Pages

Monday 3 October 2011

ဆောင်းတစ်ညပုံရိပ်

ထိုစဉ်က ရာသီသည် ခုလိုပင် အေးမြဆဲ။ လေပြည် တစ်ချက်မျှ ဝေ့လိုက်လျှင် ကြက်သီး ဖြန်းခနဲ ထရသည့် ဆောင်းရာသီမျိုး မဟုတ်သော်လည်း အထိုက် အလျောက်တော့ အေးသည့် ဆောင်းရာသီ။
အထူးသဖြင့်တော့ ညပိုင်းဆိုလျှင် အေးမြမြဲ။ အဲသည်တုန်းက အေးမြခဲ့ ပုံကလည်း ခုလိုပါပဲ။ နေလို့ထိုင်လို့ ကောင်းသောရာသီ။ ညဘက်ဆိုလျှင် အခန်းထဲ စာအုပ်တစ်အုပ်နှင့် ငြိမ်နေရတာ၊ ဒါမှမဟုတ် စာရေး ရတာကို ကျွန်မ နှစ်ခြိုက်လှသည်။ စောင်ခြုံကာ ကွေးနေဖို့တော့ မလို။ အင်္ကျီထူ တစ်ထည်မျှ ထပ်ဝတ် ထားလျှင်ပင် နွေးနေသည့် အခန်းထဲမှာ စာရေးလျှင်၊ စာဖတ်လျှင် ညဥ့်နက်ခံကာ နေတတ်မြဲ ဖြစ်ခဲ့သည်။

အဲသည် တစ်ညကလည်း ကျွန်မသည် ပုံမှန် ထက်ပင် နောက်ကျကာ စာဖတ်လျက် ရှိနေခဲ့သည်။ ဒီနေ့အချိန် အထိ မှတ်မိဆဲ ဖြစ်သည်မှာ စနေည ဆိုတာကိုပင်။ စနေည၊ ဆောင်းည။ တနင်္ဂနွေနေ့မှာ အားလပ်ရက် ဖြစ်သည်မို့ စောစော အိပ်ရာဝင်ဖို့ မလိုအပ်လေရာ  အဲသည် တစ်ညက မနက် ၃ နာရီအထိပင် အိပ်ရာ မ၀င်မိသေး။ အားနာစရာ အခန်းဖော်လည်း မရှိ။ တစ်ယောက်တည်း ငြိမ်သက်လျက် စာထဲ နစ်မျောကာ နေခဲ့သည်။

နောင်တစ်ချိန်မှ ပြန်တွေးမိသည်မှာ အဲသည် တစ်ညက အိပ်ရာဝင်ဖို့ နောက်ကျခဲ့တာဟာ စိတ်နာကျင်ဖွယ်တို့ကို မြင်ရဖို့လားလို့ပင်။ မီးရောင် အောက်မှာ မြင်ခဲ့ရသော မှိုင်းမှိုင်းမှုန်မှုန် မျက်စိများ။ ထိတ်လန့်နေသော မျက်နှာ။ ခုနေခါ မျက်နှာ ရိပ်ပုံမှာ မသဲကွဲ လှသော်လည်း မြင်ကွင်းကိုတော့ အသေးစိတ် မှတ်မိမြဲ။ မြင်ခဲ့ရ သမျှမြင်ကွင်းတို့ကို တိတ်ဆိတ်သော၊ အေးမြသော ဆောင်းညများ တစ်ကျော့ပြန်ရောက်လို့ ကြုံကြိုက် တိုက်ဆိုင်လျှင် ကျွန်မ ပြန်မြင်ယောင် မြဲဖြစ်ရသည်။ အဲသည် အချိန်တုန်းက အံ့သြမှုနှင့် တဒိတ်ဒိတ် ခုန်လှုပ်ခဲ့သော ကျွန်မ၏ ရင်ခုန်သံကိုပင် ပြန်ကြားယောင်မိတယ် ထင်ရသည်။

