပဲ ဈေးသို့ သွားရတော့မည်။ မမက ဈေးကို တစ်နှစ်နေလို့ တစ်ခေါက် ရောက်ဖြစ်တာ မဟုတ်။ ကိုကိုကလည်း ဈေးဝယ်ဖို့ထက် အမေ့ဈေးခြင်း သယ်ဖို့သာ အားကိုးရသည်။ သည်တော့ ကျွန်တော်သာလျှင် မဖြစ်မနေ ဈေးကို သွားရတော့မည် မဟုတ်လား။

အိမ်မှာ အမေ မရှိသည့်အခါ ပထမဦးဆုံး ကြုံတွေ့ရသော အခက်အခဲမှာ အမေနေ့စဉ် နံနက် စောစောထကာ သံဃာတော်များ အတွက် ဆွမ်း လောင်းလှူနေကျ ဖြစ်စဉ်မှာ ပျက်ကွက်ခဲ့ရသည်။ နံနက်စောစော ကြွလာသော ဆွမ်းတန်းကို ဆွမ်းလောင်းလှူဖို့ ဆိုလျှင် အမေ့လိုပင် နံနက်လေး၊ ငါးနာရီ အိပ်ရာမှ ထမှဖြစ်မည်။ ကျွန်တော်တို့သည် ထိုအချိန်မှာ အိပ်မက် ကောင်းနေဆဲ ဖြစ်သဖြင့် အိပ်ရာမှ မနိုးပေ။ သို့ဖြင့် အမေကဲ့သို့ ဆွမ်းမချက်နိုင်သောကြောင့် ဆွမ်းတန်းအတွက် ပျက်ကွက်ခဲ့ရသည်။

နံနက် နေထွက်ချိန် ဆွမ်းခံကြွသော ထိုင်ကိုယ်တော်များ အတွက်မူ တစ်ခါတစ်ရံ ဆွမ်းဟင်းပင် မလောင်းလှူ နိုင်သဖြင့် မျက်နှာ ပူရလေသည်။ အမေ ကျောက်ပန်းတောင်း သွားကြောင်းကို ရင်းနှီး ခင်မင်သည့် ဆွမ်းခံကြွ ဦးဇင်းကြီး တစ်ပါးကို လျှောက်ထား အသိပေးတော့ ဦးဇင်းကြီးက
“ဟေ ဟုတ်လား။ အဲဒါဆို ငါတော့ ဆွမ်းဟင်းရမှာ မဟုတ်တော့ဘူး” ဟု ရယ်ကာမောကာ ကျီစား သွားလေသည်။ ကျွန်တော်တို့မှာ စိတ်လက်မကောင်းနိုင်ဘဲ ဆွမ်းဟင်းသက်သက် မချက်နိုင်ပေမယ့် ၀တ္ထုပစ္စည်း တစ်ခုခုကိုတော့ မဖြစ်ဖြစ်အောင် လောင်းလှူမည်ဟု စိတ်ဆုံး ဖြတ်မိပေသည်။ အမေ မရှိသည့် အတွက် ကျွန်တော့်မှာလည်း အချိန် အနည်းငယ် ဆုံးရှုံးမှု ခံစားရပါသေးသည်။ အရင်က အမေ ဈေးသွားနေသည့် အခါ ဆိုင်ကို ကျွန်တော် တစ်ယောက်တည်း စောင့်ကြည့်ရှုရင်း စာဖတ်နေလို့ ရသေးသည်။

ယခုတော့ စာအုပ်ပင် ကောက်မကိုင်နိုင်လောက်အောင် အလုပ်တွေဖြင့် ဗျာများ နေရသည်။ ဆိုင်နှစ်ဆိုင် အတွက် နံနက်စောစော ထကာ လုပ်စရာ ကိစ္စ၀ိစ္စများ လုပ်ပေးပြီး နံနက် ကိုးနာရီ ထိုးလျှင် ဈေးကို ပြေးရသည်။ ဈေးကို ကျွန်တော် ရောက်သွားသည့် အချိန်ဆိုလျှင် ဈေးမှာ လူသူ ရှင်းနေပေပြီ။ သည့်အတွက် ကျွန်တော့်မှာ ဈေးဝယ်ရတာ အဆင်ပြေသည်။ ဈေးနေ့ဆိုလျှင် မြို့က ၀ယ်သူတွေနှင့် တောက ၀ယ်သူတွေဖြင့် လူသံသူသံ ဆူဆူညံကာ စည်ကားလှသဖြင့် လူတောထဲ အတင်း တိုးနေရသောကြောင့် လူငွေ့နှင့်ပင် ချွေးပြန်ချင်လာပေသည်။ ဈေးဝယ်ရသည်မှာလည်း အေးအေးဆေးဆေး မဖြစ်လှဘဲ အော်ကာ ဟစ်ကာ တိုးကြိတ် ၀ယ်ရလေသည်။

သည်နေ့တော့ ဈေးနေ့ မဟုတ်သေးသဖြင့် ဈေးထဲမှာ လူရှင်းသောကြောင့် လူမတိုးရပေ။ အဦးဆုံး အနေဖြင့် ဈေးထဲမှာ မုန့်ဆိုင် ဖွင့်ထားသည့် အဒေါ်ဆိုင်မှာ လက်ဆွဲခြင်းတွေရယ်၊ ဆိုင်ကယ် ဦးထုပ်ရယ် ထားခဲ့ရသည်။ ၀ယ်ရမည့် ပစ္စည်းတွေ အတွက် သူ့ကို အရင် တိုင်ပင်လိုက်သည်။ ဘာပစ္စည်းက ဘယ်ဆိုင်မှာ ရှိသည်ဆိုတာ သူက လမ်းညွှန်ပြသည်။

အများအားဖြင့် အမေ ၀ယ်နေကျ ဆိုင်တွေကို ကျွန်တော် မှတ်မိပါသည်။ သည့်အတွက် တစ်ခါ တစ်ရံ အမေ့ကို ဈေးလိုက်ပို့ရတိုင်း အမေ့ လက်ဆွဲခြင်းကို ကူဆွဲကာ အမေ့နောက် တကောက်ကောက် လျှောက်လိုက်ရင်း အမေ ဘယ်ဆိုင်မှာ ဘာဝယ်သလဲ ဆိုတာ ကျွန်တော် မှတ်ထားလိုက်သည်။ သည်လို မှတ်သား ထားမှလည်း အမေ နေမကောင်းသည့် အခါ ကျွန်တော့်ကို အမေ ဈေးပြေးခိုင်းလျှင် ကျွန်တော် ၀ယ်တတ်မှ ဖြစ်မည်ဟု ကြိုတွေးမိပေသည်။

