Pages

Wednesday 5 October 2011

သူတို့ ဘ၀လှစေ

သည်လျှပ်ပြေးသည် ပုသိမ်မှစတင် ထွက်ခွာလာခဲ့သည်။ ပုသိမ် ခခကြီး ထမင်းဆိုင်တွင် စားသောက်ကြပြီးနောက် သူနှင့်

ကိုတင့်တို့က
သင်္ဘောဆိပ်သို့ ဆင်းခဲ့ကြသည်။ သွားကြမည့် သင်္ကန်းကုန်း အထိ လက်မှတ် ဖြတ်ထားပြီး ဖြစ်သည့် အလျောက် သူတို့ အနေနှင့် အောက်ထပ်မှာ ထိုင်ခုံ တစ်နေရာစီ ၀င်ထိုင်ပြီး အေးဆေး ကာရာအိုကေ ကြည့်၊ ဗီဒီယိုကြည့်ရင်း လိုက်ပါလာကြရုံသာ။ ခရီးသွား အများစုကတော့
ပူလောင် မွန်းကျပ်ခြင်းကို ကျေကျေနပ်နပ် လက်ခံကာ ပြသ ဖျော်ဖြေနေသော ဂမ္ဘီရဟာသ ဗီဒီယို ဇာတ်ကားတွင် နစ်မျော နေကြလေသည်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် စိတ်အပန်း ပြေလျှင်ပြီး စတမ်း။ ကိုကုဋေကျော်ကတော့ ခုလို နေပူစပ်ခါး ရာသီဥတုမှာ
နေအလင်းရောင်၊ လေ၊ အအေးဓာတ် ကင်းမဲ့သော သင်္ဘော ၀မ်းခေါင်းထဲတွင် ကျပ်ကျပ်သိပ်သိပ် စုထိုင် နေရမှာကို စိတ်ကျဉ်းကျပ်သည်။ သူကိုယ်တိုင်က ဓာတ်ပုံ၊ ကင်မရာ၊ ဗီဒီယိုတွေမှာ စီစဉ် ရိုက်ကူးနေသူ ဖြစ်လေတော့ ထိုင်ကြည့်ရတာထက် ကိုယ်တိုင် ပါဝင်စီစဉ် ရိုက်ကူးရတာကို ပိုပြီး စိတ်ဝင်စား နှစ်ခြိုက်သည်။

ထိုသို့မှ မစီစဉ် မရိုက်ကူးဖြစ်ဘူး ဆိုပါလျှင်တော့ သဘာဝ ရှုခင်းတွေကို ငေးမောခံစား၊ သို့မဟုတ်ပါကလည်း ၀ိုင်းဖွဲ့ စကားပြောကာ စိတ်ဝင်စားဖွယ် ပဟေဠိ တစ်ခုခု ၀ှက်ရန် သူ ၀ါသနာ ကြီးလေသည်။ သည်လို သည်အကြောင်းတွေကြောင့်ပဲ ကိုကုဋေကျော်က အပေါ်ထပ်တွင် နေရာယူ ဖြစ် သည်။ ကုန်းပတ် နံဘေးတွင် ကာရံထားသော သံဘောင်တန်းများနှင့် ဆလင်ခန်း အ၀င် တံခါး ပေါက်တို့၏ အလယ်ကြား နံရံတွင် ဖုန်တွေ သဲတွေ ကို လေမှုတ် သန့်ရှင်းလိုက်ကာ လူတစ်ကိုယ်စာ နေရာချလျက် အကျ ထိုင်သည်။

ကိုတင့်ကား မိုးမလင်းခင်ကတည်းက တောင်းအေ့စ် ကားတစ်စီးကို အသွားအပြန် ငှားလာကာ ဓာတ်ပုံ၊ ဗီဒီယို ဆရာအပေါ် ခရီးတစ်လျှောက် ဧည့်ဝတ်ကျေအောင် ဂရုစိုက် လာရသည်။ သူ့အနေနှင့် ဖြစ်နိုင်လျှင် အောက်ထပ် ထိုင်ခုံမှာပဲ တစ်ရေး နှပ်နေလိုက်ချင်တာပါ။ သို့သော်လည်း သူငှားရမ်း ဖိတ်ခေါ် လာခဲ့သူ ကိုကုဋေကျော်၏ အလိုကို လိုက်လျောကာ အပေါ်ထပ်မှာ လိုက်ထိုင် နေရလေတော့၏။
ကိုကုဋေကျော်သည် ညှပ်ဖိနပ်တွေကို ချွတ်ကာ အောက်ခု ထိုင်ချသည်။

“လာကိုတင့်၊ ဒီနေရာက အရိပ်ရတယ်၊ မော်တော်ကွေ့တုန်း နေပူလည်း ခဏပဲ၊ တစ်အောင့် နေပြန် ရိပ်သွားမှာပါ၊ လေလည်း တဖြူးဖြူး၊ ကုန်းပတ်ပေါ်က စားစရာ သောက်စရာ လှမ်းဝယ်လို့လည်း အဆင်ပြေသဗျ”
ကိုတင့်က မငြင်းမဆန် ၀င်ထိုင်သည်။

အပေါ်ထပ် တက်လာသူများကို ကိုကုဋေကျော်က ထိုင်ကြည့်ပြီး လေ့လာသည်။ ခုလို လျှပ်ပြေး အပေါ်ထပ် ဆလင်ခန်း နံဘေးမှာ အရိပ်ခိုပြီး ထိုင်မည့် သူတို့တွင် သူ့နည်းတူ အပူဒဏ်နှင့် မွန်းကျပ်မှု ဒဏ်ကို တိမ်း ရှောင်ကြသူ အချို့နှင့် လက်မှတ် ရှိသော်လည်း ထိုင်ခုံ မရသူအချို့တို့ ပါဝင်လိမ့်မည်။ အပူ ရှောင်လိုသူနှင့် ထိုင်ခုံ မရသူတွေကိုတော့ ကိုကုဋေကျော်က ခွဲခြား သိရှိရန် အားထုတ်နေဖို့ လိုမှ မလိုအပ်လေပါ။
လျှပ်ပြေး စထွက်ကတည်းက အထပ်ခိုး ပေါ်တက်လာကြသော သူတွေသည် ကိုကုဋေကျော် နည်းတူ သဘာဝ ရှုခင်းကိုလည်း ငေးမော ခံစားရင်း လေပြည်လေညင်းကိုလည်း ရှူရှိုက် အပန်းဖြေလိုသူ ဟုတ်ကို ဟုတ်ရမည်။