တကယ်တော့ အချိန်သည် နှစ်နှစ်ကျော်၊ သုံးနှစ်မျှ ရှိခဲ့ပြီ။ သို့သော် အသေးစိတ်ပြန် မှတ်မိ နိုင်ရသည်မှာ နာကျင်ခဲ့ရသော စိတ်ခံစားမှု ကြောင့်ပဲဟု ကျွန်မ ထင်ပါသည်။  အဲသည်တုန်းက မနက် ၃ နာရီထိုးပြီး မကြာခင် အိမ်အောက်ထပ်ဘက် ဆင်းကာ ရေနွေး ယူဖို့ ဗြုန်းခနဲ သတိ ရလိုက်သည်ကို ယခုတိုင် မှတ်မိနေသည်။ အိမ်အောက်ထပ်မှာ ညဘက်မီးများ ပိတ်ထားတတ်သည်မို့ ဓာတ်မီးတစ်လက် ဆွဲကာ ဆင်းလာခဲ့သည်ကို သတိရနေသည်။ အပေါ်ထပ် တစ်ထပ်လုံး အိပ်မောကျကာ တိတ်ဆိတ်လွန်းမက တိတ်ဆိတ် နေသည်ကိုလည်း မှတ်မိ သတိရနေခဲ့သည်။

အခန်းတံခါးကို အသံ မမြည်အောင် ပိတ်ပြီး နောက် ကျွန်မသည် ကြမ်းပြင်ပေါ်တွင် ခြေဖော့ နင်းကာ အခန်းများကို ဖြတ်လာခဲ့ရသည်။ ညဥ့် နက်ခံကာ စာရေး၊ စာဖတ် လုပ်တတ်သူဖြစ်၍ ညင်သာမှုသည် ကျွန်မနှင့် တစ်သားတည်း ကျနေမြဲ။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် မဖြစ်စေလိုဘူး မဟုတ်လား။ လှေကား တစ်လျှောက် ကျွန်မ၏ ခြေသံသည် တဖွဖွမျှသာ။ သည်ညင်သာမှုကြောင့်ပဲ မမျှော်လင့်သော မြင် ကွင်းကို ကျွန်မ မြင်ခဲ့ရတာပါ။ ဓာတ်မီးရောင် အောက်တွင် တစ်စုံတစ်ခုသော လှုပ်ရှားမှုကို ရိပ်ခနဲ မြင်လိုက်ရသည့် အခိုက်တွင် ဒါဟာ အိမ်တွင်းက လူမဟုတ်ဘူးဟု ကျွန်မ ချက်ချင်း သိပါသည်။

သည်အိမ်ကလူဆိုလျှင် မီးဖွင့်ကာ ရှိနေရမည် မဟုတ်လား။ ဒါဆို ဘယ်သူလဲ။ မေးခွန်းကို ရှည်ရှည်ဝေးဝေး မေးစရာ မလို။ သည်ခဏတွင် ကျွန်မ၏ ရင်သည် တဒိတ်ဒိတ် ခုန်လှုပ်လာသည်။ ဘာလုပ်ရမလဲ။ သည်လို ကျူးကျော်ဝင်ရောက် လာသူကို ကျွန်မ ဘယ်လို တုံ့ပြန်ရမလဲ။ သူကရော ကျွန်မကို ရန်ပြု မသွားနိုင်ဘူးလား။ သူ ထွက်ပြေးရမည့် တံခါးမကြီး ရှိရာဘက်သည်လည်း ကျွန်မရှိရာ လှေကားရှေ့က ဖြတ်သွားရမှာ။ သူပြေးမလား၊ ခုခံရန်ပြုမလား။ ကျွန်မသည် ခေါင်းတစ်ခုလုံး ချာချာ လည်နေသည်ဟု ခံစားရကာ ကြမ်းပြင်ပေါ် ခြေချဖို့လည်း မေ့ကာ နေသည်။ တစ်ဖက် လူသည်လည်း တဒင်္ဂမျှ ဓာတ်မီးရောင် အောက်တွင် ကြောင်ကာ နေပုံရသည်။ ထို့နောက် ဖျတ်ခနဲ တစ်ချက်လှုပ်ရှား သည်ဟု ထင်မိလိုက်သည့် အတွက် လက်လှမ်းမီ နေပြီဖြစ်သည့် မီးခလုတ်ကို ဖွင့်လိုက်ပါသည်။

“ဟာ..”