ထွေးထွေးကို ၀ယ်ခိုင်းလျှင် ရသော်လည်း သူ့မှာလည်း မုန့်ဆိုင် တစ်ဖက်နှင့် သူတစ်ယောက်တည်း။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ ကိုယ့်ဒုက္ခကို မျှဝေ မပေးချင်ပေ။ ဈေးဝယ်သည် ဆိုသည်မှာလည်း ဘယ်လောက်မှ ခဲရာခဲဆစ် မဖြစ်ပါဘူးဟုလည်း မထီမဲ့မြင် ပြုထားသည်။ ယခုလည်း ဟင်းချက်စရာ ၀ယ်ဖို့ ပါသော်လည်း ထွေးထွေးကို မ၀ယ်ခိုင်းဘဲ ကိုယ့်ဘာသာ ကြည့်ကျက် ၀ယ်လိုက်မယ်ဟု တွေးထားသည်။

ထွေးထွေးဆီမှ ပန်းသည်တန်းကို အဖြတ် ပန်းရောင်းသည့် အန်တီတစ်စုက “ဟယ် အ၀ယ်တော် ဖြစ်နေပြီလား”ဟု နှုတ်ဆက်သည်။ သူတို့ပင် မနေ့က ကျွန်တော် ဟင်းချိုင့်ဆွဲ အလာ ၀မ်းသာအားရ ရွှင်မြူး သွက်လက်စွာ စနောက် နေသေးသည်။

“ဟေး ချိုင့်ဆွဲ စားရပြီပေါ့ ဟုတ်လား။ အမေ မရှိသေးခင်တော့ စားထားဦးပေါ့ဟေ။ ဟုတ်ပြီလား”

သူတို့က အစားအသောက် အတွက် ကိစ္စကြီး တစ်ခုဟု အောက်မေ့ နေသော်လည်း ကျွန်တော့်အတွက် သည်လောက်လည်း မဟုတ်သေးပါဘူး။ ဘာဖြစ်ဖြစ် စားလို့ ရပါတယ်ဟု အစားအသောက် အတွက် ချေးမများတတ်ပေ။ သို့သော် အဖေကတော့ “အမေ့လက်ရာ လောက်တောင် မကောင်းဘူး” ဟု ညည်းနေလေသည်။ ဈေးမလာခင်လေးပင် ကျွန်တော်နှင့် မမ နှစ်ယောက်သား ဒီနေ့ ဘာချက်ရမလဲဟု ထိုင်ကာ ဆွေးနွေး နေရသည်။ မမကလည်း မီးဖို ချောင် အလုပ်ထဲကို ၀င်ချင်သူ မဟုတ်။ ဈေးဆိုင်မှာ သာလျှင် ဈေးရောင်းချင်သူ ဖြစ်သည်။ သို့အတွက် အရင်က မစဉ်းစားဖူးသည့် တစ်နေ့တာ ဟင်းလျာအတွက် ဦးနှောက် ခြောက်အောင်ပင် စဉ်းစားရလေသည်။ နောက်ဆုံး သူချက်နိုင်လောက်သည့် ဟင်းလျာအတွက် လိုအပ်သော ပစ္စည်းများကို စာရင်း ရေးပေးလိုက်သည်။

ကျွန်တော်သည် စာရွက်ကလေး ကိုင်ကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးဝယ်ရလေသည်။ အိမ်ဆိုင်မှာ ရောင်းဖို့အတွက် ကြက်ဥ၀ယ်ရသည်။ အရင်အိမ်ကို လာလာပို့နေကျ ကြက်ဥသည်လည်း အမေ မရှိသောကြောင့်လား မသိ၊ ကြက်ဥတွေ လာမပို့တော့ပေ။ ကျွန်တော်ကလည်း ကြက်ဥ မမှာဖြစ်ပေ။ သည်တော့ ဈေးထဲမှာပင် ရောင်းလို့ အဆင်ပြေမည့် ဈေးနှုန်းဖြင့် တွက်ချက်ကာ ကြက်ဥ ၀ယ်ရသည်။ ကြက်ဥနှင့် မုန့်ပစ္စည်းတွေ ၀ယ်ပြီး ထွေးထွေးဆိုင်ကို တစ်ခါ သွားပို့ရသည်။

ထို့နောက် ဟင်းချက်စရာ ၀ယ်ရန် လက်ဆွဲခြင်း အလတ်စားလေး ဆွဲကာ အသားတန်းဘက်သို့ ပြေးရလေသည်။
အသားတန်း မရောက်ခင် အသီးအနှံ ရောင်းသည့်ဆိုင်မှာ မနေ့ တစ်နေ့က သိကျွမ်း ခင်မင်ရသည့် ရွယ်တူ သူငယ်ချင်း တစ်ယောက်ကို မြင်သဖြင့် ၀မ်းသာအားတက်မိသည်။ သူက ကျွန်တော့်ကို မြင်တော့ လှိုက်လှဲ နှစ်လိုစွာ ပြုံးပြသဖြင့် တုံ့ပြန်ပြုံးပြမိသည်။ သူက သည်ဆိုင်မှာပင် နေ့စဉ် ၀ယ်နေကျ ဖောက်သည်ဖြစ်သည်။ နေဦး၊ သူ့ကို သည်ဆိုင်က အာလူး ၀ယ်ခိုင်းရင် ကောင်းမလား။ ဒါဆိုရင် ဈေးနှုန်းမှန် အလေးမှန် ရနိုင်ကောင်းသည်ဟု တွေးမိသည်။ သြော် ငါ့နှယ်၊ သည်လောက်ကလေးနှင့် ဘယ်သူ့ကိုများ သွားအားကိုးချင် နေမိပါလိမ့်။ ဒါလောက်လေးကို ကိုယ့်ဘာသာကို ၀ယ်လည်း ရရဲ့သားနဲ့။ ကျွန်တော့် စိတ်ထဲမှာ တစ်ခုခု ထင့်နေသည်။ ၀ယ်နေကျ ပစ္စည်း မဟုတ်သဖြင့် ဈေးများနေမှာ စိုးရိမ်နေတာလား၊ အလေးချိန် လျော့မှာ စိုးရိမ်နေတာလား။ မသိပေ။