စကားစမြည် ပြောဖော် ပြောဖက်ရအောင် ဘယ်သူတွေကို သူဖိတ်ခေါ်ရလျှင် ကောင်းမလဲ။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်ခန့်ရှိ လောက်သော ပုဂ္ဂိုလ်တစ်ဦး တက်လာသည်။ သူသည် ပြောင်သလင်းခါနေပြီ ဖြစ်သော ငယ်ထိပ်ကို နံဘေးနဘီမှ ဆံပင်မည်းမည်း ဆီရွှဲရွှဲတွေ ဆွဲပြီး ဖြီးသင်ဖုံးဖိထားသည်မှာ ပြုံးရယ်ချင်စရာ ဖြစ်နေ၏။ သို့ဖြစ်စေကာမူ အနောက် နိုင်ငံမှာလို ဆံပင်တု၊ ဘိုကေတုနှင့်တော့ ဖုံးအုပ် မထားဘဲ ခပ်တည်တည်ပင် ဇရာကို အံတုလျက် ရှိနေတော့သည်။ သူသည် အဖြူရောင် ရှပ်အင်္ကျီ လည်ခေါင်းတုံး လက်တိုနှင့် အကွက် ကျဲကျဲ ပုဆိုးဆီးကာ မိုးတွင်းစီး ရာဘာဖိနပ် စီးထားလေသည်။ သူ့နောက်မှ နှစ်ဆယ်ကျော် အစိတ်ဝန်းကျင် ရှိမည့် လူငယ်သည် စားပွဲတင် အိတ်မည်းကို ကိုင်ဆွဲကာခပ်ယို့ယို့ လိုက်ပါလာ သည်။ သူက တီရှပ် အနီရောင်နှင့် ဂျင်းဘောင်း ဘီနက်ပြာ ၀တ်ထားသည်။ သူ့ပုံပန်းသဏ္ဌာန်ကို ထောက်ရှုကာ သူသည် အထက်အရာရှိ၏ အိတ်ကိုကိုင်လာပေးသော တပည့်ဖြစ်ရမည်ဟု ကိုကုဋေကျော်က ခန့်မှန်းသည်။

အဲသည် ဆရာတပည့်က ဦးခန်းထဲသို့ ၀င်သွားကြသည့်အတွက် ကိုကုဋေကျော် ၀မ်း သာသွားသည်။ နောက်ပြောင် ကျီစယ်ရင်း ပဟေဠိ ဖွက်ကြသည်မှာ တည်တည်ကြည်ကြည် လေးလေးနက်နက် ဖွင့်ဟ ပြောဆိုရမှ တန်ဖိုးရှိမည့် သူတွေအတွက် အဆင်မပြေလှဘူး မဟုတ် လား။

သူတို့နောက်မှ ထက်ကြပ်လှေကားတက် လာသူတွေမှာ သပ်ရပ်ခေတ်မီစွာ ၀တ်စား ဆင်ပြင်ထားသော မိန်းမငယ်နှစ်ယောက် ဖြစ် သည်။ သူမတို့ကတော့ ထိုင်ခုံလက်မှတ်ရထား သူများ ဖြစ်ကြောင်းကို လျှပ်ပြေးပေါ် မရောက်မီ ဘောတံတားပေါ်မှာ သူတို့အချင်းချင်း ပြောသံ ကြားသိထားရ၏။ ဒါဆို သူ့နည်းတူ အပေါ်ထပ် ကို ကြိုက်နှစ်သက်သောကြောင့် ရွေးချယ်လာကြ သူတွေပဲ ဆိုတာ ယုံမှားစရာ မရှိ။

“လာကြ ညီမတို့၊ ဒီမှာ နေရာရှိတယ်”

မိန်းကလေးနှစ်ယောက်သည် သူ့ဖိတ်ခေါ်ခြင်းကို ကျေကျေနပ်နပ် လက်ခံကာ ဖိနပ်ချွတ်ပြီး ခုထိုင်ကြတော့၏။
၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးနှစ်ယောက်သည် လှေကားထစ်တွေမှာ စမ်းတ၀ါးဝါး အိပဲ့အိပဲ့ တက်လာကြသည်။ ထူထဲသော မျက်မှန်ကြီးကို ကိုင်းသေးသေးနှင့် တပ်ဆင်ထားသည့် အဒေါ် ကြီးက ပိုပြီးဝဖိုင့်ကာ ပါတိတ် တစ်စုံစာ ၀တ်ဆင်ထားသော အဒေါ်ကြီးကပို၍ ငယ်ရွယ်ပိန်ပါး သွက်လက်သည်။ သူတို့သည် ကိုတင့်၊ ကိုကုဋေ ကျော်နှင့် မိန်းကလေးများကို အကဲခတ်ပြီး သည့်နောက် စိတ်ချကျေနပ်မှု ရှိသွားဟန်နှင့် ပါလာသော သင်ဖြူးလိပ်ကလေးကို ဆလင်ခန်း တံခါးပေါက်၏ ဟိုမှာဘက်ခြမ်းမှာ ဖြန့်ခင်း လိုက်ကြတော့သည်။

“သင်္ဘောကွေ့ သွားတော့ ကျွန်တော်တို့ ဘက်ခြမ်း နေထိုးနေပြီ၊ တော်ကြာ ရိပ်သွားမှာဗျ၊ ကျွန်တော်က ဒီလမ်းကို သွားတာ ပြန်တာသုံးလေး ခေါက်ရှိပါပြီ” ဟု ကိုကုဋေကျော်က အဒေါ်ကြီးတွေအား ရှင်းပြ နေပြန်သည်။

“ဟုတ်တယ် မောင်ရင်ရဲ့၊ ကျုပ်တို့က ခေါက်ချည်ပြန်ချည် သွားနေကျပါ၊ ရပါတယ်၊ မောင်ရင်နေသာ သလိုနေ”

သူ့ထက် အတွေ့အကြုံများ သူချည်းပဲ ဆိုတာ ကိုကုဋေကျော် သဘောပေါက်သွားတော့သည်။
လှေကားပေါ်သို့ နောက်ထပ် တက်လာသူသည် ကိုကုဋေကျော်တို့လို လူလတ်ပိုင်း အရွယ် သပ်သပ်ရပ်ရပ် အမျိုးသား တစ်ဦးဖြစ်၏။ ဆံပင်ထိုးထိုး ထောင်ထောင်ကို ဂျဲသုတ် ပုံသွင်းထားကာ နေကာ မျက်မှန်နှင့်၊ ကာကီရောင်စက ဘောင်းဘီနှင့် ပါတိတ်ရှပ် ဖားဖားကြီး ၀တ်ပြီး ခြေထောက်မှာလည်း ရှေ့ထိုး ဖိနပ်ကြီး စီးထားသေး။ သူကတော့ ခေတ်ပုံစံ ရှိုးကျကျနှင့် ၀တ်စား ဆင်ယင်မှု ကျနသည်။

