Pages

Wednesday 5 October 2011

တစ်ဦးတည်းသောသား

တစ်ဦး တည်းသော သားဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော် အရမ်း သဘောကျ ခဲ့သူပါ။ ၁၆ နှစ် အရွယ်အထိ ကျွန်တော် တစ်ဦး တည်းသော သား ဖြစ်ခဲ့ ပါတယ်။
ကျွန်တော်တို့ မိသားစုထဲမှာ သားဦး၊ မြေးဦး ဖြစ်ခဲ့တော့ သားဦး အရူးဆိုတဲ့ အတိုင်း အဘိုးအဘွား၊ အဖေအမေ၊ ဦးလေး၊ ဒေါ်လေးတို့ အားလုံး ကျွန်တော့်ကို ရူးမတတ် ချစ်ကြတယ်။ မိသားစု အားလုံးရဲ့ အချစ်၊ ဂရုစိုက်မှုတွေခံရတဲ့ ကျွန်တော်ကလည်း နွဲ့ဆိုးလေးတော့ ဆိုးတတ်ပါတယ်။

သူငယ်ချင်းတွေ နဲ့လည်း အနိုင်ယူချင်စိတ် ရှိခဲ့တယ်။ သူငယ်ချင်းတွေက မောင်နှမ ဘယ်နှယောက် ရှိလဲလို့ မေးတဲ့အချိန်မှာ “ငါက တစ်ဦးတည်းသောသား” လို့ ဖြေရင် သူတို့က “ဟာ၊ ကောင်းလိုက်တာ၊ မင်းကို သိပ်အလို လိုက်ကြမှာပဲ၊ မုန့်လည်း လုစားစရာ မလိုဘူး၊ မုန့်ဖိုးလည်း ခွဲမပေးရဘူး” လို့ ပြောကြတယ်။ တချို့က “ငါက အစ်ကို အကြီးဆိုတော့ ညီတွေ၊ ညီမတွေကို ဦးစားပေးရတယ်၊ ညှာရတယ်” တဲ့။ တချို့က “ငါက အလတ်ဆိုတဲ့ အတိုင်း လပ်နေတယ်။ အကြီးကျတော့လည်း အကြီးဖြစ်လို့ ရိုသေရ၊ အငယ်ကျတော့လည်း ညှာတာရ၊ အကြီးဆုံး ကျတော့ အမေက သားကြီးဆိုပြီး ချစ်တယ်၊ အငယ်မ ကျတော့ လည်း တီတီတာတာနဲ့ ချွဲတတ်တော့ အဖေက ချစ်နဲ့ ငါ့ကျတော့ ချစ်မယ့်သူတောင် မရှိပါဘူး” ကြားရတာတွေက ဘာတစ်ခုမှ မကောင်းခဲ့ ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ သိပ်ကို ကံကောင်းတယ်လို့ ဂုဏ်ယူမိတယ်။ မိသားစု တွေက ကျွန်တော့်ကို အလိုလိုက်ကြ၊ ချစ်ကြတဲ့ အတွက်လည်း ကျေနပ်မိပါတယ်။

ကျွန်တော် တစ်သက်လုံး ဒီလိုပဲ နေသွားရ လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ နောက်ထပ် ညီအစ်ကို နောက်ထပ် ညီ၊ ညီမလေးတွေ ရလိမ့်မယ် လိုအပ်လိမ့်မယ်လို့လည်း မထင်ထားမိပါဘူး။ ကျွန်တော် တစ်ယောက်တည်း နေရတာကိုပဲ ကျေနပ်မိတယ်။ ကစားဖော် မရှိလို့လည်း မပျင်းပါဘူး။ အဖေ ဒါမှမဟုတ် အမေ၊ ဒါမှ မဟုတ် ဦးလေးတွေက ကျွန်တော့်ရဲ့ ကစားဖော်ပဲလေ။ နောက်ဆုံး ဘယ်သူမှ မရှိခဲ့ရင် ကျွန်တော့် အရုပ်တွေဟာ ကျွန်တော့်ရဲ့ ကစားဖော်ပဲပေါ့။

