Pages

Monday 3 October 2011

ကျွန်းစိုစို ဟိုတစ်ရပ်ဆီမှာက

ပန်ပြောရင် အသစ်ဖြစ်တယ် ဆိုပေမယ့် ဒါက ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေလို့ ဝေဒနာကို ကြေညာတယ် လို့ပဲ ဆိုချင် ဆိုကြပါတော့။ ဖွင့်အန်မိ လိုက်ရပါပြီ။ ကူးယူမယ် ဆိုရင်တော့ မဲပြာရောင် ဘလူးအရင့် မဟုတ်ဘဲ ကြည်ပြာရောင်လောက်သာ ထားနိုင်ရင် သက်သာရာ ရကြမလား လို့ပါပဲ။ ဒါပေမဲ့ ဒါဟာ အမှန်ဘ၀ ဆိုတာကိုတော့ ယုံကြည်စေ ချင်မိပါတော့တယ်။

၂။
လေယာဉ်ပေါ်မှာ ကြည့်တုန်းကတော့ အဆောက်အအုံ နောက်ဘက်နဲ့ ကွင်းအနေအထားက သူလို ငါလိုလို့ပဲ ထင်လိုက်မိတယ်။ ဒါပေမဲ့ လေယာဉ်က အဆင်း ပေါင်းမိုးလေးထဲ ဖြတ်ပြီး ထွက်လိုက်တော့ ကျယ်ပြန့်တဲ့ ခန်းမကြီး ဖြစ်နေတာ တွေ့လိုက်ရ တယ်။ ဒါနဲ့ရှေ့က သွားတဲ့သူတွေ နောက်လိုက်တော့ ဟိုခွဲသွား၊ ဒီခွဲ သွားနဲ့ကြောင့် ဘယ်ဘက်လိုက်ရမှန်း မသိတော့ဘူး။ ဒါနဲ့ပဲ ပတ်ဝန်းကျင်ကို ရပ်ပြီး အကဲ ခတ်ရတော့တယ်။

တစ်ဖက် နံရံဆီမှာက ဖုန်းလေးငါးလုံး တန်းစီချိတ်လို့။ အဲဒီမှာ တစ်ယောက်စ နှစ်ယောက်စက ဖုန်းပြောလို့။ နောက် ဒီဘက်ဘေးမှာက ဈေးဆိုင်လေးတွေ။ အဲဒီမှာလည်း ၀ယ်တဲ့သူက သွားဝယ်လို့။ နောက်တစ်နေရာဆီ ကြည့်လိုက်မိမှ Arrival တဲ့။ ဒါနဲ့ပဲ အဲဒီအပေါက် Exit  ဆီ သွားပြီး မြားညွှန်တဲ့နောက် လျှောက်လိုက်တော့တယ်။ နောက်စက် လှေကားနဲ့ လျှောဆင်းလိုက်တယ်။ အဲဒီကျမှ တိတ်ဆိတ်တဲ့ ခန်းမ ကျယ်ကြီးထဲမှာ စစ်ဆေးရေး ဂိတ်လေးတွေက တန်းစီလို့။ ခရီးဖော် အချို့ တန်းစီနေတာလည်း မြင်လိုက်ရတယ်။

ဒါနဲ့ပဲ ကောင်တာ တစ်ခုမှာ ၀င်တန်းစီရင်း Invitation Letter ပတ်စ်ပို့နဲ့ ၀ှိုက်ကတ်ကို ပြလိုက်တယ်။ တာဝန်ရှိသူက လူကိုမကြည့်။ ပေးလိုက်တဲ့ စာအုပ်နဲ့ ကတ်ကို ကွန်ပျူတာ စက်ပေါ် တင်လိုက်တယ်။ ပြီးတော့ ပတ်စ်ပို့မှာ တံဆိပ်တုံး နှိပ်ပြီး ပြန်ပေးတယ်။ ကျွန်တော် အဲဒီ နေရာက ဆက်ထွက်ခဲ့ရတယ်။ စိတ်ထဲမှာတော့...။

