Pages

Monday 3 October 2011

မာမီရှိန်းမှ အပြန်

၁။
အလွန်အေးသော နိုဝင်ဘာသည် ရန်ကုန်မြို့၏ တစ်ကွက်စာ နေ့လယ်ခင်း အတွက်တော့ သူ၏ အအေးရှိန်ကို ပြောပလောက်အောင် မြှင့်တင်နိုင်ခြင်း မရှိချေ။ ဆီးနှင်းများမှာ မနက်ခြောက်နာရီခွဲ အထိသာ ခြုံလွှမ်းတတ်ပြီး ခဏနေတော့ သူ၏ခြုံလွှာကို ရုပ်သိမ်း တတ်လေသည်။ ဆောင်း၏ အအေးဓာတ်ကို ထိုးဖောက်ရန် ကြိုးစားနေသော နေက ပါပါကြီး ၀က်သားတုတ်ထိုး ဆိုင်နား တစ်ဝိုက်တွင်သာ ကွက်၍ ထိုးကျနေသလား။ သေချာသည်ကတော့ ခြေလေးချောင်းသား မစားဘဲ ၀က်သားတုတ်ထိုး ဆိုင်၏ ခုံပုကလေးတွင် နေရာယူမိသော ကျွန်မ ဖြစ်အင်က အတော်လေးကို အူကြောင်ကြောင်နိုင်လှသည်။

“လာကြနော် လာကြ၊ ပါပါတို့ တုတ်ထိုးက သူများတုတ်ထိုးနဲ့ မတူဘူး။ ပါပါတို့ဝက်က အသားဆိုလည်း တစ်နေမှ၊ အဆီဆိုလည်း အစ်နေမှ...”
ဗမာအစစ်ဖြစ်သော ၀က်သားတုတ်ထိုးသည် ပါပါကြီးက သူ့ဝသီအတိုင်း အနည်းငယ် ပိုပြောရမှ ရောင်းဝင်သည်ဟု အထင်ရှိဆဲဖြစ်သည်။ ၀က်သားအဆီ အစ် မအစ်တော့ မသိ၊ ပါပါကြီး၏ မျက်နှာမှာ အဆီတွေ ဟပ်နေပြီ။ အင်းလေ၊ နေက ပူရသည့်ကြားထဲ ၀က်သား တုတ်ထိုးဆီတွေက
အငွေ့တထောင်းထောင်းနှင့် ဆိုတော့...။ ပါပါကြီးက သူ့ဆိုင်က ဖောက်သည်တွေဖြစ်သော ကျွန်မနှင့် ယမုံကို သာသာထိုးထိုး လေချို သွေးတတ်မြဲဖြစ်သည်။ ပါပါကြီးကြွားတာ သိပ်တော့ မလွန်ချေ။ အဆောင်ပြန်ရောက်တိုင်း ယမုံမှာ စားပိုး နင့်တတ်၍ ကျွန်မ အခန်းမှ အစာကြေဆေးများကို မွှေနှောက် ရှာဖွေရမြဲ။ ယမုံသည် ပါပါကြီး၏ တုတ်ထိုးတွေ တနင့်တပိုး စားပြီးတိုင်း ကျွန်မ ခုတင်ပေါ်တွင် တအစ်အစ်နှင့် မရှူနိုင် မကယ်နိုင်ဖြစ်ရတတ်လေသည်။

သို့သော် ယမုံကတော့ သုံးနှစ်တိုင်တိုင် အဆောင်နံဘေး လမ်းချိုးကလေးရှိ လူအလွန်စည်သော ပါပါကြီး၏ ဆိုင်ကိုသာ အားပေးလျက်ရှိ သည်။ ကျွန်မ အဆောင်သို့ စတင် ရောက်ရှိစဉ် တွင် ပါပါကြီး၏ဆိုင်ဖွင့်ပွဲနှင့် ထူးခြားစွာ တိုက်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်တုန်းကတော့ ယမုံသည် ရိုးသားစွာ ၀တ်ဆင်တတ်သော ကွန်ပျူတာ ကျောင်းသူ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်က ပေါ့လေ။ ကျွန်မ အခန်းတံခါးအား ညင်သာစွာ ခေါက်လျက် မိတ်ဖွဲ့လာသော ယမုံ၏ သွင်ပြင်က မြန်မာဆန်လှသည်။ အနည်းငယ် ကပိုကရို ၀ဲကျနေသော ဆံပင်များအား သပ်ရပ်စွာ စုသိမ်းရင်းက ညာဘက် နှုတ်ခမ်းထောင့်လေး တစ်ခုသာ ကွေးညွတ်သွားအောင် ပြုံးပြခဲ့သော ယမုံနှင့် ရက် အနည်းငယ်အတွင်းမှာပင် ခင်မင်ခဲ့ရသည်။

တစ်ဆောင်လုံးတွင် ကွန်ပျူတာ ကျောင်းသူ ဟူ၍ သူမ တစ်ယောက်သာရှိခဲ့ပြီး ဆေးကျောင်း သူဟူ၍ ကျွန်မတစ်ယောက်သာ ရှိလေသည်။ မထင်မှတ်ဘဲ ကျွန်မနှင့်ယမုံ ခဏခဏ တွဲမိသွား သောအခါ အမြင်ကတ် ပုဒ်မနှင့် သေသပ်စွာ စွဲချက်တင်လိုက်သည်က ဂျီတီစီကျောင်းသူများ ဖြစ်သည်။ ထိုတုန်းကတည်းက ယမုံအား ၀က်သားတုတ်ထိုး အသည်းစွဲသူအဖြစ် ကျွန်မ အသိအမှတ်ပြုလိုက်ရသည်။