ကျွန်မ နှုတ်က ထွက်ကျသော အာမေဍိတ် သံသည် ရင်ထဲက တုန်ခါမှုလောက် ကျယ်မည်မထင်။ ကျွန်မသည် ပါးစပ် အဟောင်းသားနှင့် မြင် ကွင်းကို ငေးကာနေမိသည်။ သည်ခဏတွင် သူ ရန်ပြု၊ မပြုဆိုသည်ကို ကျွန်မ စိတ်မ၀င်စားတော့ ပါ။ ရန်ပြုလာမည်လည်း မထင်ပါ။ တစ်ပြန်တစ်လှည့် အဖြစ် ကျွန်မကိုသာ ထိတ်လန့်သော မျက်လုံးများနှင့် အငေးသား ကြည့်နေခဲ့သည် မဟုတ်လား။        

“မအော်လိုက်ပါနဲ့ ကလေးရယ်..ရှိခိုးဆို ရှိခိုးပါ့မယ်”

အမျိုးသမီး၏ တုန်ခိုက်သော အသံသည် တိတ်ဆိတ်သော ညတွင် တိုးသဲ့သဲ့မျှသာ တိုးထွက် လာနိုင်သည်။ သူဘယ်လောက် ကြောက်နေခဲ့ပြီလဲ။ အရာရာကို ကြောက်ရွံ့ရိုကျိုး နေကျဖြစ်ပုံရ သည့်မျက်နှာသည် ကျွန်မကို ငေးမောကာ လက် အုပ်ချီလျက် ရှိသည်။ ကျွန်မရင်ထဲ တအံ့တသြ နာကျင်စ ပြုလာပါသည်။ သည်အမျိုးသမီးဟာ အသက်အရွယ် အားဖြင့် ၄၀ ၀န်းကျင် ဖြစ်ပုံရသည်။ ဘယ်သို့သော အကြောင်းအရာသည် သူ့ထက် ငယ်ရွယ်သူ တစ်ယောက်ကို ရိုရိုကျိုးကျိုး တောင်းပန်ရအောင် ဖန်တီးခဲ့တာလဲ။ ကျွန်မသည် ကြမ်းပြင်ပေါ်သို့ ခြေချလိုက်လျှင် သူသည် လက်အုပ် ချီလျက်နှင့်ပင် နောက်ဘက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပါသည်။

“မလုပ်ပါနဲ့ အဒေါ်.. ရှိခိုးစရာ မလိုပါဘူး”

“မအော်လိုက်ပါနဲ့ ကလေးရယ်..အဒေါ့်ကို ခွင့်လွှတ်ပါ”

သူ့အသံမှာ လှိုက်လှဲလျက် ခုပင် ငိုချလိုက် တော့မလိုဖြစ်လာသည်။ နောက်သို့ နောက်တစ် လှမ်းဆုတ်လိုက်လျှင် ထမင်းစား စားပွဲနှင့် ထိမိ၍ ထိုနေရာတွင်ပင် ခပ်တွေတွေ ရပ်ကာနေသည်။ လက်ကိုတော့ မျက်နှာကို ခပ်အုပ်အုပ် လုပ်လျက်။ သူ ငိုနေသလား။

ကျွန်မသည် ခပ်လှမ်းလှမ်းတွင် ရပ်နေရင်းမှ မြင်ကွင်းကို အိပ်မက်လို ထင်မှတ်လာပြန်သည်။ အိပ်မက်ပဲ ဖြစ်လိုက်ပါတော့။ မိန်းမ တစ်ယောက်ကို သည်လိုမြင်ရတာ ရင်ထဲ နာလှသည်။ စကားပင် ရှည်ရှည်ဝေးဝေး ပြောလိုစိတ် မရှိတော့။ ဘာကစလို့ ပြောရမည်လဲ မသိ။

အမျိုးသမီး၏ ဘေးတွင်တော့ ပလတ်စတစ် အိတ်နှစ်လုံး ချထားလျက်သား။ အိတ်တစ်လုံးကတော့ ထည့်သို ချည်နှောင်ပြီးသား။ နောက်တစ်လုံးကတော့ ပွင့်လျက်ရှိကာ ထည့်လက်စဖြစ်ပုံ ရသည်။ ကျွန်မသည် အိတ်များ အနီးသို့ တိုးကပ်သွားမိသည်။ ချည်နှောင်ပြီးသား အိတ်ကို ဖြေလိုက်ပါသည်။