“သြော် ပီဘိ အရောင်းမြှင့်တင်ရေး သမား တစ်ဦး လိုပါလား”
အ၀ယ်လာ သူကို ရောင်းပေးဖို့က လွဲလို့ သူ့ တာဝန် အပေါ်မှာ အရောင်ဆိုးဖို့ စိတ်ကူး လုံးဝ မရှိပါလား။ ဒီလိုပဲ အောက်မေ့ မိသွားရတယ်။ နောက် ရှေ့မှာ အဆင်သင့် တွေ့ရတဲ့ ခရီးဆောင်အိတ် ရွေးချယ်ရမယ့် နေရာမှာ ၀င်ရပ်ရင်း ဘေးဘီကြည့်လိုက်မိ သွားပြန်တယ်။ အဲဒီကျတော့ မှန်နံရံ တစ်ဖက်ခြားစီက ကြိုနှင့်နေတဲ့ သားနဲ့ သမီးကို တွေ့လိုက်ရတော့တယ်။

၃။
“အာ အဖေ ပိန်လိုက်တာ”
အိမ်က ထွက်သွားတာ နှစ်နှစ်လောက်ကြာ နေပြီဖြစ်တဲ့သားက ဆီးကြိုနှုတ်ဆက်တယ်။ အခုလာတာကလည်း သူ့ကိစ္စပါပဲ။ သူ မဟာသိပ္ပံဘွဲ့ ယူတဲ့ အခမ်းအနားကို တက်ဖို့ ကျွန်တော်က လာခဲ့ရတာပါ။ “အဟား အိုတာကွ ငါ့သားရ။ ဒါ့ကြောင့် အဖေက မလာပါရစေနဲ့လို့ ပြောတာ။ မင်းတို့က  လက်မှမခံဘဲကိုး။ ဒီလာဖို့ အရေး အဖေ့မှာ ဘယ်လောက် ဒုက္ခ ရောက်ခဲ့ရတယ် မှတ်လဲ”

“အဟီး ဖေကြီးကလည်း။ သမီး ဘွဲ့ယူတုန်းက သူများ မိဘတွေ လာတာကြည့်ပြီး အဆင် မပြေတဲ့ ကိုယ့်ဘ၀ အတွက် သမီး ၀မ်းနည်း ခဲ့ရတာ။ အခု မောင်လေးကျတော့ ဒီလိုမျိုး မဖြစ် ရအောင်လို့ သမီးက စီစဉ် လိုက်ရတာပါ။ ကဲ အခု ရောက်ပြီပဲ။ ထားလိုက်ပါတော့”

အိမ်က ထွက်သွားတာ ခြောက်နှစ်ကြာနေပြီ ဖြစ်တဲ့ သမီးက ပြုံးပြုံးပျော်ပျော်နဲ့ စကားဝင်ဖြတ် တော့တယ်။
ဒီခါမှပဲ ကျွန်တော်ကလည်း ကိုယ့်သား သမီးနှစ်ယောက်ကို ကိုယ်ပြန်ပြီး ကြည့်မိလိုက် တော့တယ်။ ထဘီ၊ ပုဆိုးနဲ့ အသားညိုတာတွေ ပျောက်ပြီး စင်ကာပူသူ စင်ကာပူသားတွေ ဖြစ်နေ ပါရော့လား။

၎။   
တကယ်တော့ စင်ကာပူမှာ မြေကြီးမြေသား ရှိလိမ့်မယ်၊ မြင်ရလိမ့်မယ်လို့ ကျွန်တော် မထင် ခဲ့မိဘူး။ အခုမှာကျတော့ မြေကြီးမြေသား ရသမျှ ဖော်ဆောင်ပြီး မြက်ပင်က အစ အပင်ကြီး အထိ အကွက်ချ စိုက်ပျိုးထားတာတွေ မြင်နေရတယ်။ ကုကိ္ကုပင် အတော်များများ တွေ့ရတတ်ပြီး အပင်မှာ ရေညှိတွေ စွဲထင်နေတာ မြင်ရခြင်းကလည်း သက်တမ်း ကြာမြင့်နေမှုကို ခန့်မှန်း ရနိုင်နေတယ်။ အဲဒီမှာ ဒီအပင်တွေကို ထိန်းသိမ်းပြုပြင် နေတာကလည်း ဟိုနားတစ်ဖွဲ့၊ ဒီနား တစ်ဖွဲ့နဲ့။ အမြဲတမ်း လုပ်ဆောင် နေကြတာမှန်း ပေါ်လွင်နေတယ်။