“ဟဲ့ မိနွယ်၊ ငါပြောတာမကြားဘူးလား”

အနည်းငယ်စူးသော ယမုံ့ အသံကြားမှ ကျွန်မ၏ ယခင်ယမုံအား လွမ်းဆွတ်ခွင့်ကို ပိတ် ပင်လိုက်ရသည်။ ယခု ယမုံ၏ အနည်းငယ် ဆွဲဆောင်မှုရှိနေသော သွင်ပြင်အား မေ့လျော့ထား ဖို့တော့ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်မ သတိရ လိုက်ရပါသည်။
“နင် ဘာပြောလိုက်တာလဲ ယမုံ၊ ငါ မကြားဘူး”

“ငါတို့ ဒါပြီး ဘယ်သွားကြမလဲလို့”

“ဘယ်သွားမလဲ၊ အဆောင်ပြန်မှာပေါ့”

ယမုံက ကျွန်မ လက်မောင်းအား အသာလှုပ်ကာ နှုတ်ခမ်းစူစပြုပြီ။ အင်းလေ။ ကျွန်မတို့ နောက်ဆုံးနှစ်အပိုင်း(က) စာမေးပွဲလည်းပြီးတာ သိပ်မကြာသေး ဆိုတော့ ယမုံ့ အလိုကို ကျွန်မ လိုက်လျောနိုင်ပါသည်။
“ကဲ ဟုတ်ပြီ၊ ယမုံ နင်ဘယ်သွားချင်လဲ” ယမုံက အနည်းငယ်တွေဝေရင်းက အညို ရင့်ရောင် ဆေးကူထားသော သူမ ဆံပင်လိပ်လေး များအား လက်ချောင်းကလေးများဖြင့် အသာထိုး ဖွနေသည်။ အလွန်နက်မှောင်သော မျက်နက်ဝန်း ပိုင်ရှင် ယမုံက သူမ၀တ်ဆင်ထားသော အပြာနု ရောင်ဘလောက်စ်နှင့် လိုက်ဖက်အောင် အိုင်းရှဲဒိုး အပြာရောင်ကို လိမ်းခြယ်ထားလေသည်။

Mascara အကူဖြင့် ရှည်လျား ကော့သွယ်သော မျက်တောင် ကလေးများမှာ အရည်ရွှန်းလဲ့ သော နှုတ်ခမ်းသားပေါ်မှာ ပန်းနုရောင် နှုတ်ခမ်း ဆီနှင့် တွဲဖက်ကြည့်တော့ အလွန် ဆွဲဆောင်မှုရှိ သွားလေသည်။ ခဏနေတော့ ယမုံက အဖြေရ သွားဟန်ဖြင့် လက်ဖျောက်တီးလေသည်။ ထို့ နောက် ရုတ်တရက် ထရပ်လိုက်တော့ ယမုံ နောက်ကျောနား ကျွန်မ သိသိသာသာကြီး ကပ် လိုက်ရသည်။

“နင်နဲ့ငါ တစ်ခါမှ မသွားဖူးတဲ့ နေရာတွေ သွားမယ်”
နံဘေးမှ ၀က်သားတုတ်ထိုးကို အငမ်းမရ အရသာခံစားနေသော ယောက်ျားတစ်သိုက်က ယမုံ့ပေါင်တံတွေဆီ မျက်လုံးတွေရောက်လာ သည်ကိုပင် ကျွန်မမှာ စိုးရိမ်မကင်း ဖြစ်ရပြန် သည်။ ယမုံ ဒီမျိုးပုံစံတွေ ၀တ်တတ်လာတာ သိပ်မကြာသေးပါ။ မြန်မာဆန်စွာ ကြော့ရှင်း လှပနေသော ယမုံက အနောက်တိုင်းဆန်စွာ ဆွဲဆောင်ချင်လာသော အတတ်ကို ဘယ်သူ့ဆီက များ တတ်မြောက်ခဲ့ပါလိမ့်။

“ကဲ ယမုံ လာ၊ လောလောဆယ် အဆောင် ပြန်ရလိမ့်မယ်”
ယမုံက ကျွန်မ မျက်ရိပ်ပြသည်ကို နား မလည်သေးပေ။ ကောင်လေးတစ်သိုက်က အားမနာတတ်စွာ လှောင်တော့မှ ယမုံ မျက်နှာတွေ ချက်ချင်း ရဲတွတ်သွားသည်။ ကျွန်မတို့ထက် နှစ်နှစ်၊ သုံးနှစ်ခန့်ငယ်မည့် လူပျိုပေါက် အရွယ် ကောင်လေးတွေ၏ လှောင်ပြောင်သံအား ပါပါ ကြီး၏ ထည်ဝါခံ့ညားသော အသံကလွှမ်းသွားခဲ့ လေသည်။
“လာကြနော် လာကြ၊ ပါပါတို့ဝက်က သူ များနဲ့ကို မတူဘူး၊ အသားဆိုလည်း တစ်နေမှ၊ အဆီဆိုလည်း အစ်နေမှ...”

