Pages

Monday 3 October 2011

ကျောက်ရိုင်းလေးနှစ်ပွင့်

ဒေါက်တာရဲကတော့ လက်လက်ထအောင် ဆော့သော ကလေးများကို စိန်တုံးကြီးများဟု တင်စားထားတာ ဖတ်ခဲ့ ရဖူးပါသည်။ ကျွန်မကတော့ ကလေးများကို ကျောက်ရိုင်း ပွင့်လေးများနဲ့ တူတယ်ဟု ခံစားရပါသည်။ အရိုင်းတုံး ဘ၀ကနေ ကျောက်သွေးသူ လက်ထဲမှာ တဖြည်းဖြည်းချင်း လှပ အသက် ၀င်လာခဲ့တာပင်။ ကလေးဆိုတဲ့ ကျောက်ရိုင်းတုံးလေးကို မိဘ၊ ဆရာ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင် အစရှိသဖြင့် သူတို့က ကျောက်သွေးသူ အဖြစ် ၀ိုင်းဝန်း ပုံဖော်ကြရင်း ကျောက်ရိုင်းလေး လှပအသက် ၀င်လာတာလို့ ကျွန်မ တွေးမိသည်။ ကျောက်ရိုင်းလေး လှပ အသက် ၀င်လာဖို့မှာ ကျောက်ရိုင်းပိုင်ရှင် မိဘများ အပြင် ကျောက်ရိုင်းလေး၏ မူလတန်ဖိုး (ပင်ကိုစိတ်ရင်း)ကလည်း အဓိက ကျကြောင်း မေ့ထား၍ မရပါ။ မတူညီတဲ့ ကျောက်ရိုင်းလေး နှစ်ပွင့်ကို စာဖတ်သူတို့နဲ့ ကျွန်မ မိတ်ဆက် ပေးချင်ပါသည်။

ပထမ ကျောက်ရိုင်းပွင့်လေး နာမည်က ဆုမြတ်တဲ့။ ဆုမြတ်က ကျွန်မတို့ ရုံးမှ စာရင်းကိုင် မသွယ်၏ သမီးဖြစ်ပြီး အသက်ရှစ်နှစ် အရွယ် တတိယတန်း ကျောင်းသူတစ်ယောက် ဖြစ်ပါသည်။ ဆုမြတ်က တန်းတူ ကလေးများထက် နည်နည်း ပိုထွားသည်။ ကျောင်းပိတ်ရက်တွေမှာ ဆုမြတ်က မသွယ်နဲ့ အတူ ရုံးသို့လိုက်ပါ၍ ကျွန်မတို့နဲ့ အဖွဲ့ ကျတတ်သည်။ သူလိုက်လာရင် မပျင်းရအောင် ကျွန်မတို့က ကွန်ပျူတာ ဂိမ်းတွေ သင်ပေးကြသည်။

မသွယ်တို့ လင်မယား နှစ်ယောက်စလုံးက စကားပြော ကောင်းသူတွေ ဆိုတော့ ဆုမြတ်က စကား အရမ်းတတ်တာတော့ ပြောစရာပင် မလိုပေ။ ရုံးသို့ သူလိုက်လာရင် ကျွန်မတို့မှာ မပျင်းရချေ။ မသွယ်ကလည်း ထမင်းဝိုင်းမှာ ဆုမြတ်ရဲ့စကား တတ်ပုံများကို ပြောပြနေကျ။ ကျွန်မတို့မှာ ဆုမြတ်ရဲ့ စကားတတ်ပုံ၊ လူကြီးတွေကို အတု ခိုးပုံများကို ကြားရတိုင်း ရယ်မောခဲ့ရသည်။ ကျွန်မ ဘ၀ထဲကို ဒုတိယ ကျောက်ရိုင်းပွင့်လေး ၀င်မလာခင် အထိ ဆုမြတ်ကို သာမန်ကလေး တစ်ယောက် အဖြစ်သာ ထားခဲ့မိသည်။