ဒီလိုနဲ့ ကျွန်တော် မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့် ဘ၀ထဲကို ညီလေး ရောက်လာတဲ့ အချိန်က စပြီး ကျွန်တော့် ဘ၀ရဲ့ ပျော်ရွှင်မှု ကျေနပ်မှုတွေ ဆုံးရှုံး ခဲ့ရပါတယ်။ ကျွန်တော့် အသက် ၁၅ နှစ်အရွယ်မှာ ကျွန်တော့် အမေ ဗိုက်ထဲကို ညီလေးလား၊ ညီမလေးလား မသိတဲ့ ကျွန်တော့်ရဲ့ အချစ်ကို လုယူမယ့် သူတစ်ယောက် ရှိလာခဲ့တယ်။ အဲဒီ အချိန်မှာ ဖေဖေရော၊ မေမေရော ပျော်နေကြပေမယ့် ကျွန်တော်ကတော့ လုံးဝ မပျော်ခဲ့ပါဘူး။ မေမေက “သား ညီလေး လိုချင်လား။ ညီမလေး လိုချင်လား” လို့ မေးတဲ့အခါ ကျွန်တော်က “ဘယ်သူမှ မလိုချင်ဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီအခါ မေ့မေ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲ လို့ ကျွန်တော် ဂရု မစိုက်ခဲ့ပါဘူး။ ဖေဖေကဆို မေမေ့ကို အရင်ကထက် ပိုပြီး ဂရုစိုက်ခဲ့တယ်။ မေမေ့ကို ဂရုစိုက်တာထက် မေမေ့ ဗိုက်ထဲမှာ ရှိနေတဲ့ မမြင်ရသေးတဲ့ ကလေးကို ဂရုစိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ချစ်လို့လေ။ တစ်ခုခု လုပ်ရင်လည်း အထဲက ကလေး ထိခိုက်မယ် မလုပ်နဲ့၊ တစ်ခုခု စားရင်လည်း အထဲက ကလေး အန္တရာယ်ဖြစ်မယ် မစားနဲ့တဲ့။ မမြင်ရသေးဘဲ ဒီလောက် ချစ်နေရင် မြင်ရရင် ဘယ်လောက်တောင် ချစ်လိုက်မလဲ။ ကျွန်တော် စဉ်းစား၊ မစဉ်း စားရဲခဲ့ပါဘူး။

မိဘများဟာ ကိုယ့်သားသမီးကို ဒီလိုပဲ မမြင်ခင်ကတည်းက ချစ်တတ်ကြတယ် ဆိုတာကိုလည်း ကျွန်တော် နားမလည်ခဲ့ပါဘူး။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလို ချစ်မှာပဲလို့ မထင်ခဲ့မိဘူးလေ။ မေမေ မွေးတဲ့ နေ့မှာ သိပ်ကို ပျော်နေတဲ့ ဖေဖေ့ရဲ့ မျက်နှာကို ကျွန်တော် အခုထိ အမှတ်ရ နေခဲ့ပါတယ်။ သားယောက်ျားလေး ဆိုတော့ ဖေဖေက ပိုပြီး သဘောကျတယ်လေ၊ ကျွန်တော်နဲ့လည်း အဖော်ရတယ်၊ သူ့အမွေကို ဆက်ခံမယ့် သူတစ်ယောက် တိုးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က အဲဒီလိုမမြင်ဘဲ ကျွန်တော့် အချစ်တွေကို လုယူမယ့် သူတစ်ယောက်လို့ပဲ မြင်ခဲ့ပါတယ်။