အိတ်ထဲတွင် တွေ့လိုက်ရသည်မှာ အိမ်နောက်ဘက် ကြိုးတန်းနှင့် အ၀တ်လှန်းစင်တို့တွင် လှန်းထားသည့် အ၀တ်အစား တချို့တည်း။ လုံချည်တစ်ထည်၊ နှစ်ထည်၊ အင်္ကျီသုံးလေး ထည်၊ အနွေးအင်္ကျီတချို့။ သိမ်းဖို့မေ့ကျန်ခဲ့သူ တို့ရဲ့ အ၀တ်တွေ ဖြစ်မှာပေါ့။ သည်ကြားထဲ ကလေး အင်္ကျီလေးများကို မြင်ရသေးသည်။ အိမ်ရှင် အန်တီကြီးမြေးရဲ့အ၀တ်များ။ ကျွန်မသည် အ၀တ်များကို ငုံ့ကြည့်ကာ သက်ပြင်းရှိုက် လိုက်ပါသည်။ ဟောင်းနွမ်းလှသည် မဟုတ်သော်လည်း အသစ်တော့ မဟုတ်တော့သော အ၀တ်များ။

ပွင့်လျက်သား အိတ်ကို ထပ်၍ ဆွဲယူလိုက်ပါ သည်။ အိတ်ထဲ ရှိသည်များကို မြင်လိုက် ရချိန်တွင် ကျွန်မသည် အသက်ရှူဖို့ကိုပင် မေ့လျော့သလို ဖြစ်သွားရသည်။ ဘယ်လိုမှ မျှော်လင့် မထားသော ပစ္စည်းများ။ အိတ်ကို သည်အတိုင်း ကိုင်ကာ မြင်ရသည်များကို ငေးစိုက်လျက် နေမိသည်။ 

“ဒါပါပဲ ကလေးရယ်၊ တခြားလည်း မယူပါဘူး။ ပြန်ထွက်တော့မလို့ ပါပဲ”

ကျွန်မသည် သူ့ကို စကား မပြန်မိ။ ငေးငိုင် တွေဝေလျက်၊ ဆွံ့အလျက်။ စောစောက နာကျင်ရသော စိတ်ခံစားမှုသည် ခုတော့ ပိုအားကောင်းလာကာ စိတ်ထဲ ဘယ်သူ့ကို အပြစ်ဆိုရမှန်း မသိ မွန်းကျပ်ကာနေသည်။

ကျွန်မမျက်စိ ရှေ့က အိတ်ထဲမှာတော့ ထိုးထိုးထောင်ထောင် ထွက်နေသည့် ဘူးများ။ ပုစွန်ခြောက်ကြော်ဘူး၊ ငါးပိကြော်ဘူး။ မီးဖိုချောင်မှာ အဆောင်သူတို့ ထားကြသော ဘူးတချို့သည် အိတ်ထဲမှာ နေရာယူလျက်။ သုံးဘူးလား၊ လေးဘူးလား မသိ။ ပြီးတော့ အာလူးများ၊ ကြက်ဥများ၊ ငါးခြောက်၊ ဆီပုလင်း။ ပစ္စည်းအလစ် ၀င်ယူသူတို့ လက်ထဲတွင် တွေ့ရမည်လို့ ဘယ်သူမှ ထင်မှာ မဟုတ်သော ပစ္စည်းတွေ။ မီးဖိုထဲတွင် ရှိနေသေးသော ထမင်းပေါင်းအိုးလို၊ ဟင်းချက်အိုးလို၊ စတီးချိုင့်လို ပစ္စည်းတွေကို ယူဖို့ ဘာကြောင့်များ စိတ်မကူးခဲ့တာပါလိမ့်။

အိတ်ကိုတွန်းရွှေ့ကာ ကျွန်မကိုယ်ကို ပြန်ဆန့်လျက် သူ့ကို လှမ်းကြည့် လိုက်မိသည်။ သူသည် လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်နယ်ကာ ကျွန်မကို မရဲတရဲ ပြန်ကြည့်လျက်ရှိသည်။

“ဘယ်လိုများ ဖြစ်ရတာလဲ အဒေါ်ရယ်၊ ကျွန်မသာ အော်လိုက်ရင် မခက်လား”