နောက်ပြီး လမ်းပေါ်မှာ ကားတွေ အများကြီး အရှိန်နဲ့ ပြေးလွှား နေကြသလောက် ဆိုင်ကယ်တွေ ကလည်း တဒီးဒီး၊ စက်ဘီးတွေ ဆိုတာကလည်း ဟိုနား အစုလိုက်၊ ဒီနား အစုလိုက်ဆယ်ပုံရာပုံ။ ဒါပေမဲ့ မော်တော်ပီကယ် ဆိုလို့ တစ်ယောက်မှ မမြင်ရတာကလည်း အဆန်းသားလား။

တစ်ခါ ဘာကြောင့်ရယ် မသိ။ မလုပ်ရင် အခုပဲ ဒုက္ခရောက်တော့မယ့် ပုံနဲ့ ယောက်ျား မိန်းမ မရွေး လမ်းလျှောက်ကြ၊ ပြေးလွှားကြနဲ့ လေ့ကျင့်ခန်း လုပ်နေတာတွေကိုလည်း တွေ့နေရပြန်တယ်။ တချို့ အမျိုးသမီးတွေဆို လက်တွန်း လှည်းနဲ့ ကလေးကို ဘေးမှာထားပြီးကို လုပ်နေတာ။

“အဖေရဲ့ အဲဒါက မနက်ငါးနာရီက ဆယ် နာရီခွဲလောက် အထိ။ ညနေ ကျတော့လည်း ဒီလိုပဲ။ ငါးနာရီလောက်ကနေ ညဆယ်နာရီလောက် အထိကို အဲဒီလို လုပ်နေကြတာ။ အဲဒါ သမီးတို့တောင် အခုဆိုရင် အိပ်ရာ မ၀င်ခင် အချိန် ရသလောက် လမ်းလျှောက်တဲ့ အကျင့် ရနေပြီ”

သမီး ဖြစ်သူက ရှင်းပြတယ်။ ဒီပုံနဲ့ပဲ ဘွဲ့နှင်းသဘင် တက်ဖို့လာတဲ့ ကျွန်တော်က သင်ယူဖို့ လာတဲ့သူ အလိုအလျောက် ဖြစ်သွားရတော့တယ်။

၅။   
NTU ဆိုတဲ့ တက္ကသိုလ်က ရန်ကုန်စက်မှု တက္ကသိုလ်နဲ့ ဆင်တူ  သလိုလိုပဲ။ ဒါပေမဲ့ ကြီးမားကျယ်ပြန့်တာကတော့ ပိုတာပေါ့လေ။ အဆောက်အအုံပေါ်ကနေ ၀င်လာတဲ့ ကားလမ်း တစ်လျှောက် လမ်းဘေးဝဲယာက သစ်ပင်တွေ မြင်ရ ကြည့်ရတာကတော့ ငယ်ဘ၀က ရန်ကုန်စက်မှု တက္ကသိုလ်ကိုရော သူငယ်ချင်းတွေကိုပါ လွမ်းလိုက်မိ သွားစေခဲ့ရတယ်။
ဒီလိုနဲ့ ဟိုနားဒီနားသွား အမှတ်တရ ဓာတ်ပုံလေး လှည့်ရိုက်ပြီး ဘွဲ့နှင်းသဘင် ခန်းမထဲ ၀င်လိုက်တော့ မကြာခင်မှာ အခမ်းအနားက စတော့တယ်။ စစချင်းမှာပဲ အထူး ဖိတ်ကြားထားတဲ့ မန်းနေးဂျင်း ဒါရိုက်တာ တစ်ယောက်က ဘွဲ့ယူမယ့် သူတွေကို ဘ၀ အောင်မြင်ရေး နည်းလမ်းတွေထဲ က သူ့အတွေ့အကြုံ သုံးချက်ကို ပြောပြတယ်။ ပြီးမှ ပါမောက္ခချုပ်က မဟာသိပ္ပံ ဘွဲ့ရသားတို့ ကျောင်းသား တစ်တွေကို ဘွဲ့လက်မှတ် ချီးမြှင့် တယ်။