ကိုကုဋေကျော်သည်ပင် အတန်အသင့် အားငယ်သွားသည်။ မနက်စောစော နှစ်နာရီခွဲ ကတည်းက အိပ်ရာ ထပါမှ သုံးနာရီတွင် လိုင်းဖုန်း ၀င်လာသည်နှင့် တစ်ပြိုင်နက် လမ်းထိပ်သို့ အသင့်ထွက်စောင့်နေခဲ့ရသည်။ ဆံပင်တွေကို ပင်လျှင် လက်ချောင်းထိုးဖွကာ သပ်ရပ်အောင် ပြုပြင်ခဲ့ရချေ၏။ ဘယ်မှာလျှင် ရှိုးစမိုးကျနိုင် ပါတော့မလဲ။

သို့တစေ သည်ခရီးက သူ့အတွက် အထူး အရေးကြီးသည်။ စဉ်းစား ကြည့်ကြပါဦးတော့။ ကိုတင့်က သင်္ကန်းကုန်း ရွာသား ဖြစ်သော်လည်း ရန်ကုန်မှာ ကျောင်းနေ ဘွဲ့ရသူ ဖြစ်သည်။ လေးငါးနှစ်နေလို့မှ တစ်ခါ ရွာပြန်ရောက်တတ်သူ မဟုတ်။ ကိုတင့်၏ ညီဝမ်းကွဲတော်သူ မောင်ကောင်းသည် သင်္ကန်းကုန်းမှ ရန်ကုန်သို့ အလည်လာခိုက် ကိုတင့်၏ အိမ်တွင် ရှိနေသော အိမ်နီးချင်း ကိုကုဋေကျော်၏ လက်ရာများကို တွေ့ဖူး နှစ်ခြိုက် သွားခဲ့သည်ဆို၏။ သူ မင်္ဂလာဆောင်သည့် အခါတွင် သူတို့၏ ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံ အတွက် ကိုကုဋေကျော်ကို ငှားရမ်းပေးပါဟု အကူအညီ တောင်းသောကြောင့် ကိုတင့်က အာမဘန္တေ ခံထားခဲ့ဖူးသည်။

အရင် သုံးလလောက်ကတော့ မောင်ကောင်းတစ်ယောက် တကယ်ပဲ သင်္ကန်းကုန်းတွင် လက်ထပ်တော့မှာမို့ ကိုတင့်၏ ကတိအတိုင်း ကိုကုဋေကျော်ကို ငှားခဲ့ပါဟု ကြိုတင်ကာ စရန်သတ် ထားခဲ့သည်။ ယခုဆိုလျှင် အဲသည် ကိုတင့်က သူ့အားကျသင့်ငွေ အပြီးအစီး ပေးချေကာ နယ်ခရီး အသွားအပြန် အတွက် စရိတ်ခံ ငှားရမ်းလာခဲ့လေပြီ။ ဒါတွင်မက စိတ်ရှည်လက်ရှည် တကူးတက သူ မရောက်ဖူးသော သင်္ကန်းကုန်းကျေးရွာသို့ လိုက်ပို့သည်။ နာမည်အရ ပေါက်မြောက်သည်။ စီးပွားရေးအရ တွက်ကိန်း ကိုက်သည်။ လူမှုရေး အရလည်း တာဝန်ကျေသည်။ ကဲ၊ သည့်ထက် ပိုကဲသော လုပ်ငန်း ဂုဏ်ပုဒ်ကား တော်တော့်ကို ရှားပါးပေလိမ့်မည်။

ထိုကြောင့်လည်း ကိုတင့်၏ ကားက ရောက်လာသည်နှင့် နှစ်ယောက်သား စကား တပြောပြော ထွက်ခွာခဲ့ကြသည်။
နေရောင်ခြည်သန်းလာမှပင် ကိုတင့်သည်လည်း သူ့နည်းတူ မသပ်မရပ် ကမန်းကတန်း ထွက်ခွာလာရသူ ပီပီ ပုဆိုးပင် အကွက် မပေါ်ပါလားဟု သတိထား ဖြစ်ခဲ့တာပါ။

ရိုးသား တည်တံ့ဟန် ရှိသော မိန်းမငယ် နှစ်ယောက်က တလေးတစား ၀ိုင်းဖွဲ့ဖော်ရသောကြောင့် သာလျှင် အများက ကိုကုဋေကျော်တို့အား လေးစားလောက် သူတွေ အဖြစ် ယူဆနိုင်သည်။ ပြီးတော့လည်း သူ့ကင်မရာတွေ ဗီဒီယို အိတ်တွေကလည်း သူတို့၏ သိက္ခာကို ဖေးမထားပေးသည်။ နောက်ထပ်တစ်ယောက်လောက်တော့ ၀ိုင်းဖွဲ့ သင့်ပေသည်။

အဲသည်ပုဂ္ဂိုလ်သာ ဦးခန်းထဲ ၀င်သွားပါလျှင် လူဦးရေ နည်းပါးနေမှာမို့ ပဟေဠိ ဖွက်ရသည်မှာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာပဲဟု ကိုကုဋေ ကျော်က စိုးရိမ်ကြောင့်ကြ၏။
“လာ အစ်ကို၊ ဦးခန်းက လှောင်တယ်၊ အနေအထိုင် ကျဉ်းကျပ်တယ်ဗျ”ဟု သူက ဖိတ်ခေါ်လိုက်လေသည်။
ထိုသူသည် ခေတ္တတော့ တွေဝေစဉ်းစား လိုက်သေးသည်။ ပြီးတော့ ကိုကုဋေကျော်၏ နံဘေး နေရာလွတ်တွင် ၀င်ထိုင်လိုက်တော့သည်။

“ဘယ်လဲအစ်ကို”

“ကညင်ငူ”

“အလည်လား”

“ဆိုပါတော့ဗျာ”

ဆိုပါတော့တဲ့။ ဒါဆို အလည်သက်သက်တော့လည်း မဟုတ်သည့် သဘော ဖြစ်သည်။ သူ့တွင်အဖော်တစ်ယောက်မျှ မပါ၊ အသိအကျွမ်းလည်း ရှိပုံမရ။ အနည်းငယ် မျက်နှာမကြည်သာသည့် အတွက် စိတ်ရှုပ်ထွေးစရာ တစ်ခု ပါလာဟန်တူသည်ဟု ကိုကုဋေကျော်က ကောက်ချက် ဆွဲလိုက်သည်။