ကျွန်မသည် အသံကို ခပ်အုပ်အုပ် ထားကာ ပြောရသည်။ တခြားသူတွေ တော့ နိုးမလာစေလို။ သူ ကံကောင်းသည်မှာ အဆောင် သူများသည် မီးဖိုချောင် သက်သက်သာ အသုံးပြုသော အောက်ထပ်သို့ ညရေးညတာ ဆင်းလာ ခဲသူများဖြစ်ပါသည်။ အန်တီ ကိုယ်တိုင်ကလည်း တစ်ဖက် အိမ်မကြီးမှာ နေသူ။ ကျွန်မ တစ်ယောက်နှင့်သာ ပြီးသွားပါစေတော့။ ဘာမှလည်း ပြဿနာ မလုပ်လို။ မှုန်မှိုင်းလှသော မျက်နှာ၊ စိုလက်သော်လည်း မတောက်ပသော မျက်စိများ။ သည်မျက်နှာ၊ သည်မျက်လုံးတို့ကို  ကျွန်မသည် ဒေါသနှင့် ကြည့်ဖို့ပင် မေ့ကာ နေလေသည်။

“လုပ်လည်း မလုပ်ချင်ပါဘူး သမီးရယ်။ ဒီလိုဖြစ်ရတာ ရှက်လည်း ရှက်ပါတယ်။ ဒါပေမယ့်လည်း..”

အမျိုးသမီးသည် စကားကို ဆုံးအောင် မဆိုနိုင်။ မျက်ရည်တို့သာ စီးကျလာသည်။ ကျွန်မသည် တပေါက်ပေါက် စီးကျနေသော မျက်ရည်များ ပြည့်လျက်ရှိသည့် မျက်နှာကို ငေးကြည့်ကာ ဘာဆက်ပြောရမည်လဲ တွေဝေ၍နေ သည်။ သည်ခဏမှာပင် သူသည် ခပ်တိုးတိုး ရှိုက်ငင်စ ပြုလာပါသည်။

“မငိုပါနဲ့ အဒေါ်.. တခြားသူတွေ နိုးလာရင်လည်း မကောင်းဘူး..”

သွယ်လျသော ခန္ဓာကိုယ်သည် တစ်ချက်မျှ ဆတ်ခနဲ တုန်သွားသည်။  ခပ်ဟဟ ဖြစ်နေသော တံခါးဘက်သို့လည်း လှမ်းကြည့် လိုက်သေးသည်။ မျက်ရည်ကတော့ စီးကျနေဆဲ။ ရှိုက်သံ မထွက်အောင် ပါးစပ်ကို လက်ဖြင့် အုပ်ကာထားသည်။ 

သည်ခဏတွင် အပေါ်ထပ်က တံခါးဖွင့်သံ တစ်ချက် ကြားသလို။ ကျွန်မ သည် ရင်ထဲ ဒိတ်ခနဲ တုန်လျက် သူ့ကို လက်ဟန်ပြလိုက်မိသည်။ တံခါးဆီသို့ ခပ်သုတ်သုတ် ထွက်သွားပြီးမှ ကျွန်မကို တစ်ချက် လှည့်ကြည့်ပြန်သည်။ တံခါးကို လှပ်လိုက်လျှင်တော့ အပြင်ဘက်က လေအေးများ ဗြုန်းဆို တိုးဝင်လာသည်။  အင်္ကျီ လက်တိုမျှသာ ၀တ်ထားသော အမျိုးသမီးသည် လေအေးများ ကြားထဲ တိုးဝင်ကာ ပျောက်ကွယ်သွားသည်။ သည်တော့မှပင် တန်းမှာ ချိတ်ထားသော ကျွန်မ၏ အင်္ကျီလက်ရှည် တစ်ထည်ကိုမြင်ပြီး ဒါကို မပေးလိုက်မိသည်ကိုပင် နောင်တရလာသည်။ သို့သော် မတတ်နိုင်ပြီ။

ခြေသံသည် ကျွန်မ နောက်ကျောဘက်တွင် ပေါ်လာသည်။ လှည့်ကြည့်လိုက်လျှင် လှေကား အလယ်တွင် တအံ့တသြငေးလျက် ရပ်နေသူကို တွေ့ရသည်။ ကျွန်မ၏ ဘေးအခန်းမှာ နေသော မမချို။
“ဘာတွေတုံး အိတ်တွေပါရော..ဟဲ့ သူခိုး ၀င်သွားတာလား”

“ဟုတ်တယ်..အစ်မ၊ ကျွန်မလည်း မီးဖွင့် လိုက်ရော ပြေးတာပဲ..ဘာမှတောင် ယူမသွား နိုင်ဘူး”

“အမယ်လေး တော်ပါသေးရဲ့အေ။ ငါ့ အင်္ကျီတွေလည်း လှန်းထားမိတယ်။ ငါ့အင်္ကျီတွေ ပါမသွားတာ ကံကောင်း”