အဲဒီ ပရိသတ်တွေရဲ့တူရူ ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေ ထိုင်တဲ့ ကျောဘက် ပိတ်ကားမှာ ပေးသူနဲ့ ယူသူတို့ရဲ့ ပုံရိပ်တွေက ကြီးကြီးမားမား ထင်ထင်ရှားရှား။ ဘွဲ့ယူမယ့် ကျောင်းသားရဲ့လက်ကို ဆွဲယူ၊ ဘွဲ့လက်မှတ်ကို ရင်ခွင် အရောက် ထိုးပေးနဲ့။ အဲဒီမှာ ရိုက်တ ဓာတ်ပုံက စင်ပေါ်က ဆင်းတာနဲ့ တန်းပေးတော့တာ။

တရုတ်၊ အိန်္ဒိယ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာ။ အာရှတိုက်ရဲ့ စီးဆင်းမှုများ စုဆုံရာ ကျွန်းကလေးမှာ နိုင်ငံ အစုံက ဘွဲ့ယူသူတွေ ဥရောပ ၀တ်စုံတွေနဲ့ ဘွဲ့ယူ လိုက်ကြတာက အနက်ရောင် ပေါ်မှာ အ၀ါရောင် တံခွန်တွေ တလွှားလွှားနဲ့ ဖြစ် နေရတယ်။ ဒီအထဲမှာမှ ကျွန်တော်များ မျက်စိ မှားလေသလား မသိပါဘူး။ အ၀ါရောင်ချိတ် ထဘီလိုလိုနဲ့ တစ်ယောက်ကို ရုတ်တရက် မြင်လိုက်မိပြီး ဘာကြောင့်ရယ် မသိ ဖြန်းခနဲ ကြက်သီး မွေးညှင်းတွေ ထသွားလိုက်မိတယ်။ ဒါနဲ့ပဲ ကင်မရာကို အသင့်ပြင် ကျွန်တော်တို့ ပရိသတ် တွေကြားထဲက ဖြတ်ဆင်းလာမယ့် ဘွဲ့ယူသူတို့ အပြန်လမ်းမှာ သတိနဲ့ နေလိုက်တော့တယ်။

လာပါပြီ။ ခွာမြင့် ဖိနပ်ကို ထိန်းစီးရင်း လှေကား တစ်ထစ်ချင်းကနေ ဆင်းလာ နေပါပြီ။ ချိတ်ထဘီ ၀တ်ဆင် ထားတာကလည်း သေချာ သွားပါပြီ။
“သမီး ခဏလေး”
ကျွန်တော် ဒီလို ပြောလိုက်တော့ အံ့အားသင့် သွားတဲ့ မျက်နှာလေးနဲ့ ရပ်ပေးတယ်။ ကျွန်တော် မိမိရရ ရိုက်ယူ လိုက်တော့တယ်။ အများအလယ်က မြန်မာမ ကလေး ကျန်းမာ ပျော်ရွှင်ပါစေ။

၆။
“အဖေ၊ ဒါက မြန်မာဆိုင်၊ မြန်မာ အစား အစာတွေနဲ့ မြန်မာတွေ စုဝေးတဲ့ နေရာပဲ”    ပင်နင်စူလာ ပလာဇာကို ရောက်တော့ သားကဆိုတယ်။ မြန်မာ စကားသံတွေက ညံလို့။ ဘောင်း ဘီဝတ်ထားတာချင်းတူပေမယ်လို့ အသား အရောင်ကတော့ ညိုတိုတို။ လျှောက်ကြည့်တော့လည်း မြန်မာဆိုင်တွေက မြန်မာပြည်ကလိုပါပဲ။ ကြံကြံဖန်ဖန် ငရုတ်ဆုံတွေ ချထားတဲ့ဆိုင်၊ ကွမ်းယာ ဆိုင်တွေကလည်း ရှိသေး။

ရှိသေး...။
“အဖေ ဘာစားမလဲ၊ မုန့်ဟင်းခါးလား၊ မုန့်တီလား၊ ထမင်းသုပ်လား”

ပလာဇာရဲ့ မြေညီထပ် စားသောက်ဆိုင်ခန်း တွေထဲက ရနံ့သစ်မှာ ထိုင်မိတော့ သားက မေး လာတယ်။
“လက်ဖက်ရည် တစ်ခွက်စီလောက် သောက်ပြီးတော့ပဲ ခရီး ဆက်ကြစို့လား”
ရက်နည်းနည်းမှာ ရသလောက်လျှောက် သွားချင်နေလို့ ဒီလိုပဲဖြတ်လိုက်တော့တယ်။