“အစ်ကိုက ကင်မရာကြီး တကိုင်ကိုင်နဲ့ဆို တော့ ညီမတို့ကို မေတ္တာလက်ဆောင် ရိုက်ပေး မှာပဲလို့ မျှော်လင့်နေကြတာ၊ သူက အေးမီ၊ ဒီက ရူပါ”

“ကင်မရာပါမှတော့ ဓာတ်ပုံ ရိုက်ပေးတော့ မှာပေါ့ ညီမတို့ရယ်၊ အစ်ကိုကတော့ ကုဋေကျော်တဲ့”

“အမလေး၊ နာမည်က မြင့်လိုက်တာ”

“လူကတော့ နှိမ့်ချ ရိုးသားပါတယ်ဗျာ၊ ကလေးသုံးယောက် အဖေပါဆိုတာလည်း စောစောစီးစီး ၀န်ခံထားပါ့မယ်”

မိန်းကလေး နှစ်ယောက်သား ခိုးခိုးခစ်ခစ် ရယ်မောကြရင်း ကိုကုဋေကျော်အား မိတ်ဆွေ အဖြစ် လက်ခံသွားတော့သည်။
“အစ်ကို့ မိတ်ဆွေကတော့ ကိုတင့်တဲ့ဗျ၊ သင်္ကန်းကုန်း သွားကြမလို့၊ ညီမတို့ကကော ဘယ်သွားကြမလို့လဲဟင်”

“မန်ကျည်းပင်ကိုပါ၊ ကျောင်းပိတ်ရက် အိမ်ပြန်လာကြတာ”

“မန်ကျည်းပင် ရွာသူတွေပေါ့နော်”

“ဟုတ်ကဲ့။ ရောက်ဖူးကြလား”

“ကျွန်တော်က ဒါပထမ အကြိမ်ပဲ၊ ကိုတင့်ကသာ သင်္ကန်းကုန်း ရွာသားပါ”

ကိုတင့်မှာလည်း သူမသိ မမြင်ဖူးသော ကလေးမ ကလေးတွေကို ကြည့်ကာ ခပ်ကြောင်ကြောင် ဖြစ်နေသည်။
“ကျွန်တော့် အမျိုးတွေကသာ သင်္ကန်းကုန်းမှာ ရှိကြတာ၊ ကျွန်တော်က ရန်ကုန်မွေး ရန်ကုန်ကြီးဗျ”

“အမျိုးတွေက ဘယ်သူတွေလဲ၊ သင်္ကန်းကုန်းမှာ ကျွန်မတို့ အသိတွေ အများကြီးပဲ”

အေးမီက ခပ်သွက်သွက် မေးခွန်းထုတ်သည်။
“ဘောတံတားနားက ကုန်စုံဆိုင်က ဒေါ်ကျင်ကြိုင်က ကျွန်တော့် အဒေါ်ပါ၊ သူ့သား မင်္ဂလာဆောင်မှာ ၀ိုင်းဝန်း ကူညီဖို့ ကျွန်တော်တို့ လိုက်လာကြတာ”

“ဟယ်၊ ကိုကောင်းကြီး မင်္ဂလာဆောင်တော့မှာကိုး”

သည်တော့မှ လိပ်ပတ် လည်သွားကြကာ ကိုတင့်၏ လာရင်း မင်္ဂလာကိစ္စကို တရစပ် မေးကြတော့၏။
“ဘယ်သူနဲ့လဲဟင်”

အေးမီက မေးပြန်သည်။
“နင်ကလည်း ကိုကောင်းနဲ့ဆို ဘယ်သူ ရှိဦးမလဲ၊ မဟင်္သာပဲ ဖြစ်မှာပေါ့”

“ဘယ်နေ့တဲ့လဲဟင်”

“နက်ဖြန်မနက် ကိုးနာရီကနေ ဆယ့်တစ်နာရီ”

“ခုလောက်ရှိ သူတို့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး လောက်ရော့မယ်နော်”

“အသိအကျွမ်းတွေ ဆိုရင် လာခဲ့ကြပါလား။ အခုဓာတ်ပုံ အမြည်း ရိုက်ပေးမယ်၊ နက်ဖြန် မင်္ဂလာဆောင် ကျရင်တော့ ဗီဒီယို ရှယ်ရိုက်ပေး ရမှာပေါ့”

ကိုကုဋေကျော် တပြုံးပြုံးနှင့် အေးမီတို့ ရူပါတို့ကို တစ်ယောက်ချင်း၊ နှစ်ယောက်တွဲ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပေးနေသည်။ အဲဒါတွေက ဖလင်မှ မကုန်တာ။ ဒစ်ဂျစ်တယ်တွေ ဆိုတော့ လိုချင်ရင်ကူး၊ မလိုချင်ရင် ဖျက်ပစ်၊ အဲဒါပဲလေ။

“ပျင်းစရာ အချိန်တွေကို ဖြုန်းပစ်ရအောင် ကျွန်တော်တို့ ပြုံးစရာ၊ ရယ်စရာ စကားဝိုင်း တစ်ခု လုပ်ကြမလား အစ်ကို၊ ကျွန်တော့် နာမည်က ကုဋေကျော်တဲ့၊ အစ်ကိုကကော”

“ကျော်လား၊ ကြွယ်လားဗျ”

“ကျော်ပါ ခင်ဗျာ”

သူသည် ကိုကုဋေကျော့် အမည်ကို အနည်းငယ် အံ့သြ ထူးဆန်းသွားဟန် မျက်စချီကာ စိုက်ကြည့်သည်။ ကိုကုဋေကျော်က အသာဦးညွတ် ၀န်ခံသည်။ မိဘတွေ မှည့်ခဲ့တဲ့ နာမည်ပဲ အစ်ကိုရေ့၊ ကုဋေကျော်ချင်လည်းကျော်၊ ကြွယ်ချင်လည်း ကြွယ်။

“ကျွန်တော်က အောင်မြင်သူ”

အလဲ့။ သူကလည်း ခေသူ မဟုတ်လေဘူး။ အောင်မြင်သူ ဆိုပါကလား။
ခရီးသွားတွေသည် တစ်ဆိပ်ကပ်လိုက် တစ်အုပ်စု ဆင်းသွားလိုက်၊ နောက်ထပ် ခရီးသွား အသစ်တွေ တက်လာလိုက်၊ အပေါ်ထပ် သို့ရောက်လာသူသာ ကျဲပါးလေသည်။