၂။
“ဒီလောက်တိုတဲ့ စကတ်မျိုး နင်မ၀တ် သင့်ဘူး ယမုံရယ်”

“ခု ဘယ်လိုလုပ်ကြမလဲ၊ ဟိုကောင်တွေကလည်း ကိုယ့်အစ်မ အရွယ်ကို...“

ယမုံက အရှက်ကြီးစွာ ရေရွတ်တော့မှ ကျွန်မ အနည်းငယ် စိတ်သက်သာရသွားသည်။ ယမုံ့ဆီမှာ အရှက်တရားကတော့ ကျန်နေသေးသည်။ ယမုံ့အား နှစ်သိမ့်လိုက်ပြီး ခဏနေတော့ ကျွန်မ ယမုံ့ အစီအစဉ်ကို သဘောတူ လိုက်ပါသည်။
ရန်ကုန်မြို့၏ အထင်ကရ လည်ပတ်စရာ အားလုံးလိုလိုကို ကျွန်မ ယမုံနှင့် အတူသွားဖူး သလောက် သုံးနှစ်ကျော်သည့်အထိ ယမုံနှင့်တွဲ ၍ ရုပ်ရှင်မကြည့်ဖူးချေ။ ထို့ကြောင့် သမ္မတရုံတွင် ရုပ်ရှင်ကြည့်မည်ဟူသော ယမုံ၏ အဆိုတင်သွင်း ချက်ကို ကျွန်မ လျင်မြန်စွာ ခေါင်းညိတ်သဘော တူလိုက်သည်။

“မာမီရှိန်း ညနေပွဲနော်၊ လာ ခုပဲသွားမယ်”

ယမုံရော ကျွန်မပါ ဂျင်းဘောင်းဘီ ၀တ် ဆင်လိုက်သည်။ ရုပ်ရှင်ကြည့်သည်ဆိုတော့ လုံခြုံဖို့တော့ လိုအပ်မည်။ ယမုံကတော့ တစ်ခါသေ ဖူး၍ ပျဉ်ဖိုး နားလည်သွားသည်။ သို့သော် စိတ် လွတ်ကိုယ်လွတ်ပင် စကတ်အား သည်အတိုင်း ကြမ်းပြင်ပေါ် ပုံချထားသည်။
သူမ စကတ်အား အသာခေါက်၍ ကျွန်မ အ၀တ်ခြင်းထဲတွင် ထည့်လိုက်ပြီးမှ အခန်းတံခါး ဘုလုံးကို အသာနှိပ်လိုက်သည်။

၃။
ဆောင်းဝင်ပြီမို့ နေ့တာတိုကာ အနည်းငယ် မှောင်စပြုပြီ။ သမ္မတရုပ်ရှင်ရုံရှေ့တွင် ပျားပန်း ခတ်မျှ စည်ကား လှုပ်ခတ်၍ အသက်ဝင်နေ သည်။ တောင့်တင်းစ ပြုနေသော လူတစ်စုအား ကျော်လွန်ပြီးမှ လက်မှတ်ကောင်တာရှေ့တွင် စီ တန်းနေသော လူအုပ်နားအစဉ်လိုက် တန်းစီလိုက် ရသည်။
ကျွန်မကတော့ အနည်းငယ် ကြော့ရှင်းသော ဆယ်ကျော်သက်ကလေးမ၏ နောက်နားတွင် အသာရပ်လိုက်သည်။ ယမုံကတော့ ကျွန်မနောက် တွင်ရပ်လျက် အပြင်ဘက်ရှိ အုံကြွနေသော လူထုအား အသာငေးမောနေလေသည်။

ဗလာကျင်းထားသော ကျောပြင်ညိုညိုတွင် လိပ်ပြာပုံသဏ္ဌာန် စတစ်ကာလေး ကပ်ထားသော ကောင်မလေးက ကျွန်မဘက်သို့ ရုတ်တရက် လှည့်လိုက်ပြီးမှ ကျွန်မ ခြေဖမိုးပေါ် အသာနေရာ ယူထားသော သူမ၏ဒေါက်ဦးချွန်အား ဖယ်ရှားရန် သတိရလေသည်။
“ဆောရီးနော် အစ်မ”

ကျွန်မက ယောင်ယမ်း၍ အလျင်အမြန် ခေါင်းညိတ်ပြလိုက်မိသည်။ အမှန်တော့ ကျွန်မ ခြေဖမိုးတွေ အတော်နာကျင်သွားသည်။ ခဏနေတော့ “ဆောရီး” ဟူသော အနောက်တိုင်း စကားအား လျှာဖျားတွင် ပေါ့ပါးစွာတင်၍ ဦးထုပ် နောက်ပြန်ဆောင်းထားသော ရက်ပ်ပါဒီဇိုင်းနှင့် ကောင်လေးတစ် ယောက် ရောက်လာပြန်သည်။
“ဆောရီး ချစ်လေး။ ကိုယ်နောက်ကျသွားတယ်”

ကောင်လေးက အားမနာတတ်စွာပင် ကျွန်မရှေ့သို့ လျှောခနဲ ၀င်လာ ရပ်တော့ ကောင်မလေး၏ နှုတ်ခမ်းတစ်တောင်လောက် စူထွက်သွားသည်။ ခဏနေတော့ “ဆောရီး” ဟူသော စကားတစ်လုံးစ နှစ်လုံးစ ကြားပြီးနောက် သူတို့ချင်း ပြေလည်သွားကြသည့် အထိမ်းအမှတ်ဖြင့် ကောင်လေးက ကောင် မလေးအား နောက်မှနေ၍ သိုင်းဖက်လိုက်သည်။

ကျွန်မ မျက်နှာပျက်သွားသည်ကို ထိန်းရန်ကြိုးစားလိုက်တော့ အနည်းငယ် နောက်ကျသွားသည်။ လက်မှတ်ကို အေးအေးဆေးဆေးမှ ၀ယ်လိုဟန် တူသော သို့မဟုတ် ကြိုတင် လက်မှတ်ဝယ်ထားပြီးဟန် တူသော လေးဆယ်ကျော် အမျိုးသမီးက ကျွန်မအား ရယ်မောပြရင်းက လက်ဟန်ခြေဟန်ပြသည်။
“အဲဒါ ဘာလဲဟင် ယမုံ”