ကျွန်တော် ထင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်တော့် အပေါ်ထားတဲ့ မိသားစုရဲ့ အချစ်တွေဟာ သူ့ကို တစ်ဝက် ခွဲပေးလိုက်ရတယ်။ သူ့ကို ပိုပြီး ကျွန်တော့်ထက် အာရုံစိုက်လာကြတယ်။ ကျွန်တော်နဲ့ စကားပြောကာ အဖော် လုပ်ပေးနေတဲ့ အဖေက အခုဆိုရင် ကလေးချော့တေးဆိုရတာနဲ့ နို့ဘူး ဖျော်ရတာနဲ့တင် အချိန် ကုန်စေခဲ့ပါတယ်။ ကျွန်တော့်ကို ကျောင်းလိုက်ပို့နေကျ ဦးလေးကလည်း“ညီလေး နေမကောင်းလို့ ဆေးခန်းလိုက် ပို့ရဦးမယ်။ သား တက္ကစီ ငှားသွားလိုက်နော်” ဆိုပြီး ကျွန်တော့်ကို ပစ်ထားခဲ့တယ်။ အဘိုး၊ အဘွားတွေကလည်း ကျွန်တော့်ထက် တီတီတာတာ ပြောတတ်တဲ့ ညီလေးကို ပိုပြီး ချစ်လို့ နေပြန် ပါတယ်။ ဒီလိုနဲ့ ကျွန်တော်က ဘေးကို ရောက်မှန်း မသိ ရောက်လာခဲ့ပါတယ်။

ကျွန်တော်နဲ့ သူက အသက် ၁၆ နှစ်ကွာ နေပြန်တော့ ပိုဆိုးပါတယ်။ ကျွန်တော်က လူပျိုပေါက် အရာရာကို မိုက်ရူးရဲဆန်စွာ လုပ်တတ်တဲ့ အရွယ်မှာ သူက ဘာမှ မသိ နားမလည် သေးတဲ့ ကလေး တစ်ယောက် ဖြစ်နေ တယ်လေ။ ကျွန်တော့် ကျောင်းစာအုပ် ထဲမှာ သူက ခဲတံနဲ့ ရေးခြစ် ကစားတော့ ကျွန်တော်က စိတ်တိုပြီး ရိုက်မိတယ်။ ဒါကို မေမေနဲ့ ဖေဖေက ကျွန်တော့် အမှားလို့ပဲ ပြောခဲ့တယ်။ ဘာမှ မသိတဲ့ ကလေးကို ရိုက်မိတာရယ်၊ ကလေး ဆော့တဲ့ နေရာမှာ မိမိရဲ့ ကျောင်းစာအုပ်နဲ့ ခဲတံကို အလွယ်တကူ ထားမိတဲ့ အပြစ်ရယ်ဆိုပြီး ကျွန်တော့်ကို ဆူခဲ့ပါတယ်။

ကျွန်တော့်ကို သူတို့ မချစ်တော့ဘူးလို့ ယူဆ လိုက်ချိန်မှာ ကျွန်တော့် စိတ်တွေ အလိုလို အထီးကျန် လာတယ်။ စိတ်ရိုင်းတွေ ၀င်လာတယ်။ ကျွန်တော့်ကို မချစ်ဘဲ ညီလေးကို ချစ်နေကြတဲ့ သူတို့ အားလုံးကိုလည်း မုန်းမိတယ်။ ညီလေးကို လည်း မုန်းမိတယ်။ ညီလေး အရွယ် ရောက်လာတဲ့ အထိပါပဲ။ သူဘာပဲ လုပ်လုပ် အကောင်း မမြင်ခဲ့ဘူး။ သူ့အပေါ် အမြဲ ရန်လို နေခဲ့ မိတယ်။ ဖေဖေ မေမေတို့ကတော့ သိပ်ပြီးဆိုးတဲ့ သားကြီး အနေနဲ့ မြင်ခဲ့တယ်။ ဟုတ်ပါတယ်။ ကျွန်တော်ကလည်း ဆိုးခဲ့ပါတယ်။ ညီလေးက ကျွန်တော့်ထက် ပိုပြီး လိမ္မာတယ်၊ မိဘအပေါ် သိတတ်တယ်။ အဲဒီတော့ သူက ပိုပြီး မျက်နှာရတယ်။ သားငယ်က ပိုလိမ္မာတယ် ဆိုပြီး ချီးမွမ်းကြလေ ကျွန်တော်က ပိုပြီး ဆိုးပြလေပဲ။ ဒါနဲ့ ကျွန်တော်ဟာ ပိုပိုပြီး ဆိုးသွမ်း လာခဲ့တာပါပဲ။