ဈေးသည်တွေ ဆိုသည်မှာ ယောက်ျားလေးတွေ ဈေးလာဝယ်ရင် ပုံမှန် ဈေးထက် ပိုတင်ကာ ဈေးနှုန်း ရိုက်ရောင်းတတ်သည်ဟု ကြားဖူးထားသည်။ ယောက်ျားလေး အများစုက ဈေးဝယ်ရင် စေ့စေ့စပ်စပ် မ၀ယ်တတ်။ ဈေးဆစ် ရမှာလည်း ရှက်တတ်သည် မဟုတ်လား။ သည်တော့ ကျွန်တော်တို့သည် ဈေးထဲက ဈေးသည်တွေကို ဘယ်လောက်များများ ယုံကြည်ထားလို့ ရနိုင်မည်လဲ။ အကယ်ဆို ယောက်ျားလေးပဲ ၀ယ်ဝယ်၊ မိန်းကလေးပဲ ၀ယ်ဝယ် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း တစ်ပြေးညီ ရောင်းချပေးရာမှာ ဈေးသည်တွေ၏ စိတ်ဓာတ် မှန်ကန် တည်ကြည်မှုက အရေး ကြီးပါသည်။ ကျွန်တော်သည် ထိုသူငယ်ချင်းကို ဘာမှ မပြောတော့ဘဲ ကိုယ့်ကိုယ်ကိုသာ အားကိုးကာ ၀ယ်လိုက်သည်။

“အန်တီ အာလူးက အစိတ်သား ဘယ်လောက်လဲ”

“လေးရာ”

ဈေးသည်က တစ်ဖက် ဈေးဝယ်တွေနှင့် ပစ္စည်းချိန်တွယ် နေရင်းက ကျွန်တော့်ကို မကြည့်ဘဲ ဖြေလေသည်။
“ငါးဆယ်သား ယူမှာ ဘယ်လောက်လဲ”

“ခုနစ်ရာ”

ထို့နောက် ဈေးသည်သည် ကျွန်တော့်ကို ဂရု မထားဘဲ သူရောင်းချစရာ ရှိတာ ရောင်းချ နေလေသည်။ အပြုံးနှင့်လည်း မဖိတ်ခေါ်၊ အသံဖြင့်လည်း မဖော်ရွေဘဲ ၀ယ်ချင်ဝယ် မ၀ယ်ချင်လည်း နေဟု သဘောပိုက်ပုံ ရလေသည်။ ကျွန်တော့်မှာ သူ့မျက်နှာသာ အကဲ ခတ်နေရင်း အမေ့ကို သတိ ရမိလေသည်။

အမေ ဈေးဝယ်သည့် အခါဆိုလျှင် ဈေးသည်က အမေ့ အကဲကို ကြည့်ကာ အမေ့ကို ဖော်ရွေ နှုတ်ဆက်ရင်း အမေ့ မျက်နှာကို မော့ငေး နေလေသည်။ အမေသည် ဤသည်ကို အာရုံ မထားပါဘဲ ၀ယ်စရာ ရှိတာ ဈေးဆစ်ရင်း ၀ယ်သွားသည်။ အမေက သည်ဈေးနှုန်းဆိုလျှင် သူတို့သည် မနေသာဘဲ လျှော့ပေးသည်။ အမေက ထပ်ထည့်ဦးဟု အဆစ် တောင်းလျှင်လည်း စိတ်ကြိုက် ထည့်ပေးတတ်လေသည်။

အခုတော့ ကျွန်တော်သည် ဈေးသည် မျက်နှာကို မော့ကြည့်ရင်း ခပ်ရွံ့ရွံ့ ဈေးဝယ်နေရသည်။ ဈေးနှုန်းလည်း မဆစ်ရဲ၊ မဆစ်တတ်။ ချိန်ခွင်ခွက်ထဲ အာလူးကို ခွပ်ခနဲထည့်၊ ဆတ်ခနဲ ပြန်နုတ်ယူလည်း ထပ်ထည့်ပါဦးဟု စောဒက မတက်ရဲပေ။ ရော့ အင့် ဟု ပစ်ပေးသည့် အထုပ်ကို ဆွဲခြင်းထဲ ကောက်ထည့်၊ ပိုက်ဆံပေးပြီး လှည့်ထွက် လာခဲ့မိပေသည်။

အသီးအနှံ ဆိုင်တွေဘက် ရောက်တုန်း စာရွက်ထဲမှာ မှာလိုက်သည့် ပစ္စည်း စာရင်းကို ကြည့်ကာ ဆိုင်တွေကို လှည့်ပတ် ရှာဖွေနေမိသည်။ အရင်က အမေ၀ယ်နေကျ ဈေးဆိုင်တွေကို လိုက်ရှာသော်လည်း ထိုနေ့က မတွေ့ပေ။ မဟုတ်မှ လွဲရော၊ ဈေးနေ့မှ ထွက်တဲ့ ဆိုင်တွေများ ဖြစ်နေမလား။ ရှာမရသည့် အဆုံး တွေ့သည့်ဆိုင်မှာပဲ ၀ယ်ရသည်။ စာရွက်ကိုင်ပြီး ယောင်တောင်တောင် ဖြစ်နေသော ကျွန်တော့်ကို ဈေးသည်များ ကလည်း “ဘာဝယ်ချင်တာလဲ၊ ဘာရှာတာလဲ” ဟု ဖိတ်မန္တက ပြုလေသည်။ သူတို့ဆီမှာ မရှိသည့် ပစ္စည်းကိုလည်း ရှိသည့်ဆိုင်ကို လမ်းညွှန် တတ်ပေသည်။

ထို့နောက် ကျွန်တော်သည် ကြက်သား တန်းဘက်သို့ ရောက်လာသည်။ မိသားစု အားလုံး အတွက် အဆင်ပြေပြေ စားလို့ရအောင် ကြက်သား ၀ယ်မှလည်း သင့်တော်ပေမည်။ နို့မို့ဆို ဟိုအသားမစားဘူး၊ သည်အသား မစားဘူး ဟင်းချေး များတတ်သည့် အစ်ကို့အတွက် ဟင်းတစ်ခွက်စာ သက်သက် ချက်နေရဦးမည်။ အမေ ရှိစဉ်ကတော့ ဘာပူစရာလိုသလဲ။ သူ့သားတစ် ယောက်စာအတွက် သားကြိုက်တတ်သော ဟင်းလျာများကို သူ့ဘာသာ စီမံ ချက်ပြုတ်ပေးသည်။ တစ်ခါတစ်ရံ အဖေ့ ကျန်းမာရေးနှင့် ညီညွတ်မည့် ဟင်းအတွက် တစ်ယောက်စာချက် ပြုတ်ရသေးသည်ဆိုတော့ ဟင်းအမယ် သုံး၊ လေးမျိုးလောက် ချက်ရသည်။