မမချိုသည် လှေကားမှ ခပ်သုတ်သုတ် ဆင်းလာကာ အိတ်များထဲ လှန်လှောနေဆဲ ကျွန်မ အပေါ်ထပ်ကို ပြန်တက် လာခဲ့ပါသည်။ စာလည်း ဖတ်ချင်စိတ် မရှိတော့သည့် အတွက် အိပ်ဖို့ ကြိုးစားရသည်။ သို့သော်လည်း အိပ်မပျော်။ တစ်ညလုံး တလူးလူး တလိမ့်လိမ့်နှင့် မိုးလင်းခါနီးမှပင် အိပ်ပျော်တော့သည်။

ကျွန်မ အိပ်ရာကနိုးတော့ မနက် ၁၀ နာရီပင် ထိုးတော့မည်။ ပိတ်ရက်မို့ အဆောင်မှာ လူစုံ သည်ဖြစ်၍ ညက အဆောင်ထဲ လူဝင်သော သတင်းသည် စကားဝိုင်းများ အားလုံးမှာ ကြီးစိုးနေသည်။ ရေချိုးကန်နား ကျွန်မ ထွက်လာ လျှင်ပင် သတင်းမေးသူ မရှား။ ပြန်ဖြေရသည်နှင့် ပင် လူက မောရတော့မလို။ ပြေးသွားတာပဲ ရိပ်ခနဲ တွေ့လိုက်သည့် အကြောင်း အပ်ကြောင်း ထပ်အောင် ပြောပြရသည်။

“ဟဲ့ ငါသာ ဆိုရင်တော့ တွေ့ရာနဲ့ ကောက်တီး လိုက်မှာပဲ၊ အနည်းဆုံးတော့ ငါတို့ကို နှိုးပေါ့” ဟု အဆောင်သူ အစ်မ တစ်ယောက်က အားမလို အားမရ ပြောသေးသည်။ ကျွန်မ ဘာမှ ပြန်မပြောဘဲ ပြုံးသာ နေလိုက်ရပါသည်။ မနေ့ညက မြင်ကွင်းမျိုးကိုသာ သူလည်း ရင်ဆိုင် တွေ့လိုက် ရလျှင် အနည်းနှင့် အများတော့ ကျွန်မ ဆုံးဖြတ်ခဲ့ ပုံမျိုးပဲ ဆုံးဖြတ် ဖြစ်မှာပါ။ ဒါကိုတော့ အသေအချာ ယုံကြည်ပေမယ့် ရှင်းလင်းတာမျိုးလည်း မလုပ်လို။ မိန်းမတစ်ယောက်သာ ဖြစ်သည်ကိုလည်း ပြောမပြလို။ ရှိပါစေတော့။ သည်အတိုင်း သာရှိပါစေတော့။

နောက်ရက်များမှာတော့ အဆောင်မှာ ညဘက်ဆိုလျှင် အောက်ထပ် တံခါးမကြီး ပိတ်ဖို့ အချင်းချင် ဆော်သြရတာကပဲ အလုပ် တစ်ခုလို ဖြစ်လာသည်။ မီးဖိုချောင်ဘက်၊ အိမ်မကြီး အပြင် ရေချိုးကန်၊ အိမ်သာဘက် ညရေးညတာ ဆင်းရမှာကို အလိုလို စိုးထိတ်နေသူများလည်း ရှိလာသည်။ တော်ကြာ ကိုယ့်ကို ရိုက်သွားရင် ဘယ်လို လုပ်ရမလဲဟု ဆိုသူက ဆိုကြသည်။ ကျွန်မကတော့ စိုးထိတ်သူများထဲတွင်လည်း မပါ။ တော်ကြာတော့ ဘယ်သူမဆို သွေးအေး သွားမှာပဲဟု သိကာ နေသည်။ ဒီလို သွေးအေးပြန် ရင်၊ မေ့လျော့ပြန်ရင် အလစ် ခိုးဝင်တာ ကြုံရင်ကြုံ ရဦးမှာပဲ။ သို့သော် ဟိုအရင် တစ်ကြိမ်လို မကြုံ ရဖို့တော့ ကျိတ်၍ ဆုတောင်း ရသေးသည်။ အမျိုးသမီးကို နောက်တစ်ကြိမ် မမြင် တွေ့ရပါစေနှင့်။ တွေ့ရသည် ဆိုလျှင်လည်း ကောင်းသောတွေ့ခြင်းသာ ဖြစ်ပါစေ။