အရင်က သူငယ်ချင်းတွေ ပြောတာကို ပြန်ပြီး ကြားမိတယ်။ မိဘတွေက လိမ္မာတဲ့ သားသမီးကိုပဲ ချစ်တာတဲ့။ ဟုတ်ပါလိမ့်မယ်။ “ငါကတော့ သူတို့အပေါ် မလိမ္မာဘူး၊ အဲဒီတော့ ငါ့ကို မချစ်ကြဘူး။ ဂရုလည်း မစိုက်ကြပါဘူး”

လို့ ထင်မိခဲ့ပါတယ်။ ညီလေးက အင်ဂျင်နီယာ ဘွဲ့ရပြီးတဲ့ အချိန်ထိ ကျွန်တော်က ရိုးရိုးမေဂျာဘွဲ့ တောင်မရသေးဘဲ ဟိုလိုလို ဒီလိုလို နေခဲ့ပါတယ်။ ညီလေး အလုပ်ရပြီး မိဘတွေကို ရှာဖွေ ကျွေးချိန်မှာ ကျွန်တော်က ကျောင်းနေဖက် မိန်းကလေး တစ်ယောက်ကို ခိုးယူ လက်ထပ် ခဲ့ပါတယ်။ ခိုး ယူရတဲ့ အကြောင်းရင်းက သူတို့ဘက်က သဘော မတူလို့ပါ။ ကျွန်တော့်လို ကျောင်းလည်း မပြီး၊ အလုပ်လည်း မရှိတဲ့ ဆန်ကုန် မြေလေး ကောင်လေး တစ်ယောက်ကို သဘော မကျလို့ပါပဲ။ မိန်းမရ ပြီးချိန် အထိ မိဘ လုပ်စာကိုပဲ ထိုင်စား နေမိပါတယ်။ ဒါကို ဖေဖေတို့က ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ရအောင် ဆိုပြီး တိုက်ခန်း တစ်ခန်းနဲ့ ငွေအရင်းအနှီး ထုတ်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော်က ကျေးဇူး မတင်ဘဲ အပြစ်သာ မြင်ခဲ့ပါတယ်။

အိမ်ပေါ်မှာ တင်မထား ချင်လို့၊ သူတို့ မကျွေးမွေး ချင်တော့လို့ နှင်လွှတ်တယ် လို့သာ ထင်ခဲ့မိပါတယ်။ ဒီထက် ပိုဆိုးတဲ့ အတွေးအခေါ်က ကျွန်တော့်ကို အမွေ မခွဲပေးချင်လို့ ဒီအိမ်ပေါ် ကနေ ပလွှတ်တယ်။ အနုနည်းနဲ့ လုပ်တာပဲလို့ ယူဆခဲ့မိတာတွေက ကျွန်တော့်ရဲ့ အပြစ်တွေပါပဲ။

ဒါတွေကို တွေးရင် ရင်ထဲမှာ တစ်နုံ့နုံ့နဲ့ စိတ်နာ မိပါတယ်။ အဘိုး၊ အဘွားတွေ ဆုံးပြီး ကတည်းက ဖေဖေနဲ့ မေမေ့မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ရှိတယ် ဆိုတာကို သိခဲ့တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှု ဟာလည်း ကျွန်တော်နဲ့ ညီလေး တစ်ယောက် တစ်ဝက် ပိုင်တယ်လို့ တရား ဥပဒေ ရှိခဲ့ပြီးသား ပဲလေ။ ညီလေးသာ မရှိရင် ကျွန်တော် တစ်ယောက်တည်း ရမယ့် အမွေတွေ ပဲလို့ တွေးပြီး လောဘ တက်မိတယ်။ နောက်ပြီး သိပ်လိမ္မာပြီး မိဘကို လုပ်ကျွေးနေတဲ့ သားဆိုပြီး အမွေတွေ ပိုပေးလိုက်ရင် ငါ့အတွက် ဘာမှ ကျန်မှာမဟုတ် ဘူးလို့ ထင်မိတယ်။