ကျွန်မက ညနေပိုင်း ရုံးဆင်းချိန်များနဲ့ ရုံးပိတ်ရက်များတွင် ကလေးများကို ကွန်ပျူတာ သင်ပေးဖြစ်သည်။ များသောအားဖြင့် ဆယ်တန်း အောင်ပြီးစ ကလေးတွေကို သင်ပေးရသည်။ မမျှော်လင့်ဘဲ ကျွန်မ သူငယ်ချင်း ကေသီက သူ့တူမလေးကို စာသင်ပေးဖို့ တောင်းဆို လာခဲ့သည်။ ကေသီ့ တူမလေးက ဆုမြတ်နဲ့ ရွယ်တူပင်။ ကေသီ့ တူမလေးကို စာသင် ပေးဖြစ်တော့မှ ဆုမြတ်ကို ကျွန်မ ပိုမို စိတ်ဝင်စား လာခဲ့မိတာ ဖြစ်သည်။ အရင်က မသွယ် ပြောပြသမျှကိုသာ ရယ်မော နားထောင် ဖြစ်ခဲ့ပေမယ့် အခုတော့ ကျွန်မကိုယ်တိုင် စိတ်ဝင်တစား မေးတတ်လာခဲ့သည်။

ဆုမြတ်က အတန်းထဲမှာ စာတော်သော ကလေး တစ်ယောက်ပင်။ တစ်၊ နှစ်၊ သုံးထဲ အမြဲ ၀င်သည်။ မသွယ်ကလည်း အဆင့်ကို အကျမခံ။ စာမေးပွဲမှာ တစ်ရလျှင် လိုချင်တာ ၀ယ်ပေးတတ်သည်။ ဆုမြတ်က ကျောင်းစာတင်မကဘဲ အပြင် စာများလည်း ဖတ်တတ်သည်။ သူ့ကို ရုံးသို့ ခေါ်လာရင် မသွယ်က ကာတွန်းတွေ ငှားလာသည်။ ကာတွန်း စာအုပ်များကိုလည်း သွက်သွက်လက်လက် ဖတ်နိုင်သည်။ ကွန်ပျူတာ သင်ပေးရင်လည်း ခဏလေးနဲ့ တတ်လွယ်သည်။ မှတ်ဥာဏ် အလွန်ကောင်း၏။

ဆုမြတ်ရဲ့ နောက်ထပ် ၀ါသနာက ကိုရီးယား ကားကြည့်ခြင်းလို့ ပြောရမည် ထင်သည်။ သူ့အတွက် ကိုရီးယား ကားတွေ ၀ယ်ပေးရသည်။ စာတန်းထိုးကိုလည်း သူ့ဘာသာ ဖတ်နိုင်သည်။ ကိုရီးယားကားတွေ ကြည့်ပြီး အရင်က ၀တ်ခဲ့တဲ့ စကတ်တွေ ထုတ်ဝတ်သည်။ မသွယ်က“အဲဒါသမီး ငယ်ငယ်တုန်းက စကတ်တွေ တိုနေပြီ”လို့ ပြောတော့“အတို ၀တ်ရအောင် တမင် ရှာဝတ် လာတာပေါ့”တဲ့။ မသွယ်ခမျာ သူ့သမီး အတိုတွေပဲ ၀တ်နေတော့ Stocking တွေ ၀ယ်ပေးထားရပြန်သည်။

ဆုမြတ် အဆင့်တစ် ရ၍ အင်္ကျီ ၀ယ်ပေးရန် မသွယ်က ခေါ်လာသည်။ အင်္ကျီဆိုင်က အပြန် သားအမိ နှစ်ယောက် စကား များလာကြသည်။ အင်္ကျီဆိုင်မှာ လက်တစ်လုံး အင်္ကျီလေးတွေ၊ စကတ် အတိုအကျပ်လေးတွေကို ၀ယ်ပေးဖို့ ပြောတော့ မသွယ်က ငြင်းသည်။ ဆုမြတ်ရဲ့အဆိုက ခါးလေးပေါ်၊ ပေါင်လေးပေါ်မှ ခေတ်မီတာတဲ့။ မသွယ်က ငြင်းတော့ ဆုမြတ်က “အမေ ၀တ်ရမှာ မဟုတ်ဘူး၊ သမီး ၀တ်ရမှာ သမီး ကြိုက်တာပဲ ၀ယ်မယ်” ဆို၍ မသွယ် အလျှော့ ပေးခဲ့ရပါသည်တဲ့။ ကျွန်မတို့က ကလေးပြောတာ ဟုတ်သားပဲ မသွယ်ရယ် လို့ ၀ိုင်းပြောတော့ မသွယ်က ရယ်ရင်း လက်မြှောက်ပြပါသည်။