အရိပ်ပြ၍ အကောင်မထင်နိုင်သော ကျွန်မအား ယမုံက တိုးတိုးလေး ကပ်ပြောမှ ကျွန်မ ခေါင်းနားပန်းကြီးသွားသည်။ ထို့နောက် အတွဲတွေ့တိုင်း ကျွန်မ သတိထားကြည့်ဖို့တော့ လိုလိမ့်မည်။ အများစုသော စုံတွဲတွေက ရုပ်ရှင်ပြသခြင်းကို စိတ်ဝင်စားတာ မဟုတ်ဘူးတဲ့လေ။ ပိတ်ကားပေါ်မှ ဆေးရောင်စုံခင်းကျင်းထားသော ရုပ်ရှင်ပြကွက်များထက် သူတို့ဘာကို ပို၍ စိတ်ဝင်စားကြမလဲ။ အတွဲဗေဒကို ကျွန်မ နားမလည်ပါ။ သို့သော် အနောက်တိုင်း ဆန်လွန်း သော ကောင်မလေးနှင့် သူ၏ကောင်လေးအား နားလည်ဖို့ကိုတော့ အလျင် အမြန်ကြိုးစားလိုက်ရသည်။

ခဏနေတော့ လက်မှတ်ကောင်တာဖွင့်၍ လက်မှတ်ရောင်းလေသည်။ ယမုံက ကျွန်မလက်ကို ဆုပ်ကိုင်ထားရင်း “ဘယ်လောက်တန်းက ကြည့်မလဲ” ဟူ၍ မေးလေသည်။ ကျွန်မတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အတူတ ကွရုပ်ရှင်ကြည့်ဖူးခြင်းလည်း ဖြစ်ပြန်၊ မာမီရှိန်းကိုလည်း လွတ်လပ်စွာခံစား ကြည့်ရှုလိုစိတ်ကြောင့် အတွဲအများစုထိုင်လေ့ရှိသောSuper Lodge တန်းအား ရွေးချယ်လိုက်သည်။
“မိနွယ် ငါ နေကြာစေ့ သွားဝယ်ဦးမယ်၊ နင် ဘာစားဦးမလဲ”

“နေကြာစေ့ပဲ စားမယ်”

လူအုပ်မှာ ပိုမိုသိပ်သည်းလာ၍ ယမုံ ကြားနိုင်ဖို့ ကျွန်မအသံကို အနည်း ငယ်မြှင့်ထားရင်းက အော်ပြောရလေသည်။ ကျွန်မကတော့ လှေကား အောက်ခြေနားက နံရံကိုမှီလျက် အသာရပ်နေပြီးမှ လူအုပ်အား အကဲခတ်ရန် ကြိုးစားရသည်။ တချို့က လက်မှတ်ကောင်တာနား စုရုံးရုံး၊ တချို့က မုန့် ဆိုင်နား၊ တချို့ကတော့ ရုံအပြင်ဘက်တွင် စုဝေးနေလေသည်။
“နေတိုး ပါပါတယ် အဘွားရဲ့၊ အဘွားကို ကြည့်စေချင်လွန်းလို့ပါ”

“နေတိုး တကယ်ပါတာနော်”

ကျွန်မရှေ့ မလှမ်းမကမ်းတွင် အသက်ခုနစ်ဆယ်အရွယ် အဘွားအိုက သွားမရှိတော့သော သွားဖုံးများပေါ်အောင် ပြုံး ရင်းက မြေးမနှစ်ယောက်အား လှမ်းမေးလိုက်လေ သည်။ နေတိုးကို အတော်လေးကြိုက်၍ ရုပ်ရှင်ရုံ ထိ အားပေးတာပဲ ဖြစ်မည်။ အဘွားနှင့် မြေးမ နှစ်ယောက် ကျွန်မရှေ့မှ တရွေ့ရွေ့ထွက်ခွာချိန် တွင် လက်မှတ်ဝယ်ပြီးဟန်တူသော အမျိုးသမီး သုံးယောက်နှင့် ကလေးတစ်သိုက်က လှေကား နားလာရပ်သည်။
“ကလေးတွေက ကြည့်ချင်တယ်ဆိုလို့လေ။ ဒါကိုယ့်ရပ်ကွက်ထဲက ကိုယ်ချစ်ရတဲ့ ကလေး တွေ”

ကလေးချစ်ဟန်တူသော အဒေါ်ကြီးက မြန်မမာရင်ဖုံးနှင့် အရောင်မွဲသော ပွင့်ရိုက်ထမီ အား ၀တ်ဆင်ထားလေသည်။ သူမ နံဘေးရှိ အမျိုးသမီး နှစ်ယောက်ကတော့ အနည်းငယ် ဟိုက်သော ရင်ဘတ်ပေါ်တွင် နှစ်ပင်လိမ်ရွှေ ဆွဲကြိုး ခပ်တုတ်တုတ်အား စိန်လော့ကတ်ဖြင့် တွဲစပ်ကာ ၀တ်ဆင်ထားသည်။
“သမီးတို့ရေ ဘာစားကြမလဲ”

ကလေးတွေက သူတို့စားချင်တာကို တစ်ယောက်တစ်ပေါက် ၀ိုင်းအော်သည်။ ခဏ နေတော့ ကလေးတစ်သိုက်နှင့် ရိုးရှင်းသော ၀တ်စားဟန်ရှိသည့် အဒေါ်ကြီးက မုန့်ဆိုင်နားသို့ တရွေ့ရွေ့တိုးဝင်နေလေသည်။ ကျွန်မနား ရပ် ကျန်ရစ်နေသော အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်က နှုတ်ခမ်းအား လက်ဖ၀ါးဖြင့် အသာကွယ်ကာ ခပ်အုပ်အုပ်ပြောသည်။