ကိုတင့်၊ ကိုအောင်မြင်သူ၊ အေးမီနှင့် ရူပါ၊ လူလေးယောက် ရှိနေပြီ။ အချင်းချင်းလည်း မိတ်ဆွေ ဖွဲ့ပြီးကြပြီ ဆိုတော့ သူ့၏ ပဟေဠိဝိုင်းကို စတင်ဖို့ သင့်တော်နေပေပြီ။ အိုကေ။ ဒါဆိုခုပဲ စလိုက်ကြစို့ရဲ့။ အေးမီတို့သည် ပုသိမ် သင်္ဘောဆိပ်မှာတုန်းက လိမ္မော်သီးတွေ၊ ဟာလ၀ါ ခြောက်ထုပ်တွေ၊ နေကြာစေ့ထုပ်တွေကို တစ်ပွေ့ တစ်ပိုက်ကြီး ၀ယ်လာကြသည်။ သူတို့ဘာသာလည်း ထပ်ခနဲ ထပ်ခနဲ အခွံခွာစား၊ ကိုကုဋေကျော်တို့ကိုလည်းကျွေး။ အခွံတွေ ပွကြဲ မနေအောင် စက္ကူဟောင်း တစ်ရွက် ဖြန့်ခင်း ထားလိုက်လေသည်။

ရေသန့် မသောက်ချင်သူတွေ အတွက် ရေနွေးကြမ်းလည်း ပလတ်စတစ် ပုလင်းတွေနှင့် ပါလာသည်။ တစ်ခါသုံးခွက်တွေ အလုံ အလောက်။
“အခုလို စုစုဝေးဝေး အချိန်မှာ ကျွန်တော်တို့ အတွက် အပျင်းလည်းပြေ၊ အငြင်းအခုံလည်း လုပ်ကြရအောင် ပဟေဠိ တစ်ခု တင်ပြချင်တယ်ဗျာ၊ ဘယ်လို သဘောရကြသလဲ”

“အဲဒါတော့ သဘော မတူလည်း ပြောမှာပဲ ဥစ္စာ၊ မဟုတ်ဘူးလား ရူပါရယ်”

လျှာသွက် အာသွက်ရှိသော အေးမီက ရူပါထံမှ ထောက်ခံချက် ရယူသည်။
သည်အချိန်မှာ ကိုတင့် နှုတ်ဆိတ် နေလေသည်။ ကိုအောင်မြင်သူကတော့ သည်အုပ်စုထဲတွင် စကားမပြောသလောက်ပါပဲ။
“ကဲ၊ ပဟေဠိ ၀ှက်မယ်ဆို ၀ှက်တော့လေ”

အေးမီက လှုံ့ဆော်သည်။
“ငါတို့ လျှပ်ပြေး ခုတ်တာက ခြောက်နာရီ လောက်ကြာမယ့် ဟာကို ဘာလို့ လောနေတာလဲ”

ရူပါက မေးခွန်းထုတ်သည်။
“တော်ကြာ ကညင်ငူ ရောက်သွားမှဖြင့် ဟောဟို အစ်ကိုကြီးပါ ၀င်ပြီး မငြင်းခုံလိုက်ရမှာ စိုးလို့ပါနော်”

အေးမီ၏ လျှောက်လဲချက်သည် ကိုအောင်မြင်သူအား သဲ့သဲ့ပြုံးစေလျက် အားလုံးနှင့်လည်း ရင်းနှီး လာစေခဲ့၏။
“ကောင်းပါတယ်ဗျာ၊ ဒါမှ ကညင်ငူ ဧည့်သည်ရဲ့ ဆွေးနွေးငြင်းခုံမှုတွေကိုလည်း ကြားသိရမှာပေါ့”

သူ့ကိုယ်သူ ကညင်ငူ ဧည့်သည် ဆိုပါလား။ သူသည် ကညင်ငူ နယ်ခံ မဟုတ်ဘူး ဆိုပါတော့။
“ဒီလိုပါ အစ်ကိုတို့၊ ညီမတို့ရယ်၊ ကျွန်တော် ပြောမယ့် ပုံပြင်ကလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ပြီးမှသာ စဉ်းစားကြရမှာ၊ တစ်ခါ တုန်းကပေါ့၊ သိပ်တော့လည်း မကြာသေးဘူး ဆိုတော့ အခု တစ်လောဆိုလည်း ဖြစ်တာပါပဲ”

“အဲဒီ အစ်ကိုရဲ့စကားတွေကတော့ တကယ့်ကို ကုဋေကျော် နေပြီနော်၊ များလွန်းလို့ များလွန်းလို့”

“ဟာ၊ အဲသလောက် များနေမိသလား။ ကဲပါဗျာ၊ တိုတိုနဲ့ လိုရင်း ပြောပါ တော့မယ်”

စကားဝိုင်းသည် စိုစိုပြည်ပြည် သိုက်သိုက်ဝန်းဝန်း ဖြစ်လာသည်။
မြစ်ရေသည် ဆန်တက် လာနေသည်။ ဗေဒါဒိုက်တွေ တစ်သိုက် တစ်မြုံ မျောပါလာ၏။ လျှပ်ပြေးက အားအင်သုံးကာ ရုန်းနေရလေသည်။
ဥသြဆွဲပြီးကာ တစ်ဆိပ်ပြီး တစ်ဆိပ် ဆိုက်ကပ်သည်။ ကောက်ညှင်းထုပ်၊ ပြောင်းဖူးပြုတ် အရောင်းဈေးသည်တွေ တက်လာကြ၊ ရောင်းချကြ၊ ၀ယ်ယူကြ၊ ပြန်ဆင်းသွားကြနှင့်။

ရေဆန်ခရီးတစစ ပေါက်လာလေသည်။ ရည်မှန်းရာ ခရီးဆုံး အသီးသီးသို့ နီးကပ်လာကြ၏။ လမ်းဆုံးလျှင်တော့ ရွာသို့ ရောက်ကြပေလိမ့်မည်။ လမ်းမဆုံးခင် စကားဝိုင်းကို အဆုံးသတ်ကြရမည်မဟုတ်လား။
“တစ်ခါတုန်းက အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဟာ တစ်ဦးကို တစ်ဦး ချစ်ခင် နှစ်သက်ကြတဲ့ အတွက် နှစ်ဦး သဘောတူ လက်ထပ် လိုက်ကြပါရောတဲ့”

“အောက်ထပ်မှာ ပူအိုက်လို့ မကြည့်ဖြစ်တဲ့ ဗီဒီယိုကို လေလှိုင်းနဲ့ လွှင့်ပေးတာလား၊ ကျေးဇူးပါပဲ” ဟု အေးမီက ရွှတ်နောက်သည်။
“လူလွတ်ချင်းလား” ဟု ကိုတင့်က မေးသည်။