ဆုမြတ်ကို ကျွန်မကိုယ်တိုင် ဆလံ သသွားရသည်က ခရစ်စမတ် ဧည့်ခံပွဲ တစ်ခုမှာ ဖြစ်သည်။ ရုံးက အစ်မတစ်ယောက်ရဲ့ ပွဲဆိုတော့ မသွယ်တို့နဲ့ အတူ ဆုမြတ်ပါ ပါလာခဲ့သည်။ ပွဲရဲ့ထုံးစံအတိုင်း ခေါင်ရည်နဲ့ ၀ိုင်ကိုတိုက်၏။ ၀ိုင်က မမူးပါဘူး၊ သောက်ကြည့်ပါလို့ ပြောပေမယ့် ကျွန်မ မသောက်ပါ။ သူငယ်ချင်း တစ်ယောက်က ပြောဖူးသည်။ ငါးပါး သီလထဲမှာ ကျန်တဲ့ သီလတွေ အခါအား လျော်စွာ ကျိုးခဲ့ဖူးပေမယ့် အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏ တစ်ပါးပဲ သူ့ဘ၀မှာ အသေအချာ လုံခဲ့ပါသည်တဲ့။ ကျွန်မ သူ့စကားကို ထောက်ခံမိပါ၏။

ပွဲမှာ မသွယ်တို့ လင်မယားက ဆုမြတ်ကို ၀ိုင်ရော၊ ခေါင်ရည်ရော တိုက်သည်။ ဆုမြတ်ကလည်း သုံး၊ လေးခွက် အသာလေးပင်။ ကျွန်မမှာ ဆုမြတ်ကို ကြည့်၍ သောက်နိုင်လိုက်တာဟု အံ့သြမဆုံး ဖြစ်ရသည်။ ဆုမြတ် မမူး၍ ကျွန်မ ဆလံ သခဲ့ရပါသည်။ နောက်တစ်ခါ ကိစ္စကတော့ မသွယ် ပြန်ပြောပြတာ ဖြစ်၏။ မသွယ် အမျိုးသားက ဘီယာ သောက်တတ်၍ ရေခဲသေတ္တာထဲ ထည့်ပေးထားရသည်။ ဆုမြတ်က အအေး သောက်ချင်တယ် ဆိုတော့ သူ့အဘွားက နားမလည်ဘဲ ဘီယာဘူးကို မှားပေး မိပါသည်တဲ့။ ဆုမြတ်က သောက်၍ကုန်မှ သူ့အဘွားကို ဘီယာဘူး ဖြစ်ကြောင်း ပြောပြပါသည်တဲ့။ မသွယ်က တော့ “ငါ့သမီးကို ကြီးလာရင် နိုင်ပါ့မလား၊ ငါတော့ ရင်မောတယ်” ဟု ညည်းရှာသည်။

ဆုမြတ်ကို တတ်နိုင်သလောက် တရားထိုင်တာ သင်ပေးဖို့နဲ့ ငါးပါးသီလကို သေချာ သင်ပေးဖို့ မသွယ်ကို ကျွန်မ အကြံ ဥာဏ်ပေးမိသည်။ ကလေးဆိုပြီး ပေါ့ပေါ့ဆဆ မထားဘဲ ဒီအရွယ်ကတည်းက သေချာ သင်ပေးမှ ဖြစ်မည်။ သူတို့ ကြီးပြင်းလာမယ့် နောင်ဆယ်နှစ်မှာ ဘာတွေ ဖြစ်လာဦးမယ် ဆိုတာ ကျွန်မတို့ ကြိုတင် သိမြင်နိုင်တာမှ မဟုတ်တာဘဲ။ ဆုမြတ်ဆိုတဲ့ ကျောက်ရိုင်း ပွင့်လေး ဘယ်လိုလှပ အသက် ၀င်လာမလဲ ဆိုတာ ကျွန်မတို့ စောင့်ကြည့်ရမှာပင် ဖြစ်ပါသည်။