ကျွန်တော်သည် တစ်ခါတစ်ရံ အမေ့ကို ကြည့်ပြီး အံ့သြနေမိပေသည်။ အမေမို့လို့ ဒုက္ခခံပြီး ချက်ပြုတ် ကျွေးမွေးနေပေသည်။ သည်မီးဖို ချောင်အလုပ်ကိုလည်း နိစ္စဓူဝ လုပ်နေရပြီး ဘယ်သော အခါမှ ညည်းညူသည်ရယ်လို့ မရှိဖူးပေ။ နေ့စဉ် ၀တ္တရားမပျက် မီးဖိုချောင် အလုပ်ကို တကုပ်ကုပ် လုပ်နေရသည်။ အမေတို့ အိမ်ရှင်မတွေ ညည်းညူသည့် စကား တစ်ခွန်းကိုတော့ မှတ်သားမိပေသည်။

“ဘာ အလုပ်ရယ်လို့လည်း မည်မည်ရရ ပြစရာရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ဟိုလုပ် ဒီလုပ်နဲ့ လုပ်စရာ အလုပ်ကို ပြီးတယ်လို့လည်း မရှိဘူး”တဲ့။  သူတို့တွေမှာ သည်မီးဖိုချောင်ထဲမှာပင် တစ်ဘ၀စာ မြှုပ်နှံပစ်ရပြီး ခင်ပွန်း၊ သားသမီးများ အတွက် တစ်ဘ၀စာ အချိန်တွေ ပေးနေရသည်။ သူတို့ ဘ၀တွေကို သူတို့ မငြီးငွေ့ လွန်းကြဘူးလား မသိ။ စိတ်ပျက် ခါးသီး မနေကြဘူးလား မသိ။ ကျွန်တော်သည် အမေ့ကို ကြည့်ပြီး အမေ့ နေရာမှာ ကိုယ်သာဆိုလျှင် ထွက်ပြေးချင် နေမိမှာ အမှန်ပဲ ဖြစ်သည်။ ကျွန်တော်က ဘယ်သူ့ အတွက်မှ ကိုယ့်အချိန်တွေကို ဖဲ့မပေးချင်ပေ။ ကိုယ်တစ်ယောက်တည်း အတွက်ပင် အချိန်တွေ မလောက်ငဘူး ထင်နေသူ ဖြစ်သည်။

ထို့ကြောင့် ကိုယ့်အတွက် ဘာမျှော်လင့်ချက်ရယ်လို့ လက်ဆုပ်လက်ကိုင် မမျှော်မှန်းနိုင်သည့် ဘ၀မှာ ကိုယ့် မိသားစု အတွက် ကိုယ့်ဘ၀ကို ထာဝရ နစ်မြှုပ် ထားနိုင်သည့် အမေ့ကို ကြည့်ပြီး ကျွန်တော်သည် အံ့သြတွေဝေ နေမိသည်။ ဓားဖြင့် စဉ်းတီတုံးပေါ် တဒုတ်ဒုတ်ခုတ်သံ များနှင့် စကားပြောသံများ ရောထွေး ဆူညံလျက်ရှိသော ကြက်သားတန်းသို့ ၀င်ဝင်ချင်းမှာပင် အသားဖြူဖြူ၊ တရုတ်လူမျိုးနှင့် ဆင်သော အမျိုးသမီးက ကျွန်တော့်ကို လက်ယပ် ခေါ်လေသည်။ ကျွန်တော်သည် သူ့ဆီသို့သာ ဦးတည် လျှောက်သွားလိုက်သည်။

“လာ လာ သားလာ။ သားကို အန်တီ မြင်ဖူးပါတယ်”

“ဟုတ်ကဲ့ အန်တီ။ ကျွန်တော် ဒေါ်မဲတူ သားပါ”

“သြော် အေးပါ။ အဲဒါကြောင့်မို့ သားကို မြင်ဖူးပါတယ်လို့ အောက်မေ့နေတာ။ ဟုတ်ပြီ၊ ဟုတ်ပြီ။ မင်းအမေကို အရင်နေ့တွေက မလာလို့လေ၊ မျှော်နေတာ။ သူက တစ်ခါယူရင် ၅၅၀၀ ဖိုးယူတာ”

အမေ မရှိသဖြင့် အမေ အားပေးနေကျ ဈေးသည်များမှာလည်း ဖောက်သည်တစ်ယောက် လျော့သွားပါလားဟု သူတို့အတွက် ကိုယ်ချင်းစာ စိတ်ဖြင့် စိတ်မကောင်း ဖြစ်မိပေသည်။ စောစောကပင် ဆိုင်တစ်ဆိုင်က “အန်တီ မဲတူ မရှိတော့ ဘာမှလည်း မရောင်းရဘူး”ဟု ညည်း ပြနေလေသည်။ ဈေးသည် ဆိုသည်မှာလည်း ကိုယ့်ဆီမှာ အစဉ် အားပေးနေကျ ဖောက်သည်ကောင်း တစ်ယောက်ကို မျှော်တတ်သည် မဟုတ်လား။

“အမေက ကျောက်ပန်းတောင်း သွားတယ် အန်တီ။ အမေ မရှိလို့ ကျွန်တော်ပဲ ဈေးဝယ် နေရတာ။ အဲဒါ ကောင်းကောင်းလေး လုပ်ပေးပါ”

“အို စိတ်သာ ချစမ်းပါ။ မင်းတို့အမေ မရှိလည်း အန်တီက အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်။ ဘာမှ မပူနဲ့။ ကိုယ့်ဆီ အမြဲလာတဲ့ ဖောက်သည်ပဲ။ ဘယ်အပျက်ခံလို့ ဖြစ်မလဲ မဟုတ်လား။ အခု ဘယ်လောက် ယူမလဲ”

“ငါးဆယ်သား အန်တီ”