တစ်ခါတလေတော့လည်း အခန်းထဲတွင် စာဖတ်၊ စာရေး လုပ်နေမိရင်းက အားငယ်ရိပ်၊ စိုးရွံ့ရိပ်များနှင့် ဘ၀တွင် အကြိမ်ကြိမ် သူတစ်ပါးထံ မျက်နှာအောက်ချ နေခဲ့ဖူး ပုံရသော မျက်နှာ ရိပ်ကို သတိရကာ နေလေသည်။ လောကတွင် ကျွန်မတို့ ကူညီနိုင်စွမ်း မရှိသော ဘ၀များစွာ၊ အခြေအနေ များစွာ။ ကိုယ့်ကိုယ်ကို ဆင်းရဲ ပင်ပန်းလှသည်ရယ်လို့ စိတ်ဓာတ် ကျချင်သော အချိန်တိုင်း အခက်အခဲ ဆိုတာဟာ ကိုယ်တစ် ယောက်တည်းမှာ ကြုံရတာ မဟုတ်ပါဘူးလို့ အားတင်းရသည်။ ကိုယ်က ထမင်းနှစ်နပ စားရချိန်မှာ ထမင်းတစ်နပ် စားဖို့ပင် အနိုင်နိုင် ဖြစ်ရ သူတို့ များစွာ ရှိမှာပဲ။ မြင့်မား ဆန်းကြယ်သော၊ ကိုယ်ညဏ် မမီနိုင်သော ဘ၀များကို အားကျ စိတ်နှင့် မော့မကြည့်ပါမှ စိတ်ချမ်းသာမှာပဲ။ ကျွန်မသည် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အားတင်းဖူးသမျှ သည်တစ်ကြိမ်မြင်ကွင်းကို မြင်ခဲ့ရ ပြီးသည့်နောက်မှာတော့ အပြစ်ဆိုစရာ၊ လက်ညှိုး ထိုးစရာ ရှာမတွေ့ သူလို အားအင်ကုန်ခန်း စပြုသည်။ ဘာမှ မကူညီနိုင်သော ဘ၀များစွာ ရှိဦး မှာကို တွေးကာ စိတ်ပျက်ညှိုးနွမ်းစ ပြုသည်။

သို့သော်လည်း အချိန်တန်လျှင်တော့ ကိုယ့် ဘ၀နှင့် ကိုယ် နေသားတကျ ဖြစ်လာပြန်သည်။ စိတ်ရှုပ်နေလည်း အပိုပဲ ထင်ပါရဲ့။ ကိုယ် မဖြေ ရှင်းနိုင်သော အရေးကိစ္စတို့ အတွက် စိတ်အညစ် မခံတော့ပါဘူး။ သည်လိုနှင့် စိတ်ညစ်ညူးဖွယ် မြင်ကွင်းကို ရက်များစွာ မေ့လျော့ ထားခဲ့သည်။ သုံး၊ လေးလ ကြာသွားသည်လား ကျွန်မ မမှတ်မိ။ တကယ်ပင် မေ့မေ့ပျောက်ပျောက် ဖြစ်လာသည်။ အိပ်မက်လို့ပင် ထင်ချင်လာသည်။

သို့ပေမယ့် အိပ်မက် မဟုတ်ခဲ့သည်ကိုတော့ တစ်ကြိမ်မှာ တိုက်တိုက် ဆိုင်ဆိုင် ကြုံကြိုက် သိခွင့်ရလေသည်။ ထိုနေ့က ကျွန်မသည် အားလပ်ရက်မို့ ရပ်ကွက် ဈေးလေးထဲ ၀ယ်လိုသည့် ပစ္စည်း အတိုအထွာများကို ဟိုငေး၊ သည်ငေးနှင့် ၀ယ်ယူ နေခဲ့သည်။ ဈေးသည် မနက်ခင်းပိုင်းမှာ လူစည်ကား တတ်ပေမယ့် မနက် ၁၁ နာရီဝန်း ကျင်မှာတော့ လူရှင်းလု ဖြစ်နေပြီ။ လိုတာနှင့် ၀ယ်ယူပြီးတာကို စိတ်ထဲ တွေးရင်း လျှောက်လာခိုက် တစ်စုံတစ်ဦးနှင့် တိုက်မိမလိုဖြစ်သည့် အတွက် ကျွန်မ ကိုယ်ရှိန် သတ်လိုက်ရပါသည်။

“ကန်တော့နော်..”