ဒုတိယ ကျောက်ရိုင်းပွင့်လေး နာမည်က ရတီ လင်းတဲ့။
သူငယ်ချင်း ကေသီရဲ့ တောင်းဆိုမှုကြောင့် ရတီ့ကို စာသင် ပေးခဲ့ရတာ ဖြစ်သည်။ ရတီက သူ့အဒေါ် ကေသီ့ကို ခေါ်တဲ့အတိုင်း ကျွန်မကိုလည်း မကြီးဟုပဲ ခေါ်သည်။ ဆုမြတ်နဲ့ ရွယ်တူ လေးဆိုတော့ ဆုမြတ်ကို သင်ပေးခဲ့သလို ဂိမ်းလေးတွေ သင်ရင်း ကွန်ပျူတာနဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ပေးခဲ့ရသည်။ ရတီ့ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် သင်ခန်းစာတွေကို ကျွန်မ ပြင်ဆင် ခဲ့ရသည်။ ကလေး အငယ်လေးတွေကို မသင်ခဲ့ဖူး၍ ကျွန်မဘက်က စိုးရိမ်ခဲ့မိသော်လည်း ရတီက ထင်ထားတာထက် တော်ပါသည်။

ဆုမြတ်နဲ့ ရတီကို ကြည့်ပြီး အခုခေတ်က လေးတွေက ဥာဏ်အရမ်း ကောင်းတယ်၊ သင်လွယ် တတ်လွယ်တယ်ဟု တွေးမိသည်။ သူတို့ကို ကြည့်ရင်း သူငယ်ချင်း တစ်ယောက် ပြောခဲ့ဖူးသော“အခု ခေတ်ကလေးတွေက မိခင်ရဲ့ ဗိုက်ထဲမှာကတည်းက အိုဘီမင်တွေ သောက်ခဲ့ရလို့ ငါတို့ထက် ဥာဏ် ပိုကောင်းတယ်” ဟူသည့်စကားကို သွားအမှတ် ရမိသည်။ ကျွန်မတို့ ရတီ့ အသက် အရွယ်တုန်းက ဆော့ဖို့က လွဲပြီး ဘာမှ မသိခဲ့ပေမယ့် သူတို့မှာတော့ ကျူရှင်၊ ပန်းချီသင်တန်း၊ စပီကင် သင်တန်း၊ ကွန်ပျူတာ သင်တန်းနဲ့ အချိန်တွေ ပြည့်နေသည်။

ရတီ့ကို စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ တစ်နေ့ တစ်နာရီပဲ သင်ပေးခဲ့သည်။ သူ့ရဲ့ သင်တန်းတွေ တစ်နေကုန် တက်ပြီးမှ ညနေ ကျွန်မဆီ ရောက်လာတာ ဖြစ်သည်။ အစပိုင်းက ရတီ့ကို ကွန်ပျူတာ သင်ပြီးချိန် ပုံမှန် လာခေါ်တတ်ပေမယ့် ရင်းနှီး လာချိန်မှာတော့ အားတဲ့ အချိန်မှ လာကြိုပါလို့ မှာထားလိုက်သည်။ သားအမိ နှစ်ယောက်တည်း ရှိတဲ့ ကျွန်မတို့ အတွက် ရတီက ဆည်းလည်းလေး ဖြစ်လာသည်။ သူ့အိမ်က လာမကြိုသေးရင် စပီကင်တွေ ကျွန်မနဲ့ ပြောကြည့်ကြသည်။ အိမ်စာရှိရင် ကျွန်မက ကူလုပ်ပေးသည်။ ရတီ့အမေ မချောက စာအုပ်တွေ အမြဲစစ်တော့ ရတီက သေချာ လုပ်ရသည်။ ရတီ့ စာအုပ်တွေက လက်ရေးတွေ အရမ်း လှပြီး ကလေးနဲ့ပင် မတူချေ။