ထို့နောက် ကြက်သားသည်သည် အလေးချိန် ချိန်ရင်း စကားတွေကို ရွှန်းရွှန်းဝေအောင် ပြောတော့သည်။ တစ်ခါတည်း ခုတ်ထစ် ပေးပါဦးဟု ဆိုသဖြင့် သူက ကြက်ကို အတုံးလိုက် ခုတ်ထစ် နေလေသည်။ ကိုယ့်အတွက် ကြက်သား ၀ယ်ပြီးလျှင် အိမ်နီးနားချင်းက မှာသည့် စီပီ ကြက်လည်း ၀ယ်ဦးမည်။

ထိုအိမ်မှာက အပျိုကြီး ဆရာမ တစ်ယောက်နှင့် အသက် ၇၀ ကျော် သူ့အမေတို့ နှစ်ယောက်တည်း နေထိုင်သည်။ ဆရာမက သူ့ကျောင်းကိစ္စနှင့် မအားလပ်သည့်အခါတိုင်း အမေ့ကို ဟင်းချက်စရာလေးတွေ မှာတတ်သည်။ ဆရာမ အမေကလည်း အသက်ကြီးပြီ ဖြစ်သဖြင့် ကျန်းမာရေး အရ အပြင်ကို သွားထ လာထ မရှိပေ။ ထို့ကြောင့် တစ်ခုခု စားချင်တာ ရှိတိုင်း အမေ့ကိုပင် ဈေးလူကြုံ မှာတတ်လေသည်။ အများအားဖြင့် သူတို့မှာသည်မှာ ကြက် သား ဖြစ်သည်။ ကြက်သားတောင်မှ စီပီကြက်သား စားသည်။ အသီးအနှံ စုံလေးတွေလည်း တစ်ခါတစ်ရံ မှာချင်မှာတတ်သည်။ အမေကလည်း မှာသည့်အတိုင်း အမြဲတစေ ၀ယ်ပေးရလေသည်။

အမေ မရှိသည့် အခုရက်ပိုင်းမှာ ကျွန်တော်တို့ ဆိုင်သို့ ခဏတစ်ဖြုတ် ဈေးဝယ် ထွက်လာသော ဆရာမ အမေကို သူ့အိမ်ပြန် လိုက်ပို့ရင်း သူက လမ်းမှာ ကျွန်တော့်ကို အမေ့ကို တမ်းတပြသည့် စကား ပြောပါသည်။
“မဲတူ မရှိတော့ ငါလည်း စိုစိုဖတ်ဖတ် မစားရပါဘူးကွယ်။ အရင်တော့ သူက ၀ယ်ပေးနေကျ ဆိုတော့ အဆင် ပြေသားကွဲ့။ မင်းတို့ အိမ်မှာလည်း မင်းတို့အမေ မရှိလို့ မဖြစ်ဘူး မဟုတ်လား”

ဆရာမ အမေ၏ စကားကြောင့် ကျွန်တော်သည် စိတ်မကောင်း ဖြစ်မိကာ အမေ့ကိုယ်စား တစ်ခုခု လုပ်ပေးရမည်ဟု သတိ ၀င်လာသည်။ ထို့ကြောင့် ကျွန်တော် ဈေးသွားသဖြင့် အဘွား စားချင်တာရှိရင် ကျွန်တော့်ကို မှာလိုက်ပါဟု အဘွားကို နှစ်သိမ့်ရသည်။ သည်တော့ အဘွားက “အေး အေး ဟုတ်လား”ဟု ၀မ်းသာအားရ ပြောရှာသည်။ အိမ်မှာ အမေ မရှိသည့် အတွက် မိသားစုဝင် ဖြစ်သည့် ကျွန်တော်တို့ အတွက် ထိခိုက်ရုံမက ဘယ်သူတွေ အတွက်ပါ ထိခတ် ခံစားရလေသလဲဟု ကျွန်တော်သည် တွေးမိစ ပြုလာသည်။

အမေ မသွားခင်က “အမေ မရှိလည်း ဖြစ်ပါတယ်” ဟု ကိုယ့်ဘာသာ ခိုင်မာ ယုံကြည်နေသော ကျွန်တော့်ကို ထိုဆရာမကပင် သတိပေး စကား ပြောဖူးလေသည်။
“မတူဘူးသားရဲ့၊ အိမ်တစ်အိမ်မှာ အမေ ရှိတာနဲ့ မရှိတာ သိပ်ကွာတယ်။ အဲဒါ သား အမေ မရှိမှ သိလာလိမ့်မယ်။ အန်တီ ပြောတာကို သား နောက်တော့ ယုံလာလိမ့်မယ်”တဲ့။

ဟုတ်တော့လည်း ဟုတ်ပေသည်။ အခု မျက်မြင် လက်တွေ့ပင် ကျွန်တော် ဈေးထဲမှာ ရောက်နေရသည် မဟုတ်လား။
“သား ဘာယူဦးမှာလဲ”

ကြက်သားသည်၏ အမေး စကားကြောင့် အတွေးထဲမှ လန့်နိုးလာသည်။
“စီပီကြက်ရှိလား အန်တီ”

ကျွန်တော်၏ အမေး စကားကို ခေတ္တ တုံ့ဆိုင်းနေပြီးမှ ကြက်သားသည် သည် ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြပါသည်။ ထို့နောက် သူခုတ်ထစ် လှီးဖြတ်ပေးသော ကြက်သားအထုပ် နှစ်ထုပ်ကို လက်ဆွဲခြင်းထဲ ထည့်ကာ ကြက်သားတန်းမှ ကျွန်တော် ထွက်လာခဲ့သည်။

ကြက်သားတန်းမှ အထွက် ကျွန်တော် နောက်မှ စကားသံ သဲ့သဲ့က ကပ်ပါလာသည်။
“ဟယ် စီပီကြက်လည်း မဟုတ်ဘဲနဲ့ ၀ယ်လည်း မ၀ယ်တတ်ဘူး”

အမျိုးသမီး တစ်ယောက်၏ ထိုလေသံမှာ လှောင်ပြောင် ရှုတ်ချလိုသော သရော်သံသာ စွန်းထင်းနေလေသည်။ ကျွန်တော့် အတွက်တော့ ကောင်းကျိုး တစ်စုံတစ်ရာ ရှိစေလိုသည့် ဆန္ဒများ မပါဝင်ဟု ခံစားရသဖြင့် ထိုအမျိုးသမီးကို ကျွန်တော် လုံးဝ လှည့်မကြည့်ခဲ့ပါ။ အလကား နေရင်း အလကား သက်သက် အာချောင်တတ်သည့် မိန်းမကြီးပဲ နေမှာပါ။