မိဘကို လုပ်ကျွေးနေတဲ့ သားက အမွေ ပိုရတာ ရပါစေလို့ မစဉ်းစားဘဲ မနာလိုဖြစ် လောဘ တက်မိတာတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုတောင် ရှက်မိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မသိခဲ့ဘူးလေ။ မိဘ အပေါ် မသိတတ်တဲ့ အပြင် အမွေလုဖို့ ကြံစည် နေခဲ့မိတယ်လေ။ ဖေဖေက သွေးတိုး ရောဂါနဲ့ ဆုံးပါး သွားချိန်မှာ ကျွန်တော်က အမွေ ခွဲဖို့ ကိစ္စကို ပြောခဲ့တယ်။ ညီလေးကတော့ ဘာမှ မပြောရှာဘူး။ သူပြောရင် ကျွန်တော် ရန်လုပ်မယ် ဆိုတာ သူသိတယ်လေ။ မေမေကတော့ စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။ “အမေ မသေ သေးတဲ့ အတွက် အမွေခွဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး သားကြီး၊ ဒါပေမယ့် သားအလုပ်အကိုင် အဆင်မပြေဘူး ဆိုတာ သိလို့ အရင်းအနှီး အနေနဲ့ ပိုက်ဆံ ထုတ်ပေးပါ့မယ်” ဆိုပြီး ကျွန်တော့် အတွက် ပိုက်ဆံ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မကျေနပ်ခဲ့ပါဘူး။ နောင်လည်း ခွဲပေးရမှာပဲဟာ၊ တစ်ခါတည်းပေးရင် ပြီးရောလို့ အယူအဆတွေ မှားခဲ့တယ်။

သိပ်မကြာပါဘူး။ တစ်နှစ် အကြာမှာပဲ မေမေ ဆုံးပါး ခဲ့ပါတယ်။ ဖေဖေ မရှိတော့ တာရယ် အသက်အရွယ် ကြောင့်ရယ် ရောဂါကို ဂရုမစိုက် နိုင်လို့ အားအင် ကုန်ခန်းပြီး ဆေးရုံ ရောက်နေ ချိန်မှာ ညီလေးက မေမေ့ကို အနီးကပ် ပြုစုပေးခဲ့တယ်။ ကျွန်တော် အဲဒီ အချိန်အထိ နောင်တ မရသေးပါဘူး။ အမှန်တရားလည်း မမြင်ခဲ့သေးဘူး။ အမွေ လိုချင်လို့ မေမေ့ကို ကပ်နေတယ်လို့ ထင်ခဲ့မိတယ်။ မေမေ အသက် မထွက်ခင် နာရီပိုင်း အလိုမှာ ပြောလိုက်တဲ့ စကားတွေကြောင့် ကျွန်တော့် ဘ၀ တစ်လျှောက်လုံး အမှောင်အတိနဲ့ မှားခဲ့တာတွေကို ပြန်မြင်ပြီး နောင်တ အကြီးအကျယ် ရခဲ့တယ်။

“မေမေ သေဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အားလုံးကို မေမေ စိတ်ချတယ်။ တစ်ခုပဲ ရှိတယ်။ သားကြီးကို စိတ်မချဘူး။ သားကြီးက ကိုယ့်ဘ၀ကို မရပ်တည်နိုင် သေးဘူး။ လောကကြီးမှာ မနေ တတ်သေးဘူး။ သားအတွက်လည်း မေမေ ဘာမှ မလုပ် ပေးနိုင်ခဲ့ဘူး။ ပေးနိုင်တာက မေမေ့ရဲ့ အမွေတွေပဲ ရှိတော့တယ်။ မေမေတို့ ရှေ့နေကြီး ဦးထွန်းမောင်ဆီမှာ စာရွက် စာတမ်း တွေ အားလုံး ရှိတယ်။ သားရဲ့ အဘွားဆုံး ကတည်းက အဘွား က မင်းကို မြေးဦးဆိုပြီး ပေးခဲ့တဲ့ အမွေတွေ ရှိတယ်။ သူ့ဆီမှာပဲ တောင်းယူ လိုက်ပါ။ ပြီးတော့ မေမေတို့က သားကို သားအကြီးလည်း ဖြစ်တယ်။ စီးပွားရေးလည်း အဆင် မပြေတဲ့သူ ဆိုတော့ ပိုင်ဆိုင်တာ အားလုံးရဲ့ သုံးပုံ နှစ်ပုံကို ပေးထားတယ်။ မင်းညီလေး ကလည်း ကျေကျေနပ်နပ် နဲ့ ပေးပါတယ် ဆိုလို့ပါ။ သူကတော့ ရှာတတ်ဖွေတတ် လူ့လောကမှာလည်း နေတတ်တဲ့ သူဆို တော့ မေမေ သူ့ကို စိတ်ချတယ်။ သားကြီးကို လည်း မေမေ စိတ်ချ ချင်တယ်ကွယ်”