“အာ မေမေကလည်း၊ သမီး ဓာတ်ပုံပေး လိုက်တာ ရပြီမို့လား။ ပါးဖောင်းဖောင်းတွေကို တွေ့မှာပါ။ သမီး မပိန်ပါဘူး။ အခုတောင် နေ့ လယ်စာစားနေရင်းက ဆက်နေတာပါ။ ကဲ ပြတ် ပြတ် ပြတ် ကြားပြီမို့လား။ အဲ မေမေ ၀မ်းသာစရာစကား ပြောရဦးမယ်။ အခု သမီး အလုပ် ရပြီ။ မနက်ဖြန် စ၀င်ရမှာ။ အဲဒါ ဒီလကုန်ရင် ငွေပို့ လိုက်မယ်နော်။ သမီးတို့ နောက်လက စပြီး ဖေ့ဖေ့ ကျန်းမာရေးကို ဂရုစိုက် နိုင်တော့မှာပါ”

သူတို့ စင်ကာပူမှာက လူလူချင်း ထိမိ ပွတ်မိဖို့ ဝေးလို့၊ မျက်လုံးချင်း မဆုံမိအောင်တောင် ဆင်ခြင်ကြတာကလား။ ဒါပေမဲ့ အခုတော့ ကျွန်တော့် မျက်လုံးတွေက အသံကြားတဲ့ဆီ ရောက်သွား ရပါပြီ။
“ဟင်”

ဒီလို အသံထွက် သွားလိုက်မိတယ်။ တစ်နေ့တုန်း ဆီက အ၀ါရောင် ချိတ်လုံချည်နဲ့ ကလေး မလေးလို့ ထင်လိုက်မိလို့ပါ။ ကျွန်တော့်အသံ ထွက်သွားမိလို့ ထင်ပါရဲ့။ သားကလည်း ကျွန်တော် ကြည့်ရာဆီ လိုက်ကြည့်တယ်။ ပြီးမှ...
“အဖေ ဘာဖြစ်လို့တုံး”

“ဟိုတစ်နေ့က ချိတ်လုံချည်နဲ့ ဘွဲ့ယူတဲ့ ကလေး မလေးလားလို့ပါ။ ဘာမှ မဟုတ်ပါဘူး”

“သြော် ဒါလား”

ပြောပြောဆိုဆို ထောင့်ထဲက ကောင်မလေးဆီ သားက လျှောက်သွားတယ်။ ပြီးတော့ ကျွန်တော့်ဆီ ခေါ်လာတယ်။
“ငါက မမြင်လိုက်မိဘူး၊ အဖေက မြင်တာ။ အဲဒါ ဟိုတစ်နေ့က ဘွဲ့ယူတာမှာ ချိတ်လုံချည် ၀တ်လို့တဲ့ အဖေက သဘော ကျနေတာ။ အဖေ၊ ဒါက သူဇာတဲ့၊ မန္တလေးကပါ”
ဒီတော့ ကလေးမလေးလည်း ကျွန်တော့်ကို မှတ်မိသွားဟန်နဲ့ တူပါတယ်။ ခေါင်းကလေး ညွတ်ပြီး အပြုံးနဲ့ နှုတ်ဆက်တော့တယ်။
“သြော်...ထင်လင်းမောင် အဖေကိုး”
အာမေဍိတ်သံလား မသိ။ သူ့နှုတ်က အသံ တိုးတိုးလေး ထွက်လာတော့တယ်။

၇။
“ဟိုတစ်နေ့က ပင်နင်စူလာမှာ တွေ့ခဲ့တဲ့ ကောင်မလေးလေ။ အဲဒါ သူ့အလုပ်က ဒီနားမှာ ဆိုတော့ သမီးတို့ အိမ်ကို ပြောင်းလာ နေမလို့တဲ့။ အဖေ့သားနဲ့လည်း သူငယ်ချင်း၊ သမီးတို့ မောင်နှမ ကလည်း နှစ်ယောက်တည်း နေတာဆိုတော့ လက်ခံလိုက်တယ် အဖေ”

ဆယ်ရက်ကျော် ကြာနေပြီ ဖြစ်တဲ့ ကျွန်တော် ပြန်ခါနီး တစ်နေ့မှာ သမီးက စကား စလာတယ်။ အဲဒီနေ့က ရုံးပိတ်ရက် ဖြစ်နေလို့လား မသိဘူး။ ညနေဘက်မှာပဲ ကလေးမလေးက ပြောင်းလာတယ်။ သူ့အပြောင်းအရွှေ့ကို သားက ၀ိုင်းကူပေး ရတယ်။