“အလကားကောင်မ၊ သူမို့ ဒုက္ခခံပြီး ရပ်ကွက်ထဲက ကလေးတွေကို ရုပ်ရှင်အလကား လိုက်ပြသတဲ့။ မကြားဖူးပေါင်”

“လင်ပစ်သွားတော့ ကြောင်သွားပုံရပါတယ် ဟယ်၊ ဘာတဲ့ လေကျယ်လိုက်သေးတယ်လေ၊ ရုပ်ရှင်ရုံဆိုတာ အမျိုးသားရေး စိတ်ဓာတ်နဲ့ အကျင့် စာရိတ္တအတွက် ယှဉ်ထိုးစရာ နေရာပဲတဲ့။ ကလေး တွေကို သင်ပြပေးဖို့ အကောင်းဆုံးနေရာဆိုပါ လား”

အမျိုးသမီးနှစ်ယောက်၏ ခပ်အုပ်အုပ်ရယ် သံက အနည်းငယ်ကျယ်သွားသည်။ ခပ်ဝေးဝေး တွင် ကလေးတစ်သိုက်၏ တောင်းဆိုချက် အားလိုက်လျောနေသော အဒေါ်ကြီးကို ကျွန်မ တိတ်တဆိတ် ထောက်ခံလိုက်ပါသည်။ လူတွေ ဘာလို့ ရုပ်ရှင်ကြည့်ကြသလဲ။ အပန်းဖြေဖို့ တစ်ခု တည်းလား။ စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ အတွက်လား။ ရုပ်ရှင်ပြကွက်တွေဆီက သူတို့ ဘာကို သင်ယူကြဖို့လဲ။ သို့မဟုတ် ရုပ်ရှင် ကြည့်ပရိသတ်များထံမှ ဘယ်လို သင်ယူနိုင်စရာ တွေရမလဲ။ ယမုံက နေကြာစေ့နှစ်ထုပ်နှင့် ရေသန့်ဘူး အားမြှောက်ပြကာ အနားရောက်လာတော့မှ ကျွန်မ အတွေးစတွေကို ဖြတ်တောက်ပစ်လိုက်ရ လေသည်။

၎။
Super Lodgeတန်းတွင် ကျွန်မတို့နှစ် ယောက်ထိုင်မိတော့မှ ဘယ်ဘက်တန်းတွင် ထိုင် နေသောအတွဲအား သတိရမိသည်။ အစောက ကျွန်မ လက်မှတ်ဝယ်ရန် စီတန်းစဉ် “ဆောရီး” ကို ထည်လဲ သုံးတတ်သောအတွဲဖြစ်သည်။ ထို့ နောက်Super Lodge တန်းအားရွေးချယ်ဖြစ်ပြီးမှ နောင်တရသွားပါသည်။

ညာဘက်ခြမ်းမှအတွဲ၏ တီးတိုးရေရွတ်သံ သည် ကြော်ငြာရပ်နားချိန်နှင့် တိုက်ဆိုင်သွား၍ အနည်းငယ် ဟိန်းထွက်လာသည်။
“သူတို့ နှစ်ယောက်က ဘာတွေလဲဟင် မောင်”
“.....”
ယမုံရော ကျွန်မပါ ဘုရားရေဟု အသံ ထွက်တမိသွားသည်။ ထို့နောက် ဤနေရာကို ရွေးချယ်မိသည့် အတွက် ယမုံက ကျွန်မကို အပြစ် တင်ပါသည်။ ယမုံသိပ်တော့ အပြစ်မတင် လိုက်ရပါ။ နိုင်ငံတော် အလံအား အလေးပြုချိန် နှင့် တိုက်ဆိုင်သွား၍ ဖြစ်သည်။
ကျွန်မတို့နှစ်ယောက်ရပ်၍ အလေးပြုရန် ငြိမ်သက်နေစဉ်တွင် ဘယ်တောင်ပံမှ အတွဲက ထိုင်ရာမှ မထချေ။ ရှေ့ခုံတော်တော်များများက ပါ မထကြ။ တချို့ကတော့ တစ်ဝက်တစ်ပျက် တည်းသာ လွှင့်ထားသော နိုင်ငံတော် သီချင်းကိုပင် လေးစက္ကန့်မျှရပ်၍ အလေးမပြုနိုင်။ ထပြီးမှ ရုတ်တရက် ပြန်ထိုင်ကြလေသည်။

ရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်း တစ်ဝက်မျှသာ လွှင့်သည်။ အခုမှမဟုတ်။ ကျွန်မ မိဘ တွေနှင့် အတူကြည့်ဖူးစဉ်ကလည်း ထိုအတိုင်း သာဖြစ်သည်။ ဘာဖြစ်လို့များ တစ်စိတ်တစ် ဒေသမျှသော သီချင်းအတွက် စက္ကန့်ပိုင်းလောက် တောင် အချိန်မပေးနိုင်ကြပါလိမ့်။ သို့မဟုတ် ထိုင်ခုံတွေမှာ ရုတ်တရက် ထရပ်လို့ မရသည့် ပြဿနာများ ရှိလို့လား။ ဒါမှမဟုတ် အလေးမပြု သူများမှာ မြန်မာနိုင်ငံသားတွေ မဟုတ်ကြလို့ လား။
အင်းလေ။ ဒါ ကျွန်မ စစ်တမ်းကောက်ရမည့် အလုပ်မှ မဟုတ်ဘဲ။ ကျွန်မက သာမန်ဆေး ကျောင်းသူသာဖြစ်၍ မတ်တတ်မရပ်နိုင်သော လူတချို့၏ အကြောင်းပြချက်အား သိခွင့်ရနိုင် မှာ မဟုတ်ပေ။