ရတီ့အမေ မချောက ကျွန်မတို့ မြို့ရဲ့ မြန်မာ အကဆရာမ ဖြစ်သည်။ ဆံပင် အရှည်ကြီးနဲ့ ယဉ်ယဉ်လေး လှသော အမျိုးသမီး ဖြစ်သည်။ မချော ကိုယ်တိုင် အလုပ် ဘယ်လောက်များများ ရတီ့ရဲ့ ပညာရေးကိုတော့ သေချာ ကြပ်မတ်သည်။ ရတီက သူ့အမေကို ကြောက်သည်။ မချောက အလို လိုက်ပေမယ့် စည်းကမ်း တင်းကျပ်သည်။ ရတီ့ကို စာတွေ ကိုယ်တိုင်မေးသည်။ ရတီ့ကို လာကြိုရင်း ကျွန်မနဲ့ စကားပြော ဖြစ်သည်။ အဲဒီမှာတင် မချောရဲ့ စိတ်ဓာတ်ကလေးကို ကျွန်မ အရမ်း သဘော ကျသွားသည်။

“ရတီ့ကို အတန်းထဲမှာ တစ်၊ နှစ်၊ သုံး မဖြစ်မနေ ၀င်ရမယ်လို့ ဖိအား ပေးမထားပါဘူး။ တစ်ကနေ တစ်ဆယ်လောက် ၀င်ရင်ရပြီ။ ကျူရှင်တွေ ထားပြီး တစ်၊ နှစ်၊ သုံးမ၀င်လို့လည်း မရိုက်ပါဘူး။ ဒါပေမယ့် ရတီ စာလိုက်နိုင်ရဲ့လား အမြဲစစ်တယ်။ ဘယ်သူနဲ့မှလည်း မပြိုင်ခိုင်းဘူး။ ကြီးပြင်းလာတဲ့ အချိန် အခြေခံ ကောင်းကောင်းနဲ့ သူဝါသနာ ပါတဲ့ လိုင်းကို ရွေးချယ်နိုင်ဖို့ လေ့ကျင့် ပေးရုံပါပဲ”တဲ့။ ကလေးချင်း၊ မိဘချင်း အပြိုင်အဆိုင် ခေတ်ကြီးမှာ မချောရဲ့စိတ်က အားကျစရာ ကောင်းလှသည်။ ရတီကလည်း သူ့အမေ အကြောင်းကို ကောင်းကောင်းသိသည်။ ကျွန်မကို ရင်းနှီး လာတာနဲ့ အမျှ စာမလုပ်ချင်တော့ရင် မချောနဲ့ တိုင်လိုက်မယ်နော်ဟု ခြောက်ရသည်။ ရတီနဲ့ မချောရဲ့ကိစ္စလေး တစ်ခုကိုလည်း ကျွန်မ အခုထိ အမှတ် ရနေပါသေးသည်။

အဲဒီနေ့က ရတီ ငိုပြီး ကျွန်မဆီ ရောက်လာသည်။ “ဘာဖြစ်လာတာလဲ သမီး”လို့ မေးပေမယ့် ခေါင်းပဲခါပြသည်။ ကျွန်မအမေက သူ့ကို စိတ်ပြေအောင် လုပ်ပြီး ချော့မေးသည်။ အဲဒီတော့မှ “မေမေက ဆံပင်စည်းပေးလိုက်လို့ ငိုတာ” တဲ့။ ရတီ့အဖေက သူ့သမီးကို မချောလို ဆံပင် အရှည်ကြီး ဖြစ်အောင် ထားရမည်လို့ မှာထားကြောင်း ကျွန်မသိသည်။ ဆံပင် ရှည်လာတော့ မချောက ရှုပ်မှာစိုးလို့ စည်းပေးလိုက်တာ ဖြစ်မည်။ ကျွန်မက ရယ်မောရင်း “ဒါများ သမီးရယ် ငိုစရာလား။ အခု မကြီး ဖြေပေးမယ်။ ပြန်ခါနီးမှ ပြန်စည်းပေးမယ်”လို့ပြောတော့ “ဟင့်အင်း မေမေ ဆူလိမ့်မယ်”တဲ့။ ကျွန်မအမေကတော့ မိဘစကား နားထောင်တယ် ဆိုတာ ကွယ်ရာမှာလည်း နားထောင်မှ သမီး အလိမ္မာပါဟု ရတီ့ကို ချီးကျူး သွားပါသည်။ အမေ မှာတာတွေကို ကျွန်မ ကွယ်ရာမှာ နားမထောင် ဖြစ်ရင် ရတီ့ကို မြင်ယောင်ရင်း ရှက်ရွံ့ မိဖူးပါသည်။