“ဟုတ်လိုက်လေ ကိုတင့်ရယ်၊ ဒါဟာ လိုအပ်တဲ့မေးခွန်းပါပဲ၊ သူတို့ နှစ်ယောက်စလုံးဟာ အဲဒီအချိန်တုန်းက လူလွတ်ချည်းပါပဲ”
ကိုအောင်မြင်သူ၏ လည်ချောင်းထဲမှ ချောင်းဟန့်သံ လိုလို ချွဲဟပ်သံ လိုလို မသဲမကွဲ ကြားရသဖြင့် အားလုံး လှည့်ကြည့်မိကြသည်။
“ဘ၀ခရီး အစတုန်းက ဆိုပါတော့။ သဘော ပေါက်ပါတယ်ဗျာ” ဟု ကိုတင့်က ရေရွတ်သည်။

အေးမီနှင့် ရူပါသည် မစရသေးသောဘ၀ခရီးဆိုတာကြီးကို တွေးတော လန့်ဖျပ်မိသွားသဖြင့် တစ်ယောက်မျက်နှာကိုတစ်ယောက် လှမ်းကြည့်ကာ
အားပေးလိုက်ကြရချေ၏။
“ဘ၀ဆိုတာ ဆန်းကြယ်တယ်ဗျ အစ်ကိုတို့၊ ညီမတို့ရဲ့။ သူတို့ဟာ ရာသက်ပန် လက်တွဲ သွားမယ်လို့ပဲ ပိုင်းဖြတ် ခိုင်မာခဲ့ကြမှာ အမှန်ပဲ။ ဒါပေမယ့် လည်း ခမျာများမှာ ရေစက် ကုန်တော့ စလယ်ဝင် ဖင်မမည်းခင် လင်မယား ပြတ်စဲ ကွဲကွာသွားကြရှာသတဲ့”

မိန်းမငယ် နှစ်ယောက်သည် စိတ်မသက်သာစွာ စုတ်သပ် ညည်းတွား လိုက်မိကြလေသည်။ အိမ်ထောင်တစ်ခု ပျက်စီးသည်ဆိုသော အရာမှာ ကောင်းသော အတိတ် နိမိတ်မှ မရှိတာကလား။
“အဲဒါ ဘယ်သူ့ အလွန်လဲ အစ်ကို” ဟုအေးမီက ခပ်ဆတ်ဆတ် ကလေး မေးခွန်း တင်လိုက်လေသေး၏။

“ဘယ်တစ်ယောက်ကိုပဲ မေးမေး သူတို့ကတော့ အပြစ် မရှိဘူး ဖြေကြမှာချည်းပဲ”

ကိုအောင်မြင်သူ၏ အသံက ခပ်ထန်ထန် ဖြစ်နေသောကြောင့် ကိုတင့်ပင် စောင်းငဲ့ကြည့်မိသွားသည်။ သည်တော့မှလည်း သူ့ကိုယ်သူ ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သတိပြုမိလေဟန် ရှိလျက် အုပ်စုထံမှ အသာ မျက်နှာ လွှဲဖယ် လိုက်လေသည်။ ကိုအောင်မြင်သူ စိတ်လှုပ်ရှားသွားတာ သေချာ သည်ဟု ကိုကုဋေကျော့်မှာကတော့ အမိအရ မှတ်သား လိုက်ရပြန်လေ၏။

“လင်မယား ကွဲသွားရုံနဲ့တော့ အစ်ကို့ ပဟေဠိဟာ ဘာမှ ပုံပေါ်မလာ သေးပါဘူး” ဟု အေးမီက စကားထောက်သည်။
“ဆက်ပြောမှာပေါ့ဗျာ။ လင်မယားကွဲသွားတော့ သားကလေးတစ် ယောက်အဖတ်တင်ပြီး ကျန်ရစ်တယ်ဗျ”

“ဟင်”

ရူပါက စိတ်မကောင်းစွာ ညည်းတွားသည်။
“ငယ်ရွယ်သေးတဲ့ သူတွေဆိုတော့ အခက်သားလားဗျ၊ အမျိုးသားက စိတ်လေလေနဲ့ ဟိုသည် အရောဝင်ရင်း အတွယ်အတာ ရှာရင်း စောစောစီးစီး နောက်အိမ်ထောင်ရက်သား ကျသွားပါလေရော”

“ဟောတော်၊ အဲဒီလူကလည်း သားကလေး မျက်နှာမှ မထောက်ဘူးတော့”

အေးမီ ခံစားနေရသည်။ ရူပါကလည်း ခေါင်းကလေး ညိတ်ကာ မျက်နှာလေး မဲ့တဲ့တဲ့ ၀မ်းနည်းနေ၏။
“အစတော့ အမျိုးသမီးခမျာ သူ့ဆီပြန်လာဦးမလား မျှော်လင့် ရှာတာပေါ့။ အိမ်ထောင်ကျသွားတော့ အားလျော့ သွားတယ်။ ဒါတွင်မကဘူး ဘသားချောက သားတစ်ယောက် ရသွားပြန်တယ်။ ရေစက် ကုန်ကြပြီ ဆိုပါတော့ဗျာ။ သူပြန်လာချင်တောင်မှ လက်ခံရ ခက်တဲ့ အနေအထားကြီး ဖြစ်သွားပြီ”

“ဒုက္ခပါလားနော်”

ကိုကုဋေကျော်ထံမှ တစ်ခွန်းဟလိုက်တိုင်း အေးမီက ခံစား တုံ့ပြန်နေသည်မှာ ကြာတော့ ကိုတင့် ပြုံးချင်လာသည်။ ကိုအောင်မြင်သူသည် သာ သူ့မျက်နှာကို မမြင်သာဘဲအတန်ငယ် ခေါင်းစိုက်ထားလျက် ရှိနေ၏။
“ကလေးအမေပဲ ခေါ်တော့မယ်နော်။ ကလေးအမေဟာ သားကလေး မျက်နှာငယ်မှာ စိုးလွန်းလို့ ဘယ်ယောက်ျားကိုမှ မစဉ်းစားတော့ဖို့ ကြိုးစား ပါတယ်။ ခက်တာက သူက တော်တော်လှတယ်။ ကလေး ဘယ်နှယောက် ရှိရှိ လက်ထပ်ယူမယ် ဆိုတဲ့ ယောက်ျားတွေက မနည်းမနောပဲ”

“သူ့ကို အစ်ကိုမြင်ဖူးလား”

ရူပါက ဖျတ်ခနဲ မေးသည်။
“ဟာ၊ ဒီပဟေဠိကို ၀ှက်တဲ့ သူဟာ ဇာတ်ကောင်တွေကို မြင်ဖူးချင်မှ မြင်ဖူးမှာလေ၊ ကွက်စိပ် ဆရာလိုပေါ့၊ မှန်းဆ လေပစ်ရတာ”