မေမေ့ စကား အဆုံးမှာ ကျွန်တော်မျက်ရည် ကျမိတယ်။ ရှက်လည်း ရှက်မိ ပါတော့တယ်။ ညီလေးကတော့ မေမေ့ဘေးမှာ ပြုစုနေတယ်။ ကျွန်တော် ကတော့ မေမေ့ကို ဘာမှ မလုပ်ပေးခဲ့ ရပါ။ ကျေးဇူးလည်း ဆပ်ခွင့် မရခဲ့ပါ။ ဒါပေမယ့် ကျွန်တော် အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။ မိဘ ဘိုးဘွားအပေါ် အမှားတွေသာ ကျူးလွန်ခဲ့မိတယ်။ အထင်အမြင်တွေ မှားပြီး ဘ၀ကို အရွဲ့တိုက်၍ နေထိုင်ခဲ့တယ်။ မနာလိုစိတ်၊ လော ဘစိတ်တွေနဲ့သာ ဆိုးသွမ်း၍ နေခဲ့တယ်။ မိဘအပေါ် နားလည် သိတတ်မှု မရှိဘဲ တစ်ကိုယ်ကောင်းဆန် နေထိုင်ခဲ့ပေမယ့် ကျွန်တော့် မေမေ၊ ဖေဖေတို့ကတော့ ကျွန်တော့်အပေါ် သနား ကရုဏာ သက်လျက် ရှိနေတယ်။ ဒါတွေကို မေမေ အသက် ထွက်ခါနီးမှ သိရတဲ့ ကျွန်တော့်ရဲ့ နောင်တတရားတွေဟာ အခုအချိန်မှာ ဘာမှ အသုံးမ၀င်တော့ပါ။

မေမေ ဆုံးပါး သွားခဲ့ပါပြီ။ ကျွန်တော်လည်း ကျွန်တော် အမြဲ လိုချင် မက်မောခဲ့တဲ့ အမွေတွေ ရခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော် မပျော်ပါ။ ဒီငွေ တွေကို ကျွန်တော် သုံးစွဲဖို့ အလွန် ရှက်ရွံ့ နေခဲ့ပါ တယ်။ ဒါပေမယ့် မေမေ့ ကျေးဇူးကြောင့် ကျွန်တော့်ဘ၀မှာ သားဦးလေး ရပြီးတဲ့အထိ တင့်တောင့်တင့်တယ် နေထိုင် နိုင်ခဲ့ပါတယ်။

ကျွန်တော်လည်း အသိတရားတွေ မွေးမြူ ပြီး လောကမှာ အမှန်တရားနဲ့ ရှင်သန်နေရင်း ဒုတိယမြောက် သားရတနာ ရလာတဲ့ အခါ သားကြီး အတွက် ကျွန်တော် စိုးရိမ် ထိတ်လန့် မိပါတယ်။ ကျွန်တော့် လို အမြင်မှား၊ အတွေးအခေါ် မှား၊ အယူအဆ မှားတွေနဲ့ မရှင်သန် ရအောင် ကျွန်တော် ဘယ်လို ထိန်းသိမ်း ပေးရမလဲ။

ဈာန်

No comments:

Post a Comment