ကျွန်တော့် အကျိုးကို လိုလားသည် ဆိုလျှင် ဗမာကြက်နှင့် စီပီကြက် ဘယ်လို ခွဲရမလဲဆိုတာ တိုးတိုးတိတ်တိတ် သင်ပေးရမည်လေ။ အခုတော့ ကျွန်တော့်ကိုလား၊ ကြက်သားသည်ကိုလား ဘယ်သူ့ကို ရှုတ်ချသလဲဆိုတာ ကွဲကွဲပြားပြား မသိရသဖြင့် ကျွန်တော်သည် ကိုယ့်လမ်းကိုသာ ဆက်လျှောက် နေမိသည်။ အကယ်၍ စီပီကြက် မဟုတ်ဘဲ ညာရောင်းလိုက်တာ ဆိုလည်း နောက်ထပ် မ၀ယ်ရုံပဲ ရှိသည်လေ။

ကျွန်တော်သည် ထူးထူးထွေထွေ စဉ်းစား မနေအားတော့ဘဲ မပါမဖြစ် ၀ယ်ရမည့် ပစ္စည်း တစ်ခုကို လိုက်ရှာနေမိသည်။ ထိုအရာမှာ သရက် သီးသာ ဖြစ်လေသည်။ မနေ့ နေ့လယ်ခင်းကပင် အဖေသည် ကျွန်တော့် ရှေ့မှာပင် ညည်းပြပါ သည်။
“မင်းတို့အမေ မရှိတော့ နေ့လယ်နေ့ခင်း ထမင်းစားအပြီး အချိုတည်းဖို့ သရက်သီးလေးတောင် မစားရတော့ဘူး”

အဖေသည် ဆွေးမြည့်စွာ တမ်းတမ်းတတ ပြောလေသည်။ သရက်သီး ပေါ်ချိန်မို့ အမေသည် သရက်သီးကို ဆိုင်အတွက် တင်ရောင်းဖို့ သာမက အိမ်စားဖို့ အတွက်ပါ နေ့စဉ်ဈေးမှ ၀ယ် လာတတ်သည်။ နေ့လယ်နေ့ခင်း အဖေ ထမင်း စားပြီးချိန် ဆိုလျှင် အမေက သရက်သီး အခွံလှီးကာ ခွဲစိတ်ပြီး အချိုတည်းနေကျ ဖြစ်သည်။ အမေ၀ယ်သည့် သရက်သီး အတော်များများ ကလည်း အစဉ်အမြဲ ချိုမြိန် နေတတ်ပါသည်။

အဖေသည် သူ့ဘ၀၏ တစ်စုံတစ်ရာသော အစိတ်အပိုင်း ဖြစ်သည့် ဇနီးနှင့် သမီးကို လွမ်း စိတ်ဖြင့် ရင်ထဲမှာ မအောင့်နိုင်ဘဲ တမ်းတစိတ်ကို လှစ်ခနဲ ဖွင့်ပြောလိုက်သော အခါ ကျွန်တော်သည် သက်ပြင်းငွေ့ငွေ့သာ ရှိုက်မိပေသည်။ မဖြစ် သေးပါဘူး။ မနက်ဖြန်ကျရင် အဖေ့အတွက် သရက်သီးလေးပါ ၀ယ်ဦးမှဟု တေးမှတ်ထား မိသည်။

အခုတော့ အဖေသည် အမေ့ နေရာကို တမ်းတမ်းတတ တောင့်တညည်းဆို နေပါပကော။ လင်မယား နှစ်ယောက် အခန့်မသင့် ရန်ဖြစ်ကြ သည့်အခါကများ ဆိုလျှင် တစ်ယောက်နှင့် တစ်ယောက် စကားဖြင့် အနိုင် ယူကြသည်။ အဖေက အမေ့ကို ခပ်ချဉ်ချဉ် ဖြစ်လာသည့် အခါ
“နင် မနေချင်ရင် အိမ်ပေါ်က အခုဆင်းသွား၊ ရတယ်။ ငါ့သားသမီးတွေနဲ့ ငါလုပ်စားလို့ ဖြစ်တယ်”ဟု အမေ့ကို အိမ်ပေါ်မှ နှင်ထုတ်လေသည်။

အမေကလည်း လင်ကိုယ် မယားနှစ်ယောက် အတူတူ ကုန်းရုန်း ရှာခဲ့ရသည့် စီးပွား ဥစ္စာတွေပဲ ဆိုသော မာနဖြင့် ဘယ်တော့မှ အိမ်ပေါ်မှ မဆင်းခဲ့ပေ။ သည်တစ်ခါ အဖေနှင့် အမေ ရန်ဖြစ် စကား များကြသည့် အခါ အဖေက အမေ့ကို နင် အိမ်ပေါ်က ဆင်းသွားလို့ ပြောပါဦးတော့မလား။ ကျွန်တော်သည် တစ်ယောက်တည်း တွေးရင်း ကျိတ်ပြုံးမိသည်။

အဖေ၏ စိတ်ဆန္ဒကိုသာ ကျွန်တော်က ဖြည့်ဆည်းပေးဖို့ စဉ်းစားမိသော်လည်း အဖေက ကြည်ဖြူစွာ လက်ခံပါ့မလားမသိ။ သို့သော် ဘာပဲဖြစ်ဖြစ် သရက်သီးကိုတော့ ရအောင် ၀ယ်မည်ဟု ဆုံးဖြတ်ကာ ဈေးအတွင်း သရက်သီးကို လိုက်ရှာရသည်မှာ ကလယ်ကလယ် ဖြစ်နေသေးသည်။ ခဏကြာမှ မြေပေါ် ဗန်းခင်းကာ အသီးအနှံနှင့် တွဲလျက် ရောင်းချသော သရက်သီး အလုံးတွေကို တွေ့ရသည်။ ထိုဆိုင်မှာပင် တညင်းသီးကို တွေ့ရသဖြင့် တညင်းသီးပါ ၀ယ်လိုက်သည်။ တစ်လုံး ခြောက်ဆယ်ကျပ် လောက်ကျတော့ ဈေးများ နေသလား ထင်မိသည်။ နံဘေးက ၀ယ်သူ တစ်ယောက်ကပါ ထိုဈေးဖြင့် ၀ယ်သဖြင့် ဈေးမှန်လောက်သည် ထင်ကာ ၀ယ်လိုက်သည်။ မမကလည်း တညင်းသီး စားချင်တယ် မှာလိုက်သေးတယ် မဟုတ်လား။