ကိုကုဋေကျော်၏ လျှောက်လဲချက်ကို အေးမီက ဟုတ်သားပဲဟု လက်ခံလိုက်သည်။
“အဲဒါဆိုလည်း ကလေးအမေ နောက်ယောက်ျား ယူဖြစ်သလားပဲ ပြောတော့”

ရူပါက သိလိုစိတ်စောလေဟန်နှင့် လောသည်။
“ကျွန်တော် ပြောသားပဲလေ၊ ယောက်ျားတွေရဲ့ဇွဲကို ကြံ့ကြံ့မခံနိုင် ရှာတဲ့ အဆုံးမှာ သူလည်း တစ်ယောက်ကို လက်ထပ် ယူလိုက်ရ ရှာသတဲ့”

“ဟော့တော်၊ စိတ်ညစ်ရပါလား”

ကိုတင့်နှင့် ကိုကုဋေကျော်သည် အေးမီ၏ ညည်းတွားသံကြောင့် ပြုံးရယ်ကြသည်။ စောစောကနည်းတူပင် ကိုအောင်မြင်သူကား စကားဝိုင်းထဲမှာ စိတ်ဝင်တစား မပါဝင်ဘဲ ရှိနေ၏။ သည်လူတွင် အကြောင်းတစ်ခုတော့ ရှိတန်ရာသည်ဟု ကိုကု ဋေကျော်က ဆက်လက်ထင်မြင်စရာ ဖြစ်နေ တော့သည်။ လျှပ်ပြေးသည် ဘော်ခနဲ ဥသြဆွဲလေသည်။ သုံးခွကျေးရွာ ဘောတံတားတွင် ဆိုက်ကပ်တော့မည်။

“ရှေ့ဆိပ်ဆို မန်ကျည်းပင် ရောက်ပြီနော်၊ ပဟေဠိ မြန်မြန် အဆုံးသတ်မှ ဖြစ်တော့မယ်”

လူစုံတုန်း အဖြေ မညှိရမှာကို ကလေးမတွေက ပူပန်နေကြသည်။ ကိုကုဋေကျော်လည်း ပူပန်တာပေါ့။ ပဟေဠိရှင်ပဲ ဥစ္စာ၊ ဘာပြောကောင်းပါ့ မလဲဗျာ။
“ကလေး အမေဟာ နောက်အိမ်ထောင်နဲ့ သမီး ကလေးတစ်ယောက် ထပ်ရသတဲ့ဗျ”

“အင်း၊ ဒုက္ခပါပဲလား” ဟု အေးမီက ရေရွတ်သော အခါတွင် ရူပါက ဘာရယ်မဟုတ် နှုတ်ခမ်းမဲ့သည်။
“တစ်နေ့သောအခါမှာတော့၊ နှစ်ပေါင်း ဆယ့်ရှစ်၊ နှစ်ဆယ်အကြာ တစ်နေ့မှာပေါ့ဗျာ။ သားကြီးဟာ ရှူးရှူးရှဲရှဲနဲ့ အဘိုးအဘွားဆီ ရောက်ချလာတယ်တဲ့”

တံခါး ဟိုဘက်ခြမ်းမှာ ထိုင်နေသော အဒေါ်ကြီး နှစ်ယောက်သည် စောစောကတည်းက ကိုကုဋေကျော်တို့၏ ပဟေဠိဝိုင်းကို စိတ်ဝင်စားကာ နှစ်ယောက် ပြောစကားတွေကို တစ်ချက် တစ်ချက် ဖြတ်ပြီး နားစွင့်နေကြသည်။ ခုလို အဘိုးအဘွား ကဏ္ဍ ပါလာသော အခါတွင်တော့ သူတို့နှင့် လုံးလုံးလျားလျား သက်ဆိုင်သည် ယူဆလေသလား မသိ၊ အနည်းငယ် တိုးရွှေ့လာကြလေ၏။

“အဘိုးနဲ့အဘွား ကြည့်လုပ်ကြဦးဗျ။ ကျွန်တော့် ညီနဲ့ ညီမ လက်ထပ်ကြတော့ မလို့တဲ့။ ကျွန်တော် ကြားကြားချင်းလာပြောတာ၊ မြန်မြန် တားကြမှ ဖြစ်မယ်ဗျတဲ့”

ကိုကုဋေကျော်၏ အမူအရာပါပါ သရုပ်ဖော် ပြောစကား အဆုံးတွင် လူသုံးလေးယောက် ထံမှ စုပေါင်း အာမေဋိတ်သံသည် ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာတော့သည်။
“အခု အစ်ကိုတို့ ညီမတို့ အဲနောက်ထပ် ၀င်လာတဲ့ ဒေါ်ဒေါ်တို့ အပါအ၀င် စုပေါင်း စဉ်းစားကြရမှာက ဒီပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲဆိုတာပါပဲ”
မျက်မှန်ထူ အဒေါ်ကြီးက သူ့ခန္ဓာကိုယ်ကြီး ကို ရှေ့သို့ ကိုင်းညွတ်လိုက်သည်။
“မောင်ရင်းနှမတွေ ညားကြတာကို အသိုက်အ၀န်းက ကျေနပ် လက်ခံကြတယ် ဆိုတာဟာ ကမ္ဘာဦးကာလတုန်းကလို ယဉ်ကျေးမှုနဲ့ ဘာသာ တရား မထွန်းကားသေးတဲ့ အချိန်အခါတုန်းကသာ ဖြစ်ကောင်း ဖြစ်နိုင်ခဲ့မယ်ကွဲ့”

ပါတိတ် တစ်ဆင်စာက မိနစ်မဆိုင်း ထောက်ခံလိုက်လေသည်။
“ဒါပေါ့ရှင်၊ ခုလို ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေကြားမှာ ဒီပြဿနာမျိုး ပေါ်ပေါက်လာဖို့ ဆိုတာကတော့ မဖြစ်သင့်တဲ့ မကြားဝံ့ မနာသာတဲ့ ဖြစ်ရပ်ပါ”

သူ့ပဟေဠိကို အဖြေ ညှိကြတော့မှာမို့ ကိုကုဋေကျော် နှစ်ထောင်းအားရ ရှိနေသည်။
“သားကြီးရဲ့ညီနဲ့ ညီမဟာ သွေးသား တော်စပ်ကြရဲ့လား ဆိုတာ အန်တီတို့ အရင် ဆန်းစစ် ကြည့်ကြပါဦးခင်ဗျာ”