မျက်နှာချင်းဆိုင်က အမျိုးသမီးသည် ဈေးခြင်းတောင်းက တစ်ဖက်၊ အခြားလက်တစ်ဖက်က ကလေးတစ်ယောက်ကို ဆွဲလျက် အပြုံးတစ်ချက်နှင့် ကျွန်မကို ခေါင်းညွတ်ပြပြီး ဖြတ်ကျော်သွားပါသည်။ ကျွန်မသည် ရှေ့ကို မဆက်နိုင်။ နေရာတွင် ရပ်နေရင်းက သည်မျက်နှာ သည်မျက်လုံးကို ရင်းနှီး လှချည်ရဲ့ဟု အောက်မေ့မိသည်။ ဇဝေဇ၀ါနှင့် လှည့်ကြည့်လိုက်မိလျှင် တိုက်ဆိုင်သည်ပဲ ပြောရမလား၊ အမျိုးသမီးသည် ကျွန်မရှိရာ ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပါသည်။ ကျွန်မတို့ နှစ်ဦးသည် အကြည့်ချင်း တဒင်္ဂဆုံမိ ကြသည်။ ထို့နောက် သူက အကြည့်ကို ဦးဆုံးလွှဲကာ ထွက်သွားသည်။ မှုန်မှိုင်းသော မျက်စိများ။

ဆောင်းတစ်ညမှာ ကျွန်မ ရင်းနှီးခဲ့သော မျက်လုံး များပါပေ။ ဟင်းရွက် ထိုးထိုးထောင်ထောင်နှင့် ခြင်းတောင်းကို တစ်ဖက်ဆွဲကာ ကလေးဆွဲကာ လျှောက်သွားသော အမျိုးသမီး၏ နောက်သို့ ကလေး တစ်ဦး အပြေး လိုက်သွားတာမြင်ရသည်။ အမေ စောင့်ပါဦးဗျလို့လည်း အော်လိုက်သေးသည်။ အမျိုးသမီးသည် ကလေးနှစ်ဦးနှင့် အတူ တရွေ့ရွေ့ ဝေးကာ သွားသည်။ အရောင်အဆင်း များစွာ မပေါ်တော့သော ၀တ်စုံလေးများနှင့် ကလေးငယ်များကို နောက်ကျောဆီမှ ငေးကြည့်ကာ ကျွန်မ သက်ပြင်းရှိုက် လိုက်ပါသည်။

စိတ်ရှုပ်နေလို့လည်း မပြီးပါဘူးကွယ်။ ရှေ့ဆက် ရဦးမှာပေါ့။ ကျွန်မ သည် ခြေလှမ်းကို ပြန်စရသည်။ နောက်သို့ လှည့်မကြည့်တော့။ နောက်သို့လည်း ပြန်မတွေးလိုတော့။ ဟိုတစ်ကြိမ်ကလိုပင် သည်တစ်ကြိမ်ကိုလည်း မေ့ဖျောက်ဖို့ ကြိုးစားရဦးမည်လို့သာ ဆုံးဖြတ်ခဲ့သည်။

တကယ်လည်း မေ့ဖျောက်နိုင်ခဲ့တာ ဖြစ်လေသည်။ ဆောင်းတစ်ညကို ကြုံခဲ့ရတာ သုံးနှစ်မျှ ရှိခဲ့ပြီ။ တစ်ကြိမ် ပြန်ဆုံရတာလည်း နှစ်နှစ် ကျော်ခဲ့ပြီ။ ခုနေခါတော့ ဟိုတစ်ချိန်က စွဲထင်ခဲ့သော မျက်နှာကိုလည်း ထင်ထင်ရှားရှား မမှတ်မိတော့ပြီ။ လမ်းတွင်လည်း တစ်ကြိမ်မှ ပြန်မဆုံတော့ဘူး ထင်သည်။ ခုနေတော့ ဆုံလည်းပဲ မမှတ်မိနိုင်တော့ပေ။ သည်လို မမှတ်မိနိုင်ခြင်းသည်သာ နှစ်ဦးစလုံး အတွက် အသင့်တော် ဆုံးဖြစ်မည်ဟု ကျွန်မ ယုံကြည်ပါသည်။

စပယ်ဖြူနု 
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

No comments:

Post a Comment