ဗန်းထဲက ခင်းထားသည့် သရက်သီးတွေမှာ စိန်တစ်လုံး သရက်သီးတွေ ဖြစ်သည်။ ကိုင်ကြည့်တော့ ခပ်ပျော့ပျော့ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဆိုင်ရောင်းဖို့ကော စားဖို့အတွက် ပါဝယ်ရမည်ဟု ဇွတ်အတင်း ဆုံးဖြတ်ရပေသည်။
“အန်တီ စိန်တစ်လုံးတွေက ဘယ်လောက်လဲ”

“သုံးရာ”

“ပြန်ရောင်းချင်တာ၊ မလျှော့တော့ဘူးလား”

ထိုဈေးသည်က သည့်ပြင်ဝယ်သူ တစ်ယောက်ကို ရောင်းချနေရင်း ခဏ တွေဝေ နေပြီးမှ
“အဲဒါဆိုလည်း နှစ့်ရာငါးဆယ်နဲ့ ယူသွား”ဟု ဆိုလေသည်။

ကျွန်တော်လည်း ခဏ စောင့်နေပြီးမှ ၀ယ်သူ မရှိသော အခါ ထိုဈေးသည်ကို မိတ်ဖွဲ့ပါသည်။
“အန်တီက ဒေါ်မြရွှေလားဟင်”

ဒေါ်မြရွှေဆိုသည်မှာ အမေ သရက်သီး ၀ယ်နေကျ ဈေးသည်ဖြစ်ကြောင်း အမေ ပြောသံကို ကျွန်တော် ကြားဖူးနေသဖြင့် သိနေသည်။
“မဟုတ်ဘူး အန်တီက ဒေါ်နုရင်ပါ။ ဘာဖြစ်လို့လဲ”

“သြော် ကျွန်တော်တို့ အမေ ၀ယ်နေကျ ဈေးသည်လားလို့ပါ”

“သားတို့ အမေက ဘယ်သူလဲ”

“ဒေါ်မဲတူပါ”

“ဟိုကန်နားက ဈေးဆိုင်က မဟုတ်လား”

“ဟုတ်တယ် အန်တီ၊ အန်တီက သိလို့လား”

“ အေး သိတယ် သိတယ်။ သြော် သားက မမဲတူ သားကိုး။ လာလာ သားလာ။ မင်းတို့က ပြန်ရောင်းရမှာ ဆိုတော့ ဒီနောက်က သရက်သီး တွေ လာရွေးလှည့်။ ဒီသရက်သီးတွေက နည်းနည်း စိမ်းသေးတော့ နောက်နေ့တွေ ပြန်ရောင်းဖို့ အဆင်ပြေတာပေါ့။ ရှေ့က သရက်သီးတွေက မှည့်နေပြီ။ တစ်လုံးကို နှစ်ရာနဲ့ပဲ အန်တီပေး လိုက်မယ်။ အဲဒါ သားတို့ကို အန်တီ အရှုံးခံ ရောင်းတာ”

အမေ့ နာမည်ကို ပြောလိုက်သဖြင့် ထိုဈေးသည်၏ မျက်ဝန်းများမှာ အရောင်လက်သွားကာ ချက်ချင်းပင် သူ့နောက်က ခံတောင်းထဲမှာ အ၀တ်ဖြင့် အုပ်ထားသော သရက်သီးတွေကို ကျွန်တော့် စိတ်ကြိုက် ရွေးယူစေသည်။ ကျွန်တော့်မှာ သရက်သီးဝယ်တာ ဈေးများ နေမလား၊ စိန်တစ်လုံး အစစ်မှ ဟုတ်ပါ့မလား စိုးရိမ်နေသော အတွေးများ ပျောက်သွားကာ ၀မ်းသာအား တက်မိလျက် အမေ့ကို ကျေးဇူး တင်နေမိသည်။

ဘယ်ဆိုင်ပင် သွားဝယ် သွားဝယ်၊ ဒေါ်မဲတူ သားပါဟု အသိဖွဲ့လျက် ဈေးဝယ်ရသဖြင့် ကျွန်တော့်အတွက် အဆင် ပြေလှသည်။ ဈေးသည်တွေကလည်း အမေ့နာမည် ကြားလိုက်လျှင် ချက်ချင်းပင် အရောင် ပြောင်းသွားကာ ကျွန်တော့်ကို ဂရုတစိုက် ရှိကြသည်။ မြတ်စွာဘုရား၊ ကျွန်တော်သည် ကိုယ့်အားကိုယ် မသုံးချင်ဘဲ အမေ့ နာမည်ကိုပဲ ဘာကြောင့် သုံးချင် နေရတာလဲ။

တကယ်ဆို သည်အသက် သည်အရွယ် ရောက်နေပြီပဲ။ ကိုယ့်ခြေထောက်ကိုသာ အားကိုးသင့်သည်။ ကိုယ့်စွမ်း ကိုယ်စကိုသာ အားကိုးသင့်သည် မဟုတ်လား။ သည်အတွက် ကျွန်တော်သည် ကိုယ့်ကိုယ်ကို မကျေနပ်ပေ။ အားမလို အားမရ ဖြစ်နေမိသည်။ ထို့အတူ အမေ့ နာမည်ကို သုံးပြီး ဈေးဝယ်ရသဖြင့် ခွန်အားတွေ အလိုလို ရှိလာကာ စိတ်ချမ်းသာ ရသည်ကိုလည်း ကျွန်တော် ၀န်ခံရပေမည်။ မည်သို့ပင်ဖြစ်စေ ဟောသည့် ဈေးလေးထဲ ရောက်လျှင် အမေ့ နာမည်ကိုသာ ကျွန်တော် ရေရွတ် ရပေတော့မည်။ သည့်အတွက်တော့ ကျွန်တော့် ကိုယ် ကျွန်တော် မပြစ်တင်ချင်တော့ပါ။
ဈေးထဲမှ အထွက် ငှက်ပျောသီးသည် အန်တီကြီး တစ်ယောက်က ကျွန်တော့်ကို လှမ်း နှုတ်ဆက်ပါသည်။

“ဖိုးသားကြီး အမေ မရှိတော့ ဈေးဝယ် တတ်ရဲ့လား”

“မ၀ယ်တတ်၊ ၀ယ်တတ်ပေါ့ အန်တီရယ်”