ခဏနေတော့ ရုပ်ရှင်ပြသလေသည်။ ကျွန်မကိုယ် ကျွန်မ ရုပ်ရှင်ထဲ စိတ်နှစ်နိုင်တော့မည် ထင်ပြီးမှ အလွန်လွဲမှားသွားသည်။ ဘယ်တောင်ပံမှ ကောင်မလေး၏ ကျောပြင်အား လှစ်ခနဲမြင် လိုက်ရသည်။ မမြင်မိအောင် ကြိုးစားရန် ကျွန်မ ခေါင်းနှင့် နောက်ကျောအား ခုံနောက်မှီဆီ တအားဖိကပ်ထားလိုက်ရသည်။

ဇာတ်ရှိန်မြင့်လာသောအခါ တ၀ါးဝါးနှင့် ပရိသတ်၏ ရယ်သံကပျံ့လွင့်လျက်ရှိသည်။ မိ သားစုသံယောဇဉ်ကြီးလွန်းရှာသော မာမီရှိန်း၏ ခေါင်းဆောင်မင်းသားဖြစ်ခွင့်မရသေးသော ဖြစ် အင်ထဲ စီးမျောရင်းက ကရုဏာသက်ဝင်မိစဉ်
“ယမုံ ရော့၊ ကြွပ်ကြွပ်အိတ်”
“ဘာလဲ” ဟူသောအကြည့်ဖြင့် ယမုံက မျက်ခုံးလေးတွေပင့်ကာ မေးလိုက်သည်ကိုပင် မှောင်နေသောဝန်းကျင်မှာ မနည်းကြီး အရိပ်ဖမ်း လိုက်ရပါသည်။
“အခွံတွေ သည်ထဲထည့်”

ယမုံက ကိုက်လက်စနေကြာစေ့အား နှုတ်ခမ်းတွင် အသာတေ့ရင်းက ကျွန်မ ကမ်းပေး လိုက်သော ကြွပ်ကြွပ်အိတ်အား အသာပုတ်ချ လိုက်လေသည်။
“မိနွယ် သူများတွေလည်း အောက်ကိုပစ်ချ နေတာပဲ။ မပူပါနဲ့။ သန့်ရှင်းရေးသမားတွေ ရှိ တယ်”

ဘုရားရေ။ အများစုသော ရုပ်ရှင်ကြည့်သူ တွေ၏ စိတ်ထဲမှာ သန့်ရှင်းရေးသမားတွေ၏ အလုပ်ဟု ယူဆပြီး ပြီးစလွယ်အမှိုက်ပစ်နေကြ တာ ဆယ်စုနှစ်ဘယ်လောက်တောင်တိုင်ခဲ့ပြီလဲ။ သန့်ရှင်းရေးဆိုတာကကော စက်ရုပ်တွေမှမဟုတ် ရဘဲ။ သွေးနှင့်သားနှင့် တည်ဆောက်ထားသော သန့်ရှင်းရေးလုပ်သားတွေက ရုံတစ်ရုံလုံးရှိ ရှုပ်ပွ နေသော နေကြာစေ့ခွံတွေအတွက် ဘယ်လို အတွေးတွေလွယ်ပြီး တံမြက်စည်း ကိုင်နေကြ မလဲ။ သေချာတာကတော့ သူတို့ စိတ်ညစ်တတ် မှာပါပဲ။

ကျွန်မကတော့ ရုပ်ရှင်ကြည့်တိုင်း ကြွပ်ကြွပ်အိတ်ဆောင်သွားသည်။ ကြွပ်ကြွပ်အိတ်တွေ တရားဝင်သုံးစွဲခွင့်ပြုစဉ် အချိန်တွေတုန်းကပေါ့လေ။ စားပြီးသားနေကြာစေ့ခွံများကို အိတ်ထဲတွင်ထည့်ပြီးမှ လက်ကကိုင်ဆောင် တတ်မြဲဖြစ်သည်။
“ယမုံရယ် သန့်ရှင်းရေးသမားတွေ သက်သာအောင် နင် ဒီအိတ်ထဲ ထည့်လိုက်ပါနော်။ စင်ကာပူမှာ အမှိုက်ပစ်ခွင့် မရှိတာထက် နိုင်ငံသားတွေ ကပါ လိုက်နာနိုင်လို့ သူတို့နိုင်ငံတိုးတက်တာ”

“ဒါ မြန်မာပြည် မိနွယ်”

ပိတ်ကားပေါ်ရှိ ဆေးရောင်စုံရုပ်ရှင်၏ ဆေးသားများ ပြယ်လွင့်၍ ကျွန်မ မျက်လုံးထဲ ဘာမျှမမြင်နိုင်တော့လောက်အောင်ထိ ယမုံအတွက် ကျွန်မ ထိခိုက် ကြေကွဲသွားပါသည်။ မာမီရှိန်း ဇာတ်ကား၏ ဟာသစွက်သော ဒရာမာ ခံစားမှုအား စီးမျောရန် ကြိုးစားရင်းက ယမုံ နေကြာစေ့ ဆက်မစားတော့ တာသိနေရသည်။ ယမုံနှင့် ရုပ်ရှင်ကြည့်ဖို့ ထွက်လာတာ မှားသွားပြီလား။ ယမုံနှင့် ကျွန်မဆီမှာ ကွဲပြားခြားနားတာ တက္ကသိုလ်တက်တာလောက်ပဲဟု ကျွန်မ ကံသေကံမတွက်ထားဖူးသည်။ ရုပ်ရှင်ရုံထဲတွင် နောက်ထပ်ကွဲပြားမှု ရှိမှန်း ကျွန်မ အရင်တုန်းက မတွေးမိဖူးချေ။
ကျွန်မ အနည်းငယ် လှုပ်လိုက်တော့ ယမုံ့လက်ဖမိုးနှင့် ထိခတ်သွားသည်။ သုံးနှစ်တာကာလတွင် ယမုံလက်ဖမိုးတွေ အေးစက်တောင့်တင်းနေ သည်ကို ကျွန်မနာကျင်စွာ ခံစားမိဖူးသော ပထမဆုံးအကြိမ်လည်း ဖြစ်ပါ သည်။