ကိုတင့်၏ မေးခွန်းသည် အဖြေရှာသူ အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ကညင်ငူဆိပ်သို့ မကြာမတင်ဆိုက်ရောက် တော့မှာဆိုတော့ အဖြေကို အမြန်တွေ့ရှိကြရ လိမ့်မည်။
“သားကြီးနဲ့တော့ သွေးစပ်ကြတာ အမှန်ပဲ၊ ဒီဖအေက မွေးတဲ့ညီနဲ့ ဖအေတူ မအေကွဲညီ အစ်ကိုတော် စပ်တယ်၊ ဒီမအေက မွေးတဲ့ ညီမနဲ့ ကျတော့ မအေတူဖအေကွဲ မောင်နှမ တော်စပ်တယ်”

ကိုအောင်မြင်သူက ထူးခြားစွာ ပါဝင်စဉ်းစားသည်။
“အဖေဘက်က ညီကတော့ အမေဘက်က ညီမနဲ့ ဘယ်လိုမှ သွေးတော် စပ်စရာ မရှိဘူး၊ ဟုတ်ရဲ့လား”

“အေးမီတို့တော့ နားမျက်စိလည်ကုန်ပါပြီ။ နော် ရူပါ”

“ဟုတ်ပါရဲ့၊ ရူပါလည်း အမျိုးမစပ်တတ် တော့ဘူး၊ အန်တီကြီးတို့ ဖြေရှင်း ပေးကြပါဦး”

လူမှု ကျင့်ဝတ်တွေကို စောင့်စည်း ထိန်းသိမ်းရန် အထူး ကြီးကြပ်သော အန်တီကြီးတွေ ငိုင်ကျ သွားသည်။
“ဆွေမျိုးစု ဇယားဆွဲချကြရအောင်”ဟု ခေတ်လူငယ် အေးမီက စိတ်ကူးရသွားသည်။

တစ်လက်စတည်းပင် သူမက စာရွက် တစ်ပိုင်း ဆွဲဆုတ်ကာ ကြမ်းပေါ် ဖြန့်ချသည်။ ရူပါက ဘောပင် ကမ်းပေး၏။ ဒါမှ ခေတ်ပုံစံ ကျမည်။ တိကျမည်။
“အဖေကို ယောက်ျား သင်္ကေတ ပြလိုက်မယ်။ အပေါင်း လက္ခဏာကို အလယ်က ထားပြီး အမေကို မိန်းမ သင်္ကေတပြမယ်”

အေးမီက ၀လုံးတစ်လုံးဆွဲကာ ထိပ်မှမျှားကလေးပြသည်။ အဲဒါ “ဖို”သင်္ကေတ။ အလယ်တွင်အပေါင်းလက္ခဏာ ရေးချသည်။ ပြီးတော့ ၀လုံး တစ်လုံးဆွဲကာ အောက်မှအပေါင်း လက္ခဏာပြသည်။ အဲဒါသည် “မ” သင်္ကေတ။

“အောက်တစ်တန်းမှာ မြားဆွဲချလိုက်၊ မြားအောက်မှာ သားကြီးလို့ ရေးလိုက်”

အားလုံးပင် ဆွေမျိုးစုဇယားကိုဝိုင်းအုံကြည့်ကြသည်။
မျက်မှန်ထူ အဒေါ်ကြီးဆိုလျှင် ခါးကိုင်း ထားရသည်မှာ မျက်မှန် ကျွတ်ကျလုတဲတဲ ဖြစ်လျက် ၀မ်းဗိုက်ကြီးပင် တင်းနေ အင့်နေရတော့သည်။
“အဖေကိုစတားပြ၊ အမေကိုလည်း စတားပြ၊ ဒါမှ နောက်အိမ်ထောင်တွေနဲ့ ကွဲပြားမှာ”

“အဖေရဲ့ညာဘက်မှာ မသင်္ကေတ တစ်ခုပေါင်း၊ အောက်မှာ မြားပြ ဒုတိယသားလို့ ရေးလိုက်”

“အမေရဲ့ဘယ်ဘက်မှာ အပေါင်းလက္ခဏာရေး ဖိုသင်္ကေတ တစ်ခုရေး၊ အောက်မှာ မြားပြ၊ သမီးလို့ ရေးလိုက်”

ဆွေမျိုးစုဇယားကို စုပြုံကြည့်ရှုကြပြန်သည်။
“သေချာပါပြီ၊ ညီနဲ့ ညီမဟာ ကျွန်တော့် သားနဲ့သာ သွေးတော်စပ်မှာပါ၊ သူတို့ချင်းတော့ သွေးမတော် သားမစပ်ပါဘူး”

ကိုအောင်မြင်သူက မှတ်ချက် အခိုင်အမာချလိုက်၏။
ဆတ်ခနဲ မော်ကြည့်သော မျက်မှန်ထူ အဒေါ်ကြီးခမျာ မျက်မှန်ပင်အောက် ပြုတ်ကျသွားရရှာသည်။
“ကျွန်တော့်သား၊ ဟုတ်လား”

ကညင်ငူဆိပ်ကမ်းတွင် လျှပ်ပြေးဆိုက်နေပေပြီ။
“ကျွန်တော် အရမ်းခံစားမိသွားလို့ပါ အန်တီ။ ကျွန်တော်တို့ မိသားစု ကလေး ပြိုကွဲသွားမယ်ဆိုရင် ရှေ့မှာဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို စဉ်းစားမိသွားလို့ပါ”

အားလုံးပင် ကိုအောင်မြင်သူအား စိုက်ငေးကြည့်နေမိကြသည်။ ကိုအောင်မြင်သူက ဖိနပ်စီးသည်။ သူ့အိတ်ကို လွယ်သိုင်းသည်။
“ကျွန်တော်တို့ လင်မယား ကွဲနေကြတယ်၊ အခု ကွာရှင်းဖို့ ပြန်လာတာ။ ဒါပေမယ့် ကိုယ်မွေးမိတဲ့ သားသမီးရဲ့ဘ၀သာယာဖို့ မိဘတွေမှာ တာဝန် ရှိတယ်ဆိုတာ ပဟေဠိက သွယ်ဝိုက် သတိ ပေးလိုက်တယ်ခင်ဗျ”

သူသည် အားလုံးကို လက်ပြ နှုတ်ဆက် သွားခဲ့လေသည်။
“ကျွန်တော်တို့ မိသားစုကလေးကို ပြန်လည် တည်ဆောက်မှ ဖြစ်မယ်။ ပဟေဠိ ဆရာကြီး ကိုကုဋေကျော်ရော၊ အားလုံးကိုပဲ ကျေးဇူးတင်တယ်ဗျာ”
လျှပ်ပြေးသည် သူ့တာဝန် ၀တ္တရားမပျက် ဥသြဆွဲရင်း ဆက်လက် ထွက်ခွာခဲ့ပြန်လေ၏။
မြနှောင်းညို

No comments:

Post a Comment