ရတီ့အိမ်က လာမကြိုသေးရင် ကာတွန်းတွေ အတူတူ ဖတ်ကြသည်။ ကျွန်မ ဖတ်တဲ့ မဂ္ဂဇင်းစာအုပ်တွေလည်း ရတီက ယူကြည့်တတ်သည်။ မရည် ရွယ်ဘဲနဲ့ မဂ္ဂဇင်းထဲက ရင်ရှား အင်္ကျီနဲ့ စကတ်တိုတိုလေးဝတ်ထားသော ပုံကို ညွှန်ပြရင်း “ရတီ ဒါမျိုး ၀တ်မလား” ဟု မေးမိသွားသည်။ ရတီက ချက်ချင်း ပြန်ဖြေသည်။ “ရှက်စရာကြီး မကြီးပဲဝတ်” တဲ့။ ကျွန်မကလည်း မကြီးဝတ်ရင် လှမှာဟုပင် နောက်လိုက်သေးသည်။ ရတီက အိမ်မှာ မချောကို ဒီ အကြောင်း ပြန်ပြောကြောင်း မချောက ပြောသည်။ မချောကတော့ သူ့သမီးကို စတိုးဆိုင်က လက်တစ်လုံးကြိုးနဲ့ ဂါဝန်တိုလေးတွေ ဆင်ပေးတာ ရှက်စရာကြီး ဆိုပြီး ၀တ်ခိုင်း မရကြောင်း ရယ်မော ပြောပြသွားသည်။ ကလေးဆိုတာ ပြောသမျှ လိုက်မှတ်၍ ပြန်ပြောတတ်ကြောင်း သိသွားသဖြင့် ကျွန်မမှာ ရတီရှေ့တွင် မဟုတ်တာ မပြောမိအောင် နေဖို့ သင်ခန်းစာ ရသွားသည်။

မချောကတော့ စာမေးပွဲ ရှိလာရင် နားထားပြီး ကြီးလာတဲ့ အထိ သူ့သမီးကို ကွန်ပျူတာ ကျွမ်းကျင်အောင် သင်ပေးပါဟု တောင်းဆို လာပါသည်။ ရတီ့ ကိုချစ်တာမို့ ကျွန်မ လက်ခံ ထားလိုက်ပါသည်။ ရတီ့ကို ယခုလိုသမီး အလိမ္မာလေး အဖြစ် အမြဲ ရှိစေချင်မိသည်။ ရတီ့ကို စာသင်ပေးရင်း နောင်ဆယ်နှစ်မှာ ဘယ်လိုလှပ အသက် ၀င်လာမလဲ ဆိုတာ စောင့်မျှော် ကြည့်ရမှာပင် ဖြစ်ပါသည်။

ကျွန်မ အနားက ဆုမြတ်နဲ့ ရတီဆိုတဲ့ ကျောက်ရိုင်းလေး နှစ်ပွင့်ကတော့ သူ့နည်း သူ့ဟန်တွေနဲ့ လှပ အသက်ဝင်လျက် ရှိပါသည်။ နှစ်ယောက်စလုံး ဥာဏ်ကောင်း၏။ စာတော်၏။ အရွယ်နဲ့ မလိုက်အောင် ထက်မြက်သည်ဟုပင် ပြောလို့ရသည်။ ခံယူချက် လေးတွေတော့ ကွဲပြားသည်။

ပြောင်းလဲမှုတွေ မြန်ဆန်တဲ့ အိုင်တီ ခေတ်ကြီးမှာ သူတို့နှစ်ယောက် ကြီးပြင်းလာရင် ဘာတွေ ဖြစ်လာဦးမည်နည်း။ ကျောက်ရိုင်းလေး နှစ်ပွင့်မှာ ဘယ်သူက ဘယ်လို ပုံစံနဲ့ လှပ အသက်ဝင် လာမယ်ဆိုတာ ကျွန်မတို့ စောင့်မျှော် ကြည့်ရှုရမှာပင် ဖြစ်ပါတော့သည်။
အေဇင်
(Teen မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

No comments:

Post a Comment