၅။
ရုပ်ရှင်ပြီးစအချိန်တွင် လူတချို့ထိုင်ရာမှ ထကာထွက်စပြုနေပြီ။ ခဏနေလျှင် မီးတွေလင်းလာလိမ့်မည်။ ဘယ်တောင်ပံမှ အတွဲကတော့ လျင်မြန်စွာဆင်းသွားသည်။ ကျွန်မနှင့် ယမုံကတော့ ငြိမ်သက်ဆဲဖြစ်လေ သည်။
ခဏနေတော့ သမ္မတရုပ်ရှင်ရုံ၏ သီချင်းက မီးဖွင့်လိုက်သည့်နှင့် တိုက် ဆိုင်စွာထွက် အန်လာသည်။ သီချင်းသံကို နားစွင့်ရင်းနှင့်ပဲ နေရာတိုင်းလို လို ပြန့်ကျဲနေသော နေကြာစေ့အခွံများက ကျွန်မ မအတွေးထဲသို့ ၀င်လာ သည်။ သမ္မတရုံ၏ ခမ်းနားသပ်ရပ်သောအနေအထားကို ရာနှင့်ချီသော လူတွေက နှစ်နာရီခွဲ၊ သုံးနာရီအတွင်းမှာပင် နေကြာစေ့ခွံများဖြင့် တည်ဆောက် ထားသော အနိဋ္ဌာရုံတစ်ခုအား ဖန်တီးလိုက်ကြသည်။
ထို့နောက် မိနစ်ပိုင်းအတွင်းမှာပင် သန့်ရှင်းရေးလုပ်သားတွေက ထို နေကြာစေ့အခွံများအတွက် တစ်တန်းပြီးတစ်တန်း လှည်းကျင်းကြရဦးမည်။ ယမုံသည် နေကြာစေ့ခွံတွေအား ခပ်ဖြည်းဖြည်း ငေးစိုက်ကြည့်နေရင်းက လှေကားထစ်တွေကို ခက်ခဲစွာ ကျော်လှမ်းနေသည်။ ရုံထဲမှအထွက် ယမုံ စကားအား ပြန်လည် သတိရသွားသည်။ ဒါ မြန်မာပြည် မိနွယ်တဲ့လေ။

ပလူပျံသလို ထွက်အန်လာသော လူအုပ်ထဲမှ ဖော့ဘူးလေး ကိုယ်စီကိုင် ထားသော အမျိုးသမီးနှင့် ကလေးတစ်သိုက်။ သူတို့ ဖော့ဘူးလေးတွေထဲ တွင် နေကြာစေ့ခွံများကို တွေ့ရတော့ ကျွန်မ ကြည်နူးသွားရသည်။ အမျာ စုသော ပေတံတွေ၏ တိုင်းတာမှုတွေ ပြောင်းလဲနေချိန်မှာ သူတို့ကတော့ မြန်မာပြည်၏ အလွန်တန်ဖိုးရှိသော ရုပ်ရှင်ကြည့်ပရိသတ်များဖြစ်လိမ့်မည်။

ပတ်ဝန်းကျင်၏ ဂေဟစနစ်အား ထိခိုက် စေသော ကြွပ်ကြွပ်အိတ်ကိုပင် မသုံးချေ။ အင်း လေ။ ကျွန်မတို့ မြန်မာတွေဆီမှာ ကြွပ်ကြွပ်အိတ် ၀သီက နှစ်ပေါင်းများစွာ စွဲကပ်လာခဲ့တော့ ချွတ်ဖို့ အနည်းငယ်တော့ ခဲယဉ်းနေသည်။ ယမုံ လှမ်းခေါ်တော့မှ ကျွန်မ အတွေးတွေကို သော့ခတ်လိုက်ရပါသည်။ နောက်တစ်ပွဲ အတွက် လူအုပ်က ကြိတ်ကြိတ်တိုးနေကြသလို တချို့ကလည်း ရုပ်ရှင်ကြည့်ပြီး၍ အိမ်ပြန်ရန် တက္ကစီတွေကို ဈေးဆစ်နေသည်။ ကျွန်မတို့ငှား ဖြစ်သော တက္ကစီကတော့ သမ္မတနှင့် ဝေးရာ သို့ ဘီးလှိမ့်စပြုပြီ။

“ရုပ်ရှင်ရုံဆိုတာ အမျိုးသားရေး စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တအတွက် ယှဉ်ထိုးစရာနေရာပဲ” ဟုယူဆသော အမျိုးသမီးကြီး၏ အတွေးအား ထောက်ခံ လိုက်ရင်းက အနည်းငယ် ဆို့နင့်သွား သည်။ ကျွန်မတို့ မြန်မာပြည်တွင် လေးနက်စွာ တွေးခေါ်တတ်သူတွေ အလွန် ရှားသွားပြီဟူသော အတွေးကြောင့် ဖြစ်ပါသည်။