သူ့အခန်း ပြင်တော့ သူ့စားပွဲပေါ်က ကွန်ပျူတာမှာ တင်ထားတာက သူ့အဖေနဲ့ အမေ ဖြစ်ဟန် တူတဲ့စုံတွဲ တစ်တွဲ။ ပြီးတော့ လောလောလတ် လတ်ယူ ထားခဲ့တဲ့ သူ့ရဲ့ဘွဲ့ရ ဓာတ်ပုံလေး။ နောက် ဗီရို ခေါင်မိုးပေါ်က ရွှေရောင် ၀င်းနေတဲ့ ဘုရား ဆင်းတုတော်နဲ့ ပန်း၊ ရေချမ်း။ ဖြတ်သွား  ဖြတ်လာမှာ ဒါတွေကို ကျွန်တော် မြင်လိုက်မိတယ်။

တစ်ခါညဘက်မှာ ကျွန်တော် အခန်းအပြင် ထွက်လိုက်တော့...
“ဂျပန် ကုမ္ပဏီပါ မေမေ။ အစဆိုတော့ အလုပ် သင်ပေါ့။ အဲဒါမနက် ကိုးနာရီ အရောက် သွားရပြီး ညဆယ်နာရီမှ အလုပ်က ပြန်ရောက်တယ်။ သမီး လုပ်နိုင်ပါတယ်။ ဖေဖေ့သာ ဂရုစိုက်ပါ မေမေ။ သမီး ဒီလကုန်ရင် ငွေပို့ လိုက်ပါ့မယ်”

ဧည့်ခန်းမှာ အင်တာနက် ဖုန်းကို သုံးပြီး ပြောနေတဲ့ ဒီစကားသံတွေက ကျွန်တော့်နားထဲ တိုး ၀င်လာကြတယ်။ ဒါအတွက် စိတ်ထဲမှာ တစ်ခုခု ငြိလိုက်မိပေမယ့် မဖမ်းမိလိုက်ဘူး။ အဲဒါ ပြန်ဖို့လို့ လေဆိပ် ရောက်တဲ့ အခါကျမှ...
“ကောင်မလေးက သနားစရာပါ အဖေရာ။ တစ်နေ့စာ တစ်နေ့ရယ်လို့ မဟုတ်ဘူး။ ထမင်း တစ်ခါချက်ထားရင် ကျန်နေလို့ကတော့ တစ်ရက် နှစ်ရက်ကြာနေပေ့စေ ကုန်အောင် စားတာပဲ။ ပြီးတော့ ရေခဲ သေတ္တာထဲမှာ ဘာလချောင် ကြော်ဘူးတွေ သုံးလေးဘူး ထည့်ထားတယ်။ အဲဒါနဲ့ ထမင်းပဲ စားတာ”

ကျွန်တော် နားလည် လိုက်ပါပြီ။ အသက် နှစ်ဆယ့်ငါးနှစ်လောက် အရွယ် ဒီကလေးမလေး က မိန်းကလေး တန်မဲ့နဲ့ သူ့ဘ၀ တက်လမ်း အတွက် တင်မက သူ့မိသားစု အတွက်ပါ သူစွမ်းတဲ့ သူ့ပညာကို ရင်းနှီးပြီး ရပ်ဝေး မြေခြားမှာ ဘ၀ကို မြှုပ်နှံ နေတော့တာလို့။ ဒီလိုဆိုတော့...။

ကျွန်တော် ယူလာခဲ့တဲ့ ချဉ်ပေါင်ရွက် အခြောက်ကြော်နဲ့ ငရုတ်သီး ငါးပိဆီကြော်တွေ ကရော ကျွန်တော့် သားသမီးတွေ အတွက် ချွေတာရေး စားသောက်စရာတွေများ ဖြစ်နေမလား။ တစေ့တစောင်း ပြန်ငဲ့လို့ ကြည့်လိုက်ချင်မိပေမယ့် မဖြစ်နိုင်တော့။ မသိမသာ သက်ပြင်း ခိုးချရင်းနဲ့သာ...။
ဝမ်း၊စက်မှုတက္ကသိုလ်၊
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a Comment