“အမေ မရှိလည်း လာခဲ့နော်။ အန်တီ အဆင်ပြေအောင် လုပ်ပေးမယ်။ ဘာမှ စိတ်မပူနဲ့ ဟုတ်ကဲ့လား”
ကျွန်တော် ခေါင်းညိတ်ကာ နှုတ်ဆက် ထွက်လာခဲ့သည်။ အမေသည် ကျွန်တော့် နောက်မှ တရိပ်ရိပ် ကပ်လျက် လိုက်ပါလာသည်။

ဤသို့ဖြင့် အမေသည် ကျွန်တော်တို့ မိသားစုဝင်များ သာမက အခြား သူငါများကပင် “မင်းတို့ အမေ မရှိလို့ မဖြစ်ဘူး”ဟု ပြောဆိုလာ ရသည့်တိုင်အောင် မရှိမဖြစ် လူသားတစ်ယောက် ဖြစ်လာသည်။ လူတိုင်း၏ နှုတ်ဖျားမှ ထိုစကား ကြားရသည့် အခါတိုင်း အမေ၏ တန်ဖိုးသည် တဖြည်းဖြည်း မြင့်တက် လာနေသည်။ အို ကျွန်တော်တို့ ဘ၀မှာ အမေသည် မရှိလို့ မဖြစ်တာ အလွန်သေချာ သွားပါသည်။

အမေသည် ကျွန်တော်တို့ အားလုံးက မရှိလို့ မဖြစ်ဘူးဟု ဖွင့်ဟ ၀န်ခံရသည့် တိုင်အောင် သူ၏ အခန်း ကဏ္ဍကို အထင်အရှား ပြသလျက် ရှိသည်။ ကျွန်တော်တို့ တစ်တွေသည် ကျွန်တော်တို့ ဘ၀မှာ မရှိလို့ မဖြစ်သော၊ ကျွန်တော်တို့ အလိုအပ်ဆုံးသော လူသား တစ်ယောက်ကို အမြဲတစေ မျှော်လင့်တောင့်တ နေရုံပဲလား။

ကျွန်တော်တို့ တစ်တွေကရော အခြားသူတွေ ရဲ့မရှိမဖြစ် လူသားတွေ အဖြစ် ဖြစ်လာအောင် မစွမ်းဆောင်နိုင်ပေဘူးလား။ တကယ်တော့ လူတစ်ယောက်သည် သူ့ပတ်ဝန်းကျင်မှာ မရှိမဖြစ် ဆိုနိုင်ရဖို့ အတွက် သူပေးဆပ်ရသော အရင်းအနှီးတွေက များပေလိမ့်မည်။ အနည်းဆုံး တာဝန် ကျေပွန်မှုနှင့် သိတတ် နားလည်မှုကိုတော့ လိုအပ်သည် ထင်သည်။

သို့သော် ကျွန်တော်တို့ ဘ၀မှာ ကျွန်တော်တို့ အလိုအပ်ဆုံးသော လူတစ်ယောက်ကို အမြဲတစေ ခေါ်ထားနိုင်ခွင့် မရှိပေ။ သူက ကျွန်တော်တို့ကို အရင်ဦးဆုံး ချန်ထားရစ်ခဲ့ ကောင်းထား ခဲ့နိုင်သည်။ ဒါမှမဟုတ် ကျွန်တော်တို့က သူ့ကို နှုတ်ဆက် ထွက်ခွာခဲ့ရင်လည်း ထွက်ခွာ သွားရပေမည်။ သည့်အတွက် ကျွန်တော်တို့သည် အစစအရာရာ ကြိုတင် ပြင်ဆင်ထားရပေမည်။ ကျန်ရှိသည့် ကြားကာလ အချိန်တွေမှာတော့ ဘ၀မှာ အဓိပ္ပာယ် ရှိရှိ ရှင်သန် ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမည်။ ထိုအခါ တစ်စုံ တစ်ဦး၏ မရှိမဖြစ် လူသားတစ်ယောက် အဖြစ် ကိုယ့်ရဲ့ တာဝန် ၀တ္တရားတွေကို ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင်နိုင်မလဲ ဆိုတာ မိမိ၏ အရည်အချင်း၊ အစွမ်းအစတွေက သက်သေ ပြပေလိမ့်မည်။

သို့သော် ကျွန်တော့် အတွက်တော့ တစ်စုံ တစ်ယောက်၏ မရှိမဖြစ် လူတစ်ယောက်အဖြစ် ရှင်သန် ရပ်တည်ချင်ရဲ့လား ဆိုတာ မသေချာပေ။ လူတစ်ယောက်ကို တမ်းတ မက်မောသည် ဆိုသည်မှာ နှောင်ဖွဲ့ တွယ်ငင်မှုလည်း ပါလေသည်။ ကျွန်တော်က မည်သူ့ကိုမျှ တွယ်တာ နှောင်ဖွဲ့ စိတ်မထားတတ်သလို ကျွန်တော့်ကိုလည်း ရစ်ပတ် နှောင်ဖွဲ့မှုမျိုးကိုလည်း မလိုလားသောကြောင့် ဖြစ်သည်။

အမေ အိမ်မှာ မရှိသည့် နှစ်ပတ်မြောက်၊ ဗုဒ္ဓဟူးနေ့ မနက် ကိုးနာရီတွင် အမေ့ဆီမှ ဖုန်းလာပါသည်။ အမေ ကျွန်တော်တို့ဆီ ပြန်လာတော့မည် ဖြစ်ကြောင်း အသိပေးခြင်း ဖြစ်သည်။ ကျွန်တော်တို့အားလုံး လွတ်လပ် ပေါ့ပါးသွားသည်။ သောကြာနေ့ အမေ ပြန်လာတော့မှာတဲ့၊ နှစ်ရက်ပဲ လိုတော့သည်။ အမေ ဘာဖြစ်လို့ အိမ်ပြန်လာဖို့ ပြောတာပါလိမ့်။

ညီမလေးက ပြောသည်။ အိမ်မှာ အမေ မရှိလို့ မဖြစ်ဘူး၊ အမေပြန်ချင် ပြန်တော့ သူ တစ်ယောက်တည်း နေတတ်သွားပြီတဲ့။ ဟို အဝေးက ညီမလေးကပင် အိမ်မှာ အမေ မရှိလျှင် မဖြစ်တာ သူသိနေပါလား။ အကယ်၍ အမေ အိမ်ပြန်သွားလျှင် ညီမလေးကရော အမေ့ကို တမ်းတ နေလေမလား။ အမေ မရှိလျှင် ညီမလေး တစ်ယောက်တည်း ဖြစ်ပါ့မလား။
ထန်
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

No comments:

Post a Comment