၆။
ဆောင်း၏ အအေးဓာတ်က ပိုကဲလာသည်။ ယမုံနှင့် ကျွန်မ တစ်စက်ကလေးမှ မဆုံဖြစ်သည် မှာ သုံးရက်မျှသာရှိပြီ။ အခြားအခန်းအဖော်များ၏ အနည်းငယ် စပ်စုသော အကြည့်မျိုးကို တွန်းလှန် ရင်းက ကျွန်မ ပိုလို့ ကြေကွဲရပါသည်။
တအုံနွေးနွေး ခံစားမှုက လောင်မြိုက်စေခဲ့ချိန် တွင်တော့ “မာမီရှိန်း”မှအပြန် ယမုံ မျက်လုံးအိမ် များ စိုစွတ်နေကြောင်း ဖန်တလဲလဲသတိရမိဖြစ် သည်။ ယမုံ ကွန်ပျူတာတွေနှင့် အလုပ်ရှုပ်ချင်လျှင် အပြင်ထွက်ရတတ်သည်။ သို့သော် သူမ အပြင်မထွက်ခဲ့ပါ။ ဆေးပညာကို စိတ်ဝင်စား သော ယမုံက ကျွန်မ အခန်းအတွင်းရှိ အရိုးစုနှင့် ပတ်သက်၍ သူမ သိလိုရာဟူသမျှ မေးမြန်း မဲ ဖြစ်သည်။

ကျွန်မ ဘာသာရပ်ထဲ သူမ ပျော်ဝင်၊ သူမ အိပ်မက်တွေထဲ ကျွန်မ ပျော်ဝင်ခဲ့ဖူးကြသည်ချည်း။ အနည်းငယ်အငြင်းပွားစရာမရှိခဲ့လောက် အောင်အထိ အပြန်အလှန်ပျော်ဝင်ဖူးသည်။ ညနေ တိုင်း ၀က်သားတုတ်ထိုး အာသာပြေ စားလိုက် ရမှ နေသာဟန်ရှိသော ယမုံတစ်ယောက် အခန်း ထဲ ဘယ်လိုအင် အားတွေနှင့်များ သုံးရက်တိုင် တိုင် အောင်းနိုင်ပါလိမ့်။

ထို့နောက်တွင် ကျွန်မအတွေးအတွက် အသံထွက်ရယ်မောမိပါသည်။ ကျွန်မက တံခါး စခေါက်ဖို့တော့ လိုမည်။ တံခါးခေါက်ရန် ကျွန်မ ဘယ်လက်ကို အသုံးပြုရမလား။ သို့သော် အနည်းငယ်ထုံကျင်နေသော ညာလက်ကိုသာ ရွေးချယ်လိုက်ပါသည်။ အညိုရောင်တံခါးချပ်ဆီ ကျွန်မ ညာဘက်လက်ချောင်းလေးတွေကို အသာကွေးကာ လက်ဆစ်ဖြင့် ချိန်ရွယ်လိုက်သည်။
စိတ်ကောက်နေသော သူငယ်ချင်းကို ချော့မြှူဖို့ တံခါးဘယ်နှချက်ခေါက်ဖို့ လိုအပ်လိမ့်မလဲ။ တစ်ချက် နှစ်ချက် သုံးချက်။ တံခါး မပွင့်သေးပါ။ နောက်ထပ် နှစ်ချက်လောက်တော့ ကြိုးစားကြည့်မည်။

ရုတ်တရက် အညိုရောင်တံခါးချပ်၏ သံရှည်ဆွဲပတ္တာအိုသံကြားမှ ခါးထောက်၍ ပြုံး ရန် ကြိုးစားနေသော ယမုံ။ အနည်းငယ် ကြည် လဲ့သော အရာတစ်ခု သူမ မျက်ဆံများဆီမှ ဖြုတ် ခနဲ သက်ဆင်းသွားသည်။ ထို့နောက် သူမ ရှက်ရွံ့ စွာ ရယ်မောသည်။ ရယ်မောရင်းက နောက်ထပ် မျက်ရည်ကျသွားသည်။
“၀က်သားတုတ်ထိုး စားဖို့ အချိန်ကျပြီနော် ယမုံ”

“နင် ဟိုနေ့တွေကတည်းက လာခေါ်သင့် တယ် မိနွယ်”

ထို့နောက် လမ်းချိုးကလေးရှိ ၀က်သား တုတ်ထိုး ဆိုင်သို့သွားရန် ခြေလှမ်းတွေကို အသက်သွင်းလိုက်သည်။ နေရှိန်က ခပ်ပြေပြေ သာ ထိုးဆိုင် ဖြာဆင်းနေသည်။ ခပ်လှမ်းလှမ်းမှာ ပါပါကြီး၏ တုတ်ထိုးဆိုင်ကို လှမ်းမြင်နေရပြီ။ အငွေ့တထောင်းထောင်းထနေသော မြင်ကွင်းနှင့် ပါပါကြီး၏ ဌာန်၊ ကရိုဏ်းကျစွာ ထွက်အန်နေ သော အသံက ပနံရသွားသည်။

“လာကြနော်၊ ပါပါတို့ တုတ်ထိုးက သူများနဲ့ မတူဘူး။ အသားဆိုလည်း တစ်နေမှ၊ အဆီဆို လည်း အစ်နေမှ”
ဝက်သားတုတ်ထိုး စားပြီးတိုင်း “ဘယ်သွား ကြမလဲ” ဟု တိုင်ပင်ဆဲဖြစ်သည်။
သို့ရာတွင် “ရုပ်ရှင်ရုံ သွားကြမယ်” ဟူ၍ ကျွန်မတို့ နှစ်ယောက် မည်သူကမှ စကား မစဖြစ်ကြသေးပါ။
လင်းစက်နွယ်

No comments:

Post a Comment